Friday, October 21, 2011

ကိုပီတိနှင့် ဆုံးဖြတ်ချက်သစ်


 

October 20th, 2011 | Author:


ချောင်းမြောင်းတစ်ခုလုံး မီးဟုန်းဟုန်း တောက်နေသည့် သစ်စ၊ ၀ါးစ ကြိမ်မျှင်ကြိမ်နွယ်များ အထွေးထွေး အယှက်ယှက်၊ ထိုင်ရွဲ့ချိနဲ့စွာ တွန်းထိုးမျောပါရင်း လောင်ကျွမ်းနေဆဲ….။ ဖြတ်သန်း တိုက်ခတ်လာသည့် လေပူ၌ပင် ပြာနံ့မီးလောင်ညှော်နံ့တို့ကို လူးဆွတ်လိမ်းကျံလျက်သား ရှုရှိုက်ရဆဲ…။ နောက်ကျန်ခဲ့သည့် အတိတ်မှန်သမျှတို့ကို ခေါင်းမငဲ့၊ ဦးမလှည့်စတမ်း၊ ကျောခိုင်း၍ ရင်ဆိုင်ပစ္စက္ခကို ပြတ်သားစွာ၊ ရဲဝံ့စွာ အနိုင်ယူအောင်ပွဲခံရေး၊ ကူးခတ်ဖြတ်သန်းခဲ့ရာ ထိုမှာဘက်ကမ်းကို မီးတောက်မီးစွယ်တွေ ယိမ်းနွဲ့လှုပ်ခတ်နေသည့် ကြားမှာေ၀၀ါးစွာ မြင်နေရသည်။ ကြင်သူသက်ထား သားသမီးတို့သည်လည်း ဟိုမှာဘက်ကမ်းမှာ မီးကန့်လန့်ကာ ခြားခဲ့ရပြီ။ သည်မှာဘက်၌ အောင်ပွဲမဆင်နိုင်လျှင်…. အောင်ပွဲမဆင်နိုင်လျှင်….။
 ဟိန်းစီလွင်မြ စစ်မောင်းသံတစ်ချက် ကြားလိုက်ရ၏။ လေးပင်တွဲ့ဆိုင်းသော အတွေးမှန်သမျှ ပြတ်တောက်ခွာကုန်သည်။ အမြင်အသိ ကိုယ်စီနှင့် တီးတိုးပြောဆိုနေသည့် အိုးစားရဲမက် အကြပ် ဗိုလ်မင်းများစွာတို့၏ ဖြောဖြောဖြောက်ဖြောက် စကားမိုးပေါက်သံတွေကြားမှာ မိုးကြိုးတစ်ချက် ကျသည်။
 တောနှင်းဆီရိုင်းတစ်ပွင့်နှယ် နွဲ့မယောင်နှင့် မာဆတ်ပြတ်သားသည့် အသွင်ကို ငေးမောရိုကျိုးရင်း တက်ကြွခက်မာသည့် အမိန့်သံကို ကြက်သီးဖြန်းဖြန်း ထသည့်တိုင် နာခံ စူးစိုက်နေကြမိသည်။ လက်ကိုယ်စီကလည်း ဓားရိုးကိုယ်စီကို ကျစ်ကျစ်တင်းတင်း ဆုပ်ကာ မျက်လုံးကိုယ်စီကလည်း ရန်သူရှိရာသို့ အကြောက်မဲ့ အကြည့်ကိုယ်စီဖြင့် လေပြင်းတဝှေ့၌ ပြာမှုန်တွေ သည်းခနဲ ၀ဲကျလာသည်။ နောက်ကြောင်း မရှိပြီဆိုသည့် သတိပေးချက်….၊ သေခြင်းတရားသည် ဓားတစ်ကမ်းအကွာမှာ ရှိနေပြီ။ သေခြင်းတရားကို အစိစိတ် အမွှာမွှာ ဖွာရာကြဲအောင် ခုတ်ပိုင်းခြေမှုန်းခြင်း ပြုနိုင်ပါမှ ရှင်သန်ခြင်းသည် ကိုယ်တွင်းမှ မြဲမြံပေတော့မည်။

ဒုတိယမောင်းသံကို ကြားရပြန်သည်။ တပ်မင်း၏ မိန့်ခွန်းပြီးဆုံးသွားပြီဆိုသည့်သဘော…။ သံစဉ် မပြောင်းသော်လည်း အသိ အတွေးတွေ ပြောင်းသွားပြီ။ ဖျိုးဖျိုးဖျတ်ဖျတ် ကိုယ်ကျပ်တန်ဆာတွေ ပြင်သူပြင်၊ အဲမောင်းကို ဆသူတွေဆ၊ လေးညှို့ကို စမ်းသူစမ်းနှင့် မွန်းတည့်နေရောင် စူးစူးလက်လက်မှာ ဓားသွားလှံသွား ရောင်ပြန်တွေ ပြိုးပြက်နေပြီ။ ဇာတိသွေးတွေလည်း ဆူဝေနေပြီ။ ပြင်းထန်သည့် ၀င်သက် ထွက်သက် ရှူရှိုက်သံတွေကို ချောင်းရေစီးလှိုင်း ခတ်သံတို့ ဒူးထောက်အရှုံးပေးရပြီ။ မလှမ်းမကမ်း သစ်ရိပ်အောက်၌ တပ်မင်းနှင့် အကြီးအကဲ တစ်စုတို့ စစ်နေစစ်ခင်း ဗျူဟာကျင်းနေပြီ။ အရိပ်အခြည် လျဉ်ပါးပြီး ဗိုလ်မင်းအကြပ်တို့ကလည်း ဦးညွတ်နာခံရင်း လက်အောက်ငယ်သား အစုတို့ကို ရှင်းလင်းခန့်ခွဲဖို့ တွေးနေကြပြီ။
 တတိယမြောက် မောင်းသံမှာ ကြက်လျှာအလံတွေ လွှားခနဲ ထူလိုက်ကြသည်။ စစ်နေစစ်ထားကို ရှင်းပြကြသည်။ စစ်မြှူစစ်သွားကို တိုတောင်းပြတ်သားစွာ ညွှန်ကြားကြသည်။ ပြီးတော့ အတွေ့အကြုံ တိုက်ပွဲဝင် ခြေလှမ်းများက ပေါ့ပါးစွာပင်….။ ရန်သူ့နယ်မြေသို့ ချဉ်းနင်းဝင်ရောက်ကုန်သည်။ မီးခိုးနံ့သင်းသော လေပြေကို ရှိုက်သွင်းလိုက်ပြီး ချောင်းရေပြင် ညစ်ထေးထေးကို လှည့်ကြည့်ကာ တီးတိုးမှာကြားလိုက်သည်။
“နေရစ်ခဲ့ပေဦးတော့… နောင်ရိုးရေ…”
………….…..x………………..
“ကိုင်း…. ကျုပ်ပြောချင်တာကတော့ အဲဒါပဲ။ ခင်ဗျားတို့လည်း နားလည် သဘောပေါက်ပြီးသားတွေ ဆိုတော့… ဘာမှလဲ ထပ်ပြီး အပိုမပြောချင်တော့ဘူး။ ဒီအငြိမ့်ထောင်ဟာ ခင်ဗျားတို့လို လူရွှင်တော်တွေကို အိတ်ထောင်ထဲ ထည့်ထားပြီး လူပါးဝနေတယ်လို့ ကျုပ်မြင်တယ်။ ခင်ဗျားတို့ ရှိနေသ၍ ပွဲမရှားဘူး။ ခင်ဗျားတို့ မိတ်၊ ခင်ဗျားတို့ နာမည်၊ ခင်ဗျားတို့ အရှိန်တွေကို ကြံရည်ညှစ်သလို နောက်ဆုံး တစ်စက်ထိအောင် ညှစ်ထုတ် အမြတ်ရှာသွားမှာပဲ”
သြ၀ါဒကို ခဏရပ်ပြီး အာစရိက ဆေးလိပ်ကောက်ဖွာတယ်။ သူ့မျက်နှာပြင်မှာ ဒေါသမာန လှိုင်းရိပ်တွေ ဝေနေတုန်း။ တစ်ချက်တစ်ချက် တွန့်ကွေးသွားတဲ့ မျက်ခုံးထူနှစ်ခုရဲ့ အလယ်မှာ အကြင်နာနဲ့ ညှာတာမှု မျဉ်းဖြောင့်တွေကို တွေ့နေရသလိုပဲ။ ကိုပီတိတို့ အငြိမ့်ရဲ့ ကဇာတ်ပြဇာတ်တွေကို ဦးဆောင်စီစဉ်ပေးနေတဲ့ ဆရာ၊ ခေတ်မီတိုးတက်တဲ့ ပြက်လုံးခွင်တွေကို တီထွင်ရှာဖွေတတ်တဲ့ ဆရာ၊ အမြဲ ရယ်စရာတွေသာ ပြောနေတတ်တဲ့ ဆရာ့နှုတ်ခမ်းနှစ်လွှာဟာ ခုတော့ ဒေါသစကားလုံးတွေသာ ဗြောင်းဗြောင်း ဗြင်းဗြင်း ခုန်ထွက် စီးဆင်းနေပါပကော…..။

“စဉ်းလဲ စဉ်းစားကြပေါ့ဗျာ၊ ကျွန်တော်ကတော့ အတင်း မစည်းရုံးချင်ဘူး။ ပြီးတော့…. ဒီကိစ္စက အငြိမ့်ကြီးပေါ် အငြိမ့်ကလေး ထောင်တဲ့ ကိစ္စမျိုး၊ ကျွန်တော့်ဘက်ကတော့ နောက်မဆုတ်တော့ဘူး။ ဆက်လက် ရင်ဆိုင်ရတော့မှာပဲ။ နောင်ရိုးဖောင်ဖျက် တိုက်ပွဲပေါ့ဗျာ။ ခု ကျွန်တော့်ကို ခေါ်ပြီး စကားပြောထားတဲ့ အဖွဲ့က လက်ရှိ ခင်ဗျားတို့ အငြိမ့်ထောင်လောက် မချမ်းသာဘူး။ ခင်ဗျားတို့ သုံးယောက်ကိုတောင် အိမ်ပေါင်ပြီး ခေါ်ရမှာ။ ဒီတော့ ခင်ဗျားတို့ သိထားဖို့က တစ်၊ အခွင့်အရေး ပိုမရနိုင်ဘူး။ နှစ်၊ အရှိန်မရှိသေးတဲ့ အငြိမ့်အတွက် အလုပ်ပိုလုပ်ရမယ်။ သုံး၊ အရာရာ ကိုယ့်ဘက်က အနစ်နာခံရမယ်။ အဲဒီတော့ ငွေကို ဗန်းပြပြီး ကိုယ့်ဘ၀ကို ရောင်းစားတာ ခံကြမလား…၊ ကိုယ့်ခွန်အားနဲ့ ထိုက်တန်တဲ့ ညကြေးကို မြိန်မြိန်ရှက်ရှက် စားကြမလား…. ဆုံးဖြတ်ကြပေတော့”
ပြောပြောဆိုဆို ထထွက်သွားတဲ့ ဆရာ့နောက်ကျောကို ငေးကြည့်နေကြရင်း ကိုပီတိတို့ သုံးယောက် ခေါင်းချင်းဆိုင်ရပြန်တယ်။
“နောင်ရိုးခံယူချက်ကတော့ ပြင်းပေသကွ… ငါတို့တောင် တစ်ချက်ကလေး လှည့်ကြည့်သွားဖော် မရဘူး…”
“အာစရိ ပြောသွားတဲ့ အချက်သုံးခုစလုံးကတော့ ငါတို့နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာ အမှန်ပဲ”
“အိုကွာ… အခွင့်အရေးဆိုတာ အလုပ်ဖြစ်လာရင် အလိုလို ပေါ်ပေါက်လာမှာပါ။ အဲဒီအခါကျတော့ ငွေက လူကို ရှာလာလိမ့်မပေါ့”

“ဘာပဲဖြစ်ဖြစ်.. ငါတော့ လက်ရှိ အငြိမ့်ထောင်ကို စိတ်ကုန်လာတာ အမှန်ပဲ။ ပြန်ရစေ့မယ်လို့ ကတိပေးထားတဲ့ ဟိုဥစ္စာတွေလဲ မပေးဘူး။ ပြီးတော့…”
“ဒါ ထုံးစံပဲကွ၊ တစ်နှစ်ကနေ နှစ်နှစ်ကူးလာတာနဲ့ ဒီအချိုးတွေ ပါလာတာပဲ။ သူမှ မသုံးရင် ငါတို့ အညွန့်တုံးပြီဆိုတဲ့ အခြေအနေထိ တွက်ချင် တွက်ထားမှာ”
“အာစရိကတော့ တို့ဘက်ကလူပါ။ ရှင်းရှင်းပြော၊ ပြတ်ပြတ်လုပ်တတ်တဲ့ သူ့ဥာဏ်လဲ မင်းတို့ သိရက်သားနဲ့။ သူသာ မရှိရင် ဒီအဖွဲ့ ၀င်ရိုးတစ်ချောင်းပြုတ်ပြီ…”

“ငါတို့ မရှိရင် ဒေါက်သုံးချောင်း ပြုတ်ပြီ။ အားကိုးရာမဲ့ပြီ…”
“ငွေကိုးကွယ်သူကို ငွေရှာပေးသူတွေက ကျောခိုင်းလမ်းခွဲခြင်း နည်းလမ်းနဲ့ ဆုံးမရမယ်။ ငါတို့အားလုံး အာစရိနောက်ကို လိုက်မယ်…”
“အာစရိဟာ ငါတို့ဘ၀ရဲ့ အလင်းရောင်၊ ဦးဆောင် လမ်းညွှန်သူ။ အာစရိရဲ့ နောင်ရိုးထုံး နှလုံးမူကြစို့….။”
“အိုအငြိမ့်ထောင်ဟောင်း… သင်ကား သင်မြတ်နိုးသော ငွေစအနည်းငယ်ကို ပိုက်၊ တိုက်ကလေးတစ်လုံးနှင့် ကားတစ်စီးကို ပွေ့ဖက်ရင်း သနားစဖွယ် ဟိုမှာဘက်ကမ်း၌ နေခဲ့ပေတော့…။ ကျွန်ုပ်တို့ ပြည်တန် ပတ္တမြား သုံးလုံးကား သည်မှာဘက်ကမ်းသို့ ကူးခတ်တော့မယ်။ ဟားဟားဟား…. အနုပညာသမားတွေဗျ။ ငတ်တာမဆန်းဘူး။ ငတ်ရဲတယ်၊ ငတ်ဝံ့တယ်၊ အဲ အဆာမခံနိုင်တာ တစ်ခုပဲ”
“ကြီ…. ကြီအိ…. ကြီအိ…”
 ဟ.. ဟ ဘယ်နှယ်တုန်း နောင်ရိုး… အိပ်မက်တွေကို အရသာရှိရှိ ကြည်ကြည်နူးနူး မက်ကောင်းနေတုန်း နားထဲကို ဘယ်က၀က်နာ ခွေးဆွဲတဲ့ အသံတွေ ဒုန်းချဝင်လာပါလိမ့်။ လေးပင်စင်းတွဲ့နေတဲ့ မျက်ခွံတွေကို အတင်းဖြဲ ကြည့်လိုက်တော့… ဟား… မောင့်မဟေသီ မပွဲကြည်ကိုး။ ကိုပီတိကို အလောသုံးဆယ် သွက်သွက် ခေါ်လိုက်တော့ … ကွီအိ… ကွီအိနဲ့ ဖြစ်နေတာပေါ့။ ကိုပီတိ အိပ်ချင်မူးတူးနဲ့ ထထိုင်ပြီး…
“ဘာတုံးဟ၊ ဒီလောက် အရေးကြီးရအောင် ဘယ်မှာ မီးလောင်နေလို့လဲ…”
 “တော့ခေါင်းပေါ်မှာ လောင်နေတာ တော်ရေ့… တော့်အာစရိ လုပ်ပုံ ကောင်းသေးရဲ့လား.. ကွီအိရဲ့….”
“ဟ …. သေသေချာချာ အေးအေးဆေးဆေး ပြောစမ်းပါဦး၊ ဘာတုံး…. ဘယ်လိုတုံး….”
“တော့အာစရိလေ… ကောင်းပြီကောင်းရက်နဲ့ တော်တို့ကို စည်းရုံး၊ တော်တို့ကလဲ သူ့ကို လေးစားတော့ ပေးသလောက် ငွေကလေးယူ၊ သူလုပ်တဲံ အဖွဲ့ကလေးနဲ့ စာချုပ်ကြ၊ ခု အဲဒါတွေ ပြီးကာမှ ဟိုအငြိမ့်ထောင်ဟောင်းက ကက်ဆက်တစ်လုံး၊ ငွေနှစ်ထောင် ညကြေးသုံးဆယ် တိုးပေးလို့.. အဲဒီအဖွဲ့ကိုပဲ ပြန်လုပ်သတဲ့တော့…”

“ဟိုက်…”
ကိုပီတိ ရင်တွေ တဒိုင်းဒိုင်း ခုန်လာတယ်။ ချွေးသီးချွေးပေါက်တွေကလဲ ခုမှ တပျော်တပါး ထွက်လာကြတယ်။ ဆရာ ဘယ်အပေါက် ဖွင့်လိုက်ပါလိမ့်။ လူပြက်တွေက အကုန်လက်လွန်ပြီးပြီ။ လုပ်ရက်လိုက်တာ အာစရိရာ…။
“ရေ…. ရေတစ်ခွက် ပေးစမ်း…”
ရေခွက်ကို ယူပြီး လင်းတမြို မြိုနေတုန်း အာယုနဲ့ ကြာပေါ် ရောက်ချလာတယ်။ နှစ်ယောက်စလုံး မျက်နှာနီကြီးတွေနဲ့ ခံလိုက်ရလေခြင်းဆိုတဲ့ သဘောပေါ့လေ။
 “ငါ အကုန်စုံစမ်းပြီးပြီ၊ လူချင်းလဲ သွားတွေ့ပြီးပြီကွ”
ကြာပေါ်က မထိုင်သေးဘဲ ပြောလိုက်တယ်။
“မင်း ဘယ်သူက မေးနေလို့လဲ”
“အို မဟုတ်လဲ မေးမယ့်ဥစ္စာ၊ တောက်… တစ်သက်လုံး ကလီကမာ လုပ်လာခဲ့သမျှ ကလီကမာ့ ကလီကမာနဲ့ တွေ့တော့တာပဲ”
“၀ဋ်လည်တာပေါ့ကွ၊ ယုံမိတာကိုက အမှား….”
အာယုက လေပျော့ကလေးနဲ့ ၀င်ထောက်တယ်။
“အံမာ… ငါတို့နဲ့ တွေ့တော့ ပြုံးဖြဲဖြဲလေး၊ သူ့ကို ခွင့်လွှတ်ပါတဲ့။ သူ့အခက်အခဲကို ငါတို့ နားမလည်နိုင်သေးဘူးတဲ့။ ဒီတစ်နှစ် မဆုံပေမယ့် နောက်နှစ် ဆုံမှာပါတဲ့။ ထွီ… တစ်သက်လုံး မဆုံချင်တော့ဘူး။ ပြီးတော့ ပြောသေးဗျ… ဒီအငြိမ့်ထောင်ဟောင်းက သူ့အဖို့ မိဘလို ဖြစ်နေတာကလဲ တစ်ကြောင်းပဲတဲ့”
“ဒါတွေ အရင်တုန်းက ငါတို့ လုပ်နေကျပါကွာ။ ခုမှ မေ့သွားလို့ ခံလိုက်ရတာပါ”
ကိုပီတီ နုံးနုံးကြီး မောနေတယ်။ ဘာမှ မပြောနိုင်ဘူး။ လူပြက်သုံးယောက်ကို အလိမ္မာနဲ့ ပထုတ်ပြီး သူ့အခွင့်အရေးကို ပါးနပ်စွာ ယူချသွားတဲ့ ပညာတတ် လူလိမ်ကို ဒေါသနဲ့ ချီးမွမ်းနေမိတယ်။ အင်းလေ….။ ကဇတ်ပြဇာတ် ရေးနေတဲ့ သူဆိုတော့လဲ အကွက်ဆင် ကောင်းပေမပေါ့။ ဟိုနှစ်ယောက်ကတော့ ဒေါသမီးတွေ ဟုန်းဟုန်း ထနေကြတုန်း။
“ဒီလို ခံယူချက်တွေ၊ ရည်ရွယ်ချက်တွေ တစ်ထွေးကြီး ပြောနေကတဲက လိမ်ဖို့ရာ ပျိုးနေပြီဆိုတာ တို့သိခဲ့ဖို့ ကောင်းတယ်”
“ငါတို့လဲ လက်တစ်လုံးခြား လိမ်နေတဲ့ လူတွေပဲကွာ။ တို့အပေါ် ဆံချည်တစ်မျှင်ခြား လိမ်နေပြီဆိုတာ နည်းနည်းတော့ သိတာပေါ့။ ဒါပေမယ့် ဇာတ်လမ်းကို သွားယုံလိုက်မိသဟေ့။ သူက ဖောင်ဖျက်ပြီးပြီ ဆိုတာကိုး”
“ဒီတော့ ငါတို့နဲ့ တစ်ဘက်တည်းရပ်ပြီး နောက်ကြောင်းမရှိကြေးေ ဆော်တော့မယ်ဆိုပြီး ယုံလိုက်မိတာဟေ့။ သူ ဖောင်ဖျက်တာကို သက်ဝင် ယုံစားမိတာ.. ထွီ…”
တစ်လျှောက်လုံး ဘာမှမပြောဘဲ ငူငူကြီး နားထောင်နေတဲ့ ကိုပီတိ…. ရယ်ကျဲကျဲ မျက်နှာကလေးနဲ့ ခပ်လေးလေး ဝေဖန်ပြလိုက်တယ်။
“ဖောင်တော့ ဖျက်တာပဲကွာ။ ဖောင်လဲ ပျက်ရော… အငြိမ့်ထောင်က ပဲ့ချိတ်နဲ့ လာခေါ်တာနဲ့ အားနာပြီး ပြန်ပါသွားတာ ထင်ပါရဲ့ကွာ… ဟီး…”
 
ချစ်စရာ (မန္တလေး)
(မျက်ရှုဝဘ်ဆိုက်သည် စာရေးဆရာ၊ လူရွှင်တော် (ဦး) ချစ်စရာ (မန္တလေး)၏ အထက်ပါ ၀တ္ထုကို ၂၀၀၅ ခုနှစ်၊ ဇန်န၀ါရီလတွင် ထုတ်ဝေခဲ့သော “ကိုပီတိနှင့် အသစ်စက်စက်” ၀တ္ထုတိုများစာအုပ်မှတဆင့် ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ အဆိုပါ ၀တ္ထုတိုစာအုပ်တွင် စာရေးဆရာက မန္တလေးအငြိမ့်တို့၏ အခြေအနေ၊ အငြိမ့်ဇာတ်သဘင်လောက နောက်ခံ အကြောင်းအရာများ၊ အထူးသဖြင့် ဇာတ်ထောင်ဆရာနှင့် ဇာတ်လောကသားအချင်းချင်း ဇာတ်တူစားကြသည့် အကြောင်းကို ဟာသနှော၍ ရေးသားထားခြင်း ဖြစ်ပါသည်။)
http://www.myatshu.com/?p=2440#.TqBHU_PXAWA.facebook

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...