Tuesday, October 25, 2011

သုံးဆယ့်တစ်ဘုံ အော်ပရာ

by သစ္စာနီ on Tuesday, October 25, 2011 at 10:19pm


ပါတီပွဲ ကျင်းပနေသော ခန်းမဆောင်ကြီးထဲသို့ ဝင်ရောက်ရန် တစ်ခုတည်းသော အပေါက်ဖြစ်သည့် တံခါးမကြီးအနီးတွင် စားပွဲတစ်လုံး ရှိနေ၏။ ထိုစားပွဲပေါ်တွင် မျက်နှာဖုံး မြောက်မြားစွာကို တင်ထားလေသည်။ ထိုစားပွဲပေါ်တွင်ပင်

“ကျေးဇူးပြု၍ ...
သင့် မျက်နှာကို မျက်နှာဖုံးတစ်ခု တပ်ဆင်ပြီးမှသာ
ခန်းမဆောင်အတွင်းသို့ဝင်ရောက်ပါ။”


ဟူသော စာတန်းတစ်ခုကိုလည်း ထောင်ကာ တင်ထား၏။ စားပွဲပေါ်မှ လက်သင့်ရာ မျက်နှာဖုံးတစ်ခုကို ယူကာ မျက်နှာတွင် ကျွန်တော် တပ်ဆင်လိုက်ပါသည်။ ချက်ချင်းပင် ကျွန်တော့်မျက်နှာအစစ်သည် ပျောက်ကွယ်သွားကာ ကျွန်တော့် မျက်နှာပေါ်တွင် ကျွန်တော့် မျက်နှာမဟုတ် သော မျက်နှာအတု တစ်ခု ဖြစ်ပေါ်လာခဲ့၏။ ခြေလှမ်းကျဲကျဲဖြင့် ခန်းမဆောင်ထဲသို့ကျွန်တော် လှမ်းလျှောက် ဝင်လိုက်သည်။
          လူတွေ တစ်ဦးနှင့်တစ်ဦး အလုအယက် စကားပြောနေကြသံ၊ အရက်ဖန်ခွက် နှုတ်ခမ်းချင်း ထိသံ၊ ဖွင့်ထားသော ရုပ်မြင်သံကြားမှ အသံ၊ ကြမ်းပြင်နှင့် ဖိနပ်များ ရှပ်တိုက်သံ၊ ဇွန်း၊ ခက်ရင်းများနှင့် ပန်းကန်များ ထိသံ၊ တီးဝိုင်းမှ တီးမှုတ်သံ၊ ချောင်းဟန့်သံ၊ ရယ်မောသံ၊ အဝတ် အစားများ ထိခတ်သံ စသည့် အသံပေါင်းစုံတို့သည် အမျိုးအမည် မကွဲပြားတော့ဘဲ အရောရောအနှောနှော ဖြစ်ကာ ခန်းမဆောင်ထဲတွင် အသံဖြင့် ပြုလုပ်ထားသော ရေတံခွန်တစ်ခုပမာ အဆက်မပြတ် တဝေါဝေါ မြည်ညံနေလေသည်။
            ခန်းမဆောင်ထဲတွင် ထွန်းညှိထားသော မီးသီး၊ မီးချောင်းများ၏ အလင်းရောင်မှာ မျက်စိကျိန်းလောက်အောင်ကပင် စူးရဲဝင်းထိန် နေ၏။ ကျွန်တော့်အဖြစ်သည် ပျားလပို့အတွင်း ဥမှပေါက်စ ပျားတစ်ကောင် ရုတ်ရုတ်သဲသဲ အခြေအနေကို ရုတ်တရက် ကြုံရပုံမျိုးဖြင့် ဆင်တူ နေလေသည်။ အချိန်အတော်ကြာမှ ခန်းမဆောင်အတွင်းမှ အလင်းရောင်နှင့်သော်လည်းကောင်း၊ အသံဗလံများနှင့်သော်လည်းကောင်း ကျွန်တော် အသားကျ၍ သွားသည်။
          ခန်းမဆောင်ထဲတွင် ကျွန်ုပ်ကို ဆီးကြိုဧည့်ခံမည့်သူ တစ်စုံတစ်ယောက်ကိုမှ မမြင်မတွေ့ရ။ ဤပါတီကို ဦးဆောင်ကျင်းပခဲ့သူ၊ ကျွန်တော့်ထံသို့ ဖိတ်စာပို့ပေးခဲ့သူကို ကျွန်တော် မျက်လုံးဖြင့် အနှံ့ရှာဖွေကြည့်မိသည်။ သို့သော် ဤကဲ့သို့ရှာဖွေခြင်းသည် အချည်းနှီး ရူးသွပ်မှု တစ်ခုသာဖြစ်ကြောင်း ချက်ချင်းပင် ကျွန်တော် သဘောပေါက်သွားသည်။ ဤအခန်းထဲတွင် ရှိသော လူသားအားလုံးတို့သည် သူတို့၏ ပင်ကို ရုပ်သွင်နှင့် မဟုတ်ကြ။ သူတို့၏ မျက်နှာပေါ်တွင် နဂိုမျက်နှာနှင့် မဆီဆိုင်လှသော မျက်နှာဖုံး တစ်ခုခုကို တပ်ဆင်ထားသူများချည်းသာ ဖြစ်ကြ၏။
          ထိုနည်းတူ ကျွန်တော့်ထံသို့ ဖိတ်စာပို့ခဲ့သူ၊ ဤပါတီပွဲ ကျင်းပသူသည်လည်း ပင်ကိုမျက်နှာနှင့် မဟုတ်ဘဲ တပ်ဆင်ထားသော မျက်နှာဖုံးတစ်ခုခုကို တပ်ဆင်ထားလေသနည်း။ မျောက်တစ်ကောင်၏ မျက်နှာဖုံးလား၊ ဝက်ဝံတစ်ကောင်၏ မျက်နှာဖုံးလား၊ ကျွန်တော် မဝေခွဲနိုင်။ ဝေခွဲရလည်း ခက်လှလေသည်။
         သူသည် အခန်းထောင့်တွင် တယ်လီဗေးရှင်း ထိုင်ကြည့်နေသော နွားတစ်ကောင်လား၊ ဝိုင်အရက်သောက်နေသော မျက်ထောင့်နီနီနှင့် ခြင်္သေ့လား၊ သံစုံတီးဝိုင်းမှ ပုတ်သင်ညိုမျက်နှာဖုံးနှင့် တီးခတ်နေသူတစ်ယောက်ယောက်သည် သူ ဖြစ်နေလေမလား။ တီးဝိုင်းမှ တီးမှုတ်နေသော သီချင်းမှာ...
          လယ်တီ ဆရာတော်ဘုရားကြီး၏ “မိုက် မလင်းနိုင်ဘု” လေးချိုးကြီး ဖြစ်နေသည်ကို ထူးဆန်းစွာ တွေ့ရလေသည်။ မျက်စိ ကျိန်းလောက်ဖွယ် အလင်းရောင်တွေ တောက်လောင်နေသော အခန်းထဲတွင် အလင်းရောင် တိုးမပေါက်နိုင်သော အမိုက်တိုက်ဆိုသည်မှာ “အဝိဇ္ဖာ” အမှောင်ထုသာ ဖြစ်ပေမည်။ အခန်း ပြင်မှာတော့ ညသည် ထူထပ် မည်းပိတ်စွာ စိုးမိုးနေပေမည်။ ဤအခန်းထဲမှာတော့ ညမရှိ။ ညကို မေ့လျော့ထားသူတွေသာ ရှိ၏။ ပိတ်ထားသော မှန်ပြတင်းပေါက်တံခါးများတွင် ထူထဲသော ခန်းဆီးများ ပိတ်ကာထားသဖြင့် ညကို ဂရုမပြုမိကြလေသလား။
            ဝံပုလွေတစ်ကောင်နှင့် ကျားသစ်တစ်ကောင်သည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ရယ်မောနေကြသည်။ မြည်း တစ်ကောင်က တိတ်ဆိတ်စွာ ရက်လွန်သတင်းစာ တစ်စောင်ကို ဖတ်နေလေသည်။ မြွေတစ်ကောင်က တခြား မြွေတစ်ကောင်၏ ခါးကိုဖက်ကာ၊ တွန့်လိမ်ကောက်ကွေး ကနေလေသည်။ စားပွဲထိုး အဝတ်အစားနှင့် ဖျံတစ်ကောင်၏ လင်ပန်းထဲမှ ဖန်ခွက်တစ်ခွက်ကို ကျွန်တော်လှမ်းယူကာ မော့သောက်လိုက်သည်။ ဖန်ခွက်ထဲမှ ရွှေရောင်အရည်များသည် မီးတောင်မှ ချော်ရည်များလို လည်ချောင်းတစ်လျှောက် ပူလောင်စွာ ပွတ်တိုက် စီးဆင်းသွား၏။ အနံ့၊ အရသာ ဆိုးဝါးလှသည့် ထိုအရည်များသည် ဘာကြောင့် ရွှေရောင်တောက်နေရသနည်း။

“ဘယ်နှနာရီ ရှိပြီလဲ”

အနီးမှ ဇီးကွက်တစ်ကောင်ကို မေးလိုက်၏။

“ဒီ အခန်းထဲမှာ နာရီတစ်လုံးမှ မရှိဘူး” ဟု ခပ်တိုးတိုးဖြေ၏။ မှန်၏။ သတိထားကြည့်လိုက်တော့မှ၊ အခန်းထဲတွင် နာရီတစ်လုံးမှ မရှိတာ သိရ၏။

“ခင်ဗျားက ဘာဖြစ်လို့နာရီမေးနေရတာလဲ "

မြေခွေးတစ်ကောင်က မေး၏။

“ဒီပွဲကြီး ဘယ်တော့ ပြီးမလဲ သိချင်လို့ပေါ့”

“မိုးသောက်ရင်တော့ ပြီးသွားမှာပေါ့ဗျာ”

လင်းယုန်တစ်ကောင်က ညည်းညူသံနှင့် ဖြေ၏။

“အင်း...  ကျုပ်အဖို့ကတော့ အော်ပရာတစ်ပုဒ်ကို ကြည့်နေရသလိုပါပဲ”

“ခင်ဗျားတို့ပါးစပ်တွေ ပိတ်ထားတော့။ ဒီဘက်ကို မြင်းကျား တစ်ကောင် လျှောက်လာနေတယ်”

ဘယ်သူကမှန်း မသိ၊ သတိပေးသံ ကြားလိုက်ရ၏။

မိုက် မလင်းနိုင်ဘု...

သီချင်းသံက ထပ်ကျော့ ပျံ့လွင့်နေသည်။ ဤပါတီပွဲကို ဘယ်လို ရည်ရွယ်ချက်နှင့် ကျင်းပကာ ကျွန်တော်ကရော ဘာကြောင့် ရောက်ရှိလာခဲ့ရပါသနည်း။ တရားခံမှာ အဝိဇ္ဖာလော။ ယခုတော့ အော်ဂလီဆန်ဖွယ် ကောင်းသော အလင်းရောင်၊ အသံတို့နှင့်အတူ စိတ်ရှုပ် ထွေးဖွယ် သတ္တဝါများသည် အော်ပရာတစ်ပုဒ် ကပြနေသည့်နှယ် ကျွန်တော့်ရှေ့တွင် သက်ဝင်လှုပ်ရှားနေကြသည်။

သတ္တဝါ။
ထိုစကားလုံးက ကျွန်တော့်ကို အပြင်းအထန် တုန်လှုပ်စေသည်။ ဤအခန်းထဲရှိ လူတိုင်း၏ မျက်နှာပေါ်တွင် သတ္တဝါတစ်ကောင်၏ မျက်နှာဖုံးတစ်ခု ခုကို တပ်ဆင်ထားကြသည်။ ထို မျက်နှာဖုံးအားလုံးကိုလည်း ကျွန်တော် မြင်နေရ၏။ သို့သော် ကျွန်တော့် မျက်နှာပေါ်က မျက်နှာဖုံးကိုတော့ ကျွန်တော် မမြင်ရ။ မျက်နှာဖုံးကို အမှတ်မထင် တပ်ဆင်စဉ်က အမှတ်တမဲ့၊ သတိမထားခဲ့။ ကျွန်တော့် မျက်နှာရှိ မျက်နှာဖုံးကို လက်နှင့် စမ်းလိုက်မိ၏။ ပို၍ တုန်လှုပ်ချောက်ချားသွားသည်။ ထိုမျက်နှာဖုံးသည် ကျွန်တော့်မျက်နှာမှ ခွာမရအောင် တင်းတင်းကျပ်ကျပ် ကပ်၍ နေလေသည်။

ရင်ထဲတွင် ပြင်းပြသော စူးစမ်းလိုစိတ် ဖြစ်ပေါ်လာ၏။  ကျွန်တော့် မျက်နှာတွင် မည်သို့သော မျက်နှာဖုံးရှိနေလေသနည်း။ သိချင် လှပါသည်။ ကျေးဇူးပြု၍ စာဖတ်သူ မိတ်ဆွေ မြင်လျှင် ပြောပြစေချင်ပါသည်။

သစ္စာနီ (လက်ရွေးစင် မော်ဒန်တတ္ထုတိုများ၊ ဖေဖော်ဝါရီလ၊ ၂ဝဝ၃)

credit: thanthannaing (mmcybermedia)


Read more...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...