အရက်ဖြတ်လိုက်သော ၀က်ဝံအကြောင်း
ဖေမြင့်
တစ်ခါက အနောက်ဘက်ဖျား တောကြီးထဲမှာ ၀က်ဝံတစ်ကောင် ရှိသည်။ သူသည် ဘယ်ကိစ္စကိုမှအစွဲ
အလန်းထားတတ်သူ၊ အရက်ကိုလည်း သောက်ချင်သည့် အခါသောက်၍ မသောက်ချင်သည့်အခါ မသောက်ပဲ နေနိုင်သူဖြစ်သည်ဟူ၍ ပြောလေ့ရှိသည်။
သူများတွေ အရက်စွဲတယ်၊ စွဲတယ်နဲ့ ပြောကြတယ်၊ ငါနေ့တိုင်းသောက်တာဘဲ့ ဘယ်တော့မှ မစွဲပါလားဟူသည်မှာ သူ၏ လက်သုံးစကားဖြစ်သည်။
ပြောသည့်အတိုင်းလည်း သူက တောတွင်းအရက်ဆိုင်သို့ နေ့စဉ်မှန်မှန်သွားသည်။ ကောင်တာမှာရပ်
ကာ
ပျားရည်အရက်စစ်စစ် နှစ်ခွက်သောက်သည်။ နှစ်ခွက်ဘဲ။ ပြီးတာနဲ့တစ်ပြိုင်နက်ကောင်တာ အနောက် က အရောင်းသမားကို ပိုက်ဆံရှင်းပြီး ကဲ့
သွားမယ်ဗျို့၊ ဟိုဘက်ခန်းက အရက်သမားတွေကိုသာ ဂရုစိုက် လိုက်ပါဗျာ ဟုပြောကာ ပြန်သွားလေ့ရှိသည်။သို့သော် သူလည်း ဘာသားနဲ့ထုထားတာမို့လို့လဲ။
တစ်ရက်နှစ်ရက်ကြာသည့်အခါ သူလည်းအရက်သမားစစ်စစ်ဖြစ်လာသည်။ အရက်ဆိုင်မှာဘဲ့ တစ်နေ
ကုန်ကျောက်ချနေကာ မိုးကြီးစုပ်စုပ်ချုပ်မှ အိမ်ကို သိုင်းကွက်နှင်းပြီး ပြန်သည်။ အိမ်ရောက်သည့်အခါ ကုလား ထိုင်ကို ခလုတ်တိုက်သဖြင့် ကျွမ်းထိုး မှောက်ခုန်ဖြစ်သည်။ မီးအိမ်ကိုရိုက်မိသဖြင့် အောက်သို့ပြုတ်ကျကွဲသည်။ နံရံကိုဖြောင်းခနဲ ၀င်တိုးကာ တိုင်ကပ်နာရီ ပြုတ်ကျသည်။
ထိုအခါ မိန်းမ က စိတ်ညစ်ပြီး ကလေးတွေလည်း နေစရာမရှိဖြစ်ရသည်။
သို့သော် သည်လိုနေရင်းက ၀က်ဝံသည် သူ့အမှားကိုမြင်ကာ ကြိုးစားပြီးအမှန်ပြင်သည်။ ၀က်ဝံသည်
အောင်မြင်စွာ အရက်ဖြတ်နိုင်ပြီးသည့်နောက် အရက်ဖြတ်သူများအသင်းတွင် အမှုဆောင်လူကြီးဖြစ်လာသည်။
တဖြည်းဖြည်းနဲ့သူက အမှုဆောင်များထဲတွင် အတတ်ကြွဆုံးပုဂိုလ်ဖြစ်လာပြီး တွေ့သမျှလူကို အရက် ဖြတ်ရေးတရားဟောတတ်လာသည်။ ဧည့်သည်တစ်ယောက် အိမ်သို့ရောက်သည်နှင့် တစ်ပြိုင်နက် ၀က်ဝံက မိမိသည် ယခင်က အရက်သေစာသောက်စားသဖြင့် ကျန်းမာရေးချို့တဲ့ခဲ့ကြောင်း၊ ယခု အရက်ဖြတ်ပြီးနောက် မိမိသည် မည်မျှကျန်းမာလာပုံကို ကြည့်ရှုစေလိုကြောင်းပြောကြားကာ ဧည့်ခန်းအတွင်း ကိုယ်လက်လှုပ်ရှား အားကစားလုပ်ပြသည်။ ကင်းမြီးကောက်ထောင်ပြီး လမ်းလျှောက်ပြသသည်။ တစ်ပတ်ကျွမ်းထိုးပြသည်။
ထိုအခါ ကုလားထိုင်ကို ခလုတ်တိုက်မိသဖြင့် ကျွမ်းထိုးမှောက်ခုန်ဖြစ်သည်။ မီးအိမ်ကိုရိုက်မိသဖြင့်
အောက်သို့ပြုတ်ကျ ကွဲသည်။ နံရံကိုဖြောင်းခနဲ ၀င်တိုက်မိကာ တိုင်ကပ်နာရီပြုတ်ကျသည်။
ထိုအခါ မိန်းမကစိတ်ညစ်ပြီး ကလေးတွေခမျာလည်း နေစရာမရှိ ဖြစ်ရပြန်လေသည်။
ဆောင်ပုဒ်-
ရူးတာနဲ့စာလျှင် မူးတာက တောပေသေးသည်။
James Thurber ၏The Beer Who Let It Alone ကို ပြန်ရေးသည်။
ဟန်သစ် မဂဇင်း၊ အမှတ်(၃၉) မှ
0 comments:
Post a Comment