စိတ်ရှိတိုင်းသာ လုပ်ရပါလျှင်
by Moenge Aung on Tuesday, October 25, 2011 at 9:07am
Hot News Weekly Journal Originally posted 30/09/2011 13:50PM
ပြီးခဲ့သော သြဂုတ်လ အတွင်းက ဖြစ်သည်။ စာရေးသူ၏ သားတော်မောင်ဖြစ်သူသည် သံတောင်ကြီး တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) တွင် တပ်တွင်း သင်တန်းဆင်းမှ အပြန် မိခင်တပ်ရင်းသို့ မပြန်မီ ခေတ္တမျှ အိမ်သို့ ရောက်ရှိခဲ့ရာ၌ စာရေးသူ အတွက် အကောင်းဆုံး လက်ဆောင်မွန် အဖြစ် တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) ၏ ၂၀၁၁ခုနှစ် ဇန်နဝါရီလထုတ် (နှစ်လည်မဂ္ဂဇင်း) တစ်အုပ်ကို ပေးအပ်ခဲ့သည်။ စာရေးစာဖတ် ဝါသနာပါသော စာရေးသူသည် အလွန်ဝမ်းသာလျက် ကျေးဇူးတင်ခြင်းတို့ဖြင့် ထိုမဂ္ဂဇင်းအား လက်ခံရယူခဲ့ပြီး ရလျှင်ရခြင်း လက်တွင်မချဘဲ လေ့လာ ဖတ်ရှုနေမိသည်။ ပထမဦးစွာ ကျောင်းအုပ်ကြီး၏ “ဥယျောဇဉ်” ကို ဖတ်ကြည့်ခဲ့သည်။ ကျောင်းအုပ်ကြီးက တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) သည် “သစ္စာ-သူရ-သမာဓိ-ပညာ” ပြည့်ဝစေပြီး “မီးနာမှ သံကောင်းမည် သံကောင်းမှ ဓားထက်မည်” ဟူသော ဆောင်ပုဒ်အတိုင်း သင်တန်းသား အရာရှိများကို လေ့ကျင့်ပေးရာတွင် စစ်နည်းဗျူဟာ ပညာရပ်များ နားလည် တတ်ကျွမ်းစေပြီး ဦးဆောင်ရမည့်တပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ကွပ်ကဲ တိုက်ပွဲဝင်နိုင်သည့် ခေါင်းဆောင်မှု ပြည့်ဝစံမီသော တပ်မှူးကောင်းများ ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် စဉ်ဆက်မပြတ် လေ့ကျင့် ပျိုးထောင်ပေးလျက်လည်း ရှိပါသည်။
သို့ဖြစ်ရာ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) တွင် လေ့ကျင့် သင်ကြားခဲ့ကြသော တပ်ရင်းမှူး၊ တပ်ခွဲမှူး၊ တပ်စုမှူး အရာရှိများသည် ခေါင်းဆောင်ကောင်း တပ်မှူးကောင်း အဖြစ် တည်ဆောက် ရယူလိုသည့် ဆန္ဒများ ရည်မှန်းချက်များနှင့်အညီ ကိုယ့်ကိုယ်ကိုယ် အစဉ်ကြိုးပမ်း တည်ဆောက် ဖြည့်ဆည်းကြလျက် နိုင်ငံတော်နှင့် တပ်မတော်၏ တာဝန်များကို ကျရာ အခန်းကဏ္ဍများတွင် အားကြိုးမာန်တက် ထမ်းဆောင်နိုင်ကြစေကြောင်း ဆန္ဒပြု တိုက်တွန်း လိုက်ရပေသည် ဟူ၍ ဖော်ပြထားသည်ကို တွေ့ရှိရလေရာ လက်ရှိ ပစ္စုပ္ပန်နှင့် နောက်အနာဂတ်တွင် ပြည်သူများ အားထားရမည့် နိုင်ငံသားကောင်းများကို ရည်မျှော်တွေးတောလျက် ကျေနပ် ဝမ်းသာအားရ ကြည်နူးမှုများ ဖြစ်ပေါ် ခံစားခဲ့ရပါသည်။ သည့်နောက် အဖွင့်ကဗျာ ကဏ္ဍကို ဖတ်ကြည့်မိသည်။ ပထမဦးဆုံး အဖွင့်ကဗျာ ခေါင်းစဉ်မှာ (ဝစီပိတ် ဆရာတော် ဦးကောဝိဒ) ၏ “နှလုံးသားနှင့်အတူ” ဟူ၍ ဖြစ်ပါသည်။ ဆရာတော် ဦးကောဝိဒ၏ ကဗျာကို ဖတ်ရှုပြီး အလေးအနက် စဉ်းစား၍ ကြည့်သောအခါ ရင်တွင်း၌ ဖြစ်ပေါ်ခံစားခဲ့ရသည်မှာ ယနေ့ နိုင်ငံတော်တွင် ဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဖြစ်ရပ်များနှင့် နှိုင်းယှဉ်ချိန်ထိုးလျက် ဆက်စပ် တွေးမိသောအခါ မကျေမနပ် ခံပြင်းမှု များစွာဖြင့် စိတ်များတက်ကြွ လှုပ်ရှားမှုများ ဖြစ်ပေါ်လာခဲ့ရပါသည်။ ဆရာတော်၏ ကဗျာလေးကို ဖတ်ရှုလိုက်ကြပါဦး။
“နှလုံးသားနှင့်အတူ”
ပြောတယ်- နားမထောင်ဘူး
နားထောင်တယ်- မလုပ်ဘူး
လုပ်တယ်- တလွှဲ
လွှဲတယ်- မပြင်ဘူး
ပြင်တယ်- လိုရင်းမရောက်ဘူး
လိုရင်းရောက်တယ်- မပြီးဘူး
ပြီးတယ်- မသေသပ်ဘူး
သေသပ်တယ်-နှလုံးသားမပါဘူး
ဟုတ်ပါရဲ့- လုပ်နေကြပါတယ်။
ဒါပေမဲ့-နှလုံးသားမပါဘူး။
(ဦးကောဝိဒ-ဝစီပိတ်ဆရာတော်) ဟူ၍ ဖြစ်ပါသည်။
ဆရာတော်၏ ရေးသား တင်ပြသော ကဗျာနှင့် ယနေ့ ဖြစ်ပေါ်နေသော နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပကတိ ဖြစ်ရပ်များနှင့် နှိုင်းယှဉ်စံထိုး စဉ်းစားကြည့်က မှန်လိုက်သည်မှ အဆုတ် အသည်းနှလုံးသားတည်း၊ တည့်တည့်ပင် မှန်ခြင်းဖြစ်သည်ဟု ဆိုချင်ပါသည်။ စဉ်းစားကြည့်ပါ (၃၀.၃.၂၀၁၁) နေ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန် အစည်းအဝေးတွင် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ပြောကြားခဲ့သည့် မိန့်ခွန်းများ (၃၁.၃.၂၀၁၁) နေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံရသူ ဒု/သမ္မတ ရွေးကောက်ခံရသူများက ပြည်သူ့လွှတ်တော် နာယကရှေ့၌ ကတိသစ္စာပြုပွဲ၌ သမ္မတကြီး ဦးသိန်းစိန် ပြောကြားခဲ့သည့် မိန့်ခွန်းများသည် မြန်မာနိုင်ငံ၏ သမိုင်းတွင် ခေတ်သစ်စနစ်သစ်ဖြင့် ဒီမိုကရေစီ နိုင်ငံတော်ကြီး တည်ဆောက်ရာ၌ အနူးညံ့ဆုံး၊ အသိမ်မွေ့ဆုံး၊ အပျော့ပြောင်းဆုံး၊ အလေးနက်ဆုံး၊ အတည်ကြည်ဆုံး၊ နှလုံးသား အပါဆုံးနှင့် ဘက်ပေါင်းစုံမှ အကောင်းဆုံးသော လမ်းညွှန် မိန့်ကြားချက်များ ဖြစ်သည်ဟု ဆိုချင်ပါသည်။
ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော်နှင့် သမ္မတ၊ ဒုသမ္မတများနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များသည် အပြောသာမဟုတ် လက်တွေ့ပါသော အလုပ်များနှင့်ပါ ရက်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက်ချက်များသည် သမိုင်းတွင် မှတ်တမ်းတင်ရမည့် ဆောင်ရွက်ချက်များ ဖြစ်ပါသည်။ သို့ရာတွင် နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးကို ဆောင်ရွက်သည့် နေရာတွင် ခေါင်းဆောင်တစ်ဦး၊ တစ်စုတစ်ဖွဲ့တည်းဖြင့် မတည်ဆောက်နိုင်ဘဲ အဆင့်ဆင့်သော ဌာနဆိုင်ရာ ပုဂ္ဂိုလ်များ အားလုံးနှင့် ပြည်သူများအားလုံးမှ မိမိကျရာ တာဝန်ကို အသိရှိရှိ နှလုံးသားနှင့်အတူ ဆောင်ရွက်ကြမှသာ ပြည့်စုံပြည့်ဝ အောင်မြင်မှုရမည်ကိုတော့ သိထားသင့်ကြပါသည်။ သိလည်း သိကြသည်ဟု ထင်မြင် ယူဆပါသည်။
ဤမျှ ဘက်ပေါင်းစုံ အလွှာစုံ သိနိုင်မှတ်နိုင် လေ့လာနားလည်နိုင်သည့် စကားလုံးများဖြင့် နိုင်ငံတော် သမ္မတ ဒုသမ္မတများနှင့် ပြည်ထောင်စု ဝန်ကြီးများ၏ အဆင့်ဆင့် လမ်းညွှန်မှု ညွှန်ကြားမှုများကို သိကြပါလျက် အတိတ်ခေတ်ဟောင်းမှ အကျင့်ဟောင်းများဖြစ်သော “မလုပ်မရှုပ် မပြုတ်” နည်းကိုသုံးလျက် ကဗျာကလေးတွင် ပါသည့်အတိုင်း နှလုံးသားနှင့် အတူ မပါဘဲ ဆောင်ရွက်မှုများကို သတင်းစာ ဂျာနယ် (မီဒီယာ) များမှလည်း ပုံစံအမျိုးမျိုးဖြင့် ပြည်သူများ အတွင်း အဖြစ်မှန် လေ့လာတွေ့ရှိချက်များကို ရိုးသား ပွင့်လင်းစွာဖြင့် ပေါ်ပေါ်လွင်လွင် အပြုသဘောဖြင့် ပညာပေး ပြုပြင်ရေးသား တင်ပြကြသည့်တိုင် အကြံအဖန်ဖန်စား၊ ရိုက်စား၊ တားစား၊ လုပ်စားနေသူတို့သည် အပြုံးမပျက် ပန်းပန်လျက် ရပ်တည်နေကြဆဲ ဖြစ်သည်ကို တွေ့ရှိနေရသည်။ ခေတ်အဆက်ဆက် ပြည်သူတို့အပေါ် ပညာပြ၍ နှလုံးသားမပါ စာနာမှုတရားမရှိ အတ္တအကျိုးကိုသာ ကြည့်ကြသည့် ဌာနဆိုင်ရာ အဆင့်ဆင့်သော အရာထမ်း၊ အမှုထမ်း၊ ကုန်သည်ပွဲစား စီးပွားရေးသမားများ၊ အလုပ်သမား၊ လယ်သမားပင် ဖြစ်စေကာမူ လူသားများ ဖြစ်ကြပါလျက် လူ့မနော၊ လူ့စိတ်ဓာတ်၊ လူ့အကျင့်သိက္ခာ၊ လူ့အသိတရား၊ လူ့နှလုံးသားနှင့်အညီ မလေးစား မလိုက်နာ မလုပ်ဆောင်နိုင်ကြသူများကိုတော့ ကျွန်ုပ်အား ထိရောက်ပြတ်သားစွာ အရေးယူ နှိမ်နင်းပါရန် အခွင့်အာဏာများ ပေးအပ်ခဲ့ပါမူ ထိုသူတို့အား သူတို့ကဲ့သို့ နှလုံးသားမပါဘဲ ကျွန်ုပ်စိတ်ရှိတိုင်းသာ လုပ်ရပါလျှင် ထိုကဲ့သို့သော လူများအားလုံး.....သို့သာ ပို့ဆောင်မည်သာ ဖြစ်ပါကြောင်း။
စောကျော်အေး (ပန်းဘဲတန်း)
0 comments:
Post a Comment