အမှားအမှန် ပြဿနာ
အမှားအမှန်တို့၏ စံ
အမှားအမှန်တို့၏ ထိုသို့သောသဘောသဘာဝအရ အမှားအမှန်ခွဲခြားရေးပြဿနာကို
ရှင်းလင်းလွယ်ကူစွာဖြေ ရှင်းနိုင်ရေးအတွက် အမှားအမှန်တို့၏ယေဘုယျစံကို သတ်မှတ်ရန်လိုအပ်ပေသည်။
ထိုသို့သတ်မှတ်ရာတွင် အမှန်ဆိုသည်မှာ အခြေအနေအချိန်အခါနှင့် ညီညွတ်ပြီးရည်မှန်ချက်ပန်းတိုင်ကို
ထိရောက်စွာအကျိုးပြုသည့် လုပ်ရပ်များ(သို့) နည်းလမ်းများဖြစ်ပြီး၊ ယင်းနှင့်ဆန့်ကျင်ဘက်လုပ်ရပ်
(သို့) နည်းလမ်းများကို အမှားဖြစ်သည် ဟူသောပေတံဖြင့် တိုင်းတာသတ်မှတ်ရပေမည်။ မိမိနေထိုင်ရန်
အိမ်တစ်လုံးဆောက်လုပ်ရေးအတွက် လျင်မြန် စွာပြီးရေးသည် ဦးတည်ချက်ပန်းတိုင်ဖြစ်ပါက မြန်မြန်ပြီးရေးအတွက်
အခြေအနေအချိန်အခါနှင့် ညီညွတ်သော လုပ်ရပ်မှန်သမျှသည် မှန်ကန်သောလုပ်ရပ်များဖြစ်ပေသည်။
ထိုအခြေအနေတွင် အဆင့်အတန်းမြင့်မားသော အိမ်တစ်လုံးဖြစ်ရေးရှုထောင့်မှ ထိုလုပ်ရပ်များကို
မှားသည်ဟုပြော၍ မရနိုင်ပေ။
ထို့အတူအဆင့်အတန်းမြင့်သော အိမ်တစ်လုံးဆောက်လုပ်ရေးသည် ရည်မှန်ချက်ပန်းတိုင်ဖြစ်ပါကလည်း
ထို ပန်းတိုင်ကိုရောက်စေမည့် အခြေအနေအချိန်အခါနှင့် ညီညွတ်သောလုပ်ရပ်များသည် မှန်ကန်သောလုပ်ရပ်များ
ဖြစ်ပေသည်။ လျင်လျင်မြန်မြန် ပြီးမပြီးဟူသောပေတံဖြင့် တိုင်းတာခြင်းမပြုအပ်ပေ။ လျင်လျင်မြန်မြန်ပြီးရေး
ဆိုပါက အဆင့်မြင့်ရေးစံကို လျှော့ပေါ့သတ်မှတ်အကဲဖြတ်ရမည်ဖြစ်ပြီး၊ အဆင့်အတန်းမြင့်ရေးဆိုပါက
မြန်မြန် ပြီးရေးစံကို လျော့ပေါ့သတ်မှတ်အကဲဖြတ်ရပေမည်။ မြန်မြန်လည်းပြီးရမည်၊ အဆင့်အတန်းလည်း
မြင့်ရမည် ဆိုပါက နှစ်ခုစလုံး၏စံကို အနည်းငယ်စီးလျော့၍ ညှိနှိုင်းဆက်စပ် အကဲဖြတ်ကြရမည်
ဖြစ်ပေသည်။
အမှားကိုဖုံးကွယ်သည့် အမှား
သူတစ်ပါးကို ကူညီလိုသည့်လူမှုရေးစိတ်ဓာတ်သည် မွန်မြတ်သောစိတ်ဓာတ်ဖြစ်သည်ဟု
လူအများက အသိအ မှတ်ပြုလက်ခံထားပေသည်။ သို့သော်လည်း လူတစ်ချို့သည် ထိုစိတ်ဓာတ်ကိုပျိုးထောင်ရမည့်
အခက်အခဲနှင့် ထိုစိတ်ဓာတ်ရှိလာ၍ ကိုယ့်အတွက်ဝန်ထုတ်ဝန်ပိုးတက်လာမည့် အခြေအနေများကြောင့်
ထိုစိတ်ဓာတ်ကို မပျိုးထောင်လိုကြပေ။ သို့သော် ကိုယ့်တွင်မရှိသော အရည်အချင်းတစ်ခုအခြားသူများတွင်
ရှိနေသည်ကို တွေ့မြင်ရသောအခါတွင် မိမိ၏အတွင်းစိတ်၌ ချို့တဲ့မှုနှင့် အားနည်းမှုကို ခံစားရတတ်ပေသည်။
ထိုအခြေအနေတွင် ငါလည်းသူတို့လိုဖြစ်အောင်လုပ်မည်ဟူသော စိတ်ဓာတ်မျိုးပေါ်သူ အရေအတွက်ထက်
မိမိ၏အားနည်းမှုကို ဖုံးကွယ်လိုစိတ်ဖြင့် အခြားသူများအား အလုပ်ပိုတွေလုပ်နေသူပါဟူ၍ ပြောသူတို့၏
အရေအတွက်က ပိုမိုများပြားလိမ့်မည်သာဖြစ်သည်။ ဤသည်မှာ အမှားကိုဖုံးကွယ်ရန် အမှားပြုလုပ်ခြင်း
ဖြစ်ပေသည်။ ထိုမှနောက်တစ်ဆင့်တက်ပါက မှားတော့ဘာဖြစ်သလဲဟုဆိုကာ အမှားအမှန်ကို လုံးဝကျောခိုင်း
ပစ်ပယ်လိုက်ခြင်းပင်ဖြစ်သည်။ ထိုသူများသည်ကမူးရှူးထိုးစိတ် ၀င်လာသူများဖြစ်သည်ဟု ဆိုရမည် ဖြစ်ပေသည်။
လုပ်ငန်းနယ်ပယ်မှ အမှားအမှန်ပြဿနာ
အမှားအမှန်ပြဿနာသည်
လူတစ်ဦးချင်းအနေဖြင့် များစွာမဟုတ်လှပေ။ လူတစ်ဦးချင်းမှားပါက ထိုသူသာလျင် နစ်နာပေလိမ့်မည်။
သို့သော် အများနှင့်ဆိုင်သော လက်တွေ့လုပ်ငန်းနယ်ပယ်တွင် အများကို ကိုယ်စားပြု၍ လုပ်ကိုင်ဆောင်ရွက်သူများအတွက်မူ
အမှားအမှန်ပြဿနာသည် အထူးအလေးထားရမည့် ပြဿ နာဖြစ်လာပေသည်။ လုပ်ငန်းနယ်ပယ်တွင် မှားယွင်းသောဆုံးဖြတ်ချက်တစ်ခုပြုလုပ်မိပါက
မိမိကိုယ်စားပြု ဆောင်ရွက်သည့် လုပ်ငန်းနယ်ပယ်တစ်ခုလုံးတွင် ပါဝင်သူအားလုံး နစ်နာကြရပေသည်။
သို့ဖြစ်ရာ ကျူးလွန်မှု အမှားနှင့် ခြွင်းချန်မှုအမှားများကို မှန်ကန်စွာသုံးသပ်ဆုံးဖြတ်၍
ထိရောက်စွာကိုင်တွယ်ဖြေရှင်းနိုင်ရေးမှာ အလွန်ပင်အရေးကြီးသည်။ ကျူးလွန်မှုအမှားများကို
လျစ်လျူရှုထားပါက လုပ်ငန်းတစ်ခုလုံးပျက်စီးနိုင်ပေသည်။ လျစ်လျူရှုမှု များလာပါက ကျူးလွန်သူတို့သည်
အမှားကိုပင်အမှန် ထင်လာတတ်ကြပေသည်။
မရည်ရွယ်သောအမှားကဲ့သို့ သဘောထား၍ ဆက်လက်ကျူးလွန်လာတတ်ပေသည်။ အခြားသောသူများကို
လည်း မကောင်းသောနမူနာများကို ပေးလာတတ်ပေသည်။ မရည်ရွယ်သောအမှားများကိုမူ အရေးမယူသော်
လည်း ပြုပြင် ထိန်းကြောင်းရမည်သာဖြစ်သည်။ မရည်ရွယ်သောအမှားများကို ကြိမ်ဖန်များစွာပြုလုပ်မိပါက
မှားမှန်မသိ၍လုပ်ရာမှ မှား မှန်းသိလျက်နှင့်လုပ်သည့် ကျူးလွန်မှုကို စိုက်ရောက်တတ်ပေသည်။
အမှားကြာ၍ အမှန်ထင်လာတတ်ပေသည်။ အမှားများလာလျင် ခိုင်မာသောအကျင့်ဖြစ်လာပြီး မပြုပြင်နိုင်တော့ပဲ
ကမူးရှူးထိုး စိတ်ဝင်လာတတ်ပေသည်။ ထို့ကြောင့်အမှားနှစ်မျိုး အပြန်အလှန်ဆက်စပ်လျက်ရှိပေသည်။
လက်တွေ့လုပ်ငန်းနယ်ပယ်တွင်
လုပ်ငန်းများချောမွတ်စေရေးအတွက် အရေးအကြီးဆုံးပြဿနာမှာ အမှားအမှန်ကို မှန်ကန်စွာသုံးသပ်ဆုံးဖြတ်ရေးပင်ဖြစ်သည်။
အမှားအမှန်ကိုအခြေအနေအချိန်အခါနှင့် လုပ်ငန်း ရည်မှန်ချက်ပန်းတိုင် မြောက်မမြောက်ဖြင့်သာ
တိုင်းတာဆုံးဖြတ်ရမည် ဖြစ်သော်လည်း လွယ်လွယ်ကူကူ သုံးသပ်ဆုံးဖြတ်မှုကြောင့်ပင် အမှားအယွင်းများနှင့်
ရှုပ်ထွေးမှုများဖြစ်ခဲ့ရပေသည်။ ခြွင်းချန်မှုအမှားကို ကျူးလွန်မှုအမှားကဲ့သို့ သဘောထား၍
အရေးယူအပစ် ပေးခြင်းကြောင့်ပင် လူတို့သည် အလုပ်ကိုပင် မလုပ်ရဲ မကိုင်ရဲဖြစ်နိုင်ပေသည်။
အမှားအမှန်ကို အကြောင်းအကျိုးဖြင့် သုံးသပ်ဆုံးဖြတ်ခြင်းမပြုပဲ ဆန္ဒဖြင့်ယှဉ်၍ သုံးသပ်ဆုံးဖြတ်ခဲ့သဖြင့်
လုပ်ငန်းဆောင်ရွက်ရာတွင် အထစ်ငေါ့များကြုံတွေရပေသည်။ နောက်ဆုံးတွင် အလုပ် လုပ်သူသည်
မိမိ၏လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် မည်သည့်စံကို မဏ္ဍိုင်ပြု၍ လုပ်ကိုရမည်ကိုပင်
မသိတော့လောက်အောင်ပင် ဖြစ်ရတတ်ပေသည်။
စိုးတင်ဝင်း
(ဘဏ်)
0 comments:
Post a Comment