Saturday, October 15, 2011

ရွှေမြန်မာတို့ အဖြေရှာဖို့ ...

by Arr Mann on Thursday, October 13, 2011 at 1:37am
              

ရေးမယ်ရေးမယ်နဲ့ စိတ်မှာ တေးခဲ့တာလည်း များလှပေါ့။ လူက ပူပူနွေးနွေး ဘွဲ့ရခါစဆိုတော့ ပဲများတာ မ၀သေးဘဲ အလုပ်တွေကပဲ တောင်းလိုပုတ်လိုကြီးသယောင် ခေါင်းကိုကုတ်လို့ ညည်းလို့ညည်းနဲ့ဆိုတော့ ဒီစာတစ်ပုဒ်ပြီးဖို့ ခရီးလည်း ရွှေပြည်တော် မျှော်တိုင်းဝေးခဲ့တာမဆန်းဘူး။

လက်တစ်ဖက်ကနေ ပက်ဆပ်*ရှာပေးတုန်း (*ပိုက်ဆံကို ရွှေကြို့မြေလေသံဖြင့်ဖတ်ရန်) နောက်လက်တစ်ဖက်က ဘာရေးမတုန်းလို့ မပျက်မကွက် တွက်ချက်ကာတွေးတော့ စိတ်မှာပေါ်လာသမျှက စင်ကာပူနေမြန်မာတို့ရဲ့ ရပ်ကွက်အထာလေးတွေ။ စင်ကာပူကို စည်းကမ်းရှိလှလို့ ထင်သူလည်းမနည်းဆိုတော့ ဒီနဲ့ရပ်ကွက်အထာ မအပ်စပ်ပါလို့ အမြင်မတူဘဲကွဲတဲ့ လူလည်း ရှိကောင်းရှိမယ်။
အို ဘာပြောပြော ငါတို့ကခဏလာတဲ့ အပြင်လူပဲဟဲ့လို့ မကောင်းပေါင်ဆိုမှ ခေါင်းရှောင်လိုကြသူတွေကလည်း အများသား။ ဘာပဲဖြစ်ဖြစ် တစ်ခဏတာနေနေ တစ်ဘ၀စာနေနေ လက်ရှိမှာတော့ အများတကာရွှေတို့နဲ့ ဒီမြေက ကျွန်းကိုင်းမီ ကိုင်းကျွန်းမီ မဟုတ်လား။ ဧည့်သည်မှာလည်း ကျင့်ဝတ်ဆိုတာ ရှိစမြဲမို့ ရိုင်းလွန်းသည် အပြောခံရရင် အဲဒါက ကျုပ်တို့တတွေရဲ့ ရနံ့တသင်းသင်း ညံ့ဖျင်းမှု။

ရန်ကုန်မှာဆိုရင်တော့ အရှုပ်တကာကွိုင်များလို့ ဥက္ကလာ လှိုင်မှာ တုတ်ပါကိုင်သွားရတယ်ဆိုတဲ့ စကားမျိုးတွေ ကြားခဲ့ဖူးပါရဲ့။ “စည်းကမ်းဟူသည်လူ့တန်ဖိုး” ဆိုင်းဘုတ်အောက်တည့်တည့်မှာ ပုဆိုးလှန်ချလို့ အဖိုးတန်သမျှ ရွှေပြွန်နဲ့ ရိုးတံဝက ရေသွန်တတ်တာတွေလည်း ထူးဆန်းတဲ့ မြင်ကွင်းမဟုတ်။ အလှူအိမ်သွားမယ့်သူက ပိုးပုဆိုးတိုက်ပုံနဲ့ အမျိုးမျိုးဂိုက်စုံထုတ်လို့ ဖိနပ်ကျမှ ကာလာပျက်တတ်တတ် ရာဘာဖိနပ်။ ဘယ်လိုဖြစ်တာလဲအဘရယ် မေးတော့ ငိုပစ်ကာချွဲတော့မယ့် လေသံနဲ့ “အလှူအိမ်ဆို အဖိုးတန်ဖိနပ်များ သူခိုးရန်လက်က မလွတ်လို့ပါကွာ”တဲ့ ။ အဲသဟာသာကြည့်၊ ကြွေးကြော်တာတော့ ငါတို့တိုင်းပြည်က ဂိုးဒင်းလန်းဟေ့တဲ့။ တကယ်တမ်းကျ အကောင်အကြီးအသေးမရွေး သူခိုးဒင်းကြမ်းအပြည့်။ နောက်ပြီး အချိန်ရှိခိုက် လုံ့လစိုက်မဟုတ်၊ ဘတ်စ်ကားပေါ် အရှိန်ရှိခိုက် အသုံးချပလိုက်မဟဲ့ဆိုတဲ့ နှိုက်နှိုက်ချွတ်ချွတ်သမားများကြောင့် အပိုအလိုမတွေးဘဲ ပျိုအိုမရွေး တွယ်ချိတ်ဆောင်ရတာတွေကလည်း တို့လူမျိုးမို့ ဂုဏ်ယူချင်စရာ။ သို့သော်ငြားလည်း ဒါတွေက ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ်မို့ အဲသလို ဆိုးကွက်တစ်ချို့ကို အပြစ်လွှတ်မတင်ဘဲ ခွင့်လွှတ်ချင်လည်း ရသေးသပေါ့။

ခက်တာက အခုခေတ်ကြီးက ကိုယ့်ပစ္စည်း သူ့ပစ္စည်း လည်ပင်းကဟာ အတုအစစ်ကြည့်ပြီး ပြိုင်နေဖို့ထက် ထမင်းတစ်လုတ် အတင်းကုတ် ရှာစားနေရတဲ့ခေတ်။ ဆိုတော့ကာ အစာအိမ်ဝမ်းစာ ၀လုံးရေးဝဖို့ စလုံးမလေးရှားကို ရှိသမျှ အရင်းအနှီးယူပြီး ပတ်စ်ပို့ရုံးရှေ့ အတင်းကြီး Q စီနေကြတဲ့သူတွေချည်းပဲ။ ဟော နောက်ဆုံးတော့ ရောက်ပါပြီ နိုင်ငံရပ်ခြား။ ရောက်စဆိုတော့ သွေးကြီးဘာကြီးနဲ့ လူ့မလိုင်သံ ထွက်ခါစ။ ကြည့်လိုက်တော့ ဇီးကင်းရွက်မျက်နှာတွေက ယောင်ချာချာသနားကမားနဲ့ ဘာကိုမှမခုတ်တတ်သေးတဲ့ ကြောင်သာသာဘ၀။ သူတို့ကို ယောင်ကာမှမသနားလိုက်နဲ့၊ အဲဒီညောင်နာနာများဟာ နောင်အခါကျ လူရည်လည်တော့ အဿရထိုရ်မြင်း အတောင်ပါရသလို ဘာကိုမှလည်း ရှောင်စရာရှားစရာလို့တောင် မထင်တော့။ သူများနိုင်ငံမှာ ကိုယ့်လူမျိုး ကိုယ်စားပြုနေတဲ့ ကိုယ့်ပုံရိပ်သာမက ကိုယ့်ဂုဏ်သိက္ခာပါ အစက သတိမထားတော့ တဖြည်းဖြည်း ရစရာမရှိမှ မှားတာသိကြရင်လည်း မနိပ်သေးဘူး။ ဒီလိုပြောလို့ မင်းက ဆရာကြီးလား ဘာကြီးလား ညာကြီးလားမေးရင် ဘာကြီးမှမဟုတ်၊ မြင်ရသမျှ စိတ်ပျက်စရာအတိမို့ ရင်ထဲ နာမိတာပါ။ လူ့ကျင့်ဝတ်နဲ့ စည်းကမ်းကို ခေါင်းမှန်းအမြီးမှန်း မသိပြန်ကြတော့ တွေ့ရမြင်ရတာ အကျည်းတန်လှပေါ့။

အနီးဆုံးသာဓကဟာ ပင်နင်ဆူလာလို့ ညွှန်ကာပြရင် ဟောဒီသကောင့်သားပဲ လွန်ရာကျချင်မလားမသိ။ လွန်ကာမှလွန်၊ ကျွံကာမှကျွံ၊ ရံွံရှာစရာအလွန်ပေါတဲ့ ရွှံ့တောညွှန်တောလို မင်းမဲ့စရိုက်များက အတင်းလည်း လိုက်ရှာစရာမလိုအောင် နေရာတိုင်းမှာ ပုံလို့အောလို့။ ကွမ်းကြိုက်လို့ ကွမ်းစားတာ အပြစ်မဟုတ်။ သို့သော် ကိုယ်ထွေးတဲ့ ကွမ်းတံတွေး နေရာတိုင်းမှာ မစွန်းထေးရေးကို မွေးရာပါအသိနဲ့ တွေးဆကာကြည့်ဖို့ ဆိုင်းဘုတ်ချိတ်ပြီး ရေးထားမှသိမှာလား။

အရက်ကြိုက်လို့ အရက်သောက်တာ ရှက်ကြောက်စရာမဟုတ်။ အရက်၊ ဖဲနဲ့ မိန်းမမှာ ယောက်ျားမှန်ရင် တစ်ဖက်ကို တိမ်းကြတာက အများစု။ ဘယ်ပွဲလမ်းဒင်နာဖြစ်ဖြစ် နေရာတကာခေတ်တွေမီဖို့ ယမကာယစ်ရွှေရည်ကို အထိုက်အလျောက် ကျွမ်းဝင်တာလဲ မှန်တဲ့လမ်းစဉ်လို့ပဲ ဆိုပါစို့ရဲ့။ သို့သော် အခြေအနေနဲ့ အချိန်အခါ ကြည့်ကြရာမှာ အသိတရားသာ အဓိက။ လူအများကြားထဲ အထူအပါးနားမလည် ဆဲဆိုရမ်းကားတော့ မင်းတို့လူမျိုး အဲသလိုအတန်းအစားလား အပြောခံရတာ ဂုဏ်ယူစရာမဟုတ်။ အမ်အာရ်တီဘေးမှာ အသံစာတစီစီပေးလို့ ဖြတ်သွားသမျှ အမျိုးသမီးတွေ ကြံရာစည်ငေးပြီး နှုတ်ဆော့တာလည်း ကိုယ့်လူမျိုးသိက္ခာ ယုတ်လျော့စရာ။ ပြန်ပြီး အထွန့်တက်ရင်တော့ ဒါက လူတိုင်းရဲ့ လွတ်လပ်ခွင့်ပေါ့။ မှန်ထဲမှာ ငါနဲ့လွတ်လပ်ခွင့် တန်ရဲ့လားပဲ အရင်မေးကြပါစို့။ အိမ်မှာသောက်၊ ဆိုင်မှာသောက်၊ ပန်းခြံထဲမှာသောက်၊ မြစ်ကမ်းဘေးမှာသောက်၊ အဲသလောက် သောက်စရာနေရာ ပေါများတဲ့ကြားက လူသွားလမ်းဘေးမှာမှ ပါးစပ်သိုင်းကွက်နင်းလို့ အရက်ဝိုင်းဖွဲ့ချင်ရင်တော့ ပြန်ကာစဉ်းစား ဘန်ဂလာမင်းသားများနဲ့ ဘာများထူးဦးမှာလဲဆိုတာ။

စကားပုံထဲမှာတော့ စည်းကမ်းဖောက်လို့ ထီးနန်းပျောက်သတဲ့။ ကျုပ်တို့တတွေကတော့ ဗျိုင်းအုပ်ကြား ကျီးကန်းရောက်သလို နေရာတကာ ထင်းထင်းကြီး။ လူလူချင်းအတူတူ ဘာကွာလို့လဲမေးရင် မေးတဲ့သူကို အသာအယာတို့ပြီး ပင်နင်ဆူလာက အများသုံးအိမ်သာ တစ်ခါလာဖို့ ဖိတ်ခေါ်ကြည့်ပါ။ အေး ဒါကွာလို့ဆိုတာ သိသွားလိမ့်မယ်။ လူ့စည်းကမ်းက အစ ယှဉ်လို့မရဆိုတော့ ခေါင်းထဲမှာ မြင်ဖို့က သူတို့လူမျိုး အထက်ရောက်နေတာမဟုတ်၊ ကျုပ်တို့တတွေက အနိမ့်ကို လှိမ့်လို့ စုံအတင်း ခုန်ဆင်းနေကြတာ။

မကြာမကြာ ကြားရတာတော့ သခင်မျိုးဟေ့ တို့ဗမာဆိုပဲ။ အဲဒီစကားအလို့ငှာ ကိုးကားရရင် ဟိုးတစ်ခါ ဆိုင်တစ်ဆိုင်မှာ အလစ်သုတ်လို့ ခိုးရာမိတာ သူခိုးနာမိက တို့ဗမာငတိ ဖြစ်နေပါရောလား။ သူတို့ ရဲလက် အပ်လိုက်ရတဲ့   မြန်မာလူမျိုးအရောင်းစာရေးခမျာ ခေါင်းလေးအသာငုံ့လို့ လူတကာအမေးကို သူတစ်ခါဖြေဖို့ ရှက်လို့မဆုံး။ ဒါမျိုးတွေက မကြာမကြာ ရိုးနေပါပြီ ဆိုပေမယ့် ဆိုင်တိုင်းမှာ ကင်မရာတပ်ထားကြောင်း တစ်ချို့တွေက မသိ။ ကြောင်တွေ့ရင်ရိုက်၊ အချောင်တွေ့ရင်နှိုက်တဲ့ လမ်းဘေးအကျင့်များက လူမျိုးခြားတွေတွေ့ရင် တံတွေးနဲ့တောင် လှမ်းထွေးချင်စရာ။

ဒါတွေက လူနည်းစုနဲ့ အများစုမို့ အတိအကျသွားလည်း တိုင်းထွာမရ။ သို့ပေတဲ့ အဓိကကျတဲ့ အပိုင်းမှာက အားလုံးလည်း သိကြတဲ့အတိုင်းသာ ဒီနိုင်ငံမှာ အပြင်လူများလာတော့ ဒိအပြင် ရှိနှင့်တဲ့အရင်လူက သူတို့ အခွင့်အရေးတွေ လုယက်ခံရတယ် ထင်ယူလာကြ။ သူတို့နိုင်ငံမှာနေပြီး သူတို့အလုပ်ကိုလုတဲ့ ပုဂိုလ်ထူးများက စည်းကမ်းပိုင်းမှာကျ တစ်ခါပြစ်မှုမက၊ နှစ်ခါပြစ်မှုမကနဲ့ သူတို့နဲ့ယှဉ်ရင် ရာဇ၀တ်မှုဇယားမှာ ထိပ်ဆုံးက အခါမလစ် ငါတစ်ဟုပြ ဆိုတော့ အစကတည်းက မကြည်လင်တဲ့စိတ်ကို ဒီဂွင်နဲ့ပိတ်လို့ လက်ညှိုးဝိုင်းထိုးချင်ကြတာ မဆန်းဘူး။ မကြာမကြာလည်း အရေးခေါ် ကြွေးကြော်ကြတာတွေက “နိုင်ငံခြားသား တစ်ပြားသား နှစ်ပြားသား လားလားမှအလိုမရှိ” “ဒီနိုင်ငံမှာ ရာဇ၀တ်မှု များသည်က တပါးပြည်သားတို့ လက်ချက်” တဲ့။
(မသိရင်ပဲ သူတို့တတွေကျ အကုသိုလ်တစ်ပြားမရှိတဲ့ တရားသိတဲ့ သူတော်စင့်သားသမီးတွေအလား။ စလုံးတွေ အဲသလို ပြစ်မျိုးမှည့်မထင်ဆိုလည်း ထိုင်လို့တောင် ရှိခိုးခဲ့ချင်ပါရဲ့)။
သို့သော် သေချာပြန်တွေးရင် သူတို့ပြောသမျှစကားကို ဟောဒါအမှားလို့ ယတိပြတ်ငြင်းဖို့လည်း ခပ်ခက်ခက်။ ဟောဒီ လေးနှစ်တာ ကြုံဖြစ် တွေ့ဖြစ်သမျှထဲ အငွေ့ဖြစ်ကာပြယ်မသွားဘဲ စဉ်းစားမိသမျှက ဖား(ဖိလစ်ပင်း)စရိုက်ဆို ဓားပြတိုက်၊ ခိုးဖို့ဝှက်ဖို့ အသေသွက်တာ ရွှေလက်၊ မလုပ်ရင်မလုပ်ဘူး လုပ်ရင်လည်း အချီကြီးလုပ်တာ ပြည်ကြီးတရုတ်၊ အမူမပျက် လူသတ်တာက ကိုရွှေဘန်ဂလာများ။ တစ်ခုငြင်းမရတာ အမှုအခင်းများ မှတ်တမ်းမှာ လက်စွမ်းပြကြတာ နိုင်ငံခြားသားအများစု။ ဒီကိစ္စမှာ တစ်ချို့ရဲ့စတိုင်လို တို့နဲ့မဆိုင်ဆိုပြီး လက်ကလေး တကာကာ ရှက်သွေးဖြာပြနေရုံနဲ့ မပြီး။ တိုင်းတစ်ပါးမှာ ကိုယ့်လူမျိုး တစ်ယောက်က နှစ်ယောက်ပွား။ အဲဒီနှစ်ယောက်ပါမကတော့ အနောက်မှာ လူတစ်စုအထိ ရှိလာ။ အဲဒီလို ဒီနားတစ်စု ဟိုနားတစ်စုကပဲ ကိုယ့်နိုင်ငံကို ကိုယ်စားပြုရာအဖွဲ့။ အဲဒီတော့ ကိုယ့်နိုင်ငံအဆင့်အတန်း တင့်ဆန်းဖို့ အမြင့်ထမ်းလို့ မတင်ရင်တောင်မှ ကျုပ်တို့တတွေရဲ့ အကျင့်ဆိုးတွေကို အများတကာ သြပါချလို့ အဆင့်နိမ့်တဲ့ မြန်မာဆိုတာ ဟောဒါဟလို့ သူတို့ပါးစပ်မှာ ပြောစရာရ မသွားရင်ဘဲ ကျေးဇူးတင်လှပါပြီ။

တစ်ချို့တစ်ချို့ရဲ့ ရောဂါပိုးကျတော့ ဟောဒါတစ်မျိုး။ ဒီနိုင်ငံကိုမှီပြီး ကြံစုပ်လျက်ကပဲ ဒီနိုင်ငံ စုတ်ပြတ်သွားအောင် မဟုတ်မဟတ် ပုတ်ခတ်ပြရတာကို သဘောတွေ့ကြရဲ့။ စင်ကာပူလူမျိုးတွေ မိသားစုအပေါ် တကိုယ်ကောင်းစိတ်များတာက ကိုယ့်အကြောင်းသိက္ခာ လာပြီး စောင်းချိတ်စရာမဟုတ်လို့ နေတတ်ရင် အနေသာကြီး။ သူတို့မကောင်းတာ ကိုယ့်ခေါင်းမှာ လာကျတာလည်း မဟုတ်။ ပူမယ့်ပူ ရွှေမြန်မာအပေါင်းအသင်း ဟောဒီက ဆွေသဟာရောင်းရင်းတွေအတွက်သာ ဖေးဖေးကူကူ တွေးပူသင့်တယ် မဟုတ်လား။ အမေရိကန်သံ မထွက်ရကောင်းလားဆိုပြီး ဆင်းဂလိရှ်လေသံကို အတင်းကြီး နင်းဖိဝေဖန်တော့ ကျုပ်တို့တွေရဲ့ ဒညင်းငပိလေသံကရော ဘယ်လောက်တောင် အင်းဂလိရှ် ပီသနေကြလို့တုန်း။ သူတို့လူမျိုးအတွက် အင်္ဂလိပ်စာဆိုတာ တော်ရိရော်ရိလေ့လာဖို့ တစ်လုံးနှစ်လုံးစာမကတဲ့ ရုံးသုံးဘာသာ ဖြစ်နေတာသည်ပင် ယူတတ်ရင် ကောင်းတဲ့အချက်။ နိုင်ငံတကာ အဆင့်အတန်းအထိ အမြင့်မမှန်းမိစေဦးတော့ သာမန် ရေသောက်ထမင်းစားက သူတို့အတွက် အကင်းပါဆိုတာ ငြင်းမရ။ အဲဒါကို လက်သင့်ခံ အတုယူရမယ့်အစား စကားမပီတာ သွားရီကြတဲ့ ကိုယ့်လူမျိုးကရော သူတို့နဲ့ယှဉ်ရင် တကယ်အဆင့် တယ်မြင့်နေကြပြီတဲ့လား။ မျက်စိနှစ်လုံးမှာ တစ်လုံးပိတ်လို့ အကျိုးအမြတ်ကို အဆိုးတစ်ဖက်ထဲနဲ့ ကြည့်နေရင် တစ်ဖက်သန်အသိနဲ့ မနက်ဖြန်မကြည်နဲ့၊ နောင်ဆယ်နှစ်ဆိုလည်း ကျုပ်တို့ရဲ့ ဒုံရင်းနေရာက စုံအတင်းခြေခွာတောင် ကွာလိမ့်မယ် မထင်။

ဒီလိုပြောတော့ မင်းက စင်ကာပူကို ဒီလောက်တောင် အထင်ကြီးသလား မေးရင် အထင်မကြီးပါလို့ ခေါင်းကို သွင်သွင်ကြီးခါရဲပါရဲ့။ သို့သော် အထင်ကြီးတာ မကြီးတာက တစ်ကဏ္ဍ၊ ရောက်တုန်းရောက်ခိုက် သူတို့နိုင်ငံတိုးတက်တာမှာ ကိုယ့်အတွက် အကျိုးအမြတ်ရှာရင် အတုယူစရာတွေ အများကြီး။ လူကြားကောင်းအောင် စင်ကာပူကို #တောင် အထင်မကြီးဘူးကွလို့ ရေးကြအော်ကြနဲ့ လက်တွေ့ကမ္ဘာမှာ တစ်ချက်မမေ့စရာက အဲဒီကျုပ်တို့တွေက ပိုက်ဆံတစ်မျက်နှာအရေးကို လိုက်လံတွက်ကာတွေးလို့ သူတို့နိုင်ငံကို အလုပ်အကျွေးပြုနေရတဲ့သူတွေချည်းပဲ။ တွေးကြည့်ရင် မဟုတ်တလွဲမာနထားလို့ အောက်ကကောင်က ကြောက်ပလားမောင် လှမ်းမေးနေသလိုလို။ အထက်ကို မော့ကြည့်ပြီး တံတွေးလှမ်းထွေးတော့ သူတို့ကို မထိမီ ကိုယ့်မျက်နှာအရင် တစ်ချို့တစ်ဝက်လာစင်မှာကိုကျ မမြင်ကြ။ ဆိုလိုတာက သူများနိုင်ငံကို အပိုဆာဒါးနဲ့ မလိုတမာစကား ဆိုလာကြမယ့်အစား သူတို့ဆီက ပယ်သင့်တာပယ်၊ ယူသင့်တာယူနဲ့ လူချင်းသာအတူတူ ငါတို့လည်း သူတို့ထက်အမြင့်ကို တိုးတက်သင့်တယ် ဆိုတာပဲ စဉ်းစားကြဖို့ကောင်းရဲ့။

ဒီနေရာမှာ တစ်ချို့တစ်ချို့ကျ အတွေးလွန်တတ်တော့ ဘေးချွန်ထွက်သွားတဲ့လူတွေလည်း မနည်းဘူး။ ဟုတ်ပါတယ်၊ တိုင်းတစ်ပါးသားတို့ကို အထင်ကြီးရမယ့်နေရာ အထင်ကြီးရမှာပေါ့။ ဒီလိုမှမဟုတ်ဘဲ အထင်မကြီးစရာပါ အထင်ကြီးလာတော့ အဲဒီသခင်ကြီးများက ကိုယ့်ကိုယ်တောင် မြန်မာလို့ မြင်ကြည့်ရာမှာ အထင်မကြီးကြတာတွေလည်း ရှိရဲ့။ အမေမွေးထားတဲ့ ဗမာရုပ်ပြောင်ကပဲ သူ့ကိုယ်သူ မြန်မာမဟုတ်သယောင် နိုင်ငံခြားသားအထာလုပ် မြန်မာအချင်းချင်း ဘုရှိဂုရှိ လာမှုတ်တော့ လူရွှင်တော် အကူအညီမပါဘဲ လူရီစရာ ဖြစ်လို့ဖြစ်။ မြန်မာလူမျိုးက မြန်မာလိုပြောရတာ အဆင့်ကျတယ်ထင်ရင်တော့ တိုင်းတစ်ပါးအောက် နင်းပြားပဲ ဖြစ်မှာပဲ။ တစ်ချို့ကျတစ်မျိုး၊ ငါလိုကောင်က မြန်မာဆိုမပေါင်းဘူး ဆိုတဲ့ အထာနဲ့ မြန်မာက မြန်မာကို အဖက်မလုပ်။ တိုင်းတစ်ပါးသားတွေကြားမှာ ဗျိုင်းအုပ်ကြား ကျီးရောမှန်းမမြင် အမေကျော် ကြီးတော်လွမ်းချင်ပါတဲ့ လူ့အဖိုးတန်တွေလည်း လက်ညှိုးထိုးမလွဲ။ ဒီလိုပြောလို့ တခြားဟာ အသာထားလို့ ငါ့ဘာသာစကားသာ နံပါတ်တစ်ဖြစ်ရမယ် ဆိုလိုတာမဟုတ်။ မြန်မာအမျိုးသားတစ်ဦး သူ့ကြိုးစားမှုနဲ့ အင်္ဂလိပ်လို ပြောတတ်တာက ဂုဏ်ယူစရာ။ သို့သော် မြန်မာမှာမွေးတဲ့ မြန်မာလျှာဖျားထက်က မြန်မာဘာသာစကားမထွက်တတ်တာတော့ ဂုဏ်ယူစရာကိစ္စ မဟုတ်။ ကျွန်မရဲ့ သမီးကညာက ဒီမှာသာကြီးလာတော့ မြန်မာစကား မသိရှာဘူးတဲ့။ စိတ်ညစ်လို့ ညည်းပါတဲ့ လေသံတော့မဟုတ်၊ မြန်မာစကားမသိတဲ့ ဒါ ငါ့သမီးဟဲ့ဆိုပြီး ဂုဏ်ယူချင်တင်တင် လေသံ။ အကျွန်ုပ်တို့ ရွှေမြန်မာများဟာ ဟုတ်တဲ့နေရာမှာကျ သုံးစားမရ၊ မဟုတ်တဲ့နေရာကျ တလွဲဆံပင် စွဲချင်တဲ့ ညဉ်ကို ဖဲကြဉ်ရကောင်းမှန်းလည်း မသိ။

တစ်ချို့က မြန်မာဆိုတဲ့စာလုံး နဖူးမှာကပ်လို့ အောက်ခြေမှာပျော်ပြီး ဒူးနေရာထက်ပို မျှော်မကြည့်တတ်ကြဘူး။ အပေါ်ကနေ ပြန်မိုးကြည့်တတ်တဲ့ လူတန်ဖိုးရှိများကျတော့ အထက်စီးမှာနေပေမယ့် သူတို့ကိုယ်တိုင်က မျိုးချစ်စိတ် လက်ချည်းဗလာ။ ကိုယ့်မျက်ချေး ကိုယ်မမြင်တတ်ဘဲ တိုင်းတစ်ပါးကို လက်ညှိုးထိုး အပြစ်ဖို့ကြသူတွေနဲ့ ကိုယ်ဘာလဲကိုယ်မေ့ပြီး တိုင်းတစ်ပါးကိုမှ ခေါင်းပေါ်တင်လို့ ရှိခိုးကြသူတွေ။ တို့မြန်မာတွေ ဘာလဲဘယ်လဲမေးရင်တော့ ငါလည်းလည်တယ်လည်တယ်နဲ့ပဲ ဖြေစရာစကား ရှာမရသေးဘူး။
သည်ဟာတွေကို ကြိုတင်မြင်တွေ့သွားသော ကျေးဇူးရှင်ဆရာဇော်ဂျီကတော့ “သင်သေသွားသော်” ကဗျာနဲ့ တစ်ခါတစ်လှည့် အလင်းပြခဲ့ဖူးပါရဲ့။ မယူတတ်ရင်ထား၊ ယူတတ်ရင် ရပါလိမ့်မယ်။

တမင်တစင် ဖိတ်ခေါ်မထားတဲ့ စိတ်မှာပေါ်သမျှ အကြောင်းတွေကို အခုလို ချရေးပြီးမှ ကိုယ့်ဘာသာလည်း ခဏတွေးကြည့်ရတယ်။ စကားလှလှဆင်လို့ တရားပြချင်ရအောင် မင်းကိုယ်တိုင်ရော ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ဘယ်လောက် ဘယ်အတိုင်းအတာအထိ အကျိုးပြုပြီးပြီလဲ နှိုင်းစာကြည့်ရင် တစ်ကနေရေတဲ့ အပိုင်းတစ်ရာအထိမှာ တစ်ပိုင်းစာရှိအောင်မှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်ရသေးပါလား ဆိုတာ သဘောပေါက်မိရင်း … ။

ကျုပ် ဘာလဲ ဘယ်လဲ ..
ခင်ဗျား ဘာလဲ ဘယ်လဲ ..
တို့မြန်မာတွေ ဘာလဲ ဘယ်လဲပေါ့ .. ။    ။

                                                                                               --- တည်တံ့ (GBK) ---
                                                                                               ၁၃ အောက်တိုဘာ ၂၀၁၁

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...