Wednesday, October 26, 2011

နိုင်ငံရေး(Politics)-နိုင်ငံရေးအသွင်သစ်/ခေတ်လွန်နိုင်ငံရေး/ဇစ်မြစ်အဓိကနိုင်ငံရေးသို့ကူးပြောင်းလာခြင်း


           (The shift to New Politics/ Postmodern Politics/ Identity Politics)

          Civil Society တစ်ကျော့ပြန်ခြင်းနှင့်အတူ အနောက်နိုင်ငံများအတွင်း ခေတ်လွန်သို့မဟုတ်ပိုစ်ဒ် မော်ဒန်အခြေအနေများ ထွန်းကားလာခြင်းသည် နိုင်ငံရေးလှုပ်ရှားမှုတို့ကို သမာရိုးကျပုံစံမှ အသွင်ပုံစံ အသစ်သို့ ပြောင်းလဲစေခဲ့ပြီး ထိုပြောင်းလဲလာသော နိုင်ငံရေးလှုပ်ရှားမှု ပုံစံများကို နိုင်ငံရေးအသွင်သစ် (သို့) ပိုစ်ဒ်မော်ဒန် နိုင်ငံရေးဟူ၍လည်းခေါ်ဝေါ်ကြ သည်။
          “နိုင်ငံရေးအသွင်သစ်သည် မိမိတို့၏ ဆန္ဒများ ကို ပွင့်ပွင့်လင်းလင်းထုတ်ဖော်သည့် ဆန္ဒပြခြင်း ကဲ့သို့သော တိုက်ရိုက်လှုပ်ရှားမှုများနှင့် အောက်ခြေ ပြည်သူများ၏ လှုပ်ရှားမှုများကို ပို၍အားပေးပြီး သမရိုးကျ နိုင်ငံရေးပါတီ များနှင့်အကျိုးစီးပွားအုပ်စုများ၏ လှုပ်ရှားမှုများမဟုတ်ဘဲ လူမှုလှုပ်ရှားမှု အသွင်သစ်များ၌သာ ပို၍တွေ့မြင်နိုင် သည်။ နိုင်ငံရေးလှုပ်ရှားမှုအသွင်သစ်များသည် လူမှုအသိုင်းအဝိုင်း အားအကျိုးစီးပွားအသစ်များ၊ ခံယူချက်အသစ် များ၊မဟာမိတ်အသစ်များ၊ အဖွဲ့ဝင်အသစ်များ၊ ပူးပေါင်း ဆောင်ရွက်မှုအသစ်များနှင့်အကျင့်စရိုက်များစသည်တို့ ဆီသို့ ဦးတည်သွားစေမည့် ဖြည်းဖြည်းနှင့် မှန်မှန်ဖြစ်စဉ်ကြီးဖြစ်သည်။ 

          နိုင်ငံရေးအသွင်သစ်သည် ဆန္ဒပြခြင်းစသည့် လှုပ်ရှားမှုများပါဝင်ပြီး သမာရိုးကျပုံစံမဟုတ်သည် သာမက စနစ်တကျဖွဲ့စည်းထားခြင်းမျိုးလည်းသိပ်မရှိလှပေ။ သမာရိုးကျ နိုင်ငံရေးအဖွဲ့အစည်းများထက် အဖွဲ့ဝင်များ ကို တိုက်ရိုက်ပါဝင်ဆောင်ရွက်ခွင့်များ ပိုမိုပေးထားပြီး အဖွဲ့ဝင်များနှင့် အစီအစဉ်မှာလည်း သမာရိုးကျ နိုင်ငံရေး အဖွဲ့အစည်းများမှာလောက် အတည်တကျမရှိချေ။ ထို့အပြင်စီးပွားရေးနှင့်လူမှုရေးဆိုင်ရာ လူတန်းစာအလွှာများနှင့် ပတ်သက်ခြင်းမရှိလှသလို၊ သဘောတရား အကျိုးစီးပွား နိုင်ငံရေးအာဏာတို့နှင့်လည်း ပတ်သက်ယှက်နွယ် ခြင်းများ သိပ်မရှိလှပေ။ ငြိမ်းချမ်းရေးလှုပ်ရှားမှု၊ မ ဝါဒီတို့၏လှုပ်ရှားမှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လှုပ်ရှားမှုစသည်တို့ကဲ့သို့သော လူမှုလှုပ်ရှားမှုအသွင်သစ်များကို နိုင်ငံရေးလှုပ်ရှားရာတွင် လိုလားဖွယ် အကောင်း ဆုံးသော နိုင်ငံရေးအသွင်သစ်များဖြင့် ရှုမြင်ကြသည်။”
          ထို့အပြင် နိုင်ငံရေးအသွင်သစ်များသည် ယခင်က ပုဂ္ဂိုလ်ရေး၊ ကိုယ်ရေးကိုယ်တာများဟု ရှုမြင်ယူဆထား ကြသည့်နယ်ပယ်များ (ဥပမာ-အမျိုးသမီးဝါဒီနှင့် လိင်အုပ်စု လိင်တူနှစ်သက်သူ၊ လိင်ကွဲ နှစ်သစ်သူ၊လိင်တူ၊လိင် ကွဲ နှစ်မျိုးစလုံးနှစ်သက်သူစသည်) များဆီသို့လည်း တိုးချဲလွှမ်းခြုံလာသည်။  နောက်ဆက်တွဲရလာဒ်များကာ အများပြည်သူကိစ္စနှင့် ပုဂ္ဂိုလ်ရေး၊ ကိုယ်ရေးကိုယ်တာကိစ္စများ ရောရက်ယှက်နွယ်ပတ်သက်သွားခြင်းပင် ဖြစ် သည်။နိုင်ငံရေးအသွင်သစ်၏ လက်တွေ့လှုပ်ရှားမှုများ ဟုခေါ်ဆိုနိုင်သော လူမှုလှုပ်ရှားမှုအသွင်သစ်များက နိုင်ငံ ရေးဖြစ်စဉ်များတွင်  ယခင်က ခွဲခြား ပထုတ်ခြင်းကိုခံရသောအမျိုးသမီးများ၊ လူမည်းများ၊ ဌာနေတိုင်းရင်းသားများ စသည့်ဇစ်မြစ်အုပ်စု(identity groups) များကို နိုင်ငံရေးထဲသို့ပါဝင်လာနိုင်စေရန် အောင်မြင်စွာလှုပ်ရှားတောင်းဆိုနိုင်ခဲ့ကြသည်။ ထိုမှတဆင့် နိုင်ငံရေး၏နယ်ပယ်များမှာလည်း ပိုမိုကျယ်ပြန့်လာခဲ့သည်။
          နိုင်ငံရေးအသွင်သစ်(သို့မဟုတ်)လူမှုလှုပ်ရှားမှုအသွင်သစ်များတွင် လူထုကြားထဲသို့ကျယ်ပြန့်စွာ ထိုးဖောက်နိုင်သော မီဒီယာများက  အရေးကြီးသော အခန်းကဏ္ဍမှပါဝင်လေသည်။ အဘယ်ကြောင့်ဆိုသော် အထက်ပါလှုပ်ရှားမှုများက ၎င်းတို့ ၏ အရေးပြဿနာများအတွက် တိုက်ပွဲဝင် တောင်းဆိုရာတွင် မီဒီယာများကို ထိထိရောက်ရောက်အသုံးချနိုင်ခြင်းကြောင့်ဖြစ်သည်။
          နိုင်ငံရေးအသွင်သစ်၏ အရေးကြီးသည့် နောက်လက္ခဏာတစ်ရပ်မှာ  နိုင်ငံဖြတ်ကျော်လှုပ်ရှားခြင်း များ၊ နိုင်ငံတကာနှင့်ချိတ်ဆက်လှုပ်ရှားမှုရှိခြင်းပင်ဖြစ်သည်။ အထူးသဖြင့် အင်တာနက်ကဲ့သို့သော သတင်း ဆက်သွယ်ရေး နည်းပညာများကို ကြားခံဆက်သွယ်ရေးအဖြစ် အများအားဖြင့် အသုံးပြုကြသည်။
          လူမှုရေးသိပ္ပံပညာရှင်များကဤပြောင်းလဲမှုများသည် နိုင်ငံရေးပုံစံဟောင်းမှ နိုင်ငံရေးအသွင်သစ် အဖြစ် သို့ပြောင်းလဲခြင်းများဖြစ်သည်ဟု ဆိုချိန်တွင် ဂစ်ဘင် နှင့် ရိုင်းမာတို့ကအဆိုပါပြောင်းလဲမှုများသည် စက်မှုထွန်းကားသော အနောက်နိုင်ငံများအတွင်းပေါ်ထွန်းလာသော ခေတ်လွန်ဖြစ်စဉ်များကြောင့် ဖြစ်သည်ဟု ငြင်းချက် ထုတ်ပါသည်။
          ‘ချန်ဒဲမူးဖ်’(Chantal Mouffe)ကဲ့သို့သော သီအိုရီသမားကမူ အဆိုပါအဖြစ်အပျက်များကို “တကျော့ပြန် လာသော နိုင်ငံရေး the return of the Political” ဟူ၍ခေါ်ဆိုလေသည်။ နိုင်ငံရေး the political ဟုဆိုရာ၌ ချန်ဒဲလ်မူးဖ်က အာဏာနှင့် အကျိုးစီးပွားများကိုသာ ရှေးရှုဦးတည်သော ကျဉ်းမြောင်း သည့် သမာရိုးကျ နိုင်ငံမှ ထွက်ခွာသွားပြီးဇစ်မြစ်နှင့်ကွဲပြားခြားနားခြင်းများ အပေါ်အခြေခံသော နိုင်ငံရေး အဖြစ်သို့ ရှေးရှုဦးတည်ခြင်းကို ဆိုလိုသည်။ ထိုသို့ပြုခြင်းသည် ဒီမိုကရေစီအား ပိုမိုထူးကဲ ခိုင်ခံ့စေပြီး မြောက်မြားခြားနားခြင်းများ ပိုများ၍ ပို၍ လည်း ပျစ်ပျစ်နှစ်နှစ်ရှိစေမည်ဟုဆိုသည်။

နိုင်ငံသား (Citizenship)

          ခေတ်သစ်အမျိုးသားနိုင်ငံတော် (Nation States)များ ပေါ်ပေါက်လာခြင်းသည်ယခင်က ကျေးကျွန် နှင့် အုပ်စိုးခံ အဆင့်မျှသာရှိခဲ့သော ပြည်သူများ၏အဆင့်အတန်းအား လူ့အခွင့်အရေးခံစားခွင့်ရှိသည့် နိုင်ငံသားများအဆင့်သို့ပြောင်းလဲပေးခဲ့ပါသည်ဟု ဆိုပါသည်။ သို့သော်လက်တွေ့အဖြစ်အပျက်များက  အဆိုပါထင်မြင်ယူဆ ချက်များနှင့်လုံးလုံးကြီးကွဲလွဲနေသည်။ ကွန်မြူနစ်ကမ္ဘာရှိနိုင်ငံတော်အစိုးရများက နိုင်ငံသားများ၏ လွတ်လပ်စွာ တွေးတောခွင့်၊ လွတ်လပ်စွာစုရုံးခွင့်နှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် စသည်တို့ကဲ့သို့သော နိုင်ငံသားနှင့် နိုင်ငံရေးဆိုင်ရာအခွင့်အရေးများကိုအခွန်မှန်မှန်ပေးဆောင်နေသူနှင့် ဘယ်နှစ်နှစ်တစ်ကြိမ်တွင်အစိုးရရွေး ကောက်တင်မြောက်ရန်အတွက် မဲပေးသူများအဆင့်ထိသာ ထားရှိ ခဲ့သည်။ စနစ်နှစ်ရပ်စလုံးအတွင်းရှိ နိုင်ငံသူ နိုင်ငံသားများ၏နိုင်ငံရေးအခန်းကဏ္ဍမှာ တတ်ကြွမှုမရှိလှဟု ဆိုနိုင်လေသည်။
          တကျော့ပြန်လာသော Civil Society ကအထက်ပါအနေအထားအားပြောင်းလဲစေခဲ့သည်။ အဘယ် ကြောင့်ဆိုသော် Civil Society အနေဖြင့်တတ်ကြွစွာပါဝင်ဆောင်ရွက်မှုကိုအားပေးပြီး ပြည်သူများ နှင့် လူ့အဖွဲ့အ စည်းအတွင်းတွင်လည်းကွဲပြားခြားနားသောဇစ်မြစ်များနှင့်အုပ်စုများမှာ နဂိုရှိရင်းစွဲထက် ပိုမိုပေါ်ပေါက်လာ  ခဲ့သည်။
          ဂစ်ဘင် နှင့် ရိုင်းမားတို့က ၁၉၉၉ခုနစ်တွင် ဤကဲ့သို့ ဟောကိန်းထုတ်ခဲ့သည်။
          “အနောက်နိုင်ငံများရှိ နိုင်ငံသူ၊ နိုင်ငံသားများတို့သည် ပိုမိုစဉ်းစားတွေးခေါ်လာကြမည်ပြီး ၎င်းတို့၏ အမြင်များကို ပို၍ပွင့်လင်းရဲရင့်စွာ ထုတ်ဖော်လာကြမည်။ လူမှုတန်ဖိုးများအပေါ် ပိုမိုအလေးထား လာကြမည်ဖြစ် ပြီး လှုပ်ရှားမှုထက်သန်သူများအဖြစ်လည်း ပို၍ဆန်လာမည်ဖြစ်သည်။ ယခင်ကဲ့သို့ နိုင်ငံတော်အစိုးရများနှင့် ပါတီများအပေါ် သစ္စာခံစောင့်သိခြင်း ပို၍နည်းပါးသွားမည်။ ၎င်းတို့သည်ဒီမိုကရေစီ စံနှုန်းအရ လိုလားဖွယ် ကောင်းသော နိုင်ငံသူ၊ နိုင်ငံသားများဖြစ်လာလိမ့်မည်။ နိုင်ငံသူနိုင်ငံသားများ၏ လှုပ်ရှားမှုများကြောင့် အဖွဲ့အစည်းများအနေဖြင့် ဖခင်အုပ်စိုးသောစနစ်ကို စွန့်လွှတ်ရဖွယ်ရှိပြီးပိုမို၍ ရှင်းရှင်းလင်းလင်းဖြစ်လာခြင်း၊ တာဝန်ခံခြင်း၊ လျော့အတင်းဖြစ်လာခြင်းတို့ဖြစ် လာလိမ့်မည်။နိုင်ငံသူ နိုင်ငံသားများနှင့် ၎င်းတို့၏တောင်းဆိုချက်များသည်အစဉ်အလာပြောင်းလဲနေ မည်ဖြစ်သဖြင့် ၎င်းတို့၏ အနေအထားတို့ကို ပုံမှန်ပြန်လည်ပြင်ဆင်ရလိမ့် မည်။ ထိုအခါ နိုင်ငံရေးရာတွင် လိုလားဖွယ်အကောင်းဆုံးဖြစ်သည့် ကွဲပြားမြောက်များ၍ ဒီမိုကရက်တစပိုဆန် သော ပြည်သူလူ့အဖွဲ့ အစည်းများနှင့် ပိုမိုဆင်တူလာလိမ့်မည်ဖြစ်သည်။


ဖွံ့ဖြိုးတိုးတတ်ရေး(Development)

          လွန်ခဲ့သောဆယ်စုနှစ်(၂)ခုတွင်ဖွံ့ဖြိုးတိုးတတ်ရေး( Development)စီမံကိန်းများအစီအစဉ်များမှာ နိုင်ငံ တကာ၏ ဆွေးနွေးပွဲ အစီအစဉ်များတွင် လွှမ်းမိုးနေခဲ့သည်။ ယခင်ကနိုင်ငံတော် အစိုးရများကသာ အဓိကကိုင် တွယ်လှုပ်ဆောင်ခဲ့သောဖွံ့ဖြိုးတိုးတတ်ရေးစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက် ရာ၌ နောက်ပိုင်း တွင် Civil Society များအတွင်းရှိ NGOsများသည်  နိုင်ငံတော်အစိုးရများထက်ပိုမို ထိရောက်မှုရှိကြောင်းလက်ခံ လာကြသည်။ NGOs များအနေဖြင့် နိုင်ငံတော်အစိုးရများထက် မည်ကဲ့သို့ ပိုမိုထိရောက်မှုရှိသနည်းဟုဆိုလျှင် NGOs များသည် အစိုးရများထက်ပိုမိုသက်သာပြီး အလေအလွင့်ဖြစ်မှု များ ပိုမိုနည်းပါးအောင် လုပ်ဆောင်နိုင်၍ ခြစားမှုများလည်း ပို၍နည်းပါးလေသည်။ နိုင်ငံတော်အစိုးရများထက် ရှင်းရှင်းလင်းလင်းဖြစ်မှု(Transparency) များပိုမိုရှိပြီး အောက်ခြေပြည်သူများ နှင့်လည်း ပိုမိုထိတွေ့၊ နီးစပ်မှုများရှိလေသည်။ အကူအညီထောက်ပံ့ငွေများ ပေးပို့သည့်လမ်းကြောင်းမှာ လည်း အစိုးရများမှ Civil Society အတွင်းရှိအစိုးရမဟုတ်သော အဖွဲ့အစည်း NGOs များသို့ ပြောင်းလဲ လာခဲ့သည်။
          အချုပ်အားဖြင့်ဆိုသော် Civil Society ၏သဘောတရားများကို ခေတ်သစ်နိုင်ငံရေး၊ လူမှုအကျပ် အတည်းများကို ဖြေရှင်းပေးနိုင်စွမ်းသော မျှော်လင့်ချက်ဟူ၍ ရှုမြင်လာကြသည်။ Civil Societyသည်-

- ဒီမိုကရေစီအနက်သာရပိုမိုပြည့်ဝစေရန်၊ ပိုမိုထူးကဲအားကောင်းစေရန်၊ ပိုပြီးပျစ်ပျစ်နှစ်နှစ်ရှိလာစေရန် အတွက် မ ရှိမဖြစ်လိုအပ်ချက်ဖြစ်လာသည်။
- နိုင်ငံတော်အစိုးရများအားစစ်ဆေးပြီး ချိန်ခွင်လျှာထိန်းညှို့ပေးခြင်း(Check& balance)များကိုပြုလုပ်ပေး ပြီး အာဏာရှင်အစိုးရများကိုဖြုတ်ချနိုင်စွမ်းရှိသည်။ ထို့ကြောင့်ဒီမိုကရေစီသို့အသွင်ကူးပြောင်းရာတွင် နိုင်ငံရေးဆိုင်ရာ တဆေး၊ အလျဉ်(သို့) နိုင်ငံရေးဇာတ်ကောင်များဖြင့်ရှုမြင်ခြင်းခံရသည်။ ကောင်းမွန်မျှတသော နိုင်ငံရေးရာသီဥ တုကို ဖန်တီးရာတွင် Civil Society များကို အားကောင်းအောင် ဆောင်ရွက်ခြင်းသည် အဓိကသော့ချက်ဖြစ် လာသည်။
- နိုင်ငံရေးတွင် နိုင်ငံသူ၊နိုင်ငံသားများတတ်တတ်ကြွကြွပါဝင်ဆောင်ရွက်ခြင်းကို အားပေးသည်။ Civil Society အနေဖြင့် မိမိ၏နိုင်ငံ၊ မိမိ၏လူ့အဖွဲ့အစည်း၊ မိမိ၏ကမ္ဘာကြီးအရေးကိစ္စအတွက် ပါဝင်ဆောင်ရွက် လိုသော်လည်း  နိုင်ငံရေးသမားမဖြစ်လိုသူများအတွက် နေရာပေးထား၏။ ထိုသို့ပြုခြင်းအားဖြင့် လိုလားဖွယ်အကောင်းဆုံးသော ဒီမိုကရက်တစ်ဆန်သည့် နိုင်ငံသားကောင်းများလည်း ဖြစ်လာနိုင်သည်။
- ကွဲပြားခြားနားမှုများနှင့် မြောက်များမှုများအတွက်လမ်းဖွင့်ပေးထားရာ ပန်းပေါင်းစုံဖူးပွင့်သော ဒီမိုကရေစီစနစ် သို့လည်း ဦးတည်သွားစေမည်။
- ဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းများ၊ အစီအစဉ်များကိုဆောင်ရွက်ရာတွင် အထူးအရေးပါသည်။
- (Robert Putnam နှင့် Francis Fukuyama တို့၏အဆိုအရ)လူမှုရေးဆိုင်ရာ အရင်းအနှီး( social capital) များကိုလည်း ထုတ်လုပ်ပေးနိုင်စွမ်းရှိသည်။ လူမှုရေးဆိုင်ရာ အရင်းအနှီးများသည်  နိုင်ငံသူနိုင်ငံသားများကြား ပူးပေါင်းဆောင်ရွက်မှုယုံကြည်မှုများပေါ်ပေါက်လာပြီး ယင်းမှတဆင့်စီးပွားရေးနှင့်လူမှုရေးစီမံကိန်းများ ပိုမိုထိ ရောက်မှုရှိအောင် ကူညီဆောင်ရွက်ပေးနိုင်သည်။
- နိုင်ငံတော်အစိုးရ(State)ဈေးကွက်(Market)များနှင့်မတူသောနယ်ပယ်(Sector)တစ်ရပ်ဖြစ်လာသည်။  နိုင်ငံ တော်အစိုးရနှင့်အတူ Civil Societyသည် နိုင်ငံရေးလှုပ်ရှားဆောင်ရွက်ရာ နယ်ပယ်အဝန်းအဝိုင်း တစ်ရပ်ဖြစ်လာ သည်။ ထို့ကြောင့်တတိယအင်အားစု(သို့)ုတတိယနယ်ပယ်ဟုလည်းခေါ်ဆိုကြသည်။ ဈေးကွက်သည် Civil Society၏ အစိတ်အပိုင်းတစ်ရပ် ဟုတ်မဟုတ်ဆိုသည့်မေးခွန်းမှာမူ ဆွေးနွေးငြင်းခုံ နေဆဲဖြစ်ပြီး နောက်ဆုံးအ ဆုံးအဖြတ်မရရှိသေးပေ။ အချို့က ဈေးကွက်သည် Civil Societyထဲတွင် ပါဝင်သည်ဟုဆိုသော်လည်း အချို့က မပါဝင်ဟုဆိုကြသည်။
          အထက်ပါအချက်အလက်များသည် နေရာတိုင်း၌ အမြဲတစေမှန်ကန်သည်မဟုတ်သည်မှာ သေချာ ပါသည်။ အထက်ပါအချက်များနှင့် ပတ်သက်၍ အပြန်အလှန်ငြင်းချက်ထုတ်မှုများ အများအပြားရှိလေ သည်။ အဆိုပါဆွေးနွေးမှုများနှင့် ငြင်းခုံမှုများက ပင်လျှင် Civil Society တကျော့ပြန်လာခြင်း၏ ဂယက် များပင်ဖြစ်လေ တော့သည်။

Civil Societyနှင့်ပြည်ထောင်စု မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်း အကြားဆက်စပ်မှုများကို စူးစမ်းရှာဖွေ ခြင်း။ ဓမ္မါဝဘ်ဘါ   မှ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...