တောက်တဲ့ဈေးကွက် မြန်မာနိုင်ငံအထက်ပိုင်းရွှေ့
by Moenge Aung on Wednesday, October 26, 2011 at 10:25am
The Voice Weekly
မြန်မာနိုင်ငံ အောက်ပိုင်းဒေသများနှင့် အလယ်ပိုင်း ဒေသတို့တွင် ဈေးကြီးပေးဝယ်နေသော တောက်တဲ့ ဈေးကွက်သည် အထက်ပိုင်း ဒေသများသို့ ရွေ့လျား ရောက်ရှိလာကာ တောက်တဲ့ဖမ်းဆီးသော အဖွဲ့များပါ ရောက်ရှိလာကြောင်း ကချင်ပြည်နယ် မိုးညှင်း ဒေသခံများက The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။ အလေးချိန် ၂၀ ကျပ်သားရှိသော တောက်တဲ့များကို ကျပ်သိန်း ၈၀ ဝန်းကျင်ခန့် ပေးဝယ်မည်ဟု အဝယ်တော် အဖွဲ့များက ကြေညာသည့် အတွက် ဒေသခံများမှာ မူလလုပ်ကိုင်နေသော အလုပ်အကိုင်များကို ရပ်နားကာ တောထဲဝင်၍ တောက်တဲ့ ရှာဖွေမှုများ ပြုလုပ်နေကြောင်း ၎င်းတို့က ပြောကြားသည်။ “တောက်တဲ့ကို ဖမ်းပေးစရာ မလိုဘူး။ နေရာပြောတာနဲ့ ဖမ်းတဲ့အဖွဲ့တွေ လိုက်လာတယ်။ ဒါပေမဲ့ ၂၀ သားလောက် အကောင်ကို ဝယ်လို့ရတယ်ဆိုတာ မကြားမိသေးဘူး။ အကောင်သေးရင်လည်း မဝယ်ဘူး” ဟု မိုးညှင်းမြို့နယ် ဘီလူးကျေးရွာမှ ဒေါ်စန်းစန်းလှိုင်က ဆိုသည်။
တောက်တဲ့ အကောင်ကြီးများကို မတွေ့ရှိသော်လည်း ဒေသခံများက အကောင်သေးများကို ဖမ်းယူကြပြီး နည်းစနစ် မသိသည့်အတွက် သေဆုံးကုန်ကြောင်း ၎င်းက ဆိုသည်။ “တောက်တဲ့ အကြီးကြီး တွေ့ထားတယ်ဆိုလို့ တောထဲလိုက်သွားတာ ဖွတ်ဖြစ်နေတယ်” ဟု မိုးညှင်းမြို့ပေါ်မှ တောက်တဲ့ အဝယ်တော်အဖြစ် တာဝန်ယူထားသူ အမျိုးသားတစ်ဦးက ဆိုသည်။ ယခုအခါ ယင်းတောက်တဲ့များမှာ မျိုးသုဉ်းမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရပြီး ဖမ်းဆီးခြင်း မပြုကြရန် တားဆီးထားသော်လည်း ပြည်ပနိုင်ငံများက ဆေးဖော်ရန်အတွက်ဟု ဆိုကာ ဝယ်ယူကြခြင်း ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်နေသူတို့၏ ပြောဆိုချက်များအရ သိရသည်။ တောက်တဲ့များကို ဈေးကောင်းပေးဝယ်နေခြင်းသည် ဇီဝမျိုးစုံ မျိုးကွဲရေရှည် ရှင်သန်ရေးအတွက် ကောင်းမွန်သည့် လက္ခဏာ မဟုတ်ကြောင်း၊ တစ်ဖက်တစ်လမ်းမှ ကောင်းကျိုးပေးနေသော တောက်တဲ့များကို အလွယ်တကူ ဖမ်းယူရောင်းချနေမည်ဆိုပါက မျိုးသုဉ်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငှက်ဝါသနာရှင် အသင်းဥက္ကဋ္ဌ ဦးစိုးညွန့်က ပြောကြားသည်။
0 comments:
Post a Comment