ငါတို့သွေး အနီပြိုင်ခဲ့သောနေ့
by Moenge Aung on Wednesday, October 26, 2011 at 4:08pm
Myanmar News Weeks Originally posted 21/10/2011 13:24PM
၁၉၄၆ခု၊ မတ်လ ၂၇ ရက်၊ တော်လှန်ရေးနေ့၊ ကန်တော်မင် ပန်းခြံတွင် ဗိုလ်ချုပ်အောင်ဆန်းသည် တော်လှန်ရေးနှင့် စပ်လျဉ်း၍ အနောက် နိုင်ငံများတွင် ဖြစ်ပျက်နေပုံ၊ လွန်ခဲ့သော စစ်ပွဲကြီး အတွင်း ဗြိတိသျှနှင့် အမေရိကန်တို့ ကတိထားပုံ၊ မြန်မာပြည်နှင့် အိန္ဒိယ လွတ်လပ်ရေး အတွက် ဗြိတိသျှတို့က တာဝန် မခံပုံတို့ကို အကျယ်တဝင့် ပြောပြပြီးနောက် မြန်မာပြည်နှင့် စပ်လျဉ်းသော အချက်အလက်များ ကိုလည်း အောက်ပါအတိုင်း ရှင်းလင်း ပြောပြသွားလေသည်။ အတ္တလန်တိတ် ချာတာအရ နိုင်ငံကလေးတွေ လွတ်လပ်ရေးပေးဖို့ ကြေညာခဲ့တယ်။ ကျွန်တော်တို့ ဗမာပြည်နဲ့ အိန္ဒိယပြည်ကို မပါဘူးလို့ နန်းရင်းဝန် မစ္စတာချာချီက ပြောခဲ့တယ်။ ဒီကိစ္စကို အမေရိကန်ကတော့ တစ်ကမ္ဘာလုံးနဲ့ ဆိုင်တယ်လို့ ပြောခဲ့တယ်။
ဗမာကို မကာကွယ်ဘူး
အဲဒီလိုဖြစ်တဲ့ အချိန်မှာ ဗမာပြည် ကာကွယ်ရေး ဌာနကို ကျကျနနဖြစ်အောင် မလုပ်ဘူး။ ငွေကုန်အောင်ဘဲ သုံးနေတယ်။ ဒီလိုဖြစ်တော့ ဗမာပြည် အခြေအနေဟာ တိုင်းသူပြည်သားများ အလိုကျ မဖြစ်ဘဲနဲ့ သူများရဲ့ ကျူးကျော်စော်ကားခြင်း ခံရမလို ဖြစ်နေတယ်။ ဒီလိုဖြစ်တဲ့အတွက် လွတ်လပ်ရေး ရရာရကြောင်းကို တတ်နိုင်တဲ့ နည်းတွေနဲ့ လုပ်ခဲ့ရတယ်။
ဒီလိုလုပ်ခဲ့တယ်
ဘယ်လိုလည်းဆိုရင် ဖက်ဆစ် ဂျပန်ကိုဘဲ ဒီအခါတုန်းက ကျွန်တော်တို့ တိုင်းပြည်နဲ့ ဆက်သွယ်ဖို့ ကြိုးစားလို့ ဂျပန်တွေနဲ့ အဆက်အသွယ် ရခဲ့တယ်၊ ဒီလိုရှေ့ဆောင်တဲ့ သဘောက မြန်မာပြည် လွတ်လပ်ရေးရဖို့ အလုပ်မှာ ဘယ်သူ့ဆီက အကူအညီရရ လုပ်ရမယ်ဆိုတဲ့ သဘော ဖြစ်တယ်။ ဂျပန်တွေ မြန်မာပြည်ကို လာစေချင်လို့ မဟုတ်ပါဘူး။
အင်္ဂလိပ်ရှုံးရင်
ဟိုအခါတုန်းက စစ်ကြီးရဲ့ အခြေအနေကိုကြည့်တော့ ဂျပန်တွေဟာ ဗမာပြည် လာတိုက်ချင်တိုက်မှာကို မြင်ခဲ့တယ်။ ဂျပန်လာရင် အင်္ဂလိပ် အစိုးရက ဗမာပြည်ကို ကာကွယ်နိုင်မှာ မဟုတ်ဘူးဆိုဒါသိခဲ့လို့ အင်္ဂလိပ်ရှုံးရင် ဗမာတွေ ဘယ်လိုလုပ်မလဲ ဆိုတဲ့ ပြဿနာတွေကို စဉ်းစားကြည့်တဲ့အခါ လူထုအင်အားနဲ့ အင်္ဂလိပ် အစိုးရကို အာဏာဖီဆန်ရေးတွေ လုပ်မယ်၊ စစ်သဘောအားဖြင့် လက်နက်ခဲယမ်းမီးကျောက် လိုလာတယ်။ ဒီအခါမှာ တခြားက အကူအညီရမှ ဖြစ်မယ်ဆိုပြီး ကိုယ့်တိုင်းပြည်ရဲ့ ကံကြမ္မာ ကိုယ့်ဖာသာ ဖန်တီးတဲ့ သဘောနဲ့ ဖြစ်သလို စီစဉ်ခဲ့ရတာဘဲ။ အင်္ဂလိပ် အစိုးရက အရေးပါ အရာရောက်တဲ့ နိုင်ငံရေးသမားတွေကို တောင်ထဲသွင်းထားလို့ လွတ်လပ်ရေးအတွက် ရှိတဲ့လုပ်ငန်းမှာ လူအင်အား မလုံမလောက် ဖြစ်ခဲ့ရတယ်။
ဂျပန် ရည်ရွယ်ချက်
ဂျပန်ကလည်း ပေးသလောက် ပေးခဲ့တယ်။ သူတို့ရဲ့ အလိုအလျောက်လည်း ဝင်တိုက်ခိုက်ခဲ့ကြတယ်။ အမှန်စင်စစ်ကတော့ မူလကတည်းက ဂျပန်တွေမှာ ရည်ရွယ်ချက် ရှိခဲ့တယ်၊ တရုတ်ပြည်မှာ စစ်တိုက်နေကတည်းက ဂျပန်မှူးမတ် တစ်ယောက်က ဂျပန် ရှင်ဘုရင့်ထံ တင်သွင်းတဲ့ စာမှာကြည့်တော့ သိရပါတယ်။ ဂျပန် စစ်ဗိုလ် အီချီဒါး ရေးတဲ့ စာထဲမှာကြည့်ရင်လည်း သိရပါတယ်။ သူတို့က တရုတ်ပြည်ကြီး တိုက်တဲ့ နေရာမှာ ဒိပြင် နိုင်ငံကလေးတွေကို တိုက်မှဖြစ်မယ် ဆိုတဲ့ သဘောနှင့် အခြားနိုင်ငံတွေ တိုက်ဖို့၊ သိမ်းဖို့ ရည်ရွယ်ချက် ရှိခဲ့တယ်။
သူတို့ အကူအညီ
သူတို့ကတော့ မဟုတ်ဘူးလို့ ငြင်းခဲ့တယ်။ ဒါပေမယ့် လုပ်တဲ့နေရာမှာ ဒီအတိုင်း ဖြစ်တယ်။ သူတို့က နောက်ဆုံးဝင်တိုက်လာတယ်။ သဘောတူတူ၊ မတူတူ မဆိုင်ဘူး၊ ကျွန်တော်တို့ ဗမာပြည်တွင် တိုက်တဲ့နေရာမှာ အဲဒီအခါတုန်းက သူတို့ရဲ့အကူအညီ လက်နက် ခဲယမ်း မီးကျောက်ရအောင် ယူခဲ့ရတယ်၊ ဗမာပြည်ကို လွတ်လပ်ရေးပေးမယ်ဆိုတဲ့ သဘောမျိုး ကူညီခဲ့တယ်။ အမှန်ကတော့ မျောက်ပြ ဆန်တောင်းဆိုတာ ဟိုတုန်းကတည်းက သိခဲ့ပါတယ်။
အင်္ဂလိပ်ဘက်ကို
အင်္ဂလိပ် အစိုးရက တိုင်းသူပြည်သားများကို ကျေနပ်အောင် ကြေညာစာတမ်း တစ်ခုမှ ထုတ်မပေးနိုင်ဘူး၊ ဒီလိုဖြစ်တော့ သူတို့ဘက်က ဘယ်သူမှ မပါနိုင်ဘူး၊ ဂျပန်က လွတ်လပ်ရေးပေးမယ်ဆိုတော့ တိုင်းသူပြည်သားတွေက အင်္ဂလိပ်ကို မုန်းနေရင်းစွဲရှိတော့ ဂျပန်ကို တစ်မျိုးတစ်မည် လိုလားနေတယ်၊ တစ်ချက်က လက်နက် ခဲယမ်း မီးကျောက် အကူအညီ ယူနေတဲ့အတွက် ဂျပန် သိမ်းပိုက်မှုကို ခံရတယ်။
သူတို့ မပြင်ဆင်ခဲ့
ဘယ်လိုဖြစ်ဖြစ် ထိုအခါက အင်္ဂလိပ် ရှုံးမှာအမှန်ဘဲ၊ ဘာကြောင့်ဆိုရင် ဗမာပြည်မှာ ဗမာတိုင်းသူပြည်သားတွေက ထကြွလို့ အင်္ဂလိပ် ပြေးရတယ်။ ဖိလိပိုင်ကျွန်းမှာ အမေရိကန်တွေ ပြေးခဲ့ရတယ်။ ပရင်းအော့ဝေး(လ်) စတဲ့ သင်္ဘောတွေ၊ ရီပါ့(စ်)သင်္ဘောတွေ အမြှုပ်ခံခဲ့ရတာတွေဟာ ဒီမိုကရေစီဝါဒ လက်ကိုင်ထားတဲ့ နိုင်ငံတွေဟာ ဘာမျှ စစ်ပြင်ဆင်ရေး မရှိခဲ့ဘူး၊ ကာကွယ်ရေး တောင့်တင်းအောင် မလုပ်ဘူး။
ဝိုင်းချတာပေါ့
ဒီလိုဖြစ်တဲ့အတွက် အင်္ဂလိပ်ဟာ အနည်းနှင့်အများ ရှုံးမှာဘဲ၊ ဂျပန် ကြေညာတာထက် အင်္ဂလိပ်ကို ဝိုင်းချလိုက်တာက များနေတယ်။ အင်္ဂလိပ် အပြေးမြန်တာ ဗမာတွေ ဝိုင်းချတာများလို့၊ ဂျပန်ကိုကြိုက်တဲ့ သဘောက ဂျပန်လာစေချင်လို့ မဟုတ်ဘူး၊ လွတ်လပ်ရေးပေးမယ်ဆိုတဲ့ သဘောမျိုးနှင့် ဖြစ်တယ်။ ကြိုဆိုစဉ်က ဂျပန်က သူရဲ့ သဘောတွေကို ထင်ထင်ရှားရှား ခင်းပြလိုက်တယ်။
ပါးနားရိုက်
နောက်ချက်ချင်း သူ့ဝါဒတွေနှင့် ပါးရိုက် ညှဉ်းပန်းခဲ့တာတွေ၊ အမျိုးသမီးတွေ ဖျက်ဆီးတာတွေ တွေ့ရတယ်။ သို့အတွက် တိုင်းပြည်က ဂျပန်ကို ရွံ့ရှာမုန်းတီးလာကြတယ်။ အဲဒီအခါက ဂျပန်ဆီက လက်နက်ရအောင် လုပ်တဲ့လူတွေဟာ ဂျပန် အလိုတော်ရိသာဆိုရင် ဂျပန်နှင့် ဘာဘဲဖြစ်ဖြစ် ပေါင်းပြီး အလုပ်လုပ်ဖို့ဘဲ ရှိတယ်။
ဂျပန်အလိုတော်ရိလား
သို့သော် အားလုံး တိုင်းသူပြည်သားတွေ သိတဲ့အတိုင်းဘဲ ဗမာ့လွတ်လပ်ရေး တပ်မတော် ဖွဲ့စည်းပြီး ဂျပန်တွေနဲ့ ဘယ်လို အလုပ်လုပ်လိုက်တယ်ဆိုတာ တိုင်းသူပြည်သားတွေ သိတဲ့အတိုင်းဘဲ။ အဲဒီလို ကိစ္စကို ထောက်ခြင်းအားဖြင့် ဂျပန် အလိုတော်ရိ ဖြစ်မဖြစ်ဆိုတာ အသိဘဲ။ တိုင်းသူပြည်သားတွေကို တတ်နိုင်သမျှ ကူညီ ကာကွယ်ပေးခဲ့တယ်။ မတတ်နိုင်တာတွေလည်း ရှိတာဘဲ။ ဗမာ့လွတ်လပ်ရေး တပ်မတော်မှ ကျန်ရစ်ခဲ့တဲ့ တချို့ဟာ တိုင်းပြည် အုပ်ချုပ်ရေးမှာ တိုင်းပြည်သားများကို ကူညီရာ မရောက်ဘဲ နှိပ်စက်ကလူပြုရာရောက်နေ၍ ဝမ်းနည်းစရာတွေလည်း အများကြီး ရှိတယ်။
ဖျက်ဖို့ကြံတယ်
“ဘီ-အိုင်-အေ” အုပ်ချုပ်ရေး ပြုလုပ်စဉ်က ကိစ္စတွေနှင့် ဘာမဆိုင် ညာမဆိုင် ဗမာ့လွတ်လပ်ရေး တပ်မတော်ကို ဖျက်သိမ်းဖို့ ကြံတယ်၊ ဖျက်သိမ်းလို့ မရတော့ ဗမာ့ကာကွယ်ရေး တပ်မတော်ဆိုပြီး စစ်သားနဲနဲနှင့် ဖွဲ့စည်းပေးခဲ့တယ်။ ဒီတပ်မတော် ဖွဲ့စည်းမှ ယခု တစ်တိုင်း တစ်ပြည်လုံး သိနေတဲ့ စကားတစ်လုံး ထွင်ခဲ့တယ်။ ဂျပန်ကို ဂျပန်လို့ခေါ်ရင် ရိပ်မိမှာစိုးလို့ “မူတူး” လို့ ခေါ်ခဲ့ကြတာ သိတဲ့အတိုင်းဘဲ။ မူတူးကို ပြန်တိုက်ဖို့ လုပ်ကြတယ်။
တိုက်ဖို့ ကြံဒါတွေ
အဲဒီလို မလုပ်ခင် ဗမာတစ်ပြည်လုံး တိုက်ခိုက် သိမ်းယူခဲ့ပြီးနောက် ဗမာပြည် လွတ်လပ်ရေး မပေးခင် တစ်ကြိမ်၊ ၁၉၄၃ခု ဒီဇင်ဘာလ မဟာမိတ်တွေနှင့် အဆက်ရတော့ တစ်ကြိမ် တိုက်ဖို့ကြံတယ်။ ၁၉၄၄ ခုနှစ်မှာ ထကြွဖို့ ကြံတော့ မဟာမိတ်တွေက စောစောစီးစီး မထစေချင်တဲ့ အကြောင်းတွေ ပြောပါတယ်။ ကန္ဒီမှာ သွားရောက် ဆွေးနွေးတော့ မောင့်ဘက်တန်က အမိန့်ကို သူထုတ်လိုက်ပါတယ်လို့ ပြောလိုက်ပါတယ်။
တားမြစ်တယ်
နောက်ဆုံးမှာ ထကြွတော်လှန်တော့ ခင်ဗျားတို့ ဂျပန်ကို မတော်လှန်စေချင်ဘူးလို့ပင် ပြောပါတယ်။ ဒါကြောင့် အင်္ဂလိပ် နိုင်ခါနီးမှ တော်လှန်တယ်ဆိုတဲ့ စကားဟာ မဟုတ်ပါဘူး ဆိုတာ သိစေချင်ပါတယ်။ ဒါကြောင့် ယခု ရွေးကောက်ပွဲနီးလာတော့ ဖြစ်ပေါ်ရမယ့် အကြောင်းတွေကို ဘာထဗ္ဗဏ ဗေဒင် ဟောလိုက်မယ်။
ဖမ်းချင်ဖမ်းမယ်
၁။ မင်းသား တစ်ယောက်ယောက်ကို ချောင်ကြို ချောင်ကြားမှ ဆွဲထုတ်ချင် ဆွဲထုတ်လာလိမ့်မယ်။
၂။ ဘာသာရေး တရားနှင့် ပတ်သက်ပြီး ဂျပန်လက်ထက်ကစပြီး ဗမာပြည် လွတ်လပ်ရေးအတွက် ပုတီးစိပ် သင်္ဂြိုဟ်တွေ လေ့လာနေတယ်လို့ ပြောချင်လည်း ပြောလိမ့်မယ်။
၃။ ထထကြွကြွရှိတဲ့ လူတွေကို ရွေးကောက်ပွဲ မဝင်နိုင်အောင် ဖမ်းချင် ဖမ်းထားလိမ့်မယ် ဆိုတာ မှတ်ထားကြ။ ကျုပ်တို့ကို တစ်ကမ္ဘာလုံးက အင်္ဂလိပ်ကို မလိုလားဘူးဆိုတာ သိတယ်။
အင်္ဂလိပ်ဟာ စီးပွားရေး ဖက်ဆစ်ဝါဒ သဘောမျိုးနှင့် ဗမာပြည်ကို ပြန်လာတယ်။ ဒိုမေနီယံကို သူတို့ပေးမှ ရမယ့် သဘောမျိုး မလိုချင်ဘူး၊ ကိုယ့်တိုင်းပြည် ကိုယ်ကြိုက်သလို ကြည့်လုပ်ချင်တယ်။ အင်္ဂလိပ်ကို မိတ်ဆွေသဘော လုပ်ချင်ရင် လုပ်မယ်၊ သူတို့ဖက်က ကျူးကျော်ရင် မလုပ်ဘူး။
သူတို့ထက် သာတယ်
ဖိလစ်ပိုင်၊ ကိုရီးယား တိုင်းပြည်တွေတောင် လွတ်လပ်ရေး ရနိုင်ရင် သူတို့ထက်သာတဲ့ ဗမာပြည် ဘာကြောင့် မရနိုင်မှာလဲ။ ဒီအထဲ ကျွန်တော် ရခိုင်ပြည် သွားနေတုန်း ရန်ကုန်မှာ လူကြီး ၁၁ ဦး “ဘူတစ်”ပါတီ အနေနှင့် ကြေညာစာတမ်း တစ်ခု ရေးတယ်။ အဲဒီအထဲက နှစ်ယောက်ထွက်တော့ “ကောက်ရိုး ပါတီ”ဖြစ်သွားတယ်။ သူတို့က ဒိုမီနီယံ လွတ်လပ်ရေးလောက်တောင် မထိုက်သေးဘူးလို့ ပြောသံကြားရတယ်။ မုန့်ဆီကြော် မစားဘူးလို့ ပြောသံကြားရတာ၊ “မုန့်ဆီကြော် မစားရသေးဘူး။ နှုတ်ခမ်းနာနှင့် တဲ့ပါ့မလား” ဆိုသလို ဖြစ်နေပါတယ်။ ဒီလို လူမျိုးတွေ ဗမာပြည်မှာ တွေ့ရသေးတာ ကမ္ဘာက သိမှာ အင်မတန် ရှက်စရာ ကောင်းပါတယ်။ မနေ့ညကဘဲ ပဏ္ဍစ်ဂျာဝါးလာနေရူးကို အင်္ဂလိပ် အစိုးရက ဗမာပြည် မလာရဘူး ဆိုပေမယ့် မနေ့ညက ၁၀ နာရီလောက်မှာ တွေ့ဆုံရခဲ့ပြီးပါပြီ။ ရွေးကောက်ပွဲ လုပ်ပေးသော်လည်း တိုင်းပြုပြည်ပြု လွှတ်တော်အဖြစ် မလုပ်ပေးခဲ့။ တိုင်းပြုပြည်ပြု လွှတ်တော် ဖြစ်အောင် အမတ် ၁၃၂ ယောက်အနက်မှာ တိုင်းပြည် အများဆန္ဒနှင့် ဝင်ရောက်ထောက်ခံတဲ့ အမတ် ၉၀ လောက်ပါအောင် ထောက်ခံလိုက်ရင် နောက်ဆုံး လုံးဝ လွတ်လပ်ရေးရဖို့ ဆောင်ရွက်ရန် အရွေးခံရမယ်။
အတင်း ကြေညာမယ်
အဲဒီအခါ အင်္ဂလိပ်က မပေးရင် တိုင်းပြည်ကို လုံးဝ လွတ်လပ်ရေးရပြီလို့ ကြေညာပြီး လုပ်သွားမှာဘဲ(သြဘာသံ)။ အဲဒါကြောင့် လူထုက သတိပြုပြီး ထောက်ခံစာ သွင်းဖို့ဘဲ။ ကျုပ်တို့ကလည်း လုံးဝ လွတ်လပ်ရေး မရမချင်း၊ မနေမနား ဆောင်ရွက်သွားမယ့် အတွက် (လုံးဝ လွတ်လပ်ရေး)ကို ထပ်မံ အတည်ပြုရန် တင်ပြခဲ့ပါတယ်။
0 comments:
Post a Comment