မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ဥပဒေကို ပြဋ္ဌာန်းရန် စီစဉ်ဆောင်ရွက်နေ၊ ခိုင်မာသော ဥပဒေတစ်ရပ် ပြဋ္ဌာန်းခြင်းဖြင့်သာလျှင်
by Network For Green Myanmar on Saturday, October 22, 2011 at 11:11am
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် တည်ဆောက်လျက်ရှိသည့် ထားဝယ်ရေနက် ဆိပ်ကမ်းလုပ်ငန်းခွင် တစ်နေရာ
မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ဥပဒေကို ပြဋ္ဌာန်းရန် စီစဉ် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သတင်းများထွက်ပေါ်နေပြီး ယင်းဥပဒေနှင့် ပတ်သက်၍မူ ဥပဒေသည်ခိုင်မာမှု ရှိရန်လိုအပ်ပြီး လိုအပ်သော rule & regulation များဖြင့် အတိအကျ ဆောင်ရွက်နိုင်မှသာလျှင် နိုင်ငံတကာနှင့် ပြုလုပ်သည့်စီမံကိန်းများ တွင် အငြင်းပွားစရာမလိုဘဲ ဥပဒေ အတိုင်း စီစဉ်ဆောင်ရွက်ခြင်းဖြင့် ပေါ်ပေါက်လာနိုင်မည့် ပြဿနာများ ကို ရှောင်ရှားနိုင်မည်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ပညာရှင်များ က သုံးသပ်ကြသည်။
“လတ်တလော မြန်မာနိုင်ငံမှာ စက်မှုဇုန် ၂၄ ဇုန်ရှိသွားပြီ။ စက်မှုဇုန်တွေ ပေါ်ပေါက်လာတာနဲ့ အတူ တစ်ဖက်ကလည်း ခိုင်မာတဲ့ ဥပဒေတွေ ပြဋ္ဌာန်းဖို့ လိုအပ်လာပါတယ်။ ပြည်တွင်း စက်မှုဇုန်လုပ်ငန်းတွေထက် ပြည်ပကလာပြီး ရင်းနှီးမြှုပ်နှံလုပ်ကိုင်တဲ့ စက်မှုဇုန်တွေဆိုရင် ဥပဒေတစ်ခု အခိုင်အမာ ပြဋ္ဌာန်းထားနိုင်ဖို့ လိုပါတယ်”ဟု သဘာဝပတ်ဝန်းကျင် ပညာရှင်ဦးအုန်းက ပြောပြခဲ့သည်။ ယင်းကဲ့သို့ ဥပဒေပြဋ္ဌာန်းရာတွင်မူ များသောအားဖြင့် အဓိက နယ်ပယ်လေးခုကို ထည့်သွင်းရေး ဆွဲပြဋ္ဌာန်းလေ့ရှိကြောင်း၊ environmental quality standard အရ ရေ၊ မြေ၊ လေနဲ့ ပတ်သက်သော ညစ်ညမ်းမှု၊ toxicity contamination များ အတွက် စံနှုန်းများလိုအပ်ကြောင်း၊ အလားတူ အကောင်အထည်ဖော်မည့် institution များလိုအပ်ပြီး နိုင်ငံတော် အဆင့်၊ ၀န်ကြီးဌာနအဆင့် စသဖြင့် ဖော်ဆောင်နိုင်ရန် လိုအပ်ကြောင်း လည်း သုံးသပ်ကြသည်။
စက်မှုဇုန်တွေ ပေါ်ပေါက်လာတာနဲ့ အတူ တစ်ဖက်ကလည်း ခိုင်မာတဲ့ဥပဒေတွေ ပြဋ္ဌာန်းဖို့ လိုအပ်လာပါတယ်။ ပြည်တွင်းစက်မှုဇုန် လုပ်ငန်းတွေထက် ပြည်ပကလာပြီး ရင်းနှီးမြှုပ်နှံလုပ်ကိုင်တဲ့ စက်မှုဇုန်တွေ ဆိုရင် ဥပဒေတစ်ခု အခိုင်အမာ ပြဋ္ဌာန်းထားနိုင်ဖို့ လိုပါတယ်
“Law နဲ့ပတ်သက်ပြီး အကောင်အထည်ဖော်တဲ့ နေရာမှာ institution တွေက ဘယ်သူတွေရှိမလဲ။ national level နဲ့ inter ministrial level တွေမှာ ဘယ်လောက်ရှိမလဲ ဆိုတာတွေ ရှိတယ်။ ပတ်ဝန်းကျင်ရေးရာတွေက ဌာနတစ်ခုတည်း လုပ်လို့မရပါဘူး။ တချို့နေရာတွေမှာ ထပ်နေတာတွေ ရှိတယ်။ ဒီအဖွဲ့ကလည်း ဒါကိုပဲ လုပ်ပြီး၊ နောက်တစ်ခုက ဒါကိုပဲ လုပ်နေတာတာမျိုးဆိုရင် ဒါကို ဘယ်လိုရှင်းမလဲ ဆိုတာကို institutional ပိုင်းတွေက ပြောရလေ့ရှိတယ်။ ဥပမာ စက်မှုဇုန်ဆိုရင် ဘယ်သူပိုင်လဲဆိုတာ ပြောရခက်ပါတယ်။ စည်ပင်သာယာက မြေပိုင်တယ်။ စက်မှုကြီးကြပ်ရေးကော်မတီ ဆိုတာလည်း သပ်သပ်ရှိတယ်။ နောက် စက်မှုဇုန်တွေမှာ ညစ်ညမ်းမှု ရှိ၊ မရှိ ဆိုတာကို စစ်မယ်ဆိုရင် boiler ဌာနကလည်း သူနဲ့ပတ်သက်တာကို စစ်ဆေးမယ်။ လျှပ်စစ်ဌာနကလည်း လျှပ်စစ်နဲ့ပတ်သက်ပြီး စစ်ဆေးမယ်။ တကယ်လို့ ရေကြောင့် pollution ဖြစ်တယ်ဆိုရင် ဒါနဲ့ပတ်သက်ပြီး ဘယ်သူတာဝန်ရှိသလဲ ဆိုတာတွေက အစ ဥပမာ မြူနီစပယ်က အမှိုက်နဲ့ ပတ်သက်ရင် တာဝန်ယူရတာမျိုး ရှိတယ်။ ရေနဲ့ပတ်သက်ရင်တော့ တရားဥပဒေအရ အရေးယူဖို့ မြူနီ စပယ်မှာ လုပ်ပိုင်ခွင့်မရှိဘူး။ နောက် စက်မှု(၁)၀န်ကြီးဌာနမှာလို့ထင်တယ်။ standard order 3 ဆိုတာ ရှိတယ်။ သူက အစိုးရစက်ရုံတွေက ထွက်တဲ့ ရေရဲ့ quality ၊ နောက်ပြီးတော့ အပူချိန် ဘယ်လောက်ရှိရမယ် ဆိုတာတွေ သတ်မှတ်ချက် ရှိပါတယ်။ ဒါက အစိုးရစက်ရုံတွေနဲ့ပဲ ပတ်သက်တာလား။ ပုဂ္ဂလိက စက်ရုံတွေဆိုရင် ရော ဘယ်လိုကိုင်တွယ်မလဲဆိုတာ ရှင်းရှင်းလင်းလင်း မရှိသေးတော့ institution အပိုင်းတွေမှာ ဒါလေးတွေကို အားဖြည့်ပြီးတော့ ပြောဖို့လိုအပ်ပါတယ်”ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ Eco Dev မှ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းမျိုးသူ က ပြောပြခဲ့သည်။
ထို့အတူ အဆိုပါ law ထဲတွင် public concertation ကဲ့သို့သော ပြည်သူများနှင့်မည်ကဲ့သို့ဆွေးနွေး တိုင်ပင်သွားမည်၊ free prior inform consent စသည့် (မည်သည့် ကိစ္စဖြစ်ဖြစ် ဖြစ်လာသည့်ကိစ္စများ ထဲတွင် လွတ်လွတ်လပ်လပ် ကြိုတင် သဘောတူညှိနှိုင်းမှု ယူပြီး၊ သတင်း အချက်အလက် ထုတ်ပြန်ပေးနိုင်မှု) စသည်တို့ကို ချိတ်ဆက်ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်းလည်း သုံးသပ်မှုများ ရှိနေသည်။
“ဒါတွေကို ဘယ်လို monitoring လုပ်မလဲဆိုတာလည်း အရေးကြီးပါတယ်။ ပထမက standard ချထားရမယ်။ ဒုတိယက institution တွေ အားကောင်းအောင် လုပ်သင့်တယ်။ တတိယကတော့ public concertation နဲ့ နောက်ဆုံးမှာတော့ monitorning ဘယ်သူလုပ်မလဲဆိုတာတွေက အရေးပါ ပါတယ်။ အခုဆိုလို့ ရှိရင် Ministry of Environmental Conservation & Forestry ဆိုပြီး ဖြစ်သွားပြီ။ အဲဒီအောက်မှာ ဌာနတစ်ခုလည်း ခွဲထုတ်လိုက်ပြီ။ ဒီဌာနကနေ ပြီးတော့ အရည်အသွေးပိုင်းကို ပြန်ထိန်းရမယ်။ ပြီးရင် ကဏ္ဍအလိုက်ခွဲပြီးတော့ တွေ့တာ တွေကို ဘယ်လိုအရေးယူမလဲ ဆိုတာရှိမယ်။ ပြီးရင် SIA, EIA လုပ်မယ် ဆိုရင် လည်း ဘယ်လောက်လဲ၊ ဘယ်လိုလုပ်မယ် ဆိုတာ တွေ ဒီလေးခုပါကိုပါရမယ် လို့ သဘာဝပတ်ဝန်းကျင် သမားတွေက ယူဆပါတယ်”ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။
“တကယ်တော့ rule & regulation တွေမှာ အသေးစိတ်ပါပါတယ်။ အမြဲတမ်း အငြင်းပွားနေတာ တစ်ခုက ဥပဒေကို အသေးစိတ်သွားမလား။ ယေဘုယျဆန်ဆန်ပဲ သွားမလား ဆိုတာရှိပါတယ်။ ဒီတော့ ဒီနှစ်ခု ကြားထဲမှာမျှပြီးတော့ ထားဖို့လိုအပ်သလို ဥပဒေတစ်ရပ်အနေနဲ့တော့ တကယ်ခိုင်မာဖို့ လိုအပ်ပါတယ်” ဟု ဦးဝင်းမျိုးသူက ပြောပြခဲ့သည်။ “အခုမြစ်ဆုံဖြစ်တဲ့ ကိစ္စတွေ သုံးသပ်ခြင်းအားဖြင့် Law နဲ့ စည်း မျဉ်းစည်းကမ်းတွေကို အားထည့်ဖို့ လိုတယ်ဆိုတာ တွေ့လာရတယ်။ ဒီလိုအားထည့်ထားလို့ရှိရင် ဥပမာ တရုတ်နဲ့ စကားပြောစရာ ဖြစ်လာခဲ့တယ် ဆိုရင်တောင် rule of law အရ လုပ်တာမျိုးဆိုရင် လျော်ကြေးတောင် ပေးစရာမလိုပါဘူး” ဟု သဘာဝပတ်ဝန်းကျင် ပညာရှင်တစ်ဦး က ပြောပြခဲ့သည်။
http://www.news-eleven.com/index.php?option=com_content&view=article&id=10578:2011-10-19-15-48-16&catid=42:2009-11-10-07-36-59&Itemid=112
0 comments:
Post a Comment