Saturday, October 8, 2011

ဝေသံသရာမင်းကြီး

by Than Saw on Saturday, October 8, 2011 at 4:24pm
 
မကြာသေးခင်က လူငယ်တစ်ယောက်က  ဘူတာရုံတွင် အလုပ်အပြန် ရထားအတူ  စောင့်နေကြစဉ် ကျမကို မမျှော်လင့်သည့် မေးခွန်းတစ်ခုကို မေးခဲ့ပါတယ်။ အမ ဘာဖြစ်လို့ ဒီနိုင်ငံမှာရှိတဲ့ သိပ်ချမ်းသာတဲ့ မြန်မာဆရာဝန်တွေ ဘာကြောင့် မြန်မာပြည်အတွက် မလှူကြသလဲမသိဘူး။ ဆက်ပြီး ကောက်ချက်တစ်ခု သူဘာသာသူချလိုက်ပါသေးတယ်။ သူတို့လှူသင့်တယ်ဗျာ တဲ့။ ကျမကလှူသင့်သလား မလှူသင့်သလားဆိုသော မေးမြန်းချက်ကို ချက်ခြင်းမဖြေခဲ့ပါ။ ကျမပြောနေကျ ထုံးစံအတိုင်း ဝေ့လည်ကြောင်ပတ်ပြီး ကျမထင်တာ မြင်တာကို မဆီမဆိုင် စပြောပါတော့တယ်။


လှူမယ်ဆိုရင် အရင်ဆုံးကိုယ်မှာ ကိုယ့်မိသားစုအတွက် အသက်ရှင်နိုင်လောက်အောင် စားစရာရှိရဲ့လားဆိုတာ သိရမယ်။ အမဖခင်ဆိုရင် မရှိလည်း သူများဆီက ငွေချေးပြီး လှူတယ်။ ရှိရင်လည်း ရှိသမျှကို ထုတ်ပြီး အကုန် သူများပေးဖြစ်တယ်။ ကိုယ်မရှိတာကို ချေးလှူတာတော့ မကောင်းဘူး။ မိမိသားသမီး အငတ်ထားပြီး လှူတာလည်း မကောင်းဘူးလို့ထင်တယ်။

( ထိုသို့ပြောနေစဉ် မိမိငယ်စဉ်အခါက၊ ၂၀၀၇ခုနှစ်က ဆုံးသွားသော မိခင်ကြီးမှာ၊ ဖခင်ကြီးလက်ဖွာ အများအတွက် စေတနာ သဒါတရားကြီးမားလွန်းတော့၊  မိသားစု မငတ်ရန်အတွက်၊ မိမိမွေးရင်းဒေသမှ ငါးပိငါးခြောက်များကို လစာရသည့်နေ့များတွင် မှာဝယ်ယူပြီး၊ ခြောက်လ တနှစ်စာလှောင်ထားသည့် အခါ၊ ဖခင်ကြီးက သူချစ်တဲ့ သနားတဲ့ ဆင်းရဲသောရဲဘော်များကို အကုန်နီးပါးဖြန့်ဝေပေးခဲ့သည်ကို သတိရမိပါသည်။ ဝေသံသရာမင်းကြီးအကြောင်းကို ၃နှစ်အရွယ်ကထဲက အမြဲနားထောင် သဘောကျသဖြင့် ဖခင် ရက်ရောမှုကို များစွာ သဘောကျ ပီတီဖြာခဲ့သည်ကို သတိရမိပါတယ်။ သို့သော်လည်း မိမိကို တခြားသူကို ကျွန်အဖြစ်အလှူပေးမည်ကို တိတ်တိတ်ကလေး ကြောက်မိခဲ့ပါတယ်။)

လူငယ်လေးက ဟုတ်တယ်အမ။ ကိုယ်မှာမရှိဘဲ ချေးလှူတာတော့ မကောင်းဘူး။

ထိုအခါကျမက ဆက်၍၊ ကဲ ချမ်းသာတဲ့သူတွေအကြောင်း ပြောရမယ်ဆိုလည်း... ဒီလူတွေဟာ ငယ်စဉ်ကစပြီး ကြိုးစားအလုပ်လုပ်ခဲ့တဲ့သူတွေ ဖြစ်ရင် သူတို့စည်းစိမ်ဟာ သူတို့ကျိုးစားအလုပ်လုပ်လို့ ရရှိခဲ့တာဖြစ်တယ်။ သူတို့မှာ ကိုယ်စိုက်ထားလို့ သီးလာတဲ့ သီးနှံတွေကို ခံစားခွင့်ရှိတယ်။ ကိုယ်ကသွားပြီး ခင်ဗျားတို့ရှိတာ လှူပါဗျာ ဝေငှပါလို့ တောင်းနိုင်ပါတယ်။ ဒါပေမဲ အတင်း မပေးမနေရ အေးဓမြ မတိုက်သင့်ဘူးလို့ထင်တယ်။ မလှူတာကို မဝေဖန်သင့်ဘူးလို့ ထင်တယ်။ သူလှူတာ မလှူတာဟာ သူ့ကိစ္စဘဲ။ သူ့မှရှိတဲ့ ရျွေးချယ်ခွင့်တခုဘဲ။  မလှူဘဲနေတာဟာ သူ့မှာရှိတဲ့ သူ့အခွင့်အရေး တစ်ခုကို သူအသုံးချတာဘဲ။

ဒါပေမဲ့ သူတို့ လှူသင့်တာပေါ့ အမရယ်လို့ လူငယ်လေးက ပြောပါတယ်။

ပြီးကျမက တချို့လူတွေ အိမ်ကောင်းကောင်းမှာနေနေတာ ကားကောင်းကောင်းစီးနေတာ မြင်ရပေမဲ့ ဒါတွေ အကြွေးနဲ့ဝယ်ထားတာ ဖြစ်ခြင်လည်း ဖြစ်မယ်။ ကားရှိတာနဲ့ ကားအတွက် ကုန်ကျစာရိတ်များမယ်။ အိမ်ကြီးနေလို့ အိမ်မွမ်းမံပြင်ဆင်ရေးစာရိတ်ကြီးတယ်။ သားသမီးတွေကို ဈေးကြီးတဲ့ ပုဂ္ဂလိကကျောင်းတွေမှာ ကိုယ်လုပ်ဖော်ကိုင်ဖက် မိမိအသိုင်းအဝိုင်းထဲက အသိမိတ်ဆွေ သားသမီးတွေလို လူတန်းစေ့ထားရတဲ့အတွက်ကြောင့် သူတို့မှာလည်း ကုန်ကျစာရိတ်ရှိမှာဘဲ။ ကိုယ်အသိုင်းအဝိုင်းမှာ ဝင်ဆန့်ဖို့အတွက် စရိတ်စကကလည်းကြီးမယ်။ ကျားကြီး ခြေရာကြီးပေါ့။ ဒီတော့ သူတို့မှာ ငွေပိုငွေလျှံရှိခြင်မှလည်း ရှိမယ်။ ကိုယ်ဆင်းရဲနေတာနဲ့ ဒီလူတွေကို ကျွန်တော့ကို ကျွန်မကိုယ်လည်း ခင်ဗျားတို့မှာ ရှိတာတွေ ဝေမျှပါ၊ ခင်ဗျားတို့ အခုလို တင့်တင့်တယ် မနေပါနဲ့။ ဆင်းရဲသားလိုနေကြပါလို့ ပြောသင့်ပါသလား လို့ ပြောလိုက်ပါတယ်။

ထိုအခါလူငယ် ဟုတ်ပါတယ် အမ။ ဒါပေမဲ့လည်း လှူသင့်တာပေါ့ ဗျာဟုဆက်ပြောပြန်ပါတယ်။ ဒါနဲ့ ရထားရောက်လာလို့ စကားပြတ်ခဲ့တယ်။

ကျမနေရာ မိုးပျံတိုက်ကြီးကို ၁၉၉၃ ခုနှစမှာ စနေပါတယ်။ အပေါ်ဆုံးထပ်မှာရှိတဲ့ အဖွားကြီးတစ်ယောက်က လာမိတ်ဆက်ပါတယ်။ မကြာပါဘူး တခြားအဖွားကြီး အဖိုးကြီးတွေ ကျမဆီချဉ်းကပ်ပြီး အဖွားကြီး အကြောင်း အပုတ်ချကြတော့တယ်။ အဖွားကြီးက သန်းကြွယ်သူဌေးဖြစ်တယ်။ သူများတွေဆီက အိမ်တွေ ဈေးပေါပေါနဲ့ ဝယ်ခွင့်မရှိဘဲ အပိုင်သိမ်း ဝယ်ယူထားတယ်။ပြီး အခန်းတွေကို အခန်းခကြီးကြီးနဲ့ ဂျပန်တွေကို ငှားစားတယ်။  ကပ်စေးနဲတဲ့ ကောက်ကျစ်တဲ့ ဂျူးမကြီးဖြစ်တယ် ဆိုပြီး လူမျိုးဘာသာပါ ထိခိုက်ပြောကြတယ်။ ၂၀၀၅ခုနှစ်က သက်ကြီးနာဖြင့် ဆုံးသွားခဲ့တဲ့ ဆင်းရဲတဲ့ ပင်စင်စား အိုင်ရစ်ရှ် အဖိုးကြီးတယောက်ဆို အဖွားကြီးကို လုပ်ကြံဖို့ ငွေရဖို့အတွက် ထီအမြဲထိုးတယ်လို့ ကျမကိုပြောဘူးတယ်။ ကျမသူ့ကို ဒီလိုမပြောဖို့ မနောက်ပြောင်ဖို့ ပြောခဲ့ပါတယ်။

မိမိ စာဖတ်သူတွေ ရင့်ကျက်လာပြီး မကြိုက်ကြတော့လို့၊ နှစ်ပေါင်းများစွာ စာအုပ်တစ်အုပ်မျှ မထုတ်နိုင်တော့တဲ့ အစိုးရဆီက တောင်းစားနေရတဲ့ စာရေးဆရာမဟောင်းတစ်ယောက်ကလည်း ဒီအဖွားကြီးကြွယ်ဝချမ်းသာမှုကြောင့် စိတ္တဇဝင်နေတာ တွေ့ရတယ်။ နေ့စဉ်အမျှ ဓါတ်လှေခါးထဲ တွေ့သမျှလူကို အဖွားကြီး မကောင်းကြောင်းပြောတယ်။ အိမ်ရှင်ကုမ္ပဏီက ဝန်ထမ်းတွေကို သွားပြီး အဖွားကြီး အိမ်ငှားတွေ ဘာလုပ်တယ်။ ညာလုပ်တယ်။ အဖွားကြီးက ဘာလုပ်တယ်။ ညာလုပ်တယ် နေ့စဉ်တိုင်တယ်။ ဝန်ထမ်း ထဲက တချို့ကလည်း ဒီမိန်းမနဲ့ပေါင်းပြီး အဖွားကြီးကို အလွန်ဒုက္ခပေးတာလည်း တွေ့ခဲ့ရဘူးတယ်။

ဒီစာရေးဆရာမကြီးကလည်း အစိုးရကျမ်းမာရေးဌာန ဝန်ဆောင်မှုတွေကို အမျိုးမျိုး တရားစွဲ ဘော်ချက်ခဲ့သူဖြစ်တယ်။ ဘယ်သူ့ဆီက ဘာကို အလကားရမလည်း။ ဘယ်သူကို အချောင်အသုံးချရမလည်းဆိုပြီး အမြဲချဉ်းကပ် အသုံးချသူတစ်ဦးဆိုတော့ ဘယ်သူမျှသူနားမကပ်ကြဘူး။ အစိုးရထောက်ပံကြေးကို ၁၉၇၀ နှစ်တွေထဲက မစွမ်းမသန်ပါဆိုပြီး တောင်းစားခဲ့သူဖြစ်တယ်။ ဒါပေမဲ့ အဖြူမဟုတ်သူတွေ တောင်းစားနေရင် အလုပ်ခိုးလုပ်မလုပ်ကို အစိုးရဌာနတွေအတွက် အခမဲ့ စေတနာ့ဝန်ထမ်း စုံထောက်လုပ်ပေးခဲ့သူဖြစ်တယ်။ ကိုယ်တိုင်ကတော့ အလုပ်မလုပ်ဘဲ အလုပ်မလုပ်သူတွေကို ပက်ပက်စက်စက်ပြောတယ်။ ကွန်ပျူတာ ပရင်တာတွေကို အခမဲ့ပေးတဲ့ ဌာနတွေဆီက တလုံးပြီး တလုံးတောင်းတယ်။ ပြီးလူတကာဆီက အခမဲ့ ဝန်ဆောင်မှုကို ရယူတယ်။ နောက်တော့ ဒီဌာနတွေ အားလုံး သူ့အနားက ခွာသွားကြတယ်။ ရတဲ့ကွန်ပြူတာမှာလည်း စာရေးသားမှုအတွက် သူ့မှာ အချိန်မရှိတော့။ သူများဆီက တောင်းစားဖို့ ရေးတာ။ အိမ်နီးခြင်းတွေအကြောင်း မဟုတ်က ရေးပြီး မျက်နှာလုပ်ပြီး တိုင်ကြားတာတွေဘဲ နေ့စဉ်ရေးဘို့ဖြစ်တာကို တွေ့ခဲ့ရတယ်။ ကိုယ်ကို သူက ဒီစာတွေ ပြလိုက်သေးတယ်။ သေဖော်သေဖက်ညှိခြင်သေးတယ်။ ကိုယ်ကလည်း အသုံးချခံလိုက်ရတယ်လေ။ ကွန်ပြူတာပျက်လို့၊ ပရင်တာပျက်လို့နဲ့ အဖွားကြီးဖြစ်လို့ အခမဲ့ကူပေးပါဆိုတာ ခဏခဏဘဲ။ အခုတော့ သူမမြင်ခင် ဝေးရာ အမြန်ပြေးရှောင်နေပြီ။

လင်ကောင်မပေါ်ဘဲ ကလေးတွေမွေးထားတဲ့ လူတကာက ပထွေးအဖြစ် တလှည့်စီ အတူလာနေပေးတဲ့ အစိုးရဆီက ထောက်ပံ့ကြေး အမြောက်အများယူထားတဲ့ အင်္ဂလိပ်မက အဆိုးဆုံးဘဲ။ သူနဲ့ ကလေးနှစ်ယောက်အတွက် ရတဲ့ အစိုးရထောက်ပံကြေးက တခါတလေ ကျမတို့ဝင်ထက် နှစ်ဆ သုံးဆမက များတယ်။ ဒီအင်္ဂလိပ်မလေးရဲ့ အဆင်မပြေဘူးလို့ သူ့ဘာသာသူထင်နေတဲ့ သူ့ဘဝအတွက် စိတ်ဖြေစရာ ထိုးကန်ကျောက်ဖို့အတွက် အဖွားကြီးဟာ လက်ဝှေ့အိတ်တခုပါဘဲ။

တကယ်တော့ အဖွားကြီးက သူဂျူးမဟုတ်ပါဘူးလို့ ကျမကို ပြောပြခဲ့တယ်။ ပြီး သူဟာ အိမ်ထောင်ရှိခဲ့ဘူးတယ်။ ပြီး သူတစ်ယောက်ထဲ သူ့စီးပွားရေကို အောက်ခြေကစပြီး သူတယောက်ထဲ ခက်ခက်ခဲခဲကြိုးစားပြိး အောင်မြင်အောင်လုပ်ခဲ့တယ်လို့ဆိုတယ်။ ကျမကို မြင်တော့ သူငယ်ငယ်က တယောက်ထဲ ရုန်းကန်ခဲ့ရတာကို သတိရမိတယ်လို့ဆိုတယ်။

၂၀၀၅ခုနှစ်မှာ အဖွားကြီးလေဖြတ်တယ်။ စကားလုံးဝမပြောနိုင်တော့ဘူး။ ကျမနဲ့လည်း သူစကားမပြောနိုင်တော့လို့ စကားမပြောနိုင်တော့ဘူး။ သူစနေမကောင်းစဉ်မှာ သူ့ကို အပုတ်ချသူတွေ သူ့ကို ဝင်လုံးဖို့ကြိုးစားတာ တွေ့၇တယ်။ ကျမကတော့ ပြုံးနေပါတယ်။ အဖွားကြီး စကားတာ မပြောတတ်တော့တာ။ သူ့ကို တယောက်ထဲ ဘတ်စ်ကားစီးတာ။ စာတိုက် မှာ ဘဏ်မှာ တယောက်ထဲ့ သူ့ကိစ္စသူ စာရွက်ခဲတံတစ်ချောင်းနဲ့ အလုပ်လုပ်နေတာ တွေ့ဘူးတယ်။ အာဂပါဘဲ။ သူ့ဘေးမှာ အဖော်မထားဘဲ အလုပ်လုပ်တုန်းဘဲ။

ကျမကို သူတနေ့ချဉ်းကပ်ပါတယ်။ သူ့ကို စောင့်ရှောက်ဖို့တဲ့။ စာရွက်ကလေးမှာ ရေးပြရှာတယ်။ ကျမက သူနာပြုစုတတ်သူမဟုတ်ပါ။ ဒါကြောင့် သူနာပြုအစစ်ကို ရှာပါ။ ပြီး စကားပြန်ပြောတတ်အောင် ပြုစုနိုင်တဲ့ ပညာရှင်ငှားပါလို့ပြေပါတယ်။ သူမှာ ငွေးရေးကြေးရေးတတ်နိုင်ပါတယ်။ စကားပြောကွန်ပြူတာဝယ်ပါ။ ပြီး ရုပ်မြင်တယ်လီဖုံးတတ်ပြီး ဆရာဝန် သူနာပြုဆရာမ ရှေုနေ ဘဏ်အရာရှိ နှင့် ဆက်သွယ်ထားပါ။ ကျမတာ သူ့လိုရောဂါရခဲ့လျင် မိမိကိုယ်ကို အဆုံးစီရင်ဖို့ဘဲရှိပါတယ်။ ငွေမရှိတော့ ကိုယ်ကိုကိုယ် ပြန်ကောင်းအောင် မကုသနိုင်ပါလို့ ပြောပြခဲ့ပါတယ်။ သူက ကျမက သူ့ကို မပြုစုပေးတဲ့အတွက် စိတ်မကောင်းပုံရပါတယ်။ သူယုံကြည်တဲ့သူကလည်း ကျမတစ်ယောက်ထဲ ဖြစ်နေတာကိုး။ နားလည်စရာလည်း ကောင်းပါတယ်။ သူ့ဘဝ တစ်ခုလုံး ချမ်းသာလို့ အလုပ်ကြိုးစားခဲ့တာကို အလုပ်မလုပ်တဲ့ လူပိန်း၊လူဖျင်း၊လူပေါ်ကျော့၊လူယုတ်မာ၊ လူမသမာတွေ ဒုက္ခပေးသူတွေများခဲ့တာကိုး။

သူ ရောဂါကုဖို့အတွက် အိမ်တလုံးရောင်းခဲ့တယ်လို့ ကြားရတယ်။ အခုလောက်ဆို ရတာလည်း ကုန်လောက်ပြီ။ ပုဂ္ဂလိကဆေးကုခ လန်ဒန်မှာ သိပ်ဈေးကြီးတယ်။ ပြီးကျန်အိမ်တစ်လုံးကို သူနာပြုတစ်ယောက်ကို အခမဲ့ ပေးနေပြီး သူ့ကို ပြုစုစေတယ်။ ပြီခဲ့တဲ့သုံးနှစ်အတွင်းမှာ ဗြိတိန်မှာ စီးပွားရေးကျနေတော့ ဘဏ်တိုးနှုံးကျ သူစီးပွားလည်း ပျက်နေပုံရတယ်။ စတော့ရှယ်ယာတာ သူလုပ်ခဲ့ရင်တော့ ပိုဆိုးမှာ။ မနေ့က သန်းကြွယ်သူဌေး၊ ဒီနေ့ သူဖုန်းစားဘဲ။

ဒီအဖွားကြီးကို မတွေ့တာ ကြာပါပြီ။ ကျမကလည်း ကိုယ်အိမ်လခပေးဖို့အတွက် အသက်ရှင်ဖို့အတွက် ရုန်းကန်နေရသူကိုး။

ကျမသာ အဖွားကြီးလိုဖြစ်ခဲ့ရင် တလတောင် အသက်ရှည်မှာ မဟုတ်ဘူး။ ငွေမတတ်နိုင်တော့ ကိုယ့်ကိုယ်ကို အဆုံးစီရင်ရင် စီရင်။ မစီရင်လည်း ငတ်ပြီးသေမှာဘဲ။ သူ့ကတော့ ခြောက်နှစ်ရှိပြီ။ ဆက်လက်အသက်ရှင်နေတယ်။

အိုနာသေဘေးဆိုတာ ငွေရှိလည်း မရှောင်နိုင်ပါ။ ငွေမရှိလည်း မရှောင်နိုင်ပါ။ ငွေရှိသူများကို မနာလိုစိတ်မရှိဖို့ ကြိုးစားရမယ်။ သူတို့လိုချမ်းသာခြင်ရင် ကိုယ်ဖာသာကိုယ်ကျိုးစားရမယ်။ သူလှူလှူမလှူလှူ သူ့ကိစ္စ၊ ကိုယ့်ကိစ္စမဟုတ်ပါ။ ကိုယ်က သိက္ခာမဲ့ လူပျင်း သူတောင်းစားဆိုရင်တော့ အရှက်မရှိ တောင်းစားရမှာပေါ့။ ဘယ်တတ်နိုင်မလည်းလေ။

 ဝေသံသရာမင်းကြီးကို ငယ်စဉ်က အားကျတာမျိုးလည်း အခု မရှိတော့ပါ။ အခုခေတ်မှာ စူစကာပုဏ္ဏားတွေများလွန်းတော့၊ ကိုယ့်ကိုယ်ကို သူတော်ကောင်းကြီးဖြစ်တယ်လို့ သူများက မြှေက်ပင့်တာ ကြိုက်ပြီး ပျော့ညံ့သူတစ်ဦးအဖြစ် အလှည့်စား မခံလိုပါ။ ဒါက ကျမပုဂ္ဂိုလ်ရေးအရအမြင်သာဖြစ်ပါတယ်။ ခေတ်သစ် ဝေသံသရာမင်းကြီးစစ်စစ် များ တကယ် ရှိနေရင်တော့ သူတို့ကို အလွန်လေးစားပါတယ်။ ပျော့ညံ့ အမြှောက်ကြိုက်သူများလို့တော့ မပြောလိုပါ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...