Tuesday, October 25, 2011

အော်တာနေးတစ် ဖွံ့ဖြိုးမှုဆိုင်ရာ အယူအဆများ(၁)

စံပယ်ဖြူ ၊ မဂ္ဂဇင်းမှ

မိတ်ဆက်
          အော်တာနေးတစ်ဆိုသည်မှာ ပင်မရေစီးမှခွဲထွက်သော၊ ခေတ်သုံးစံညွှန်းများကို ချိုးဖျက်သော ကမ္ဘာကြီးကို ကိုယ်ပိုင်ရှုထောင့်သစ်တစ်မျိုးမှ ပြောင်းလဲကြည့်မြင်သော ဖြစ်စဉ်များနှင့်အကြောင်းအရာများ ကို ဆိုလိုပါသည်။ အနုပညာ၊ ပညာရေး၊ စီးပွားရေး၊ ဘာသာရေးနှင့် နိုင်ငံရေးတို့ကဲ့သို့ လူ့ယဉ်ကျေးမှု၏ နယ်ပယ်စုံ၌ အော်တာနေးတစ်အတွေးအခေါ်များ၊ စီးကြောင်းများရှိနေခဲ့ကြသည်။ အော်တာနေးတစ် အတွေးခေါ်များသည် မျက်မှောက်ခေတ်ကိုလွှမ်းမိုးကြီးစိုးထားသော သမာရိုးကျဖြစ်မှုများကို ဝေဖန်ဆန့်ကျင် ရုံမျှမက မိမိတို့ဘာသာလမ်းကြောင်းသစ်တစ်ခုကို တွင်ကျယ်အောင်ဖော်ဆောင်နိုင်စွမ်းလည်းရှိကြသည်။
ယခုဆောင်းပါးတွင် တင်ပြမည့်အော်တာနေးတစ် ဖွံ့ဖြိုးတိုးတတ်ရေးအယူအဆများသည် လက်ရှိတစ်ကမ္ဘာ လုံး လက်ခံကျင့်သုံးနေသော (ကျင့်သုံးရန်ကြိုးစားနေကြသော) အရင်းရှင်ဈေးကွက်စီးပွားရေး၏ ဖွံ့ဖြိုးတိုး တတ်မှု အယူအဆဆိုင်ရာ ပါရာဒိုင်းတစ်ခုလုံးကို ဘက်ပေါင်းစုံမှ ဝေဖန်ချေဖျက်ပစ်ရန် ကြိုးစားနေကြသော အယူအဆများဖြစ်သည်။
၎င်းတို့သည်ပုံစံဟောင်းကိုငြီးငွေ့ရုံ အသစ်တည်ထွင်ဖန်တီးရုံသက်သက်တော့ မဟုတ်ပါပေ။ ဈေးကွက်စီးပွားရေးစနစ်၏ မွေးရာပါချွတ်ယွင်းအားနည်းချက်များနှင့် ယင်းစနစ်ကို တွေးခေါ် အခြေခံအဖြစ် ကျင့်သုံးသောဖွံ့ဖြိုးတိုးတတ်ရေး ပေါ်လစီများကြောင့် လူမှုရေး၊ နိုင်ငံရေး၊ ကျင့်ဝတ်နှင့် သဘာဝဘေးအန္တရယ်ဆိုင်ရာ ပြဿနာကြီးများဖြစ်ပွားလျှက်ရှိရာ၊အဆုံးအစွန်အားဖြင့်ထိုပြဿနာကြီး များသည် လူ့ယဉ်ကျေးမှုစနစ်နှင့်ကမ္ဘာမြေ၏ဂေဟဗေဒဆိုင်ရာစနစ်များကိုပါ ပျက်စီးချုပ်ငြိမ်းစေနိုင်
လောက်သည့်အဖျက်စွမ်းအားရှိကြသည်။ အော်တာနေးတစ်ဖွံ့ဖြိုးရေးအတွေးအခေါ်များ၌လည်း အခြား အလားတူပြဿနာများရှိနေပါသေးသည်။ သို့သော်၎င်းတို့သမာရိုးကျ အရင်းအမြစ်ဖွံ့ဖြိုးမှုပါရာဒိုင်း၏ ပြဿနာများကိုတော့ အလေးအနက်ထားဖြေရှင်းရန် သူ့နည်းသူ့ဟန်ကြိုးစားကြသည့် အတွေးအခေါ်များ ဖြစ်နေကြသည်။ စံပယ်ဖြူစာဖတ်ပရိတ်သတ်များအပါအဝင် မိမိတို့လူ့အဖွဲ့အစည်းနှင့်တကွ မြေကမ္ဘာ၏ ကံကြမ္မာကို အလေးအနက်ထားကြသူများအားလုံး ထိုအယူအဆများကို လေ့လာသုံးသပ်ကြရန် လိုအပ် မည်ဖြစ်ပါသည်။

နိဒါန်း
          စီးပွားရေးဖွံ့ဖြိုးမှု (economic growth) နှင့်လူမှုအဆင့်မြင့်မားရေး( development) တို့မှာ စီးပွားရေး
ပညာ(economics) ဟူသော ဘာသာရပ်တစ်ခု ကောင်းစွာမပေါ်ပေါက်မီကပင် လူတို့အမျိုးမျိုးအဖုံဖုံ ကြံစည်တွေ တွေးဆ လက်တွေ့အကောင်ထည်ဖော်ဆောင်ရွက်ခဲ့ကြသော ကိစ္စရပ်များဖြစ်သည်။ ယခုအချိန်တွင်မူ သီးသန့်ပညာရပ် နယ်ပယ်တစ်ခုအဖြစ် တခမ်းတနားတည်ရှိနေပြီး ပေါ်ထွက်ခဲ့သမျှ အသိဥဏ် အညွန့်အဖူး  ပုဂိုလ်ကျော်တို့ ကျင်လည်ကျင့်စားရာ ရပ်ဝန်းတစ်ခုကလည်း အများက ခေတ် အဆက်ဆက်လက်ခံထားတတ်ကြသည်။
ထို့ကြောင့်လူမှုစီးပွားဖွံ့ဖြိုးမှုနှင့် ပတ်သက်သောအရေးအရာများကို၎င်းတို့ (စီးပွားရေးပညာရှင်မျိုးဆက်များ) က တာဝန်ယူကိုင်တွယ်စီမံကြပေလိမ့်မည်ဟု ကျွန်ုပ်တို့အလွယ်တကူ ယုံစားထားလေ့ရှိသည် ။ ယခုဖော်ပြသည့် အော်တာနေးတစ်ဖွံ့ဖြိုးမှု အယူအဆများအကြောင်း၊ မဆွေးနွေးမှီ အောက်ပါဖြစ်စဉ် တစ်ခုကို ကြည့်ကြမည်။ စီးပွားရေးပညာရပ်၏ ပြကွက်တစ်ကွက်ပင်ဖြစ်သည်။

          ကမ္ဘာသမိုင်းတွင် ကုန်စည်ကူးသန်းရောင်းဝယ်မှု (trade) စတင်ဖွံ့ဖြိုးလာသောအချိန်ကာလတစ်ခုရှိခဲ့
သည်။ ယနေ့ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင်နိုင်ငံများသည် ထိုသို့ကုန်သွယ်ရေးခေတ်ဦးအစတွင် အဓိက ပါဝင်ခဲ့ကြသောနိုင်ငံများဖြစ်နေသည်ကို တွေ့ရမည်ဖြစ်ပြီး၊ ၎င်းတို့၏ ဥစ္စာဓနများကို ထိုခေတ် ထိုအခါက တည်းကပင် စတင်စုဆောင်းပွားများ စည်ပင်ခဲ့ကြခြင်းဖြစ်သည်။ ဘောဂဗေဒစတင် ရွှေထီးဆောင်းသော ခေတ်ဟုပင်ဆိုနိုင်လေသည်။ ထုခေတ်က ဘောဂဗေဒပညာရှင်များသည် နိုင်ငံများ၏ ဥစ္စာဓနဖွံ့ဖြိုးရေး အတွက် အောက်ပါအကြံကိုပေးသည်။ နိုင်ငံတိုင်းသည် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး၌ မြတ်စွန်း အောင် (ပိုငွေပြအောင်) ဆောင်ရွက်ပြီး ရလာသောပိုငွေကို ရွှေဝယ်ယူ စုဆောင်းထားရမည်ဟူသော အကြံပင်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏စီးပွားရေးအင်အားသည် ထိုနိုင်ငံ၏ ဘဏ္ဍာတိုက်တို့၌ ကောင်းစွာသိမ်းဆည်းထားအပ်သော ရွှေသတ္တုတို့၏ တန်ချိန်ဖြစ်သည်ဟူသောအဆိုသည် ထိုစဉ်က နိုင်ငံတိုင်းလိုက်နာကျင့်သုံး လက်ခံသော အမှန်တရားပင်ဖြစ်သည်။ ရွှေနှင့်ဓနအင်အား တိုက်ရိုက် ချိတ်ဆက်သော အယူုအဆကို Bullionsim ဟုခေါ်သည်။ ထိုအယူအဆကိုရွှေတွင်းပိုင်သောနိုင်ငံများ နှင့် ရွှေတွင်းမပိုင်သောနိုင်ငံများ (ထိုအယူအဆနိုင်ငံများကို ဤသို့နှစ်မျိုးနှစ်စားခွဲသည်။) အားလုံးကျင့်သုံး
နိုင်သည်။ ရွှေတွင်းပိုင်သော နိုင်ငံများအနေဖြင့် မိုင်းတွင်းများ၌ ငွေအား၊ လူအား ဆထက်တပိုးမြုပ်နှံပြီး၊ ရွှေထွက်ကို တိုးသည်ထက်တိုးစေရန် တူးကြရမည်။ ရွှေတွင်းမပိုင်သော နိုင်ငံများမူကား နိုင်ငံတကာ ကုန်သွယ်ရေးမှအမြတ်အစွန်းကို တတ်နိုင်သလောက်ရှာဖွေပြီး ရွှေကို ဝယ်ယူစုဆောင်းကြရမည်ဖြစ်သည်။ ဆိုလိုသည်မှာထိုနိုင်ငံများသည် လက်တွေ့အသုံးကျတန်ဖိုး (use value) မြင့်မားသောကုန်စည်အမျိုးမျိုးကို အမြတ်အစွန်းပေါ်အောင်ဟိုမှသည် ရောင်းဝယ်ဖောက်ကားကြပြီး ရရှိသောအမြတ်ဖြင့် အသုံးချသောတန်ဖိုး မယ်မယ်ရရမရှိသော အဝါရောင်ဒြပ်ဝတ္ထုတစ်မျိုးကို စုဆောင်းကြရမည်ဟူ၍ဖြစ်သည်။ 

ထိုဒြပ်စင်သည်သုံးချတန်ဖိုး သိပ်မရှိသော်လည်း၊ နိုင်ငံတစ်ခု၏ဓနနှင့်အင်အားကို ကိုယ်စားပြုသည်ဟူသော အယူအဆသည် အယူအဆတစ်ခုသက်သက်မဟုတ်ဘဲ ဘောဂဗေဒဆိုင်ရာ အမှန်တရားတစ်ခုဖြစ်သည်။ ထိုအယူအဆကြောင့် ဘယ်လိုအကျိုးဆက်တွေဖြစ်သလဲဆိုတာ ဆက်လက်လေ့လာကြည့်ကြမည်။ ရွှေစုရေး ဘောဂဗေဒ အလိုအရ ရွှေတွင်းမပိုင်သောနိုင်ငံများအများစုဖြစ်နေရာ ၎င်းတို့အဖို့ နိုင်ငံတကာ ကုန်သွယ်ရေးမှ အကျိုးအမြတ်ကို ကျားကုတ်ကျားခဲရှာရန်သာရှိသည်။ ကုန်သွယ်ရေး၏ သဘောသဘာဝ အရ ပြိုင်ဆိုင်မှုရှိသည်။ ဈေးအပေါဆုံးနှင့် အရည်အသွေးအကောင်းဆုံးကုန်စည်ကို ရောင်းချနိုင်သူမှာ ရေရှည်တွင် အသာရမည်ဖြစ်သည်။ ထို့ကြောင့် ဈေးကွက်ပြိုင်ဆိုင်နိုင်စွမ်းကိုမြင့်တင်ရန်အတွက် ထုတ်လုပ် မှု ကုန်ကျစရိတ်ကိုအတတ်နိုင်ဆုံးလျော့ချရန်လိုအပ်သည်။ ထုတ်လုပ်မှုကုန်ကျစရိတ်တွင် လုပ်အားမှာ အဓိကအခန်းကဏ္ဍမှပါဝင်နေရာ ဈေးကွက်ပြိုင်ဆိုင်နိုင်စွမ်းမြင့်မားစေရန်အတွက် လုပ်ခနိမ့်ပါးနေဖို့
လိုသည်။ ထိုသို့လုပ်အားခမြင့်တတ်မလာစေရန် လုပ်သားအင်အား (အလုပ်လုပ်လိုသူ) အမြဲတမ်းပိုလျှံ နေရစေမည်ဖြစ်သည်။ လုပ်အားအမြဲပိုလျှံစေရန်အတွက် လူဦးရေတိုးအောင်ဖြစ်စေ၊ လူလုပ်အားအစားထိုး နည်းပညာများထွန်းကာအောင်ဖြစ်စေ ဆောင်ရွက်နိုင်သည်။ ဤနေရာတွင်အဓိကထောက်ပြလိုသည်မှာ နိုင်ငံတစ်နိုင်ငံချမ်းသာကြွယ်ဝရေးအတွက် ၎င်းတို့၏နိုင်ငံသားအများစုဆင်းရဲနေရန်လိုအပ်ပြီး ထိုဆင်းရဲ သားထုကြီးသည် ၎င်းတို့၏ဈေးပေါသောလုပ်အားကို ရွှေတွင်းများ၌ဖြစ်စေ၊ ရွှေကိုရရှိရာ ရရှိကြောင်းဖြစ် သော ကုန်သွယ်ရေး၌ဖြစ်စေ ထည့်ဝင်အသုံးတော်ခံရန်လိုအပ်သော အချက်ဖြစ်သည်။ တကယ်တော့ ရွှေဆင်းတူးသည်ဖြစ်စေ၊ ရွှေအလိုငှာကုန်သွယ်သည်ဖြစ်စေ ၎င်းတို့၏တစ်သီးပုဂလဘဝကို တိုက်ရိုက် အကျိုး ဖြစ်ထွန်းစေခြင်းတော့မရှိပေ။ လုပ်အားခ အနည်းငယ်ရသည်မှန်သော်လည်း ရွှေသည်လည်း ကောင်း၊ ကုန်သွယ်မှုသည်လည်းကောင်း၊ ပင်ကိုသဘောသဘာဝအရလူတို့၏ ဘဝပိုမိုကောင်းမွန် ချမ်းသာလာရေးတွင် မယ်မယ်ရရ အကျိုးပြုသည့်သဘောကို ဆိုလိုခြင်းဖြစ်သည်။
          ထိုတက်ပို၍ အရေးကြီးသည့်အချက်မှာ ကုန်သွယ်မှုမှ အမြတ်ရှာကြဟူသောလမ်းညွန်ချက်သည်နိုင်ငံ
တိုင်း၏ပန်းတိုင် မဖြစ်နိုင်ဟူသော အချက်ပင်ဖြစ်သည်။ ကုန်သွယ်ရေးသဘောအရ တစ်နိုင်ငံ၏ပိုငွေ 
(surplus) သည်အခြားတနိုင်ငံ၏လိုငွေ (deficit) သာဖြစ်သည်။ ထို့ကြောင့်ကုန်သွယ်မှုရှင်းတမ်းတွင် ပိုငွေပြအောင်လုပ်ဟူသော အကြံပေးချက်မှာ ပိုငွေပြအောင်လုပ်နိုင်သောနိုင်ငံအတွက် အမှန်တကယ် အကျိုးရှိသော်လည်း ထိုသို့နိုင်ငံတိုင်း လုပ်နိုင်ရေးမှာမူ မည်သို့မျှမဖြစ်နိုင်တော့ပေ။ထိုဖြစ်ရပ်ကို ဘောဂ ဗေဒစာအုပ်များတွင် Fallacy of comp-Osition (အားလုံးလိုက်လုပ်ပါက မှားသွားခြင်း) ဟု တင်စားဥပဒေ ပေးကြသည်။ ဘောဂဗေဒပညာရပ်၏ ဂန္တဝင်မြောက်အမှားတစ်ခုဟု တင်စားနိုင်ပါသည်။

မဖြစ်နိုင်မှုနိယာမှု နိယာမများ

အထက်ပါဖြစ်ရပ်ကိုကြည့်၍ ကျွန်ုပ်တို့ပြုံးကောင်းပြုံးနေမိမည်။ မိုက်မဲလေခြင်းဟုလည်း စိတ်ပျက် လက်ပျက် ခေါင်းခါမိမည်ဖြစ်သော်လည်း ထိုခေတ်ထိုကာလမူ အငြင်းပွားဖွယ်မရှိသော အဆိုမှန်အဖြစ် အားလုံးကလက်ခံထားကြသည်။ ဤသို့ဆိုသဖြင့် ရှေးခေတ်လူများသည် ဤမျှရိုးစင်သောကိစ္စ၌ပင် အမှန် မမြင်ရလောက်အောင်အသိဥာဏ် နုံနည်းမိုက်လှချေတကားဟူ၍မူ မယူဆသင့်ပေ။ ၎င်းတို့အမှားကို ကျွန်ုပ်တို့ကပိုတော် ပိုအသိဥာဏ်ကြီးမားသောကြောင့် လုံးဝမဟုတ်ဘဲ သမိုင်းကိုနောက်ကြောင်းပြန် ကြည့်မြင်သုံးသပ်ခွင့်ရသော
အားသာချက်ကြောင့်ပင်ဖြစ်သည်။သမိုင်းတွင် ခေတ်လူတို့သည် ရှေးလူတို့၏အမှားများကို ဆင်ချင်သုံးသပ်
သင်ခန်းစာယူကြလေ၏၊။သို့သော် ၎င်းတို့၏ကိုယ်ပိုင်အမှားများကိုမူ မည်သို့မျှ ကိုယ်တိုင်တွေ့မြင်နိုင်ခြင်း မ
ရှိမူဘဲ နှောင်းလူတို့ သင်ခန်းစာယူ ရှောင်ရှားကြရန် အလို့ငှာ ထားခဲ့ကြရသည်။ဘောဂဗေဒပညာရပ်သာမ
ဟုတ်။လူ့သမိုင်းတစ်ခုလုံးဤသို့သာဖြစ်လေသည်။
          စီးပွားရေးဖွံ့ဖြိုးမှုကို ကုန်သွယ်မှုပိုငွေဖြင့် စံသတ်မှတ်ရန် ကြိုးစားခဲ့သော အတိတ် ပေါလစီများ၏မြင်
သာထင်ရှားသော အမှားကိုဖော်ပြပြီးနောက် ယနေ့ခေတ်တွင် ကျွန်ုပ်တို့အသုံးပြုခဲ့ကြသော စံချိန်စံညွန်းများ ကိုဆက်လက်ဝေဖန် သုံးသပ်သွားပါမည်။ ဤနေရာတွင် ပထမဦးဆုံး ဆင်ချင်သုံးသပ်ရန် ရှိသည်မှာGNP ဟုအတိုကောက်ခေါ်သော စုစုပေါင်းအမျိုးသားထုတ်ကုန် အယူအဆဖြစ်သည်။ GNP ကို ဘောဂဗေဒ ဘာသာရပ်သုံး စံချိန်စံညွန်းတစ်ခုအဖြစ် ၁၉၃၀ပြည့်လွန်နှစ်များတွင် စတင်တီထွင်အသုံးပြုခဲ့ပြီး ယနေ့အချိန်အထိ အတွင်ကျယ်ဆုံး လူကြိုက်အများဆုံး တိုင်းတာမှုစနစ်တရပ်ဖြစ်ခဲ့သည်။ လူသုံးများသည် နှင့်အငြင်းပွားဖွယ်အကောင်းဆုံး၊ ပြဿနာအဖြစ်ဆုံး ဝေါဟာရတစ်ခုလည်းဖြစ်လာတော့သည်။ ဘောဂဗေဒဆိုင်ရာ concept တစ်ခုကိုလက်ခံသုံးပြုပြီးဆိုသည်နှင့် သက်ဆိုင်ရာ စီးပွားရေးပေါလစီများ လည်း ထို concept ကို ကိုက်ညီအောင် ဆောင်ရွက်ရတော့သည်။
ပြဿနာကဤနေရာတွင်တတ်ခြင်းဖြစ်သည်။ GNP ကိုစီးပွားရေးဖွံ့ဖြိုးမှုကိုတိုင်းသည့် အကောင်းဆုံးပေတံ တစ်ခုအဖြစ်သတ်မှတ်ပြီးပါက ဖွံ့ဖြိုးရေးပေါလစီများကိုလည်း GNP  ပေတံဖြစ်တိုင်းခလျှင် အကောင်းဆုံး ဖြစ်စေရန်ကြိုးစားတော့သည်။ သို့ရာတွင် GNP သာမကမည်သည့် ဘောဂဗေဒသုံးစံချိန်စနစ်များမှ လူသား ၏ ဘဝဖူလုံရေးနှင့် လူနေမှုအဆင့်မြင့်မားရေးကို ပြီးပြည့်စုံအောင်ထင်ဟပ်ပြခြင်းမရှိဘဲ GNP ကမတိုင်းတာ မဖော်ပြနိုင်သောကိစ္စရပ်များစွာရှိသည်။ ထိုသို့ GNP ကမတိုင်းတာသောကိစ္စရပ်အချို့သည် စီးပွားရေးဖွံ့ဖြိုး မှု ကိုသာမက လူ့ဘောင်လောကကြီးတစ်ခုလုံး၏ ဆက်လက်ရှင်သန်တည်မြဲရေးကိုပင် ထိခိုက်နိုင်လေ သည်။
          အထက်ပါဖော်ပြခဲ့သောကုန်သွယ်ဝါဒနှင့်ရွှေစုရေးပေါလစီတို့ထက် GNP အယူအဆက ပိုပြီးစမတ်ကျသလိုထင်ရသော်လည်း အခြေခံကျသောအမှားများတွင် မှားပုံ မှားနည်း အဆင်တူသည်။ ကုန်သွယ်မှုပိုငွေကိုနိုင်ငံတိုင်းရှာဖွေ၍မရနိုင်သလို၊ GNP မြင့်တင်ရေးကိုလည်း နိုင်ငံတိုင်းပြိုင်တူလုပ်၍ မရနိုင်ပေ။ စီးပွားရေးဖွံ့ဖြိုးမှုကို ယနေ့အမေရိက၏စတိုင်၊ အမြန်နှုန်းဖြင့်ကမ္ဘာနိုင်ငံအားလုံးက ရရှိဆောင် ရွက်နေကြပါက ဘယ်သို့ရှိမည်နည်း။ လွယ်လွယ်ပြောရရင် ကမ္ဘာကြီးပျက်စီးရုံသာ ရှိလိမ့်မည်ဟု ဆိုရမည် သာဖြစ်သည်။ ထို့ကြောင့် GNP အမြင့်ဆုံးမြင့်တင်ရေးသည်  လက်ရှိအမေရိကန်၏ လူတစ်ဦးချင်း GNP နှုန်းနှင့်သယံဇာတ စွမ်းအင်စီးဆင်းမှုတို့အရဆိုလျှင် ကျန်နိုင်ငံများလိုက်ဆောင်ရွက်၍မရ (generalize) ဟု ဆိုလိုရင်းဖြစ်သည်။
          ယနေ့ခေတ်တွင် မဖြစ်နိုင်မှုများအကြောင်း ပြောသောကိစ္စသည် လူကြိုက်အလွန်နည်းသောဘာသာ
ရပ်တစ်ခုဖြစ်နေသော ဘာသာရပ်တစ်ခုဖြစ်နေပေပြီ။ သိပ္ပံနည်းပညာ ထွန်းကားမှုကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော အကောင်းမြင်ဝါဒမှတဆင့် “ မဖြစ်နိုင်ဘူး ဆိုသည်မှာ မသိ” ကဲ့သို့ အားတတ်ဖွယ် ဒဿနများပေါ်ထထွက်လာခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုသို့အရာရာဖြစ်လာနိုင်သည်ဟူသော အတွေးအခေါ် မြစ်ဖျားခံလာသည့် သိပ္ပံပညာကိုယ်၌ပင် မဖြစ်နိုင်မှု အဆိုများပေါ်၌ အခြေခံတည်ဆောက်ထားသော အတွေးအခေါ်စနစ်တစ်ခုဖြစ်သည်။ ဒြပ်နှင့်စွမ်းအင်ကို ဖျက်ဆီး၍ မရ၊ ဖန်တီး၍လည်းမရ။ အလင်းအလျင် ထက်မြန်အောင်သွားနိုင်ရန်မဖြစ်နိုင်။ ထာဝရ လည်ပတ်နေသည့် စက်ယန္တရားများကို တည်ဆောက်၍ မရစကောင်း….စသည် စသည်ဖြင့် မဖြစ်နိုင်မှု နိယာမများစွာကို သိပ္ပံပညာက အခြေပြုထားရသည်။ ထိုသို့မဖြစ်နိုင်သည်ကို ကြိုတင်သိနားလည်ခြင်းသည် ဖြစ်နိုင်လိမ့်နိုးအထင်ဖြင့် အချိန်ကုန် ငွေကုန်ကြိုး ပမ်းပြီးမှ အဟောသိကံဖြစ်ရခြင်းမျိုးကို ရှောင်ရှားစေနိုင်လိမ့်မည်။ ဘောဂဗေဒပညာရှင်များသည်လည်း သိပ္ပံလောကသားများပီပီ မဖြစ်နိုင်မှု နိယာမများကို အထူးအလေးနက်ထားကြရန်လိုအပ်လှပါသည်။ အထက်ကပြောသလို အမေရိကန် နိုင်ငံသားတစ်ဦး ပျှမ်းမျှအသုံးပြုသော စွမ်းအင်နှင့် သံယံဇာတ ပမာဏကို ခြောက်ဘီလျှံမျှသာ ကမ္ဘာသူကမ္ဘာသားအားလုံး လိုက်လံ သုံးစွဲကြမည်ဆိုပါက မဖြစ်နိုင်ကြောင်း အကယ်၍ဖြစ်နိုင်သည်ဆိုဦးတော့ ဖြစ်ခွင့်သက်တမ်းမှာ အလွန်တိုတောင်းမည်ဖြစ်ကြောင်း ဘောဂဗေဒ ပညာရှင်များနှင့် ဖွံ့ဖြိုးရေးမူဝါဒ ရေးဆွဲချမှတ်သူများ သိနားလည်သင့်ပေသည်။

GNP ၏မပြည့်စုံမှုများနှင့် မှားယွင်းမှုများ

          GNP ၏ယူနစ်မှာ ငွေကြေးစနစ်ဖြစ်သည်။ ထို့ကြောင့် GNP ကို နိုင်ငံတစ်နိုင်ငံ၏ ဝင်ငွေ(real income)
အဖြစ်လည်း သတ်မှတ်ယူဆကြသည်။ သို့ရာတွင် ဝင်ငွေ(income) နှင့် ပတ်သက်၍ အခြေခံကျသော စဉ်းစားမှုများကို ပြန်လည်သုံးသပ်ရန် လိုအပ်လာသည်။ ဝင်ငွေဆိုသည်မှာ အဘယ်နည်း။ အဘယ်ကြောင့် ဝင်ငွေကိုတိုင်းတာ တွက်ချက်နေကြသနည်း။ ထိုသိုဝင်ငွေတိုင်းတာမှုရလာဒ်များသည် မည်သည့်အဓိပ္ပါယ် ဆောင်သနည်းစသည့် ရိုးစဉ်းလွန်းသည်ဟု ထင်ရသော မေးခွန်းများကို ပြန်လည်မေးမြန်းကြသည်။ ဆာဘွဲ့ရ စီးပွားရေးပညာရှင် ဂျွန်ဟစ်ခ် ၏ ဝင်ငွေနှင့် ပတ်သက်သည့် ရှင်းလင်းချက်သည် ဤနေရာတွင် အလွန်စဉ်းစားဖွယ်ကောင်းနေသည်။ သူ၏အလိုအရ လူတစ်ဦး၏ဝင်ငွေဆိုသည်မှာ ဘောဂဗေဒ သဘော တရားသက်သက် မဟုတ်မူဘဲ ထိုသူ၏ အပြုအမူများကို ထိန်းချုပ်ရန်အတွက် လက်တွေ့အသုံးပြုရသော အကန့်အသတ်ဘောင်တစ်ခုဖြစ်သည်။
ဥပမာ-လူတစ်ဦး၏ တစ်လဝင်ငွေဆိုပါစို့ ထိုငွေသည် တစ်လအတွင်း သူအစွမ်းကုန် သုံးစွဲပစ်နိုင်သော ငွေပမာဏ ဖြစ်သည်။ သို့သော် ထိုသို့သုံးစွဲလိုက်သဖြင့် သူသည် လကုန်တွင် သူလဆန်းက ရရှိခဲ့သော အခြအနေထက်ပို၍ ဆင်းရဲ ယုတ်လျော့သွားခြင်းမရှိစေရ။ ထို့ကြောင့် လကုန်တွင် ပိုမဆင်းရဲသွားဘဲ သုံးနိုင်သော ငွေသည် တစ်လ အမှန်ဝင်ငွေဖြစ်ပြီး လကုန်တွင် လဆန်းကထက် ဆင်းရဲသွားပါက အမှန် ဝင်ငွေ မဟုတ်တော့ပေ။ နိုင်ငံတစ်ခုအတွက်လည်း ထိုနည်းနှင့်ပင် ဖြစ်သည်။
          နိုင်ငံတစ်ခု၏ အမှန်ဝင်ငွေအဖြစ် သတ်မှတ်ထားသော GNP သည် ဟစ်ခ် အယူအဆအရ ထိုနိုင်ငံက
ကုန်စင်အောင် သုံးစွဲပစ်နိုင်သော ငွေမဟုတ်ပေ။ ထိုသို့သုံးစွဲပါက နှစ်ကုန်တွင် ထိုနိုင်ငံ ပိုဆင်းရဲသွားလိမ့် မည်။ GNP ကို ထုတ်လုပ်ရာတွင် နိုင်ငံအတွင်းရှိ အခြေခံအဆောက်အဦးများ(ဥပမာ-စက်ယန္တရား၊ မြေဆီ လွှာစသည့်)အနညှ်းနှင့်အများဆိုသလို ပွန်းပဲ့ ယိုယွင်းပြုန်းတီးမည်ဖြစ်သည်။ ၎င်းတို့ကိုပြန်လည်ပြင်ဆင် ဖာထေးသည့်စရိတ် (Depreciation Cost) ကိုနုတ်ပြီးမှသာ နိုင်ငံ၏အမှန်ဝင်ငွေကို ရနိုင်သည်။ ထို့ကြောင့် ဟစ်ခ်၏ အမှန်ဝင်ငွေမှာ အောက်ပါအတိုင်းဖြစ်သည်။

NNP(Net National Product) = GNP   Depreciation cost


          NNP ကို sustainable income ဟုလည်းဆိုနိုင်သည်။ ပျက်စီးယိုယွင်းမှု တန်ဖိုးများတွင် သဘာယပတ်
ဝန်းကျင်နှင့်လူမှုရေးစရိတ်များကိုကိုပါ ထပ်နုတ်မည်ဆိုပါက GNPသည် ပို၍လျော့သွားဦးမည်ဖြစ်သည်။ ဥပမာ- စက်မှုလုပ်ငန်းတစ်ခု၏ ထုတ်ကုန်သည် GNP ဖြစ်သည်။ သို့ရာတွင် ထိုစက်ရုံက ပတ်ဝန်းကျင် ညစ်ညမ်းမှု အချို့ကိုလည်းမလွဲမရှောင်သာဖြစ်စေသည်။ ထိုအညစ်အကြေးများကို ပြန်လည်သန့်ရှင်းရာ တွင်လည်း ကုန်ကျစရိတ်အချို့ရှိမည်။ ထိုအပြင် ပတ်ဝန်းကျင်ညစ်ညမ်းမှုမှတဆင့် အနီးအနားနေထိုင် သူတို့၏ ကျန်းမာရေးကိုလည်း ထိခိုက်စေအုံးမည်။ ထိုအခါ ဆေးကုသ စရိတ်များနှင့် ကျန်းမာရေး ဝန် ဆောင်မှု စရိတ်များလည်း ထပ်တတ်ပြန်သည်။ သမာရိုးကျ GNP အတွက်နည်းအတိုင်းဆိုပါက စက်ရုံမှ ထုတ်ကုန်တန်ဖိုးကိုရော ပတ်ဝန်းကျင်သန့်ရှင်းမှုစရိတ်နှင့် ကျန်းမာရေးစရိတ်ကိုပါ စုစုပေါင်း ထုတ်ကုန် တန်ဖိုးအဖြစ် ထည့်တွက်မည်ဖြစ်သည်။ သို့သော် သေသေချာချာ စဉ်းစားကြည့်ပါက ဒုတိယနှစ်ခုသည် အမှန်တကယ်စက်ရုံမှ အကျိုးဖြစ်ထွန်းမှု(benefit)မဟုတ်ပေ။
ဘေးထွက်ဆိုးကျိုးများကို ဖယ်ရှားရသောကုန်ကျစရိတ် (cost)များသာ ဖြစ်သည်ကိုတွေ့ရသည်။ ၎င်းတို့ကိုနုတ်လိုက်မှသာ နိုင်ငံသားများ၏ လူမှုစီးပွား ဘဝသာယာမှုကို အမှန်တကယ် ထင်ဟပ်သော တန်ဖိုး အညွန်းကိန်းတခု(SSNNP = Socially Sustainable Net National Product )ကို ရရှိလာမည် ဖြစ်သည်။
          NNP နှင့် SSN ကဲ့သို့သော concept များကဲ့သို့ပင် စာရင်းအင်းပညာ(accounting)ရှုထောင့်မှGNP၏
ချွတ်ယွင်းချက်များကို ထောက်ပြသောသုံးသပ်မှု များစွာရှိသေးသည်။ လူသိများသော ဝေဖန်မှုတစ်ခုမှာ GNP/GDP တွင် အခကြေးငွေဖြင့် တန်ဖိုးဖြတ်လေ့မရှိသော အလုပ်များ၏တန်ဖိုးကို ထည့်မတွက်နိုင်ခြင်း ပင်ဖြစ်သည်။
ဥပမာ-အိမ်မှုကိစ္စရပ်များ သားသမီးပြုစုပျိုးထောင်မှုများကဲ့သို့ အလွန်ရေးကြီးစေသော လူမှုတာဝန်များ၏ လုပ်အား GDP တွင်ထည့်မတွက်ပေ။ ထိုအချက်ကို ပေါ်လွင်ထင်ရှားစေသော ဟာသဆန်ဆန် ဥပမာ- ပုံဆောင်မှုတခုမှာ အလွန်ထင်ရှားသည်။ အကယ်၍ လူတစ်ယောက်သည်မိမိ၏ အိမ်ဖော် (အိမ်ထောင်ထိန်း အမျိုးသမီး) ကိုလက်ထပ်လိုက်ပါက တိုင်းပြည်၏ GNPလျော့သွားမည်ဟု ထိုဥပမာကဆိုသည်။ အဘယ်ကြောင့်ဆိုသော ဇနီးမယားဖြစ်သွားသဖြင့်အိမ်မှုကိစ္စဆောင်ရွက်ခ ပိုက်ဆံမပေးရတော့သော ကြောင့်ဖြစ်သည်။ ထိုပြဿနာသည်ယခုမှစတင် ဖွံ့ဖြိုးသော ဝင်ငွေနည်းနိုင်ငံများ၌ အလွန်အရေးပါသည်။ ထိုနိုင်ငံများတွင် Formal စီးပွားရေးဆောက်အအုံ စတင်ကျယ်ပြန့်လာသောအခါ ယခင်က စီးပွားရေးကဏ္ဍ ၏ အပြင်တွင်ရှိသော ကိစ္စရပ်များကို စည်းဝင်စီးပွားရေးအတွင်းသို့ ဆွဲသွင်းလိုက်သောအခါ ငွေကြေးရှင်း တမ်း၌ တဟုန်ထိုး တိုးတတ်လာပြီး GNP ဖွံ့ဖြိုးနှုန်းမြင့်မြင့်များကို ဖော်ပြလေ့ရှိသည်။ သို့ရာတွင် အများအား ဖြင့် ထိုအခြေအနေများ၌ ယခင်ကစီးပွားရေးအဖြစ် မယူဆသော ဝန်ဆောင်မှုများအတွက် ယခု အခကြေး ငွေ တန်ဖိုးသင့်လာကြခြင်းသာဖြစ်နေတတ်ပြီး လူမှုဖူလုံမှု(social well fare) တိုးတတ်လာခြင်းမဟုတ်ကြောင်း သတိပြုသင့်သည်။

စိတ္တဗေဒနှင့်ဒဿန ရှုထောင့်မှငြင်းဆိုခြင်း

          ၁၉၇၆ ခုနစ်တွင် ထုတ်ဝေခဲ့သော ဖရက်ဒ်ဟော့ရှ်၏နာမည်ကျော်စာအုပ် “Social limit to Growth”
တွင် positional goods (လူမှုအဆင့်တန်းပြ ကုန်ပစ္စည်းများ) ဟူသော အယူအဆကို တင်ပြထားသည်။ မျက်
မှောက်ခေတ်တွင် အသုံးပြနေသော ကုန်စည်နှင့်ဝန်ဆောင်မှုအချို့မှာ အသုံးဝင်မှု သက်သက်ထက် ဂုဏ်ဒြပ် အဆင့်တန်းကို ဖော်ပြရန်သာဖြစ်သည်။ ရိုးရွိုက်ကားနှင့်ဂူချီတံဆိပ်ဖက်ရှင် ပစ္စည်းများသည် အလွန် သိသာ ထင်ရှားသော ဥပမာအချို့ဖြစ်သည်။ လူအများစု၏ဝင်ငွေ အဆင့်အတန်းတတ်လာသည်နှင့်အမျှ အဆင့် အတန်းမြင့်မှုနှင့် သီးသန့်ဖြစ်မှုကို ညွန်းဆိုသော ထိုပစ္စည်းများ၏ signifier အဖြစ်အသုံးဝင်မှု လျော့ပါးလာ လိမ့်မည်။ ရိုးရွိုက်ကားစီးနိုင်သူပေါများလာသည်နှင့်အမျှ ကားပိုင်သူတစ်ဦးချင်း၏ ဂုဏ်အဆင့်အတန်း လျော့သွားမည်ဆိုသည့် သဘောပင်ဖြစ်သည်။ Postructuralist ရှုထောင့်မှ မော်ဒန်ဖွံ့ဖြိုးမှု အတွေးခေါ်များကို ငြင်းဆန်ရာတွင်ဤအချက်သည် အဓိက အချက်ဖြစ်သည်။ ထိုဖြစ်စဉ်ကိုမူရင်း အိုင်ဒီယာမှ လမ်းချော်ထွက် လာသော အဓိပ္ပါယ်မဲ့ ဖော်ညွန်းချက်များ၏ ဖြစ်စဉ် (Statements divorced from ideas)ဟုခေါ်သည်။ သမာရိုးကျ မော်ဒန်ဖွံ့ဖြိုးမှုဖြစ်စဉ်များ၌ Signifier (အညွန်း) များသည် သက်ဆိုင်ရာ အညွန်းခံ(signified)ဆီသို့ မရည်ညွန်းဘဲ အခြားမဆီမဆိုင် signif-Ier များသို့ ညွန်းဆိုနေသည်ဟုဆိုကာ ၎င်းတို့က ပြင်းပြင်းထန်ထန် ကန့်ကွက်ကြသည်။ လက်တွေ့တွင်လည်းရိုးရွိုက်ကားကြောင့်ထူးပြီး ဂုဏ်မတတ်တော့ပါက ရိုးရွိုက်ထက် ပို၍မြင့်မားသော အညွန်းပြုsignifier များကိုဖန်တီးကြမည်သာဖြစ်ရာ ထိုဖြစ်စဉ်ကြီးသည် ဆုံးနိုင်ဖွယ် မမြင် ရသော အဓိပ္ပါယ်မဲ့ မိုက်မဲမှုကြီးတစ်ခုသာ ဖြစ်ပေလိမ့်မည်။ နောက်ထပ်စိတ်ဝင်စားဖွယ်ကောင်းသော ငြင်းဆန်မှုတစ်ခုမှာ ဝင်ငွေ၏ စတ္တဗေဒ ဆိုင်ရာသက်ရောက်မှုကို လေ့လာသော သုတေသနများဖြစ်ပြီး ၎င်းတို့က ဝင်ငွေတိုးတတ်လာခြင်းသည် ပျော်ရွှင်မှုနှင့် ရေရှည်တွင်ဆက်စပ်ခြင်းမရှိဟု တွေ့ရှိခဲ့ကြသည်။ ဝင်ငွေအလွန်နိုမ့်သော အခြေအနေတစ်ရပ်၌ ဆင်းရဲခြင်းနှင့် ပျော်ရွှင်မှုပြောင်းပြန် အချိုးကျနိုင်သော်လည်း သတ်မှတ်ဝင်ငွေ အတိုင်းအဆတစ်ခုကို ကျော်လွန်ပြီးပါက ဝင်ငွေတိုးခြင်းနှင့် ပျော်ရွှင်မှု လုံးဝဆက်စပ်ခြင်း မရှိဟူသောအဆိုကို တင်ပြသည့် Easterlin Paradox အယူအဆသည်စိတ်ပညာနယ်ပယ်တွင် နှစ်ပေါင်းများ စွာ ထင်ရှားခဲ့သော အဆိုတစ်ခုဖြစ်လေသည်။GNP (သို့မဟုတ်) ဝင်ငွေနှင့်မဆက်စပ်သော်လည်း လူသား၏ ပျော်ရွှင်ချမ်းမြေ့မှုနှင့် ကျေနပ်မှုကို ပေးစွမ်းနိုင်သော စီးပွားရေးနယ်ပယ်မှအချင်းအရာများစွာရှိသေးသည်။ လုပ်ငန်းခွင်နှင့် ပတ်သက်၍စိတ်ကျေနပ်မှုနှင့် အောင်မြင်မှု ရှာဖွေခွင့်၊ အနားယူအပန်းဖြေမှုများနှင့် လူ့အဖွဲ့ စည်းအတွက် စေတနာ့ဝန်ထမ်းဆောင်ရွက်မှုများသည် ထင်ရှားသော ဥပမာဖြစ်သည်။

          စီးပွားရေးဖွံ့ဖြိုးတိုးတတ်မှု အယူအဆများအကြောင်းပြောရာတွင် အဘယ်ကြောင့် ပျော်ရွှင်ချမ်းမြေ့မှု
( happiness) ကိုစံတစ်ခုအဖြစ် ပြောဆိုရသနည်း၊ဟုမူ အနောက်တိုင်း လူ့အဖွဲ့အစည်းတစ်ခုလုံးနှင့် ဒီမိုက ရက်တစ် ဈေးကွက်စီးပွားရေးစနစ်၏ ဒဿန နောက်ခံအဖြစ် Utilitarianism ခေါ်ပျော်ရွှင်မှု စံပြုဒဿန အယူဝါဒတည်ရှိနေသောကြောင့်ဖြစ်သည်။ ၁၈ရာစုနောက်ပိုင်း ပျော်ရွှင်မှုစံပြုဒဿန၏ အတွေးအခေါ် ဖခင်ကြီးဖြစ်သောဂျယ်ရမီ ဘင်သမ်၏ “အစိုးရ ပေါ်လစီများ၏ တာဝန်မှာ လူအများစုကြီးအတွက် ပျော်ရွှင်မှု ကို တတ်နိုင်သလောက်အမြင့်မားဆုံးဖြစ်အောင် ဆောင်ရွက်ဖန်တီးပေးရမည်။” (to maximize the greatest happiness of the great number of people )ဟူသောအဆိုမှာ အရင်းရှင်ဈေးကွက် စီးပွားရေး၏ အခြေခံ ကျင့်ဝတ် အတွေးအခေါ်ဖြစ်သည်။ ထိုအတွေးအခေါ်အရ အစိုးရ(သို့မဟုတ်) စီးပွားရေးမူဝါဒ ချမှတ်သူများ သည် သူတို့၏ကြိုက်နှစ်သက်မှု (preference) များကိုသိရန်လိုပြီး ၎င်းတို့ကိုသိနိုင်သော အကောင်းဆုံး နည်းလမ်းမှာ ဈေးကွက်တန်ဖိုးပင်ဖြစ်သည်ဟု ယူဆသည်။ ကုန်စည်ဝန်ဆောင်မှုတို့၏ဈေးကွက်တန်ဖိုးသည် ၎င်းတို့ကို သူတို့က မည်မျှကြိုက်နှစ်သက်သည်ကို ဖော်ပြခြင်းပင်ဖြစ်ပြီး စားသုံးမှုစုစုပေါင်းတန်ဖိုး (total consumption) သည် စုစုပေါင်းပျော်ရွှင်ချမ်းမြေ့မှုပင် ဖြစ်သည်ဟု ကောက်ယူခြင်းပင်ဖြစ်သည်။
          ပျော်ရွှင်မှု စံပြုဒဿန နောက်ခံ GNP ဖွံ့ဖြိုးမှု အယူအဆများကို ဒဿနနှင့်ကျင့်ဝတ်ရှုထောင့်မှပင် ကန့်ကွက်ရန် အကြောင်းများစွာရှိသည်။ ပထမအချက်မှာ ပျော်ရွှင်မှုစံပြု ဒဿနသည် စုစုပေါင်း ပျော်ရွှင် ချမ်းမြေ့မှု(total sum of happiness) ကိုသာ အဓိကထားပြီးလူ့ဖွဲ့အစည်းတစ်ခုလုံး၏ ပျော်ရွှင်မှုအတွက် လူအချို့ (သို့)လူတန်းစားတစ်ရပ်က ဒုက္ခဆင်းရဲခံရလျှင်လည်း ထိုက်တန်သည်ဟူသော ကောက်ချက်သို့ ရောက်သွား တတ်ခြင်းဖြစ်သည်။ ဒုတိယအချက်မှာ ထိုဒဿနအရ GDPကဲ့သို့ကိန်းဂဏာန်းများအရ ညွန်းပြသော ပျော်ရွှင်မှု မှာလူသားမျိုးနွယ်စုတစ်ခုတည်း၏ ပျော်ရွှင်မှုသာဖြစ်ပြီး ဤမြေကမ္ဘာပေါ်၌ လူသားတို့နှင့် အတူ တကွယှဉ်တွဲဖြစ်တည်လာကြသော အခြားသက်ရှိမျိုးစိတ်များ၏ ပျော်ရွှင်မှု (အနိမ့်ဆုံးအဆင့် ဆက်လက် ရှင်သန်ရပ်တည်ခွင့်) ကို လုံးဝထည့်သွင်းစဉ်းစားနိုင်ခြင်းမရှိခြင်းပင်ဖြစ်သည်။ တတိယ အချက်မှာGNP အခြခံပျော်ရွှင်မှုမြင့်တင်ရေးဖြစ်စဉ်၌ လက်ရှိအသက်ရှင်နေထိုင်ကြသော လူမျိုးဆက်များသာ အကျုံးဝင်ပြီး လက်ရှိအချိန်၌မမွေးဖွားသေးသော အနာဂတ်မျိုးဆက်များ၏  ပျော်ရွှင်မှုကိုထည့်တွက်ရန် မဖြစ်နိုင်ခြင်းပင် ဖြစ်သည်။ လက်ရှိအမေရိကန်နှင့်နောက်တိုင်းအရင်းရှင်များ ဦးဆောင်သော GNP အခြေခံစီးပွားဖွံ့ဖြိုးမှုနှင့် အလွန်အကျွံသုံးစွဲမှု လမ်းကြောင်းအတိုင်းသာတရုတ်၊ အိန္ဒိယနှင့် ကျန်ဖွံ့ဖြိုးဆဲ ကမ္ဘာနိုင်ငံများက  အရှိန် အဟုန်ဖြင့် ထပ်ချပ်လိုက်ကြမည်ဆိုပါက မဝေးလှသော နောင်မျိုးဆက်များအဖို့ ပျော်ရွှင်မှုထားလို့ အသက်ရှင်ရပ်တည်စရာ ကမ္ဘာမြေကြီးပင်  အကောင်းပကတိ ကျန်ရစ်ခဲ့မည် မဟုတ်ပေ။
          ထို့ချွတ်ယွင်းချက်များ၊ ဆိုးကျိုးများနှင့် ပျက်စီးနိုင်စွမ်းကြီးမားလှသော အနောက်တိုင်းအရင်းရှင် စနစ်၏အခြေခံ GNP ကိုယ်စားပြု တိုးတတ်ရေးအယူအဆများကို ဝေဖန်ထောက်ပြထားသည့်အပြင် ၎င်းတို့ထက်ပိုမိုကောင်းမွန်သော ၊ တရားမျှတသော အမျှော်အမြင်ပိုကြီးသော ဖွံ့ဖြိုးတိုးတတ်မှု အယူအဆ များကိုတင်ပြသူများစွာရှိသည်။ ၎င်းအနက် UNDP ကဲ့သို့အဖွဲ့အစည်းများမှ အသုံးပြုသော HDI (Human  Development Index)ကဲ့သို့  လက်ရှိ GNP အယူအဆကို ပိုမိုအပြစ်အနာအဆာကင်းစေရန် မွန်းမံသည့် ရှုထောင့်များမှအစ မာက်စ့် ဝါဒနှင့် နီယိုမာက်စ့်ဝါဒမှ ဖွံ့ဖြိုးမှု အယူအဆများ poststrusturalism နှင့် Post developmentalism အယူအဆများFeminism ရှုထောင့်မှ ဖွံ့ဖြိုးရေး သီအိုရီများလည်း deepecology ဒဿန အယူအဆအပေါ် အခြေခံသောGross National Happiness ၊ Radical Democracy ကဲ့သို့ လုံးဝသီးခြားခွဲထွက် သော အော်တာနှေးတစ်ဖွံ့ဖြိုးမှုဆိုင်ရာ အယူအဆ များစွာ ရှိသည်။ ထိုအယူအဆများအကြောင်းကို နောက်ဆက်တွဲ ဆောင်းပါးများတွင်အလျင်သင့်သလို မိတ်ဆက် တင်ပြသွားမည်ဖြစ်ပါသည်။
                                                                                                လှိုင်မြတ်
-Daly, H.(1996) ‘Beyond growth’ Becon Press, Boston.
-Peef,R.and Hartwitck,E.(1999) ‘Theory of Developments’,The Guiford  press , New York.
-Blowers,A.and Hunchliffe,S.(2003) ‘Environmental Response’ Chichester,Jonh Wilcy & Son/The Open University















0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...