သင့်ဦးနှောက်ကို ဖွင့်ထုတ်လိုက်ပါ
by Aung Myo Thu on Tuesday, October 25, 2011 at 6:05pm
ပြည်ပတွင်
ပညာသင်ကြားနေသော မြန်မာကျောင်းသားအများစုဆီကနေ ကြားလေ့ရှိတဲ့အသံတစ်ခု
ရှိပါတယ်။ အဲ့ဒါကတော့ ဦးနှောက်ဖောက်စားတယ်ဆိုတာပါပဲ။ ကိုယ့်ကိုဆရာက
တစ်ခုခုလုပ်ခိုင်းသည်ဖြစ်စေ၊ ကိုယ်လုပ်ထားတာကို ဆရာကသဘောမတွေ့ပဲ
ဟိုဟာထပ်လုပ် ဒီဟာထပ်လုပ် အစရှိသည်ခိုင်းသည့်အခါတွင်ဖြစ်စေ ကျွန်တော်တို့
မြန်မာကျောင်းသား/သူတွေဟာ ဒီနိုင်ငံဟာ တော်တော်ဆိုးတဲ့နိုင်ငံဖြစ်တယ်၊
နိုင်ငံခြားကျောင်းသားတွေဆီက ဦးနှောက်ဖောက်စားပြီး
သူတို့ကောင်းကျိုးရှာနေကြတယ်၊ အစရှိသဖြင့် ဒေါနှင့်မောနှင့်ပြောဆိုကြလေသည်။
မိမိလုပ်သလောက်နှင့်သာ သက်တောင့်သက်သာ ဘွဲ့ရချင်ကြသည့် သဘောဖြစ်၏။
ထို့ကြောင့် မိမိ၏အားထုတ်ထားမှုကို လေ့လာစမ်းစစ်ရမည့်အစား သူတစ်ပါးကိုသာ
အလွယ်တကူ ပြစ်တင်ဝေဖန်လေတော့သည်။
တကယ်တမ်းတော့ ပညာသင်ကြားခြင်းဆိုသည်ကိုက ဥာဏအားဖြင့်အသက်မွေးဝမ်းကျောင်းနိုင်ရန် ကြိုတင်ပြင်ဆင်ခြင်းဖြစ်၏။ ထို့ကြောင့် တက္ကသိုလ်ဆိုသောနေရာသည် သင်၏ဥာဏစွမ်းအား ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် အစွမ်းကုန်ပြုစုပျိုးထောင်ပေးရန် တာဝန်အပြည့်ရှိ၏။ တာဝန်သိတတ်သော ဆရာတစ်ယောက်သည် မိမိ၏တပည့်အား ရှေ့တစ်လှမ်းတိုးရန်ခိုင်းဖို့ဝန်မလေးသင့်သလို သင်ယူလိုစိတ်ရှိသော ကျောင်းသားတစ်ယောက်သည်လည်း ဆရာ၏စေခိုင်းချက်အား အပြုံးမပျက်ဆောင်ရွက်သင့်လေသည်။
ကိုယ်ကလုပ်ချင်စိတ်မရှိသည်ကို ဖုံးကွယ်ကာ သူတစ်ပါးအား လွယ်လွယ်အပြစ်ဖို့တတ်သောစိတ်သည် ကျောင်းသား/သူများတွင် ရှိသင့်သောစိတ်ထားမဟုတ်ပေ။ အခြေအနေအမှန်ကို အမှန်အတိုင်း နားလည်လက်ခံနိုင်စွမ်းရှိခြင်းသည် လူတစ်ဦးတစ်ယောက်အတွက် အထူးအရေးပါသော အရည်အချင်းတစ်ရပ် ဖြစ်ပေသည်။ ကျွန်တော်တို့ လူဆိုသည်မှာ ကိုယ့်ကိုယ်ကို ကြံဖန်လိမ်တတ်သော သဘောရှိ၏။ ကိုယ်မရလိုက်တဲ့အရာတစ်ခုကို ငါမလိုချင်လို့ပါ၊ ကိုယ်မလုပ်နိုင်၊မလုပ်ချင်သည်ကို ဖုံးကွယ်ကာ ဦးနှောက်ဖောက်စားတယ်ဟုပြောလေ့ရှိ၏။ ဦးနှောက်ဖောက်စားတယ်ဟု ပြောလိုက်ခြင်းဖြင့် မိမိ၏အပြစ်ကို ဖုံးကွယ်ပြီးဖြစ်သလို မသိမသာ ကိုယ်ကပဲလူတော်ကြီးလိုလိုဘာလိုလိုဖြစ်သွားကာ ကျေကျေနပ်နပ်ကြီးပင် အများရှေ့တွင် ထိုကဲ့သို့ကျယ်လောင်စွာ ပြောဆိုတတ်လေသည်။ တကယ်တမ်းတွင်တော့ မိမိမလုပ်နိုင်၊ မလုပ်ချင်သည်ကို ပြောပြနေခြင်းပင်ဖြစ်၏။
တက္ကသိုလ်များ၏သဘောသဘာဝ၊ ကျောင်းသားတာဝန်ဝတ္တရား၊ မိမိရောက်ရှိနေသော တက္ကသိုလ်၏အဆင့်အတန်း စသည်တို့ကို နားလည်အောင်ကြိုးစားသင့်၏။ ပြီးမှသာ ကိုယ်ကလွန်သည်၊ သူကလွန်သည်ကို ဆုံးဖြတ်သင့်၏။ တက္ကသိုလ်တစ်ခုရပ်တည်ရန် လွယ်ကူသည်မဟုတ်၊ မိမိတက္ကသိုလ်၏ ဂုဏ်သိက္ခာ အဆင့်အတန်းတိုးတက်ရန် အဖက်ဖက်မှ တာဝန်ရှိသူများက နေ့ရှိသ၍ကြိုးစားနေကြရ၏။ ပြည်တွင်းတက္ကသိုလ်များနှင့်ယှဉ်ကာ မိမိတက္ကသိုလ်ရပ်တည်ရေးအတွက် ကြိုးစားရသကဲ့သို့ နိုင်ငံတကာတက္ကသိုလ်များနှင့်ရင်ဘောင်တန်းနိုင်ရေးအတွက်လည်း နေ့ရှိသ၍ကြိုးစားနေကြရ၏။ ကမ္ဘာနှင့်ရင်ဘောင်တန်းရန် ကြိုးစားနေသောနေရာတွင် သင် ကမ္ဘာကျော်စိတ်ကူးများ မထုတ်နိုင်ဘဲနှင့် ကိုယ့်ဦးနှောက်ဖောက်စားတယ်ဟုပြောနေသည်မှာ ရှက်စဖွယ်ဖြစ်၏။
ထိုသို့ပြောဆိုခြင်းမှာ အဓိကအကြောင်းအရင်း နှစ်ခုကြောင့်ဖြစ်ရ၏။ ပထမတစ်ခုမှာ အခြေနေမှန်ကိုသုံးသပ်နိုင်သော ပညာဥာဏ်မရှိခြင်းဖြစ်ပြီး၊ အသိမ်မွေ့ဆုံးနှင့် ကျွန်တော်တို့ အကျူးလွန်ဆုံးနောက်တစ်ခုမှာ မိမိကိုယ်ကိုလိမ်လည်ခြင်းဖြစ်သည်။ ကျွန်တော်တို့ဟာ တတ်ယောင်ကား ဘ၀နှင့်သာကျေနပ်နေတတ်သည့်သဘာဝရှိ၏။ ကျွန်တော်တို့ဟာ ငယ်ရွယ်စဉ် ကျောင်းသား/သူဘ၀မှာ လေ့လာဆည်းပူးသင့်သည်ကိုမလေ့လာ၊ စာလည်းဖတ်လေ့မရှိ၊ စာကောင်းပေမွန်ဖတ်လေ့ရှိသောသူအားလည်း ကြောင်တောင်တောင်ဟူ၍ပင်ပြောဆိုတတ်ကြသေး၏။ ဒီလိုနဲ့ နောက်တော့ ကိုယ့်ကိုယ်ကို မသုံးသပ်တော့ဘဲ သူတစ်ပါးအား အလွယ်တကူ လက်ညှိုးထိုးတတ်သောသူများသာ များလာလေတော့သည်။
မိမိကကြိုးစားအားထုတ်လေ့မရှိသဖြင့် အပြင်းအထန်ပြိုင်ဆိုင်ကြိုးစားဖို့ လိုအပ်လာသောအခါ အလွယ်တကူ လက်ခံနိုင်စွမ်း (Adaptability) မရှိတော့ဘဲ ကမောက်ကမဖြစ်ကုန်ကြလေတော့သည်။ ဤနေရာတွင်သာ အလွယ်တကူလက်မခံနိုင်ဖြစ်ကြသော်လည်း အသုံးမကျသော အများတကာလို လျှပ်ပေါ်လော်လီသော အ၀တ်များဝတ်ခြင်း၊ ဂျပန်ရေချိုးဟုခေါ်သော အများနှင့်ကိုယ်လုံးတီးရေချိုးခြင်း၊ အရက်သောက်ခြင်း စသည်တို့တွင်မူ မြန်မာတို့ အလွန်လျှင်မြန်လွယ်ကူစွာ လက်ခံကျင့်သုံးနိုင်သည်ကို တွေ့ရလေသည်။ ထိုသို့မကျင့်သုံးဘဲ မိမိယဉ်ကျေးမှု၊ အမျိုးဘာသာ သာသနာကို ထိမ်းသိမ်းသောသူတို့အား လူ့ဂွစာတွေ၊ ရောမရောက်ရင် ရောမလိုကျင့်ရမယ်ဆိုတာတောင် မသိတဲ့သူတွေစသဖြင့်ပြောတတ်ကြလေသည်။ ထိုသို့အတုခိုးကာ သူလိုငါလို ၀တ်စားနေထိုင်သည်ကို အပြစ်မပြောလိုပါ…သို့သော် ကောင်းသောအရာများကိုတော့ လက်သင့်ခံဖို့၊ လက်ခံနိုင်စွမ်းရှိဖို့ အနည်းဆုံးတော့ ကြိုးစားကြည့်သင့်၏။
မဟုတ်တရုတ်အကျိုးမရှိတာတွေကိုတော့ ကျွန်တော်တို့ဟာ အလွယ်တကူလက်ခံတတ်ကြပြီး ယူရမည့်အဓိကအရာဖြစ်သော ပညာဥာဏ်တိုးတက်အောင်တော့ ကြိုးစားယူချင်စိတ်မရှိကြပေ။ ဗိုလ်ချုပ်၏ စကားနှင့်ပြောရမည်ဆိုလျှင် ကျွန်တော်တို့ဟာ တလွဲဆံပင်ကောင်းတွေသာများ၏။ သို့ဆိုလျှင် အနာဂတ်တွင် ကျွန်တော်တို့နိုင်ငံသည် ဗိုလ်ချုပ်ပြောသော ဖာနိုင်ငံအဖြစ်သို့ရောက်ရှိသွားပေမည်။
ထို့ကြောင့်အနာဂတ်တိုင်းပြည်၏ မောင်းနှင်အားများဖြစ်ကြသော ကျောင်းသား၊သူများအနေဖြင့် တလွဲဆံပင်ချည်းကောင်းမနေကြဘဲ၊ အရာရာကို မှန်ကန်စွာဆင်ခြင်သုံးသပ်ကာ ပညာဥာဏ်တိုးတက်ဖို့ ကြိုးစားသင့်ပေသည်။
မိမိကိုယ်ကို မှန်ကန်စွာသုံးသပ်ခြင်းကသာ မိမိအား ပို၍တောက်ပသော အနာဂတ်ဆီသို့ ခေါ်ဆောင်သွားပေမည်။ မိမိကိုယ်ကို မလိမ့်တပါတ်လုပ်ခြင်းဖြင့် တိုးတက်သင့်သလောက် မတိုးတက်ဘဲသာရှိမည်။ တခြားဘာမှကောင်းကျိုးပေးမည်မဟုတ်။ ယခုလို ဖြည့်ဆည်းစရာများမြောင်လှသော ခေတ်ကြီးတွင် ယဉ်ကျေးမှုပေါင်းစုံကို မှန်ကန်သောအမြင်ဖြင့် နားလည်လက်ခံနိုင်သကဲ့သို့ သင်တို့၏သင်ယူလိုသော ဦးနှောက်တံခါးများကိုလည်း ပညာဥာဏ်ရေစစ်ခံကာ ကျယ်ကျယ်သာဖွင့်ထားကြပါလို့ တိုက်တွန်းလိုက်ပါရစေ။
မောင်မျိုး(စက်မှု)
အတွေးအမြင်
Credit : http://myanmar-yis.net မှဖြစ်ပါသည်။

0 comments:
Post a Comment