Thursday, October 13, 2011

ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ အခန်း (၅) ၊ အပိုင်း(၁)


နိုင်ငံရေးသည် အသုံးချနည်းပညာမဟုတ်

          နီကိုမာချီယင် ကျင့်ထုံးတွင် နိုင်ငံရေးကို သိပ္ပံပညာရပ်အဖြစ် အရစ္စတိုတယ်က သုံးနှုန်းပြခဲ့ရာ၌ မျက်မှောက်ခေတ်တွင် သုံးနှုန်းဖော်ပြကြသည့် သိပ္ပံပညာရပ်ဆိုသည်၏ အဓိပ္ပါယ်ထက် များစွာကျယ်ဝန်းပါ သည်။ အရစ္စတိုတယ်က နိုင်ငံရေးသိပ္ပံဆိုသည်မှာ လူ့ဘ၀၏ အန္တိမရည်မှန်းချက်တို့ကို သိသော သိပ္ပံပညာရပ် ဖြစ်ရုံမျှမက ဤရည်မှန်းချက်ကို ပြည့်ဝအောင်ဖြည့်ဆည်းရာ၌ လိုအပ်သော (စိတ်ဓာတ်ရေးရာမြင့်မြတ်မှု အပါ အ၀င်ဖြစ်သည့်) နည်းပညာရပ်များပါ အကျုံးဝင်သည်ဟု ယူဆခဲ့လေသည်။ သိပ္ပံပညာရပ်နှင့် စပ်လျဉ်းသော မျက်မှောက်ခေတ်အယူအဆမှာ ထိုမျှလောက် ပြည့်စုံကျယ်ဝန်းခြင်းမရှိပါ။ သဘာဝသိပ္ပံပညာရှင်များက ၄င်းတို့ လေ့လာနေသော ရူပဗေဒ၊ ဓါတုဗေဒ၊ ဇီဝဗေဒ စသည့် ပညာရပ်များသည် စိတ်ဓာတ်၏ စေ့ဆော်မှုတစ်စုံတရာ မပါဝင်ဘဲ ပကတိအတိုင်း ရှုမြင်သုံးသပ်သည့် ပညာရပ်များ ဖြစ်သည်ဟု ပြောဆိုတတ်ကြပါသည်။ သို့ဖြစ်ရာ ဤသို့သော သိပ္ပံပညာရပ်မျိုးသည် လူ့ဘ၀၏ အန္တိမ ရည်မှန်းချက်နှင့်လည်း မပတ်သက်၊ ဂုဏ်သိက္ခာနှင့်လည်း မသက်ဆိုင်သော ပညာရပ်မျိုး ဖြစ်သည်။
          စီးပွားရေးပညာရှင်များ၊ လူမှုရေးပညာရှင်များ၊ နိုင်ငံရေးပညာရှင်များ စသည့်ခေတ်သစ် လူမှုသိပ္ပံပညာ ရှင်တို့၏ သဘောထားမှာလည်း အထက်တွင် ဆိုခဲ့သည့် သဘောထားနှင့် တထပ်တည်း ကျနေပါသည်။ ထိုပညာရှင်များသည် အချက်အလက်များ (Facts) နှင့် တန်ဖိုးများ (Values) တို့အကြားရှိ ကွဲပြားခြားနားချက် ကိုမကြာခဏ ခွဲခြားဖော်ပြလေ့ရှိသည်။ “အချက် အလက်” ဆိုသည်မှာ ပြင်ပစေ့ဆော်မှုမှ ကင်းလွတ်သော သဘောရှိပြီး လူမှုရေးနှင့် သဘာဝသိပ္ပံပညာရှင်များ၏ အနှစ်သာရလည်းဖြစ်ပါသည်။ “တန်ဖိုး” ဆိုသည်မှာမူ အလေ့အကျင့်၊ အစွဲအလမ်းနှင့် ယဉ်ကျေးမှုအနေးအထားတို့၏ ရလဒ်များ ဖြစ်သည့်အလျောက် စိတ်ခံစားချက် နှင့် ဆက်နွယ်ပါသည်။ လူသားတို့အချင်းချင်း စဉ်ဆက်မပြတ် ပဋ္ဋိပက္ခဖြစ်ပွားနေရခြင်းမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ နှင့် ကျင့်ဝတ်သိက္ခာပိုင်း ဆိုင်ရာတို့တွင် တန်ဖိုးထားပုံခြင်း ကွဲပြားနေသောကြောင့် ဖြစ်သည်ဟု လူမှုရေးသိပ္ပံ ပညာရှင်များက ဆိုပါသည်။ ဤအဆိုသည် သွေးထွက်အောင် မှန်သောအဆိုဖြစ်ပါသည်။ သို့ရာတွင် အဆိုပါ သိပ္ပံပညာရှင်များက တစ်ဆင့်တက်၍ ဆိုလာကြသည်မှာ လူ့အဖွဲ့အစည်းအတွင်း၌ တန်းဖိုးထားတတ်ပုံခြင်း ကွာခြား၍ ဖြစ်ပေါ်လာရသော ပဋ္ဋိပက္ခကို ရှောင်ရှားနိုင်ရန်နှင့် လူမှုရေးသဟဇာတဖြစ်မှုကို ထန်းသိမ်းမြှင့်တင် နိုင်ရန်အတွက်၊ အစိုးရတို့အနေဖြင့် စိတ်စေတသိက်၏ လှုံ့ဆောင်မှုမှ ကင်းစင်သော သိပ္ပံပညာရပ်ပေါ်တွင် အခြေစိုက်ရမည်ဟူ၍ ဖြစ်သည်။ နိုင်ငံတော်၏ လုပ်ငန်းဆောင်တာများနှင့် ဆက်စပ်၍ဆိုရသော် ပဋ္ဋိပက္ခများကို ဖန်တီးပေးသည့် စိတ်ဆန္ဒအလေးအကဲသော “နိုင်ငံရေ” ကို လူသားအား သိပ္ပံနည်းကျ “စီမံခန့်ခွဲ” သည့် ”အုပ်ချုပ်ရေး” နှင့် အစားထိုးရမည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။ တစ်နည်းအားဖြင့် နိုင်ငံရေးကို အသုံးချနည်းပညာ ရပ် တစ်ခုအဖြစ် အသွင်ပြောင်းပစ်ရမည်ဟု ဆိုလိုခြင်းပင် ဖြစ်သည်။ ၁၉ရာစုနှင့် ၂၀ ရာစုနှစ်များအတွင်း၌ ဤအယူအဆသည် ဒီမိုကရေစီ နိုင်ငံများတွင်ရော၊ ဒီမိုကရေစီနည်းမကျသည့် နိုင်ငံတော်များတွင်ပါ သိသာထင် ရှားစွာ တည်ရှိခဲ့သည့် အယူအဆဖြစ်ပါသည်။ စင်စစ်အားဖြင့် ဤအယူအဆသည် စစ်မှန်သည့် ဒီမိုကရေစီ စိတ်ဓာတ်နှင့် လိုက်လျောညီထွေး မရှိလှပါ။

          ကားလ်မတ်ခ်စ်နှင့် သူ၏နောက်လိုက်များသည် နိုင်ငံရေးနှင့် ပတ်သက်၍ အရစ္စတိုတယ်နှင့် မာခီယာလီတို့၏ အယူအဆနှစ်ရပ်စလုံးအပေါ် ယုံကြည်မှု မရှိခဲကြချေ။ နိုင်ငံရေးဆိုသည်မှာ တစ်ခုနှင့်တစ်ခု အားပြိုင်လျှက်ရှိသည့် ပစ္စည်းရှိ ဘူဇွာလူတန်းစားနှင့် ပစ္စည်းမဲ့ အလုပ်သမားလူတန်းစားတို့၏ လူတန်းစား ပဋ္ဋိပက္ခကို ထင်ဟပ်ဖော်ပြခြင်းမျှသာဖြစ်ပြီး ပစ္စည်းမဲ့ အလုပ်သမားလူတန်းစားက နိုင်ငံတော်ကို ထိန်းချုပ်လာ နိုင်သည့် တစ်နေ့တွင် အဆိုပါ လူတန်းစားပဋ္ဋိပက္ခသည်လည်း ချုပ်ငြိမ်းသွားလိမ့်မည်သာ ဖြစ်သည်ဟု ယုံကြည် ခဲ့လေသည်။ ဆိုရှယ်လစ်လူ့အဖွဲ့အစည်းတစ်ရပ်တွင် လူသားတိုင်း၏ အကျိုးစီးပွားအတွက် လူ့အဖွဲ့အစည်းနှင့် စီးပွားရေးတို့ကို သိပ္ပံနည်းကျ လမ်းညွှန်ထိန်းချုပ်ပေးမည့် အုပ်ချုပ်သူများအဖွဲ့ငယ် (ကွန်မြူနစ်ပါတီ) ၏ ရှေ့ဆောင်မှုကို နိုင်ငံသားတိုင်းက ကျေနပ်စွာခံယူကြလိမ့်မည်ဟု ဆိုပါသည်။ ထိုအခါ နိုင်ငံတော်ဆိုသည့် အယူအဆနှင့်အတူ “ပဋ္ဋိပက္ခနိုင်ငံရေး” တို့သည်လည်း ပျောက်ကွယ်သွားကြလိမ့်မည်ဟု ဆိုပါသည်။ သို့ရာတွင် စိတ်စေတသိက်၏ စေ့ဆော်မှုကင်းမဲ့သော သိပ္ပံနည်းကျ ဆိုရှယ်လစ်ဝါဒအပေါ်တွင် အခြေစိုက်သည့် နည်းပညာ အမှီပြု အစိုးရဟူသော အယူအဆသည် များယွင်းသော အယူအဆတစ်ရပ်သာ ဖြစ်ကြောင်းကို မကြာသေးမီ က ပြိုကွဲပျက်သုဉ်းသွားသည့် ဆိုရှယ်လစ်လူ့အဖွဲ့အစည်းများ-အထူးသဖြင့် ၁၉၉၁ ခုနှစ်အတွင်းက ဆိုဗီယက် ယူနီယံ၏ ဖြစ်ရပ်များက သာဓက ပြလျက်ရှိသည်။ 

          ထိုင်ဝမ်၊ ထိုင်း၊ တောင်ကိုရီးယားနှင့် အင်ဒိုနီးရှားတို့ကဲ့သို့သော နိုင်ငံတော်များကမူ နိုင်ငံရေး၏ သရုပ် သကန်ကို အပျက်အယွင်းခံ၍ “အုပ်ချုပ်ရေးအဖွဲ့” ဆိုသည့် အယူအဆကို ရှေ့တန်းတင်လျက် ရှိသည်။ ထိုနိုင်ငံ တော်တို့သည် ယခုအချိန်အထိ သို့မဟုတ် မကြာသေးမီအချိန်ကထိ စစ်အစိုးရ၏ အုပ်ချုပ်ခံနိုင်ငံတော်များ ဖြစ်ခဲ့ ကြသည်။ စစ်အုပ်ချုပ်သူများက အမျိုးသားရေးမူဝါဒ ချမှတ်ရမည့် အခါမျိုးတွင် နည်းပညာရှင်များ၊ တက္ကသိုလ် ကျောင်းဆင်း၊ စီးပွားရေးပညာရှင်များနှင့် အခြားလူမှုသိပ္ပံပညာရှင်များအား လုပ်ပိုင်ခွင့်အတော်အတန် ပေးခဲ့ကြ သည်။ ထိုနိုင်ငံတော်မျိုး၏ တရားဝင် အုပ်ချုပ်စီရင်ပိုင်ခွင့်မှာ  စီးပွားရေးတဟုတ်ထိုး တိုးတက်မှု၊ စက်မှုနိုင်ငံ တော်အဖြစ် အသွင်းပြောင်းလဲနိုင်မှုနှင့် လူနေမှုအဆင့်အတန်း မြင့်တက်လာအောင် ဆောင်ရွက်ပေးနိုင်မှုတို့ အပေါ်တွင် အခြေစိုက်ပါသည်။ သို့တိုင်အောင်ပင် နိုင်ငံတိုင်းတွင် မြို့နေလူတန်းစားတို့က နိုင်ငံရေးလွတ်လပ် ခွင့်နှင့် ဒီမိုကရေစီရေးတို့အတွက် တောင်းဆိုကြမှုများ ပေါ်ထွက်လာပြီဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံတွင်မူ စစ်အာ ဏာပိုင်တို့၏ ဖိနှိပ်မှုကြောင့် ကျန်နိုင်ငံများနှင့် ယှဉ်လျင် ဖြစ်စဉ်များနှေးကွေးနေသည်ကို တွေ့ရပါသည်။ အမှန် အားဖြင့် ယခုကဲ့သို့ တောင်းဆိုနေကြသည့် လူတန်းစားမှာ နည်းပညာရှင်များက ချမှတ်အကောင်အထည်ဖော်ခဲ့ ကြသည့် စီးပွားရေးမူဝါဒတို့၏ အသီးအပွင့်များကို ရှေးဦးစွာ ခံစားရရှိခဲ့ကြသည့် လူတန်းစားပင်ဖြစ်ပါသည်။ ပြည်သူတို့သည် အစိုးရအဖွဲ့၏ မူဝါဒများကို လမ်းညွှန်ပေးမည့် ရည်မှန်းချက်များအား ဆွေးနွေးရွေးချယ်ရာ၌ ပါဝင်ခွင့် ရနိုင်စေရန်အတွက် နိုင်ငံရေးတွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်လိုသည့် ဆန္ဒများပေါ်ပေါက် လာပြီဖြစ်သည်။ သူတို့အနေဖြင့် စစ်အရာရှိများနှင့် တက္ကသိုလ်ကျောင်းဆင်း နည်းပညာရှင်များက ပြောသမျှ ဆိုသမျှ လိုက်လုပ်ကြရသည့် ဘ၀မျိုးကို ကျေနပ်နှစ်သက်မှု မရှိကြတော့ပါ။ 

          စစ်ပြီးကာလ ဂျပန်နိုင်ငံ၏ သာဓကမှာ နည်းပညာအခြေပြု အစိုးရ သို့မဟုတ် နည်းပညာအခြေပြု နိုင်ငံ ရေး၏ အအောင်မြင်ဆုံး သာဓကတစ်ရပ် ဖြစ်ပါသည်။ ၁၉၄၅ ခုနှစ်တွင် စစ်ရှုံးခဲ့သော ဂျပန်နိုင်ငံသည် အမေရ ကန်ပြည်ထောင်စုပြီးလျှင် ဒုတိယ စီးပွားရေးအတောင့်တင်းဆုံး နိုင်ငံဖြစ်လာခဲ့ပါသည်။ ဂျပန်နိုင်ငံတွင် နိုင်ငံ တော်၏ မူဝါဒများကို ချမှတ်ရာ၌ ရွေးကောက်ခံအရာရှိများနှင့် ဒိုင်းယက် လွှတ်တော်အမတ်များတါင် အာဏာ မရှိလှပါ။ ယင်းတို့အစား ဗျူရိုကရက် အရာရှိကြီးများ၏ အထက်တန်းလွှာတရပ်ကသာ ဂျပန်နိုင်ငံတော်နှင့် ၄င်၏ စက်မှုစီးပွားရေးလုပ်ငန်းကြီးများအား ကြီးကြပ်ညွှန်ကြားလေ့ရှိပါသည်။ ထိပ်တန်း ဗျူရိုကရက် အရာရှိကြီး များနှင့် စက်မှုလုပ်ငန်းရှင်ကြီးများ၏ ဤကဲ့သို့သော အနီးကပ်ပူးပေါင်းဆောင်ရွက်မှုအား “ဂျပန်စုပေါင်းအဖွဲ့” သို့မဟုတ် “ဂျပန် အင်ကော်ပိုရေးရိတ်တက်” (Japan Incorporated) ဟုခေါ်ဝေါ်လေ့ရှိပါသည်။ စီးပွားရေး အောင်မြင်မှုများမှာ အထင်ကြီးလောက်ဖွယ် ဖြစ်ပါသည်။ သို့သော်ငြားလည်း အစဉ်အလာအရ လာဘ်ပေး လာဘ်ယူ ပြုလုပ်လေ့ရှိပြီး သဘောထားကျဉ်းမြောင်းသည့် ရွေးကောက်ခံ နိုင်ငံရေးသမားများအား ဂျပန်ပြည်သူ တို့၏  စက်ဆုပ်ရွံရှာမှုက နိုင်ငံရေးကို နည်းပညာတစ်ရပ်အဖြစ် သဘောထားသည့် အယူအဆတွင်လည်း  ကန့်သတ်ချက်များရှိနေကြောင်း ဖော်ညွှန်းပြသနေပါသည်။ ဆိုခဲ့ပြီးသည့်တိုင် ဂျပန်နိုင်ငံ၏ နိုင်ငံရေးအရှုပ်အ ထွေးများသည် မဆန်းကြယ်လှတော့ပါ။ သမာသမတ်ကျပြီး တစ်မျိုးသားလုံး၏ ရှေ့ရေးအကျိုးစီးပွားကို သိပ္ပံနည်းကျ ဦးဆောင်လမ်းညွှန်နေပါသည်ဆိုသော ထိပ်တန်းဗျူရိုကရက်တစ်ကြီးများပင်လျှင် ဤကဲ့သို့သော အရှုပ်တော်ပုံများတွင် တစ်ခါတရံ ပါဝင်ပတ်သက် တတ်ကြသည်။ အရေးပါဆုံးသော မူဝါဒများကို အာဏာရ အယ်လ်ဒီပီ ပါတီ၏ သြဇာအာဏာအရှိဆုံး အဖွဲ့ဝင်များဖြစ်ကြသည့် ထိန်တန်းဗျူကရက်ကြီးများနှင့် စီးပွားရေး လုပ်ငန်းရှင်းကြီးများကသာ ချမှတ်လေ့ရှိပါသည်။ ယင်းမူဝါဒများကို ဒိုင်းယက်လွှတ်တော်တွင် ဖြစ်စေ၊ လူထု ကြားသို့ ချ၍ဖြစ်စေ ဆွေးနွေးကြခြင်းမျိုး ရှားပါးလှပါသည်။ ထို့ကြောင့်လည်း ဂျပန်နိုင်ငံ၏ နိုင်ငံရေးကို လေ့လာ ကြသူများက ဂျပန်နိုင်ငံသည် စစ်မှန်သော ဒီမိုကရေစီနိုင်ငံမဟုတ်ဟု ဆိုလေ့ရှိကြခြင်း ဖြစ်ပါသည်။

          နိုင်ငံရေးကို အသုံးချနည်းပညာရပ် သို့မဟုတ် အုပ်ချုပ်ရေးပညာရပ်အဖြစ် သဘောထားသည့် အယူအ ဆတွင် နိုင်ငံတော်က ရည်မှန်းသည့် အန္တိမပန်းတိုင်ကို အများသဘောတူညီမှုဖြင့် ပုံဖော်ရခြင်းသည် အခက်အခဲ တစ်ခုဖြစ်သည်။ ဂျပန်နှင့်တကွ အသစ်ပေါ်ထွန်းလာသည့် စက်မှုနိုင်ငံသစ်များအတွက် စီးပွားရေးတဟုန်ထိုး ဖွံ့ဖြိုးလာခြင်းသည် အများ၏ သဘောတူညီမှုကို ရရှိစေသည့် နည်းလမ်းတစ်ရပ်ဖြစ်လာသည်။ စင်စစ်မှာ ထိုသို့ သော အများဆန္ဒကို ပြည်သူများထံမှ ရရှိအောင် စီးပွားရေးနှင့် နိုင်ငံရေးအထက်တန်းလွှာတို့က မဖြစ်မနေ ကြံဆောင်ရယူခဲ့ကြခြင်းဖြစ်သည်။
          အခြားပြဿနာတစ်ရပ်မှာ နည်းပညာအခြေပြု နိုင်ငံရေးသည် အထက်တန်းကျ၍ ထက်အောက်စဉ် ဆက်စနစ်အရ ဆက်ခံတတ်သည့် သဘောရှိခြင်းဖြစ်သည်။ ထိပ်တန်းနည်းပညာရှင်များနှင့် အုပ်ချုပ်ရေးမှူးများ သည် အသိပညာဗဟုသုတကြွယ်ဝ၍ စွမ်းဆောင်ရည် ပြည့်ဝသူများ ဖြစ်ကြလေ့မည်ဟူသော အယူအဆ ကြောင့် သာမန်ပြည်သူတို့အနေဖြင့် သူတို့ပြောသမျှကို လိုက်နာကြရသည့် သဘောရှိပါသည်။ အုပ်ချုပ်ရေးမှူး များကိုယ်၌ကလည်း သာမန်ပြည်သူတို့သည် မပြည့်စုံသူများဖြစ်ကြသည့်အတွက် နိုင်ငံရေးနှင့် ဆက်နွယ်ပတ် သက်သော ကိစ္စရပ်များတွင် သူတို့၏ သုံးသပ်ပုံမှာ ဓမ္မဓိဠာန် မကျနိုင်ဟု ယူဆကြသည်။ သို့ဖြစ်၍ နည်းပညာ အခြေပြု နိုင်ငံရေးသည် သဘာဝအားဖြင့် ဒီမိုကရေစီနည်းကျသော နိုင်ငံရေးမဟုတ်ပါ။ ထို့ကြောင့်လည်း ဂျပန် နိုင်ငံတွင် ထိပ်တန်း ဗျူရိုကရက် အရာရှီကြီးများသည် သာမန်သူတို့ လက်လှမ်းမမီသည့် ကောင်းကင်ဘုံတွင် နေကြသည်ဟု ပြောဆိုခံရလေ့ရှိသည်။ 

          အမေရိကန်ပြည်ထောင်စုကဲ့သို့ ဒီမိုကရေစီအစဉ်အလာ ကြီးမားသော နိုင်ငံမျိုး၌ပင်လျှင် နည်းပညာ အခြေပြုနိုင်ငံရေး၏ အရှိန်အ၀ါကြီးမားလှသည်ကို တွေ့ရသည်။ အမေရိကန်နိုင်ငံရေး သိပ္ပံပညာရှင်အချို့က နိုင်ငံတော်ကို စက်မှုယန္တရားတစ်ခုနှင့် ခိုင်းနှိုင်း၍ ယင်းယန္တရားချောမွတ်လည်ပတ်နေသ၍ ပြည်သူလူထု၏ လိုအင်ဆန္ဒများကို ဖြည့်ဆည်းပေးနိုင်မည့်အသွင်ဖြင့် ပုံဖော်ပြောဆိုတတ်ကြသည်။ ထိုအခါ နိုင်ငံတော်သည် ပြည်သူတို့အတွက် အကျိုးဆောင်လုပ်ငန်းများကို ပံ့ပိုးရာဌာနတစ်ခုသဖွယ် ဖြစ်လာပြီး ဤသို့အကျိုးဆောင်ပေး မှုအတွက် ပြည်သူတို့က အခွင့်ဆောင်၍ အခကြေးငွေပေးချေကြရသကဲ့သို့ ဖြစ်လာလေသည်။ သို့ဖြစ်လျှင် နိုင်ငံတော်တစ်ရပ်လုံးသည် စားသောက်ဆိုင် လေကြောင်းကုမ္ပဏီ ကုန်တိုက်စသည်တို့နှင့် ကွာခြားလှတော့ မည်မဟုတ်ပါ။ ထိုကဲ့သို့သော အကျိုးဆောင် နိုင်ငံမျိုး၏ အဓိကရည်မှန်းချက်မှာ လူများစုအား တင်းတိမ်ကျေ နပ်မှုအပြည့်အ၀ရအောင် အတတ်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးရေးပင်ဖြစ်သည်။ ထိုအခါ ပြည်သူတို့သည် နိုင်ငံသားများအဖြစ်မှ ဈေးဝယ်သူဖောက်သည်များအဖြစ်သို့ ရောက်ရှိသွားကြရတော့သည်။ နိုင်ငံရေးခေါင်း ဆောင်များအနေဖြင့်လည်း ၄င်းတို့၏ အာဏာတည်မြဲရေးအတွက် နိုင်ငံရေးဖောက်သည်များ စိတ်ချမ်းမြေ့ရေး ကို ကြံစည်အားထုတ်ရတော့မည်ဖြစ်သည်။

          နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်သည့်အခါ အထူးထူးသော နည်းပညာဗဟုသုတတို့ကို လိုအပ်သည်မှ သေချာပါသည်။ ဥပမာအားဖြင့် ခေတ်သစ်နိုင်ငံတော်တစ်ရပ်အနေဖြင့် စီးပွားရေးစီမံကိန်းများချမှတ်ရာတွင် အတိုင်းအတာတစ်ခုအထိ မလွှဲမသွေပါဝင်ပတ်သက်ရပေမည်။ ဆူကာနိုလက်ထပ် အင်ဒိုနီးရှားနိုင်ငံနှင့် ဦးနေ၀င်းလက်ထပ် မြန်မာနိုင်ငံတို့တွင် ရှိခဲ့သည့် ညံ့ဖျင်းသော စီးပွားရေးစီမံကိန်းတို့သည် သာမန်ပြည်သူတို့ကို ပို၍ဆင်းရဲဒုက္ခရောက်စေမည်သာဖြစ်သည်။ စီမံအုပ်ချုပ်မှုညံ့ဖျင်း၍ နည်းပညာပိုင်းအရ ခေတ်နောက်ကျသော လူထုကျန်းမာရေး စီမံကိန်းမျိုးကြောင့် ရောဂါဘယဒဏ်ဖြင့် ပြည်သူတို့ မသေအပ်ဘဲ သေကြေရခြင်းမျိုးသာ အဖက်တင်လိမ့်မည်။ ထိုနည်းတူစွာ ထိရောက်သော လေ့ကျင့်မှုမရှိသည့်အပြင် ခေတ်မှီလက်နက်ကိရိယာတို့  ချို့တဲ့သော စစ်တပ်မျိုးသာ ရှိသည့်နိုင်ငံကို ရန်သူတို့ စိုးမိုးကျူးကျော်လာပေလိမ့်မည်။ စီမံခန့်ခွဲသူများ အရပ်ဖက်ဝန်ထမ်းများနှင့် အစိုးရအရာရှိများတို့သည် ကိုယ်ကျင့်သိက္ခာ တည်ကြည်ဖြောင့်မတ်ကြလိမ့်မည်ဟု ကျွန်ုပ်တို့ ယုံကြည်တတ်ကြသည်။ လာဘ်ပေးလာဘ်ယူကိစ္စသည် နိုင်ငံတော်တစ်ရပ်ကို ချိနဲ့သွားစေနိုင်ပါ သည်။ ၁၉၆၅ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိ အာဏာရခဲ့သော သမတ မားကို့စ်က ဖိလစ်ပိုင်နိုင်ငံ၏ ဘဏ္ဏာများကို မိမိကိုယ်ကျိုးအတွက် ခိုးယူခဲ့သည့် အဖြစ်အပျက် ဥပမာတစ်ရပ်အဖြစ် လေ့လာနိုင်ပါသည်။ သို့သော်လည်း နည်းပညာပိုင်းအရ ကုံလုံပြည့်စုံလျက်ရှိသည့် ဂျပန်နှင့် တောင်ကိုးရီးယားနိုင်ငံတို့သည် ပမာဏကြီးမားသော လာဘ်ပေးလာဘ်ယူကိစ္စမျိုးနှင့် ကြုံရသည့်တိုင်အောင် ခံနိုင်ရည်ရှိသဖြင့် နိုင်ငံ၏ လုပ်ငန်းဆောင်တာများ ချောမွတ်စွာ ဆက်လက်လည်ပတ်နေသည်ကို တွေ့မြင်ရပေလိမ့်မည်။
          နိုင်ငံတစ်နိုင်ငံအား စီမံအုပ်ချုပ်ရာ၍ နည်းပညာပိုင်းနှင့် သိပ္ပံနည်းကျ ကျွမ်းကျင်မှုတို့ကို အထူးလိုအပ် သည့်တိုင်အောင် အစိုးရဟူသည့် အခြေခံသဘာဝအားဖြင့် နည်းပညာနှင့် မသက်ဆိုင်ပါ။ နိုင်ငံရေးဟူသည်မှာ လည်း အသုံးချနည်းပညာတစ်ရပ် မဟုတ်ပါ။ ဤအချက်မှန်ကန်ကြောင်းကို အောက်ဖော်ပြပါ အချက်နှစ်ချက် အားဖြင့် သိသာစေနိုင်ပါသည်။ 

(၁)     နိုင်ငံတော်အနေဖြင့် မိမိ၏ အရင်းအမြစ်များကို အသုံးချ၍ အကောင်အထည်ဖော်ရမည့် ရည်မှန်းချက် များကို ရွေးချယ်ချမှတ်ရပါသည်။ ထိုသို့ရွေးချယ်ရာတွင် တန်ဖိုးနှင့် ကိုယ်ကျင့်သိက္ခာတို့အကြား ခက်ခက်ခဲခဲ ရွေးချယ်ဆုံးဖြတ်ရခြင်းမျိုးလည်းရှိပါသည်။
(၂)     ဒီမိုကရေစီနိုင်ငံတော်တစ်ရပ်တွင် တိကျသေချာသော ရည်မှန်းချက်တို့ တည်ရှိနေသည့်အပြင် နိုင်ငံ သားများကိုယ်တိုင်က ဤနိုင်ငံတော်ကိုကောင်းမွန်သော နိုင်ငံရေးအသိုင်းအ၀န်းတစ်ခုအဖြင့် ရှုမြင်သုံးသပ်ခြင်း စသည့် အချက်များကြောင့် နိုင်ငံရေးသည် အသုံးချနည်းပညာတစ်ရပ် မဟုတ်ကြောင်းထင်ရှားစေပါသည်။

ခက်ခဲလှသောရွေးချယ်မှုများ
          နိုင်ငံတော်တစ်ရပ်အနေဖြင့် သက်ဆိုင်ရာရည်မှန်းချက်ပန်းတိုင်များကို အကောင်အထည်ဖော်ရာ၌ မိမိ တွင်ရှိသော အရင်းအမြစ်များ၏ ကန့်သတ်ချက်အပေါ်မူတည်၍ ခက်ခဲစွာ ရွေးချယ်ဆုံးဖြတ်ရလေ့ရှိသည်။ နိုင်ငံတော်၏ ဘဏ္ဏာရေးခွဲတမ်းချမှတ်ရာတွင် ဤအချက်ကို ထင်ရှားစွာတွေ့မြင်နိုင်ပါသည်။ ဥပမာတစ်ရပ်အား ဖြင့် နိုင်ငံတော်အနေဖြင့် ၄င်း၏ရန်သူများကို အောင်နိုင်ရန်အတွက် လိုအပ်သော ခေတ်မီလက်နက်ပစ္စည်း ၀ယ်ယူရန်ကိစ္စနှင့် ပြည်သူများ၏ ကျန်းမာရေးတိုးတက်ကောင်းမွန်လာစေရန်အတွက် လိုအပ်သော ဆေးရုံ ဆေးခန်းများကို တည်ဆောက်ရန် ကိစ္စနှစ်ရပ်အနက် တစ်ရပ်ရပ်ကို ရွေးချယ်ရမည်။ ဆိုပါစို့ ဤသို့ရွေးချယ်ရာ တွင် သက်ဆိုင်ရာကိစ္စအလိုက် ဦးတည်ချက်ချင်းမတူညီသည့် လမ်းကြောင်းနှစ်ခုအနက် တစ်ခုခုကိုသာ ရွေး ချယ်ရခြင်းမျိုးဖြစ်ပါသည်။
          ပန်းတိုင်တစ်ခုတည်းသို့ ရောက်ရှိစေမည့် နည်းလမ်းများအနက် အကောင်းဆုံးတစ်ခုခုကို ရွေးချယ်သတ်မှတ်ရခြင်းမျိုး မဟုတ်သဖြင့် ဤရွေးချယ်မှုသည် ခွဲခြမ်းစိတ်ဖြာသုံးသပ်ရသည့် နည်းပညာတစ်ရပ် မဟုတ်ပါ။ စင်စစ် ဤသည်မှာ တန်ဖိုးထားမှုအပေါ်မူတည်၍ ဆုံးဖြတ်ရသော ကျင့်ထုံးဆိုင်ရာ ရွေးချယ်မှုတစ်ရပ် သာဖြစ်ပါသည်။ 

          ဆိုခဲ့သော ရွေးချယ်မှုမျိုးသည် လူသားတစ်ယောက် ဆက်ခြင်တွေးခေါ်သော အခါမျိုး၌ တွေ့ကြုံရလေ့ ရှိသည့် ဆုံးဖြတ်ရွေးချယ်ရမှုမျိုးနှင့် ဆင်ဆင်တူပါသည်။ မိမိအနေဖြင့် မည်သို့သော ပုဂ္ဂိုလ်မျိုးဖြစ်လိုသည်။ မိမိ ၏ဘ၀ကို မိမိမည်သို့မည်ပုံ နေထိုင်အသုံးချသွားလိုသည့် မည်သည့်အရာတို့ကို မိမိတန်ဖိုးထားမည် အစရှိသဖြင့် ဆင်ခြင်တွေးခေါ်၍ ရွေးချယ်ရခြင်းမျိုး ဖြစ်ပါသည်။ ရှေ့ဟောင်း ဟိန္ဒူဘာသာဝင်တို့သည် လူ့ဘ၀တွင် ဦးတည်ချက်ပန်းတိုင်လေးရပ်ရှိပြီး ယင်းတို့မှာ (၁) ကာမ (၂) ခွန်အားနှင့်ဓန (၃) ဓမ္မနှင့် (၄) မဂ် တို့ဖြစ်သည်ဟု ယုံကြည်ကြပါသည်။ ဤအရာတို့သည် လူ့ဘ၀တွင် အခြေခံကျလှသည်ဖြစ်ရာ ယုံကြည်ကြပါ သည်။ ယင်းအရာတို့သည် လူ့ဘ၀တွင် အခြေခံကျလှသည်ဖြစ်ရာ ယင်းတို့အနက် ဦတည်ချက်တစ်ရပ်ရပ်ကို ရောက်ရှိရာ ရောက်ရှိကြောင်း နည်းလမ်းများအား ရွေးချယ်ဆုံးဖြတ်ခြင်းမပြုမီ မည်သည့် ဦးတည်ချက်သည် မိမိ အတွက် ပန်းတိုင်ဖြစ်သည်ကို ရှေ့ဦးစွာ ရွေးချယ်ဆုံးဖြတ်ရပေလိမ့်မည်။ ၁၈ ရာစုနှစ် ဂျာမန်တွေးခေါ်ပညာရှင် အီမန်နျူဝယ်လ်ကန့် (Immanuel kant ၁၇၂၄ -၁၈၀၁ အေဒီ) က လူသားဟူသည် မိမိဘ၀၏ ရည်မှန်းချက် ပန်းတိုင်ကို သော်လည်းကောင်း ယင်းပန်းတိုင်များသို့ ရောက်ရှိရာရောက်ရှိကြောင်းနည်းလမ်းများသော် လည်းကောင်း လွတ်လွတ်လပ်လပ်ရွေးချယ်နိုင်သော သတ္တ၀ါတစ်မျိုဖြစ်သည်ဟု ဆိုခဲ့ဖူးပါသည်။
          စင်စစ်အားဖြင့် မိမိ၏ ရည်ရွယ်ချက်ပန်းတိုင်းကို မဏာမ ရွေးချယ်ပြီးမှသာ ဤရည်ရွယ်ချက်အောင်မြင် စေရန် လိုအပ်သည့် နည်းနာနည်းသယများကို ရွေးချယ်ရပေလိမ့်မည်။ ဥပမာအားဖြင့် နိုင်ငံတော်အနေဖြင့် လူထုကျန်းမာရေး စီမံချက်တစ်ရပ်ကို ရွေးချယ်ရာတွင် မိမိတွင်ရှိသော အရင်းအမြစ်တို့၏ ကန်သတ်ချက်အပေါ် ၌ မူတည်၍ မြို့နှင့် မြို့ကြီးများတွင် ဆေးရုံးအနည်းငယ်မျှကို တည်ဆောက်ခြင်းနှင့် ကျေးရွာများတွင် ဆေးပေး ခန်းငယ်ပေါင်းများစွာ တည်ဆောက်ခြင်းတို့၌ မည်သည်ကပို၍ အကျိုးများမည် ဆေးဘက်ပညာသည်များကို ပြည်တွင်းနှင့်ပြည်ပ မည်သည့်နေရာတွင် သင်တန်းပေးသင့်သည့် တိုင်းရင်းဆေးနှင့် ခေတ်ပေါ်ဆေးများအနက် မည်သည်ကို အသုံးပြုမည် စသည်တို့ကို ဦးစွာ တွေးတောရွေးချယ်ရပါမည်။ 

          သို့သော်လည်း နိုင်ငံတော်အများစုသည် ရည်မှန်းချက်ပန်းတိုင်းများတစ်ခုထက် ပိုမိုထားရှိကြသည့် အားလျော်စွာ ရည်မှန်းချက်အလိုက် မိမိတွင်ရှိသော အရင်းအမြစ်တို့ကို ခွဲဝေသုံးစွဲရလေ့ရှိပါသည်။ လူထုကျန်း မာရေး လုပ်ငန်းများတွင် အရင်းအနှီးများစွာစိုက်ထုတ်၍ လုပ်ကိုင်ဆောင်ရွက်နေသော နိုင်ငံတော်တစ်ရပ်သည် အမျိုးသားကာကွယ်ရေး သို့မဟုတ် အခြားအေ၇းကြီးသော ကဏ္ဍများကို လုံးဝ ပစ်ပယ်ထားလိမ့်မည် မဟုတ်ပါ။ သို့ရာတွင် ဤရည်မှန်းချက်များအတွက် အရင်းအမြစ်များကို ဦးစားပေးနေရာချထားမှုအပေါ် မူတည်၍ သက်ဆိုင်ရာနိုင်ငံတော် သို့မဟုတ် လူ့အဖွဲ့အစည်း၏ သရုပ်သကန်ကို ပေါ်လွင်စေသဖြင့် အရင်းအမြစ်များကို ခန့်ခွဲနေရာချထားမှုသည် ကျင့်ဝတ်သိက္ခာနှင့်လည်း ဆက်နွယ်သည်ဟု ဆိုနိုင်ပေသည်။ ဘ၀၏ ရည်မှန်းချက် တစ်ရပ်ကို ဆုံးဖြတ်ရွေးချယ်မှုသည် နောင်တွင် သက်ဆိုင်ရာပုဂ္ဂိုလ်၏ ဘ၀ပုံသဏ္ဍာန်မည်သို့ ရှိလာမည် ဆိုသည်ကို အဆုံးအဖြတ်ပေးသကဲ့သို့ ပင်တည်း။
          ဤသို့သောခက်ခဲသည့် ဆုံးဖြတ်ရွေးချယ်ရမှုမျိုးကို အရင်းအမြစ်နည်းပါးသည့် ဆင်းရဲသော တတိယ ကမ္ဘာ နိုင်ငံငယ်လေးများတွင်သာ ကြုံတွေ့ရလေ့ရှိသည် မဟုတ်ပါ။ ကမ္ဘာတွင် အချမ်းသာဆုံးနိုင်ငံဖြစ်သည့် အမေရိကန်ပြည်ထောင်စုသည် ၁၉၄၀ ပြည့်နှစ်နှောင်းပိုင်း နှစ်များအတွင်းက ကွန်မြူနစ်စနစ်ကို တစ်ကမ္ဘာလုံး အတိုင်းအတာအဖြစ် ဆန့်ကျင်သည့် တိုက်ပွဲတစ်ရပ်ကို ဦးဆောင်ဦးရွက်ပြု၍ ဆုံးဖြတ်ရွေးချယ်ခဲ့ဖူးသည် ထိုအခါ ခေတ်မီလက်နက်တပ်ဆင်ထားသော ဧရာမစစ်တပ်ကြီးအတွက်လည်းကောင်း ၁၉၆၁ခုနှစ်မှ ၁၉၇၅ ခုနှစ်အတွင်း ဆင်နွှဲခဲ့သော အင်းဒိုချိုင်းနားစစ်ပွဲများနှင့် အခြားအားတူစစ်ပွဲများအတွက်လည်းကောင်း အမေရိကန်ဒေါ်လာ ငွေသန်း ကုဋ္ဋေပေါင်းများစွာကို သုံးစွဲခဲ့ရလေသည်။ 

          ထိုစစ်စရိတ်ကို ထေမိစေရန်အတွက် လူမှုဖူလုံရေးကဏ္ဍနှင့် ပညာရေးကဏ္ဍ စသည်တို့မှ အရင်းအမြစ် များကို စစ်တပ်အတွက် ခွဲဝေသုံးစွဲခဲ့ရလေသည်။ အကျိုးဆက်အားဖြင့် အမေရိကန်နိုင်ငံတွင် လူဆင်းရဲများ တိုးပွားလာခြင်း ကျန်းမာရေးအဆင့်အတန်း ကျဆင်းလာခြင်း အနောက်ဥရောနှင့် ဂျပန်နိုင်ငံတို့မှ ပညာရေး စနစ်များနှင့် ယှဉ်သော် အမေရိကန်ပညာရေးစနစ်သည် သိသိသာသာနိမ့်ကျသွားခြင်း စသည့် ပြဿနာများကို ရင်ဆိုင်တွေ့ကြုံခဲ့ရလေသည်။ အကယ်၍ အမေရိကန်ပြည်ထောင်စုသည်သာ အဆိုပါနှစ်များအတွင်းက စစ်ရေး ထက် လူမှုဖူလုံရေးနှင့် ပညာရေးကဏ္ဍတို့ကို ဦးသားပေးသော ခြားနားသည့် ဆုံးဖြတ်ချက်ရွေးချယ်မှုမျိုး ပြုလုပ်ခဲ့မည် ဆိုပါလျှင် အမေရိကန်ပြည်ထောင်စု၏ လက်ရှိလူ့အဖွဲ့အစည်းသည် အလွန်သိသာကွဲပြားသော အနေအထားတစ်ရပ်သို့ ရောက်ရှိလောက်ပြီဖြစ်သည်။ အမျိုးသားကာကွယ်ရေးကဏ္ဍသည် လက်တွေ့အားဖြင့် နိုင်ငံတော်တိုင်း၏ လိုအပ်ချက်တစ်ရပ်ဖြစ်သည်မှာ ထင်ရှားသော်လည်း စစ်အေးတိုက်ပွဲကာလများအတွင်းက ရှိခဲ့သည့် အမေရိနိုင်ငံခြားရေးမူဝါဒ၌ ရန်လိုမှုနည်းပါးသည့် ကွန်မြူနစ်ဆန့်ကျင်ရေး မူဝါဒကိုသာ ကျင့်သုံးခဲ့ မည်ဆိုလျှင် စရိတ်စကကြီးမားသည့် စစ်လက်နက်အပြိုင်အဆိုင် တပ်ဆင်မှုနှင့် ဗီယက်နမ်စစ်ပွဲကဲ့သို့သော ဆိုးဝါးသည့် စစ်ပွဲများတွင် ပါဝင်ပတ်သက်ခဲ့ရမှုတို့ကို ရှောင်လွဲနိုင်ခဲ့မည်သာ ဖြစ်သည်။ 

          ဤအချက်သည် အရစ္စတိုတယ်၏ ဆိုမိန့်ချက်ဖြစ်သော နိုင်ငံရေးဟူသည် “မဟာပညာရပ်” တစ်ခုဖြစ် ပြီး နိုင်ငံတော်က ဆုံးဖြတ်ရွေးချယ်လိုက်သော အန္တိမပန်းတိုင်သည် သက်ဆိုင်ရာ လူ့အဖွဲ့အစည်း၏ ပုံသဏ္ဍာန် ကို အဓိကပုံသွင်းပေးသည် ဆိုသည့်အချက်နှင့် ဆင်တူပေသည်။ ဂျာမနီနိုင်ငံသည် ၁၉၃၃ မှ ၁၉၄၅ ခုနှစ်များ အတွင်းက တည်ရှိခဲ့သော ဟစ်တလာ ရီဂျင်းမ် အန္တိမပန်းတိုင်သည် ဥရောပကို စိုးမိုးကျွန်ပြုရေးဖြစ်ပြီး ၁၉၄၅ ခုနှစ်နောက်ပိုင်း ပေါ်ထွန်းလာသော ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့် အနောက်ဂျာမနီနိုင်ငံ၏ အန္တိမပန်းတိုင် များမှာ စီးပွားရေးတိုးတက်မှု လူမှုဖူလုံရေးနှင့် ဥရောပရှိ အိမ်နီးချင်းနိုင်ငံများနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေ ထိုင်လိုမှုတို့ ဖြစ်လေသည်။ စစ်ကြိုခေတ် ဂျာမနီနိုင်ငံနှင့် စစ်ပြီးခေတ် ဂျာမနီနိုင်ငံတို့၏ နိုင်ငံတော်နှစ်မျိုးသည် မယုံကြည်နိုင်လောက်အောင် ကွဲပြားခြားနားလှပါသည်။ 

ဆက်လက်ဖေါ်ပြပါမည်။  
ကက်နက်အေ မက်ကေးရေးသား၍ ဒေါင်းညိုဘာသာပြန်ဆိုသော
ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ စာအုပ်မှ ကူးယူတင်ပြပါသည်။



0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...