Wednesday, October 19, 2011

စတုတ္ထမဏ္ဍိုင် ပဲ့ကိုင်ရှင်

by Thant Ko Ko Maung on Thursday, October 20, 2011 at 10:08am
(By Hot News Weekly Journal Originally posted at 05/08/2011 15:18PM on Yatanarpon Article)

စာနယ်ဇင်းဆိုတာ တိုင်းပြည်ရဲ့ စတုတ္ထမဏ္ဍိုင် ဖြစ်ကြောင်း ရဲရဲဝံ့ဝံ့နဲ့ ပြောနေ ကြပါပြီ။ ဒီစကားအမှန်
ဆိုရင်တော့ဖြင့် မဏ္ဍိုင်ကြီး သုံးရပ် ဖြစ်တဲ့ ဥပဒေပြုရေး၊ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေး မဏ္ဍိုင်ကြီး တွေကို
မယိမ်းမယိုင်၊ ခိုင်မာ တည့်မတ်အောင်၊ စတုတ္ထမဏ္ဍိုင် ဖြစ်တဲ့ စာနယ်ဇင်းတွေက တော်တည့် မှန်ကန်အောင်ထိန်းပေးဖို့ လိုပါလိမ့်မယ်။ ကြီးကြီးကျယ်ကျယ် ပြောလိုက်ကြပါ စို့ရဲ့။

ကျွန်တော်တို့ စာနယ်ဇင်းဟာ ဒီလို တိုင်းပြည်ရဲ့ အာဏာ သုံးရပ်ကိုတောင် ထိန်းပေးနိုင်စွမ်းတဲ့ စတုတ္ထ
နေရာကြီးကို ရယူ ပိုင်ဆိုင်ထားတယ် ဆိုမှတော့ စာနယ်ဇင်းရဲ့ အာဏာ စာနယ်ဇင်းရဲ့ အရှိန်အဝါဟာ
ဘယ်လောက် ကြီးမားတယ် ဆိုတာ သိမြင်နိုင် ပါတယ်။ ဒီအတွက် စာနယ်ဇင်းသမားတွေ ဂုဏ်ယူရပါ လိမ့်မယ်။

ဂုဏ်ယူ သင့်ပါတယ်။ အဲဒီလို ဂုဏ်ယူတာနဲ့အမျှ တာဝန်ဟာလည်း ဘယ်လောက် ကြီးမားတယ် ဆိုတာ သိရှိ
နားလည်ကြဖို့ အရေးကြီးပါတယ်။ တိုင်းပြည်ရဲ့ မဏ္ဍိုင်ကြီးထဲမှာ ငါတို့က အရေးကြီးတဲ့ အခန်းက ပါဝင်
ဦးဆောင် နေရပါလား ဆိုတဲ့ အသိအတွေးနဲ့ အတူ အဲဒီတာဝန်ကို ဘယ်လို ကျေပွန်ရမလဲ ဆိုတဲ့ စေတနာစိတ်ထားပြီး အလုပ် လုပ်ကြဖို့တော့ လိုအပ်ပါတယ်။

ဒီကနေ့ခေတ်မှာ စာစောင်၊ ဂျာနယ်၊ မဂ္ဂဇင်းတွေ တိုးပွား များပြားလာတာဟာ ကောင်းမွန်တဲ့ လက္ခဏာပါ။
ဝမ်းသာရမယ့် ကိစ္စပါပဲ။ ဒီလို တိုးပွားလာတဲ့ အတွက် သတင်းသမားတွေ သတင်းကို အပြိုင်အဆိုင် လိုက်ကြတယ်။
စာစောင်တွေမှာ သူ့ထက်ငါ ဦးအောင် ဖော်ပြ ခဲ့ကြတယ် ဆိုတဲ့ ကိစ္စမျိုး ပေါ်လာဖို့ လိုအပ် ပါလိမ့်မယ်။ တစ်ဦးနဲ့တစ်ဦး ကမ္ဘာဦးကလို ဖလှယ်တဲ့ ကိစ္စတွေဟာ စီးပွားရေး အရ၊ ငွေကြေးနဲ့ ပစ္စည်း အရောင်း အဝယ် ပြုကြတဲ့ကိစ္စတွေမှာသာ ရှိသင့်ပါတယ်။ သတင်းကိုတော့ဖြင့် အခုလို မပြုသင့်ပါဘူး။



တိုးပွားလာသမျှ ဂျာနယ် မဂ္ဂဇင်းတိုင်းမှာ ဒီသတင်းတွေချည်းပဲ ဆိုရင်ဖြင့် တစ်စောင်တည်း ရှိတာ ပြည်သူတွေအတွက် ငွေသက်သာ စေပါလိမ့်မယ်။ သတင်းဦးအောင် ယူဖို့ လိုအပ်သလို သတင်း အချက်အလက်တွေ ကလည်းပြည်သူ့ “အကျိုးပြု” သတင်းမျိုးတွေ ဖြစ်သင့် ပါတယ်။ စာစောင်ထဲမှာ စာပြည့်ရင် ပြီးရော ဆိုတဲ့ သဘောနဲ့သူ့သတင်း ကိုယ်ထည့်၊ ကိုယ့်သတင်း သူပေး ဆိုတဲ့ အလုပ်တွေကို ရှောင်ရှား သင့်ပါတယ်။ ငွေရှာရတာ အင်မတန်ခက်ခဲနေရတဲ့ ပြည်သူတွေရဲ့ ဒုက္ခကို “နူရာဝဲစွဲ” ဖြစ်အောင် လုပ်တဲ့ နည်းလမ်းတွေ ရှောင်ရှားကြဖို့ အရေးကြီးပါတယ်။

ဘယ်ဂျာနယ်၊ ဘယ်မဂ္ဂဇင်း ကတော့ဖြင့် ပြည်သူကို အကျိုးပြုတယ်။ မပြုဘူး ဆိုတာ စာဖတ်သူတွေ ကပဲ ဆုံးဖြတ်ပေးကြရမှာပါ။ ငါတို့က အရင် ထွက်ထားတဲ့ ဂျာနယ်မို့၊ နောက်ထွက်တဲ့ ဂျာနယ် တို့နောက်မှာပဲ နေရမယ် ဆိုတဲ့အတွေးမျိုးနဲ့ စာနယ်ဇင်း ကျင့်ဝတ်ကို ဖောက်ဖျက်ခြင်း စိတ် ထားတွေ ရှောင်ရှားသင့်ကြ ပါပြီ။ စာနယ်ဇင်းသမားဆိုတာ ဝါးပင်လို လေယူရာတိမ်း တတ်တဲ့ စိတ်ထားမျိုး မထားသင့်ပါဘူးလို့ ကျွန်တော် ထင်ပါတယ်။ ဒါဟာလည်းကျွန်တော့် အယူအဆသာ ဖြစ်ပါလိမ့်မယ်။ မှန်တယ် မှားတယ်လို့ အငြင်း မပွားလိုပါဘူး။

ဒီခေတ်မှာ ဒီလိုရေးပြီး ဟိုခေတ်မှာ ဟိုလို ရေးတဲ့သူဟာ စာနယ်ဇင်း လောကမှာ ဘယ်လောက် အောင်မြင်
ကျော်ကြားမှု ရှိနေပါစေ သူဟာ စာနယ်ဇင်း သမားကောင်း တစ်ယောက် ဘယ်တော့မှ ဖြစ်လာ လိမ့်မယ်လို့
မထင်မိပါဘူး။ အလိုတော်ရိ၊ သတင်းပေး ဆိုတာနဲ့ စာနယ်ဇင်း သတင်းသမား ဆိုတာကို မကွဲပြားဘဲ
ငွေရှာကောင်းသူ တစ်ယောက်သာ ဖြစ်ပါလိမ့်မယ်။

အတွန်းအတိုက်၊ အလှည့်အပြောင်းကို ပိုင်နိုင် တတ်ကျွမ်းသူ တစ်ဦးဟာ ဆင်ထိန်း မြင်းထိန်းနဲ့ အလားသဏ္ဌာန်တူနေပါတယ်။ အဲဒီဆင်နဲ့ မြင်းကို စီးတဲ့သူ မဖြစ်နိုင်ပါဘူး။ ဆင်တင်းကုတ် နဲ့ မြင်းဇောင်းမှာသာ လူတွင်ကျယ်လုပ်ပြီး လူပုံအလယ်မှာ ဆင်နဲ့မြင်းကို စီးပြီး စွမ်းရည် ပြရဲတဲ့သူ မဖြစ်နိုင်ပါဘူး။ စွမ်းရည်ပြမယ့် သူရဲကောင်းကိုမနာလို ဝန်တိုစိတ်နဲ့ စီးမယ့်ဆင်နဲ့ မြင်းကို အနာတရ ဖြစ်အောင် လုပ်ခဲ့ရင်လည်း သူရဲကောင်းက ပိုင်နိုင်စွာထိန်းသိမ်း စီးနင်း ပြနိုင်မှာပါ။ သူသာ တစ်နေ့နေ့မှာ ဆင်နင်းပြီး မြင်းကန်တာ ခံရနိုင်ပါတယ်။ ထားပါတော့ဆင်အကြောင်း မြင်းအကြောင်းနဲ့ ဝါးပင်တွေ အကြောင်း ထားလိုက်ပါတော့။

စာနယ်ဇင်းသမား တစ်ယောက် အဖို့ ကိုယ်ရေးတဲ့ သတင်း၊ ကိုယ်ရေးတဲ့ စာဟာ ပြည်သူကို အကျိုးပြုသလား၊မပြုဘူးလား ဆိုတာကို စာဖတ်သူများကပဲ ဆုံးဖြတ်ကြရ မှာပါ။ တချို့တွေက ငွေပို ငွေလျှံရှိလို့ တခြား စီးပွားရေးလုပ်ငန်းတွေမှာ အမြတ်အစွန်း နည်းလို့ တချို့ကြပြန်တော့ ဂုဏ်၊ ပါဝါကို ဖက်ရှင်တစ်ခု အနေနဲ့ လိုချင်လို့အကြောင်း အမျိုးမျိုးနဲ့ ဂျာနယ်၊ မဂ္ဂဇင်း ထုတ်ဝေသူ အဖြစ် လာလုပ် ကြတာတွေလည်း မြင်နေ၊ သိနေ၊ ကြားနေရပါတယ်။ ကုမ္ပဏီတစ်ခု၊ စာစောင် တစ်စောင် ဆိုရမလောက် ထုတ်လုပ် နေကြတာဟာ အင်တာနေရှင်နယ်ဖက်ရှင်လို့ ဆိုရပါတော့မယ်။

ဒါဟာ မကောင်းဘူးလားလို့ ဆိုတော့ ကောင်းပါတယ်။ အရမ်းအရမ်းကို ကောင်းမွန် လှပါတယ်။ ဒါပေမဲ့ ဂျာနယ်၊မဂ္ဂဇင်းရယ်လို့ ထုတ်ရင် ငွေရှိရုံနဲ့ မဖြစ်သေးပါဘူး။ ရေးတဲ့သူ ရှိရမယ်။ ရေးသား ပေးပို့တဲ့ စာတွေကို သင့်၏မသင့်၏ တည်းဖြတ်ဖို့ အတွက် စာပေနယ်ပယ် အကျွမ်းတဝင် ရှိပြီး ကိုယ်တိုင် စာပေ ရေးသားတဲ့ တည်းဖြတ်သူရှိရမယ်။ အယ်ဒီတာပေါ့။  အမှန်ကတော့ စာကို တည်းဖြတ် နိုင်စွမ်းတဲ့ “စာတည်း” ပေါ့။ အခုခေတ် မှာတော့စာတည်းလို့ မသုံးကြတော့ ပါဘူး။ “အယ်ဒီတာ” လို့ပဲ ပြီးစလွယ် ခေါ်နေကြတယ်။

အဲသလို အယ်ဒီတာ စစ်စစ်တွေ လိုအပ်လာပြီ ဆိုတော့။ ကိုယ်က ငွေရှိသူမို့ ဘယ်သူ့ကိုမှ ဆရာ မတင်ချင်ဘဲအုပ်ချုပ်သူ လုပ်ပြီး တာဝန်ခံ အယ်ဒီတာ၊  အယ်ဒီတာတွေကို စာပေနယ်က ရှာဖွေ ခန့်အပ် နိုင်ခဲ့ရင်အကောင်းသားလား၊ ဘာမှ ပြဿနာမရှိ။ (စာပေရေးရာ ကိစ္စကို ဆိုလိုသည်) အခုတော့ ဘယ်သူ့ကို မှလည်းဆရာမတင်ချင်၊ ဘယ်သူ့ကို မှလည်း စာပေနဲ့ ဦးဆောင်ဦးရွက် မပြုနိုင်၊ လိုချင်တဲ့ ဂုဏ်အင်အတွက် ထောင်ထားတဲ့ဂျာနယ်၊ မဂ္ဂဇင်းမှာ တချို့ကလည်း ကိုယ့်သား၊ ကိုယ့်သမီး ကိုပဲ အယ်ဒီတာ ခန့်လိုက်ကြ တော့တယ်။
တချို့ကတော့ ကိုယ့်တူ၊ တူမ၊ ညီမ စသဖြင့် ဆွေမျိုး အရင်း အခြာတွေကို ရွေးချယ် ခန့်အပ် လိုက်ကြတယ်။
အဲဒီလို မလုပ်ရဘူးလို့ မဆိုလိုပါဘူး။ ရပါတယ်။ ကြိုက်ရာ လုပ်နိုင်ပါတယ်။ ကိုယ်က ငွေရှိလို့ ထောင်ထားတဲ့
မဂ္ဂဇင်း ဂျာနယ်တွေပဲ ဘောင်အတွင်းက ခန့်လိုက်တာ ခန့်ထား နိုင်ပါတယ်။

အယ်ဒီတာ ဆိုတာ ဘာဘွဲ့ ရရမယ်။ ဘာလက်မှတ် ရှိရမယ်။ ဘာသင်တန်းတွေ အောင်ထားရမယ် လို့  ပြဋ္ဌာန်းထားတာမှ မရှိဘဲ။ အသက် ၁၈ နှစ် ပြည့်ပြီး နိုင်ငံသား စိစစ်ရေး လက်မှတ် ရှိသူတိုင်း မောင်ဘယ်သူ၊ မဘယ်သူဆိုတဲ့ အမည်နာမ ရှိသူတိုင်း အယ်ဒီတာ ဖြစ်ခွင့် ရှိပါတယ်။ မဂ္ဂဇင်း၊ ဂျာနယ်မှာ အယ်ဒီတာ ဘယ်သူလို့ အမည်
တတ်နိုင်ရင် ပြီးတာပါပဲ။ သို့ပေမယ့် အဲဒီ အယ်ဒီတာ ဆိုသူတွေ အနေနဲ့ စာနယ်ဇင်းဟာ စတုတ္ထမဏ္ဍိုင်
ဆိုတာကိုတော့ဖြင့် သတိပြု ဆင်ခြင် တွေးဆ နိုင်ကြဖို့ အရေးကြီးပါတယ်။ စာနယ်ဇင်းရဲ့ ကျင့်ဝတ် သိက္ခာတွေကိုတော့ အလေးထား တတ်ကြဖို့ လိုပါ လိမ့်မယ်။



အခုတော့ စာစောင်တွေ တိုးပွားလာတာနဲ့ အတူ “အယ်ဒီတာ” ဆိုတဲ့ သူတွေ နေရာတိုင်းမှာ “ဖောင်းပွ” လာပါတယ်။ အသက် ၂၀၊ ၂၅ လောက် လူငယ်လေးတွေ ကလည်း ဂျာနယ် မဂ္ဂဇင်းရဲ့ ခေါင်းရင်းခန်းမှာ မိန့်မိန့်ကြီး ထိုင်လို့အယ်ဒီတာ ဖြစ်လာကြတယ်။ ဘာစာမှလည်း မရေး၊ စာပေနယ်ပယ် မှာလည်း မနှံ့စပ်ဘဲ ပိုင်ရှင်သူဌေး အလိုကျ
ဖြစ်လာခဲ့ရတဲ့ အယ်ဒီတာ မင်းများ၊ ဘာကျင့်ဝတ်မှ မသိကြတော့ဘူး။ အဲဒါ ပြဿနာ ပါပဲ။ ရင်ကော့ကော့၊
ခေါင်းမော့မော့နဲ့ ကျော့ကျော့ ကလေး ထိုင်နေတဲ့ အယ်ဒီတာ ဆိုသူတွေ ပေါမှပေါ ဆိုပါတော့။ စာပေအကြောင်း၊စာနယ်ဇင်း ကျင့်ဝတ်အကြောင်း သွားမပြောကြ လေနဲ့။ သူတို့က ပြန်ပြောလိမ့်မယ်။ အဲဒါ ဘယ်ဘာသာစကားတွေလဲ၊ ဘာလုပ်ဖို့လဲ၊ ပြုတ်စားရလား၊ ကြော်စားရလား၊ အဓိကက ငွေပဲလေ။ ငွေရှိရင် ဂျာနယ်၊ မဂ္ဂဇင်းထုတ်ပြီး အယ်ဒီတာ လုပ်လို့ ရနေတာပဲလို့ ဖြေကြမှာပါ။ အယ်ဒီတာ ဘာမှန်းမသိတဲ့ အယ်ဒီတာ ဆိုသူတွေ များပြားလာလို့လည်း မြန်မာ့စာနယ်ဇင်း လောကလို မလုပ်သင့်တာတွေ လုပ်ရဲနေခဲ့ ကြတာပါ။ အထင်သေးခံ နေရတာပါ။

တစ်ခါတလေမှာ မကြားဝံ့ မနာသာ စကားတွေ ကိုလည်း ကြားခဲ့ရပါတယ်။ အင်မတန် စိတ်မချမ်းမြေ့စရာ
စကားတွေပါပဲ။ မကြာသေးခင် တစ်ရက်ကပဲ ဧည့်ခံပွဲ တစ်ခုမှာ ခပ်ကျော့ကျော့ အယ်ဒီတာလေးတွေ သူတို့
အချင်းချင်း စကားပြောကြတာ ကြားခဲ့ရပါတယ်။ သူတို့ရဲ့ မောက်မာ ကျယ်လောင်တဲ့ စကားသံတွေ ထဲမှာ
“ဟိုဘဲကြီး ဆီက စာမူ ရပြီးပြီလား အဲဒီ ဘဲကြီး စာမူ မပါလည်း အရေးမကြီး ပါဘူး။ ဒါပေမဲ့ သူ့ကလောင်ကို ရှေ့မှာတင်သုံးလိုက်ရင် ဂျာနယ် ဈေးကွက် ဝင်တယ်ကွ။ အဲဒီ ဘဲကြီးဆီ စာမူ သွားတောင်း လိုက်ဦး” ဆိုတဲ့ အသံတွေဟာပြောသူ သတိမထားမိ ပေမယ့် ကြားရသူ အတွက် နားထဲကို သံရည်ပူ လောင်းလိုက် သလိုပါပဲ။ သူတို့ ရည်ညွှန်းတဲ့သူဟာ သာမန်လူ မဟုတ်ပါဘူး။ စာနယ်ဇင်း အတော်များများမှာ “ပင်တိုင်” တာဝန်ယူ ရေးသားနေတဲ့စာရေးဆရာကြီး တွေပါ။ ဒီလို ပညာရှင်ကြီး တွေကို လေးစားရမှန်း မသိ၊ ငွေပေးထားတာပဲ ဆိုပြီး ကွယ်ရာမှာတန်းတူ ရည်တူ ပြောဆို နေကြတာဟာ စော်ကား နေတာပါပဲ။ သူတို့ အမူအရာ ကတော့ ဘယ်သူ့ကိုမှ အမှု
မထားဘူး ဆိုတဲ့ သဘောနဲ့ ပြောဆို နေကြတာပေါ့။

ဒီလိုဘာလို့ စော်ကား ပြောဆိုရဲ တာလဲ။ တကယ်တော့ စာရေးဆရာ စစ်စစ်၊ စာနယ်ဇင်းသမား စစ်စစ်တွေရဲ့တန်ဖိုးကို မသိကြလို့ပါ။ သူတို့တစ်တွေဟာ သူတို့ကိုယ်တိုင် မပင်မပန်းဘဲ စာပေ လောကထဲကို ရောက်လာကြလို့ စာနယ်ဇင်း ဆရာကြီးတွေ ဖြတ်သန်းခဲ့ရတဲ့ ခရီးကို နားမလည် ကြတာပါ။ ကိုယ်ချင်း မစာတတ်ကြ တာပါ။ သူတို့ယုံမှား ကိုးကွယ်မိသူ တွေရဲ့ အလိုကျ နေတတ်ဖို့သာ အလေးထားကြ လို့ပါ။ ဘဝကို နားမလည်တော့ တန်ဖိုးမသိကြတော့ ပါဘူး။ ဒါပါပဲ။ သူတို့ တန်ဖိုးမထားကြ တာဟာ စာရေးဆရာတွေ၊ စာနယ်ဇင်း နယ်ပယ်သား တွေကိုသာမက၊ တိုင်းပြည်ရဲ့ စတုတ္ထ မဏ္ဍိုင်ကြီးကိုပါ ရိုက်ချိုးသလို ဖြစ်နေပါတယ်။ ဒါကြောင့် ဒီကနေ့ စာနယ်ဇင်းလွတ်လပ်ခွင့် အတန်အသင့် ရလာလို့ ဝမ်းသာနေရချိန်မှာ ဒီလို ဘာမှန်းမသိတဲ့ သူတွေကို အလုပ်သင်အဖြစ်အလုပ်ခွင်မှာ သင်ကြားပို့ချမှု မပြုဘဲ လုပ်ငန်းကတ်ပြား ထုတ်ပေးပြီး လုပ်ပိုင်ခွင့် ချပေးနေခြင်းဟာ တိုင်းပြည်အတွက် စာနယ်ဇင်း လောကအတွက် ဘယ်လောက် အန္တရာယ် ကြီးကြောင်း စဉ်းစား သင့်ကြပြီလို့ ထင်ပါတယ်။
အသက်ကြီးတဲ့ လုပ်စားသူ တွေလည်း ဆင်ခြင်တုံ တရား ရှိနိုင်ကြပါစေ။

ကိုရွှေအောင်သင်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...