25.10.2011 နေ့ဖတ်ရန်သတင်းများ
by Myanmar Journal on Tuesday, October 25, 2011 at 6:41am
ဟာသ သရုပ်ဆောင်နှင့် ဒါရိုက်တာ ဇာဂနာ့ အကြောင်း မှတ်တမ်းရုပ်ရှင် ပိုစတာ ဖြစ်ပါသည်။ ကိုဇာဂနာနဲ့အဖွဲ့ ပြည်မြို့ ထောင်ဝင်စာခရီး သွားရောက်
2011-10-24
ဟာသသရုပ်ဆောင် ကိုဇာဂနာဟာ နိုင်ငံရေး အကျဉ်းသားတွေ အကျဉ်းကျရာ မြို့တွေက ထောင်တွေကို သွားရောက်ပြီး ထောင်ဝင်စာပို့တဲ့ ပထမဆုံး ခရီးစဉ်အဖြစ် ဒီကနေ့ ပြည်မြို့ကို ရောက်ရှိခဲ့ပြီး ပြည်အကျဉ်းထောင်မှာ နိုင်ငံရေး အကျဉ်းသားတွေ အတွက် ထောင်ဝင်စာ ပစ္စည်းပေးပို့ခဲ့ကြောင်း သိရပါတယ်။
ကိုဇာဂနာနဲ့ အတူ ကိုဂေါ်ဇီလာ၊ ကိုစိန်သီး စတဲ့လူရွှင်တော်တွေ၊ နိုင်ငံရေး၊ လူမူရေးလှုပ်ရှားသူ ကိုမျိုးရန်နောင်သိမ်း၊ ပဲခူး က ကိုကျော်ဝင်းတို့လည်း အတူ လိုက်ပါလာပါတယ်။ ပြည်မြို့က ဒေသခံ နိုင်ငံရေး၊ လူမှုရေး လှုပ်ရှားသူတွေနဲ့ မျက်မောက် မြန်မာ့နိုင်ငံ အခြေအနေတွေနဲ့ ပတ်သက်ပြီး သဘောထား အမြင်ဖလှယ်ကြတဲ့ စကားဝိုင်း တစ်ခုကို ပြုလုပ်ခဲ့ရာမှာ စိတ်ပါဝင်စားသူ ၂၀၀ လောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား လွှတ်မြောက်ရေး၊ အမျိုးသား သွေးစည်း ညီညွတ်ရေး၊ သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းရေးတို့အတွက် ရည်စူးပြီး ညနေ ၇ နာရီလောက်မှာ ဧရာဝတီမြစ် အတွင်း ဆီမီးမျောပွဲ ကျင်းပမယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူး ကိုယ်စားလှယ် ဒဲရက်က် မစ်ချဲလ်ဟာ ဒီကနေ့နဲ့ မနက်ဖြန် နှစ်ရက်ကြာ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ဒုတိယအကြိမ် ရောက်ရှိလာခဲ့ပါတယ်။
မစ္စတာမစ်ချဲလ်ဟာ စက်တင်ဘာလတွင်းက ပထမအကြိမ် မြန်မာနိုင်ငံကို လာရောက်ခဲ့တာ ဖြစ်ပါတယ်။
မစ္စတာ မစ်ချဲလ်အနေနဲ့ မြန်မာနဲ့ နှစ်နိုင်ငံကြား ဆက်ဆံရေး ပိုမို ကောင်းမွန်အောင် ဆောင်ရွက် နိုင်ဖို့အတွက် မြန်မာနိုင်ငံကို ကြိမ်ဖန် များစွာ လာရောက်ဖို့ ရှိပြီး အစိုးရနဲ့ရော နိုင်ငံ တည်ဆောက်ရေးမှာ ပါဝင်ရမယ့် တခြား လူ ပုဂ္ဂိုလ် အဖွဲ့အစည်းတွေနဲ့ပါ တွေ့သွားမှာ ဖြစ်တယ်လို့ အမေရိကန် သံရုံး ပြောခွင့်ရသူက ဘီဘီစီကို ပြောပါတယ်။
မြန်မာ အစိုးရအနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ထပ်လွှတ်ပေးဖို့၊ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေ၊ တိုင်းရင်းသား မျိုးနွယ်စုတွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဖို့၊ တိုင်းရင်း သား လူမျိုးနွယ်တွေ အပေါ် အကြမ်းဖက် လုပ်ရပ်တွေကို အဆုံးသတ် ပစ်ဖို့နဲ့ နိုင်ငံတကာ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာဖို့အတွက် မစ္စတာ မစ်ချဲလ် အနေနဲ့ မြန်မာအစိုးရနဲ့ အခွင့်ရတိုင်း ဆောင်ရွက်သွားမယ်လို့ အမေရိကန် သံရုံး ပြောခွင့်ရသူက ပြောပါတယ်။
အခုလို ၂လတာ ကာလအတွင်း မြန်မာနိုင်ငံကို မစ္စတာ မစ်ချဲလ် ဒုတိယအကြိမ်မြောက် လာရောက်တာကို ကြည့်ခြင်းအားဖြင့် အမေရိကန် မြန်မာ ဆက်ဆံရေး အရှိန်မြင့်လာတယ် လို့ ယူဆရကြောင်း၊ ဒါပေမယ့်လည်း အမေရိကန် အစိုးရ တောင်းဆိုနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးရေး ကိစ္စနဲ့ ပတ်သက်လို့တော့ အမေရိကန် အစိုးရနဲ့ မြန်မာအစိုးရကြားမှာ အမြင်ကွာဟမှုတွေ ရှိနေတာကြောင့် ဒါတွေကို ဆွေးနွေးညှိနှိုင်းပြီးမှ ဆက်ဆံရေး ပြေလည် နိုင်မှာ ဖြစ်တယ်လို့ LSE လန်ဒန် စီးပွားရေး တက္ကသိုလ် အပြည်ပြည် ဆိုင်ရာ ဖွံ့ဖြိုးရေး ဌာနက မြန်မာပညာရှင် ဒေါက်တာ ဇာနည်က သုံးသပ်ပါတယ်။
မစ္စတာ မစ်ချဲလ်ရဲ့ နှစ်ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ရော နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏ မောင်လွင် အပါအဝင် အစိုးရ ထိပ်တန်း ခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံဖို့ ရှိတယ်လို့ ဝါရှင်တန်မြို့ အမေရိကန် နိုင်ငံခြားရေး ဌာနက ပြောပါတယ်။
အသတ်ခံရသူအများစုဟာ ကဒါဖီအစိုးရ လက်ထက် က အရာရှိတွေ စစ်ဘက်အရာရှိတွေလို့ ဆို
လူအခွင့် အရေး လှုပ်ရှားတဲ့ အဖွဲ့ တစ်ဖွဲ့ ဖြစ်တဲ့ Human Rights Watch (HRW) လူ့ အခွင့် အရေး လေ့လာ စောင့်ကြည့်ရေး အဖွဲ့က လစ်ဗျား ခေါင်းဆောင် ဟောင်း ဗိုလ်မှူးကြီး ကဒါဖီရဲ့ နောက်ဆုံး အမာခံ မြို့ ဖြစ်တဲ့ ဆာ့တ် မြို့မှာ ကဒါဖီကို ထောက်ခံသူ ၅၃ ယောက်ကို အုပ်စုလိုက် သတ်ဖြတ် ထားမှု တွေ့ရှိ ခဲ့ရတယ်လို့ ထုတ်ဖော် ပြောလိုက်ပါတယ်။
ပလတ်စတစ်ကြိုးနဲ့ လက်နောက်ပြန်ကြိုး တုပ်ခံထားရသူ တချို့ ပါဝင်တဲ့ ပုပ်ပွ နေတဲ့ အလောင်း တွေကို ဆာတ့်မြို့က Mahari ဟိုတယ်မှာ တွေ့ခဲ့ရတယ်လို့ HRW အဖွဲ့က ထုတ်ပြန် တဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။
သတ်ဖြတ်မှုတွေ မဖြစ်ခင် အဲဒီ ဟိုတယ်ဟာ ကဒါဖီ ဆန့်ကျင်ရေး တပ်ဖွဲ့တွေရဲ့ ထိန်းချုပ်မှုအောက်မှု ရှိခဲ့တာလို့ ဆိုပါတယ်။
အလောင်းတွေ ဆီကနေ သွေးတွေ တိုက်ရိုက် စီးကျနေတဲ့ အပြင် မြေကြီး ပေါ်မှာလည်း ကျည်ခွံ တွေရှိနေခဲ့ ပါတယ်။
တွေ့ရတဲ့ အထောက်အထားတွေ အရ သေဆုံးသူအားလုံ မဟုတ်ရင်တောင် သေဆုံးခဲ့ကြသူ တချို့ဟာ လူသူ စွန့်ခွါသွားတဲ့ ဟိုတယ် ထဲမှာ ဖမ်းဆီး ခံထားရစဉ် သေနတ်နဲ့ အပစ်ခံရပြီး သေဆုံး ခဲ့ကြတာ ဖြစ်တယ် လို့ အခိုင်အမာ ပြသနေကြောင်း အစီရင် ခံစာထဲမှာ ဖော်ပြထား ပါတယ်။
ဗိုလ်မှူးကြီး ကဒါဖီကို ဆန့်ကျင်တဲ့ လက်နက်ကိုင် အဖွဲ့ အမျိုးမျိုးရဲ့ နာမည် တွေကို အဲဒီ ဟိုတယ်ရဲ့ နံရံ တွေမှာ ထင်ထင်ရှားရှား ရေးထားတာ တွေ့ရတဲ့ အတွက် အဲဒိ အဖွဲ့တွေ ဒီနေရာမှာ ထိန့်ချုပ် ခဲ့တယ် ဆိုတာ ညွန်ပြ နေတယ်လို့ ဘီဘီ စီ သတင်းထောက် Mark Doyle က ပြောပါတယ်။
ဒေသခံတွေ ကတော့ သေဆုံးသူအများစုဟာ ဆာ့တ် မြို့ခံတွေ ဖြစ်ကြပြီး အဲဒီထဲမှာ ဗိုလ်မှူးကြီး ကဒါဖီ အစိုးရဟောင်း လက်ထက်က အရာရှိတွေနဲ့ စစ်တပ်အရာရှိတွေ ပါဝင်တယ်လို့ လူ့အခွင့်အရေး အဖွဲ့ကို ပြောပါတယ်။
HRW အဖွဲ့ ကတော့ အခု အစုလိုက် အပြုံလိုက် ကွပ်မျက်ခံရတယ်လို့ ယူဆရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ချက်ချင်း လက်ငင်း ပွင့်လင်း မြင်သာတဲ့ စုံစမ်း စစ်ဆေးမှု ပြုလုပ်ဖို့ နဲ့ တာဝန်ရှိသူတွေကို တရားဥပဒေ အရ အရေးယူဖို့ လစ်ဗျား နိုင်ငံ တခွင်ကို ထိန်းချုပ် ထား နိုင်ပြီလို့ ကြေညာ ထားတဲ့ လစ်ဗျား အသွင်ကူးပြောင်းရေး ကောင်စီ NTC ကို တောင်းဆို ထားပါတယ်။
လူပေါင်း ၁၃၀၀ ဒဏ်ရာ ရရှိသွားပြီး တခြားလူ အများအပြားကတော့ ပျောက်ဆုံးနေဆဲပါ
တူရကီနိုင်ငံ အရှေ့ပိုင်းမှာ မနေ့က လှုပ်ခဲ့တဲ့ မြေငလျင်ကြောင့် လူပေါင်း ၂၆၀ ကျော် သေဆုံး ခဲ့ပြီလို့ တူရကီ အစိုးရက ပြောပါ တယ်။
နောက်ထပ် လူပေါင်း ၁၃၀၀ ကတော့ ဒဏ်ရာ ရရှိသွားကြပြီး တခြားလူ အများအပြားကတော့ ပျောက်ဆုံးနေပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေဟာ ပြိုကျပျက်ဆီးနေတဲ့ အဆောက်အဦးတွေအောက်မှာ ပိတ်မိနေသူ တွေကို ညလုံးပေါက် ကြိုးစား ရှာဖွေခဲ့ပြီးနောက် ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်နေကြပါတယ်။
အသက်မသေပဲ လွတ်မြောက်လာသူ တဦးကတော့ မြေငလျင်ဟာ ကြီးကြီးမားမားကို လှုပ်ခါ သွားတာ ဖြစ်ကြောင်းနဲ့ အပျက်အဆီးတွေ အောက်မှာ ရှိနေတဲ့ သူ့ဆွေမျိုးတွေ အသက်ရှင် လျက် ပြန်ထွက်လာဖို့ကို ဆုတောင်းနေတယ်လို့ ပြောပါတယ်။
အေးခဲနေတဲ့ ရာသီဥတုအောက်မှာ လူပေါင်း သောင်းနဲ့ချီတဲ့ မြေငလျင်ဒဏ် ခံခဲ့ရသူတွေဟာ အပြင်မှာ ညအိပ်ခဲ့ရပါတယ်။
တူရကီ လခြမ်းနီ အဖွဲ့ကတော့ ဒုက္ခသည်တွေအတွက် အမိုးအကာတွေ ထပ်လိုနေတယ်လို့ ပြောပါတယ်။
ချစ်ကြည်ရေးတံတား ပြန်ဖွင့်မယ်ဆိုတဲ့ သတင်းတွေ ထွက်နေချိန်နဲ့လည်း တိုက်ဆိုင်နေ
ကရင်ပြည်နယ် မြဝတီမြို့က ပြည်ခိုင်ဖြိုး ရုံး အနားမှာ တနင်္လာနေ့ မနက်က ဗုံးပေါက်ကွဲလို့ ဘုန်ကြီးတပါး ဒဏ်ရာ ရရှိသွားပါတယ်။
မြဝတီမြို့ အမှတ် ၄ ရပ်ကွက်က ပြည်ခိုင်ဖြိုး ရုံးအနား ဖြစ်ပွားခဲ့တဲ့ ဒီဗုံးပေါက်ကွဲမှုဟာ အတော်လေး အသံကျယ်ပေမဲ့ ကြီးကြီးမားမား ပျက်ဆီးဆုံးရှုံးမှု မရှိပဲ၊ အနားမှာ ဖြတ်သွားနေ တဲ့ ဘုန်းကြီးတပါးပဲ အစမှန်လို့ အနည်းငယ် ဒဏ်ရာရသွားတာ ဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
မြဝတီ မြို့ခံတဦး ပြောတာကတော့ ဈေးအနီးက ကြံ့ခိုင်ရေးရုံး ငါးကန်နားမှာ ဗုံးပေါက်တာ ဖြစ်ပြီး၊ ကမ်းနားဆိပ်က မြနှင်းအိမ် တည်းခိုခန်းအနားမှာလည်း ဗုံးတလုံး ရှာတွေ့တယ်လို့ ဆိုပါတယ်။
အခု ဗုံးပေါက်ကွဲမှုဟာ၊ ချစ်ကြည်ရေးတံတားနဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို မြန်မာဘက်က ဒီလကုန်ပိုင်းမှာ ပြန်ဖွင့်မယ်ဆိုတဲ့ သတင်းတွေ ထွက်နေတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
အခုလို ဗုံးပေါက်ကွဲမှုကြောင့် ချစ်ကြည်ရေးတံတားနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်မယ့်ရက်ကို မြန်မာဘက်က ရွှေ့ဆိုင်း လိုက်နိုင်ဖွယ်ရှိတယ်လို့ နယ်စပ် အကဲခတ် သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက မြဝတီမြို့မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း၊ ငြိမ်သက် နေရာကနေ ၃ လ မြောက်တဲ့ အချိန်မှာ အခုလိုပြန်ပြီး ဗုံးပေါက်ကွဲတာ ဖြစ်ပါတယ်။
သူ့ကို ဆီးရီးယားဆိုင်ရာ အမေရိကန် သံအမတ်အဖြစ် ဒီနှစ်ဇန္နဝါရီလကမှ ခန့်အပ်ခဲ့
ဆီးရီးယားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ရဲ့ လုံခြုံရေးအတွက် စိုးရိမ်ရ တာကြောင့် အမေရိကန် ပြည်ထောင်စုဟာ သံအမတ် ဖြစ်သူ ရောဘတ် ဖို့ဒ်ကို ဆီးရီးယား နိုင်ငံကနေ ပြန်ခေါ်လိုက်ပါ တယ်။
မစ္စတာဖို့ဒ်ဟာ ဆန္ဒပြမှုတွေဖြစ်အောင် အားပေးနေတယ်လို့ ဆီးရီးယားအစိုးရက ယူဆထားပြီး သူ့ကို ဆန့်ကျင်ရေးအတွက် အစိုးရက လှုံ့ဆော်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာနက ပြောပါတယ်။
မစ္စတာဖို့ဒ်ဟာ ပြီးခဲ့တဲ့လက သမ္မတအာဆတ် ပြုတ်ကျရေး တောင်းဆိုနေကြတဲ့ ဆန္ဒပြသူတွေ ဆီကို သွားရောက်စဉ် အစိုးရ ထောက်ခံသူတွေက သူ့ကို ခရမ်းချဉ်သီးတွေ ကြက်ဥတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။
မစ္စတာဖို့ဒ်ကို ဆီးရီးယားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် အနေနဲ့ ဒီနှစ် ဇန္နဝါရီလကမှ ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ ဇိုမီး အမျိုးသားကွန်ဂရက် တောင်းဆို
2011-10-24
ဇိုမီး အမျိုးသား ကွန်ဂရက်ပါတီ တည်ထောင်မှု ၂၃ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို စစ်ကိုင်းတိုင်း ကလေးမြို့ ရှိ ပါတီ ဥက္ကဌ ဦးပူကျင့်ရှင်းထန် အိမ်မှာ ဒီကနေ့ နေ့လည် ၂ နာရီက ကျင်းပခဲ့ပြီး ဒီအခမ်းအနားမှာ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
အများပြည်သူ တင်မြောက်တဲ့ ပြည်သူ့အစိုးရကို အဓိက မူတည်ထားပေမယ့် ဒီကနေ့အထိ မပေါ်ပေါက်သေးကြောင်း၊ ကြားကာလမှာ နိုင်ငံရေး အကျဉ်းသား လွှတ်ပေးဖို့ တောင်းဆိုတာ ဖြစ်ကြောင်း၊ ရှမ်းခေါင်းဆောင်တွေ ဖြစ်တဲ့ ဦးခွန်ထွန်းဦး၊ စိုင်းညွန့်လွင်၊ ဒေါက်တာ တင်မင်းထွန်း၊ ဦးညီပု နဲ့ ဇိုမီးလူငယ်အဖွဲ့က ဖမ်းဆီးထားတဲ့ အဖွဲ့ဝင်တွေကို အမြန်ဆုံး ပြန်လွတ်ပေးဖို့ တောင်းဆိုထားကြောင်း ဇိုမီး အမျိုးသား ကွန်ဂရက်ပါတီ အတွင်းရေးမှူး ဦးကမ်လျမ်က အာအက်ဖ်အေကို ပြောပါတယ်။ဒီ ကြေညာချက်မှာ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ကိုလည်း ပြန်လည် လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။မြန်မာနိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင် ပြဿနာတွေ ပပျောက်ပြီး ရေရှည် ငြိမ်းချမ်းရေး ရဖို့အတွက်ဆိုရင် ပင်လုံစာချုပ်ပါ သဘောတူချက်တွေကို ပြန်လည် အကောင်အထည် ဖော်သင့်တယ်လို့လည်း ဦးကမ်လျမ်က ပြောဆိုပါတယ်၊ ဇိုမီး အမျိုးသား ကွန်ဂရက် ပါတီဟာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ တီးတိန်၊ တွန်းဇံ၊ ကလေးနဲ့ တမူးမြို့ နယ် မဲဆန္ဒနယ်တွေမှာ အနိုင်ရခဲ့ပါတယ်။ဇိုမီးအမျိုးသား ကွန်ဂရက်ရဲ့ဥက္ကဌ ဖြစ်သူ ဦးပူကျင့်ရှင်းထန် ဟာ CRPP ခေါ် ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီရဲ့ အဖွဲ့ဝင်တဦးလည်း ဖြစ်ပါတယ်။
မြောက်ကိုရီးယားမှာ နိုင်ငံရေးထက် အငတ်ဘေး ကုလဦးစားပေးမည်
By Steve Herman/ကိုကျော်ကျော်သိန်း
မြောက်ကိုရီးယားနိုင်ငံသားတွေ ၀၀လင်လင် စားသုံးနိုင်ကြရေး နိုင်ငံရေးကိုဘေးဖယ်ထားပြီး ရန်ပုံငွေ တိုးပေးဖို့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အကြီးအကဲက နှိုးဆော်လိုက်ပါတယ်။ မြောက်ကိုရီးယား နိုင်ငံသားတွေ ဆိုးဆိုးရွားရွား အာဟာရချို့တဲ့နေတာဟာ အင်မတန်စိုးရိမ်ဖွယ် ကောင်းနေတယ်လို့ ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာပဲ မြောက်ကိုရီးယားနိုင်ငံဆီသွားခဲ့တဲ့ ဗယ်လာရီ အားမော့စ် (Valerie Amos) က ပြောလိုက်တာပါ။ ဒါပေမဲ့လည်း ကိုယ့်ရဲ့လိုအပ်ချက်အပေါ် သံသယအမြင် ရှိနေတဲ့ကမ္ဘာကြီးကို စွဲဆောင်ဖို့ မြောက်ကိုရီးယားကိုယ်တိုင်က အများကြီးလုပ်ရမှာတွေ ရှိတယ်လို့ အားမော့စ်က ပြောတဲ့အကြောင်း ဗွီအိုအေသတင်းထောက် စတိဗ် ဟာမန်း (Steve Herman) က တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ် မြို့တော်ကနေ သတင်းပေးပို့ထားပါတယ်။ ကိုကျော်ကျော်သိန်းက အပြည့်အစုံ တင်ပြထားပါတယ်။
မြောက်ကိုရီးယားနိုင်ငံမှာ ဆိုးဆိုးရွားရွား အာဟာရချို့တဲ့နေတယ် ဆိုတာကို ငါးရက်ကြာသူသွားခဲ့တဲ့ ခရီးစဉ်မှာ ပိုပြီး သေချာသွားခဲ့တယ်လို့ အစိုးရတာဝန်ရှိသူတွေနဲ့ အကူအညီပေးရေးအဖွဲ့တွေကို ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် ဗယ်လာရီ အားမော့စ်က တနင်္လာနေ့က ဆိုးလ်မြို့တော်မှာ ပြောခဲ့ပါတယ်။
မြောက်ကိုရီးယား လူဦးရေခြောက်သန်းဟာ ပြောင်းဖူး၊ ဂေါ်ဖီထုပ်နဲ့ ဆန်ကိုပဲ အဓိကစားပြီး ရှင်သန်နေ ရတယ်လို့ သူကပြောပြီး အကူအညီတွေတိုးပေးကြဖို့ နှိုးဆော်ခဲ့ပါတယ်။ နှစ်စဉ် စားနပ်ရိက္ခာ မက်ထရစ်တန် တစ်သန်း လိုအပ်ချက် ဆက်ပြီးရှိနေတာကြောင့် ဒီနှစ်မှာ အကူအညီတွေ အရေးတကြီးလိုအပ်နေတယ်လို့ သူကပြောပါတယ်။
“ဒီနှစ်မှာ ရေကြီးတာကြောင့် အခြေအနေက ပိုဆိုးသွားပါတယ်။ ဒါပေမဲ့ ဒီနှစ် ကောက်ပဲသီးနှံ ရိတ်သိမ်းနိုင်တဲ့ အခြေအနေအရ ပြောမယ်ဆိုရင်တော့ မနှစ်ကနဲ့ အတူတူလောက် ဒါမှမဟုတ် နည်းနည်းလေးတောင်မှ ပိုကောင်းလိမ့်မယ်လို့ ကျမတို့ထင်ပါတယ်။ ဒါပေမဲ့လည်း အရမ်းကို အာဟာရ ချို့တဲ့နေတယ်ဆိုတာကိုတော့ သတိရ ရပါလိမ့်မယ်။ လူတွေက အသားဓာတ်လည်း မရကြသလို တခြား အာဟာရ ဓာတ်တွေကလည်း နည်းနည်းပဲရကြတာပါ။”
စားနပ်ရိက္ခာအတွက် ဒေါ်လာ ၂၁၈ သန်း အကူအညီပေးကြဖို့ ကုလသမဂ္ဂက မေတ္တာရပ်ခံ ပန်ကြားထားပေမဲ့ အဲဒီငွေရဲ့ သုံးပုံ တစ်ပုံပဲရပါသေးတယ်။
သူ့ရဲ့ကိုယ်စားလှယ်အဖွဲ့က သွားကြည့်ချင်တဲ့ နေရာတွေအားလုံးကို မြောက်ကိုရီးယားက ခွင့်ပြုခဲ့တယ်လို့ အားမော့စ်က ပြောပါတယ်။ အဲဒီနေရာတွေထဲမှာ အသားနဲ့ငါးတွေရောင်းတဲ့ ဈေးတစ်ခု၊ အစိုးရ စားနပ်ရိက္ခာ ဖြန့်ဖြူးတဲ့ ဌာနတစ်ခု၊ ဆေးရုံနှစ်ရုံ၊ မိဘမဲ့ ဂေဟာတစ်ခုနဲ့ စုပေါင်းလယ်ယာလုပ်ငန်း တစ်ခုတို့ပါပါတယ်။
ပေးလိုက်တဲ့ အကူအညီတွေကို အသေအချာ ကြီးကြပ်စစ်ဆေးတာမျိုး အားနည်းတာနဲ့ စားနပ်ရိက္ခာ အကူအညီကို စစ်ဘက်အတွက် ပြောင်းလဲသုံးစွဲတယ် ဆိုတာတွေအပေါ် အလှူရှင်နိုင်ငံတွေက စိုးရိမ်တာတွေဟာ နားလည်ဖွယ်ရာဖြစ်တယ်လို့ မြောက်ကိုရီးယား တာဝန်ရှိသူတွေကို သူပြောခဲ့တယ်လို့ အားမော့စ်က ပြောပါတယ်။ “ဒါကြောင့်လဲ အချက်အလက် ကောက်ယူတာနဲ့ သတင်းတွေရဖို့ အရမ်းကို အရေးကြီးတယ်ဆိုတာ အာဏာပိုင်တွေကို ကျမ ပြောခဲ့တာပါ။ မယုံကြည်မှုနဲ့ သံသယ အကြီးအကျယ်ရှိတယ် ဆိုတာကိုလည်း ကျမ မသွားခင်ကရော အဲဒီရောက်နေတဲ့ အချိန်မှာပါ အာဏာပိုင်တွေကို ကျမ ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။”
ဒီနှစ်မှာ မြောက်ကိုရီးယားကို စားနပ်ရိက္ခာအကူအညီ ပေးမယ်မပေးဘူးဆိုတာ ဆုံးဖြတ်ဖို့ လုပ်နေတုန်းပဲလို့ ကုလသမဂ္ဂက ပြောပါတယ်။ အခြေအနေကို စူးစမ်းလေ့လာဖို့ အဖွဲ့တစ်ဖွဲ့ကို လွန်ခဲ့တဲ့ငါးလက မြောက်ကိုရီးယားဆီ လွှတ်ခဲ့ပေမဲ့ အဲဒီအဖွဲ့ရဲ့ အစီရင်ခံစာက ထွက်မလာသေးပါဘူး။
မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ်နဲ့ပတ်သက်ပြီး ဒုတိယအကျော့ ဆွေးနွေးပွဲတွေကို အမေရိကန်နဲ့ မြောက်ကိုရီးယား တာဝန်ရှိသူတွေ ဂျနီဗာမှာ ဒီသီတင်းပတ်အတွင်း ဆွေးနွေးနေကြပါတယ်။ အဲဒီနျူကလီးယား အစီအစဉ်ကြောင့်ပဲ မြောက်ကိုရီးယားကို နိုင်ငံတကာက ဒဏ်ခတ်အရေးယူထားတာပါ။
တောင်ကိုရီးယားက ၂၀၀၈ ခုနှစ်ကတည်းကစပြီး မြောက်ကိုရီးယားကို အကူအညီတွေ သိသိသာသာ မပေးတော့ပါဘူး။ မကြာသေးခင်က မြောက်ကိုရီးယားမှာ ရေကြီးပြီးတဲ့နောက် အကူအညီတချို့ပေးဖို့ ကမ်းလှမ်းခဲ့ပေမဲ့ မြောက်ကိုရီးယားဘက်က ဘာမှ မတုံ့ပြန်ခဲ့ဘူးလို့ တောင်ကိုရီးယားက ပြောပါတယ်။
စိုက်ပျိုးရေးကဏ္ဍ ထုတ်လုပ်မှုပိုင်း ခိုင်မာအားကောင်းရေးကို အတားအဆီးဖြစ်စေပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ လက်တွန့်စေတဲ့ ဖွဲ့စည်း တည်ဆောက်မှုပိုင်းဆိုင်ရာ အားနည်းချက်တွေကို ကိုင်တွယ်ဖြေရှင်းရေး ပိုလုပ်ဖို့လိုကြောင်း မြောက်ကိုရီးယား အာဏာပိုင်တွေကို သူပြောခဲ့တယ်လို့လည်း အားမော့စ်က ပြောပါတယ်။
နိုင်ငံကူးလက်မှတ်ရလျှင် ဇာဂနာ အမေရိကန်သွားမည်
အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန် ဦးဆောင်သည့် CGI ဖောင်ဒေးရှင်း၏ လူမှုအကူအညီပေးရေး လုပ်ငန်းများကို လေ့လာရန် လူရွှင်တော်ဇာဂနာအား ဖိတ်ကြားထားသဖြင့် နိုင်ငံကူးလက်မှတ် လျှောက်ထားပြီးဖြစ်ကြောင်း ကိုဇာဂနာက ဝါရှင်တန် အခြေစိုက် RFA သတင်းဌာနကို ပြောထားသည်။ ၎င်းသည် နိုင်ငံကူးလက်မှတ်ရရှိ၍ အမေရိကန်နိုင်ငံသို့ သွားခွင့် ရပါက သူငယ်ချင်း လူရွှင်တော်များဖြစ်သော အရိုင်း၊ ကင်းကောင်၊ ငှက်ပျောကြော်တို့နှင့်အတူ မေရီလန်းတွင် အခမဲ့ ပွဲတပွဲ ကမည်ဖြစ်ကြောင်း၊ မင်းသမီးအနေဖြင့် ထိုင်းနိုင်ငံ ချင်းမိုင်တွင်ရှိနေသော မြစံပယ်ငုံကို စီစဉ်ထားကြောင်း သိရသည်။
မြ၀တီတွင် ဗုံးကွဲ
ကရင်ပြည်နယ် မြ၀တီမြို့ အမှတ် ၄ ရပ်ကွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ရုံးဟောင်းရှေ့တွင် ယနေ့နံနက် ၈ နာရီကျော်က ဗုံးတလုံးပေါက်ကွဲရာ ဘုန်းတော်ကြီးတပါး ဒဏ်ရာရရှိသွားသည်။ ဗုံးပေါက်ကွဲမှုကို အာဏာပိုင်များက စောလားပွယ် (ဗိုလ်နှုတ် ခမ်းမွေး)ဦးဆောင်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော်(DKBA)အဖွဲ့၏ လက်ချက်ဟု ယူဆထားကြောင်း မြ၀တီမှ အစိုးရ၀န်ထမ်းတဦးက ပြောသည်။ ယင်းပေါက်ကွဲမှုကြောင့် မြ၀တီမြို့အတွင်း လုံခြုံရေး အထူး တိုးမြှင့် ထားခြင်း မရှိဘဲ ပုံမှန်အတိုင်း သွားလာလျက်ရှိသည်ဟုလည်း ဆိုသည်။
နိုင်ငံရေး ဓားစာခံများ
အောင်လင်းထွဋ်
ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးသွားခဲ့ပြီးသော နောက်ပိုင်းမှစ၍ ဗိုလ်ချုပ်တို့ ချမှတ်ခဲ့သော လမ်းစဉ်များကိုနိုင်ငံရေးသမားများ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ တပ်မတော်ခေါင်းဆောင်များသည် မိမိတို့လိုသလိုသာ အသုံးချခဲ့ကြပြီး ခေတ်အဆက်ဆက် ယနေ့အထိတိုင် တိုင်းသူပြည်သားများကို ဓားစာခံအဖြစ် အသုံးချနေဆဲဖြစ်နေသည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ
မကြသေးခင်က လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသား နာမည်ကျော် ဟာသသရုပ်ဆောင် ကိုဇာဂနာ ပြောခဲ့သလို ဆိုမာလီ ပင်လယ်ဓားမြများ ကဲ့သို့ အစိုးရသည် နိုင်ငံရေးအကျဉ်းသားများကိုပြန်ပေးဆွဲထားပြီး သူတို့လိုချင်သည်ကိုရမှ လိုသလောက် သူတို့အိတ်ကပ်ထဲက ထုတ်ပေးခြင်းကို တွေ့မြင်ရမည်ဖြစ်ပါသည်။
စာရေးသူ အနေဖြင့် ၁၉၈၈ ခုနှစ် ပြည်လုံးကျွတ် လူထုဆန္ဒပြပွဲနောက်ပိုင်း တပ်မတော် ခေါင်းဆောင်များ ၏ နိုင်ငံရေး ကစားကွက် များကို လေ့လာတင်ပြလိုပါသည်။
၈ လေးလုံး အရေးခင်းကို စက်တင်ဘာ ၁၈ ရက် စစ်တပ် အာဏာသိမ်းစဉ် ပါတီစုံရွေးကောက်ပွဲ ကျင်းပပေးပြီး တပ်မတော် သည် စစ်တန်းလျားပြန်မည်ဟူသော ကြေညာချက်ဖြင့် နိုင်ငံရေးခေါင်းဆောင်များနှင့် ပြည်သူပြည်သားများကို ချွေးသိပ်၍ နဝတ သည် အကြမ်းနည်းရော အနုနည်းရောကိုပါ သုံး၍ ဖြိုခွဲခဲ့သည်။
တဘက်က မက်လုံးပေးသောစကားကိုသုံးပြီး အခြားတဘက်တွင်လည်း ကျောင်းသားခေါင်းဆောင်များနှင့် သဘောထားပြင်းထန် သော နိုင်ငံရေးခေါင်းဆောင်များကို စစ်ထောက်လှမ်းရေးက ဖမ်းဆီး၍ အကျဉ်းထောင်များအတွင်း ထည့်ခဲ့ကြရပါသည်။ နောက်ဆုံး ဒီမိုကရေစီ ခေါင်ဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုပါ ဖမ်းဆီးပြီး နေအိမ်အကျယ်ချုပ်ချခဲ့သည်။
၁၉၉၀-၁၉၉၁ ခုနှစ် ကာလများအတွင်း ကျောင်းသားလှုပ်ရှားမှုများတွင် ပါဝင်သော ကျောင်းသား ခေါင်းဆောင်များကို ဖမ်းဆီးခိုင်းခဲ့ ပြီး အေ အဆင့်ကို ထောင်အနှစ် ၂၀ ၊ ဘီ အဆင့်ကို ထောင် ၇ နှစ် မှ ၁၀ နှစ် ၊ စီ အဆင့်ကို ထောင် ၃ နှစ် မှ ၅ နှစ် သတ်မှတ် ပြီး ထောင်ချ ခိုင်းခဲ့ပါသည်။
ထိုစဉ်ကာလ ကတည်းက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများသည် စစ်အာဏာာရှင်ကြီးများ၏ လိုသလို အသုံးချခံရမည့် ဓားစာခံများဖြစ်လာရသည်။
စစ်ထောက်လှမ်းရေးများအနေဖြင့် အကျဉ်းသားနိုင်ငံရေးသမားများကို လစဉ်ပုံမှန်တွေ့ဆုံပြီး စစ်တပ်၏ လုပ်ဆောင်ချက်ကို ထောက် ခံ ရန် မက်လုံးပေး စည်းရုံးခဲ့ရပါသည်။ နိုင်ငံရေးအကျဉ်းသားများနှင့်တွေ့ဆုံမှု အစီရင်ခံစာကို အထက်ဌာနများသို့ စစ်ထောက်လှမ်းရေးမှ ပုံမှန်တင်ပြခဲ့ရသည်။
ယနေ့ကဲ့သို့ နယ်ထောင်များသို့ နိုင်ငံရေးအကျဉ်းသားများ ပို့ဆောင်ချုပ်နှောင်ခြင်းမရှိဘဲ အင်းစိန် အကျဉ်းထောင်တွင်သာ ထားပြီး ခေါင်းဆောင်ပိုင်းကို အထူးဆောင်နှင့် သီးသန့်ဆောင်များတွင် ထားပါသည်။ ထိုစဉ်ကတည်းက အမျိုးသားအရေးတွက် အကြောင်း အမျိုးမျိုးကြောင့် ကိုယ့်အကျိုးမစွန့်နိုင်သူများသည် စစ်အစိုးရကို မချစ်သော်လည်း အောင့်ကာနမ်းခဲ့ကြရပါသည်။
ဒေါင်ဒေါင်မြည်နိုင်ငံရေးခေါင်းဆောင်များဖြစ်သော ဒေါ်အောင်ဆန်းစုကြည် ၊ ဦးဝင်းတင်နှင့် ကိုမင်းကိုနိုင်နှင့် ကျောင်းသား ခေါင်း ဆောင်များသာ တိုင်းပြည်အတွက် ဒီမိုကရေစီအရေး ယုံကြည်ချက်ခံယူချက်ကို မပြောင်းမလဲ ယနေ့တိုင် ကြံ့ကြံ့ခိုင်ရပ်တည်ခဲ့ကြ သူများဖြစ်ပါသည်။ လက်ရှိအနေထားမှာပင် ကိုမင်းကိုနိုင်နှင့် ကျောင်းသား ခေါင်းဆောင်များသည် စစ်အစိုးရ၏ ဓားစာခံများအဖြစ်ရှိနေဆဲဖြစ်သည်။
၂၀၀၀ ပြည့်နှစ် ဝန်းကျင်မှစ၍ စစ်အစိုးရသည် နိုင်ငံတကာနိုင်ငံရေးကို လျစ်လျူရှုပြီး မြန်မာနိုင်ငံအရေးကို ထင်သလိုလုပ်၍မရမှန်း သိလာခဲ့သည်။ နိုင်ငံတကာတွင် လူ့အခွင့်အရေးချိုးဖောက်မှု သတင်းသည်ပေါ်လွင်ထင်ရှားလာပြီး ကုလသမဂ္ဂအပါဝင် အင်အားကြီး နိုင်ငံများ၏ ဖိအားပေးမှုကြီးထွားလာခြင်းနှင့် ရင်ဆိုင်ခဲ့ရသည်။ ဖိအားပေးမှုများတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်း သား လွတ်မြောက်ရေးသည် အဓိက အချက်တခုအနေဖြင့် ပါခဲ့သည်။
ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် အား ၂၀၀၀ ပြည့်နှစ်အတွင်း လျှို့ဝှက်တွေ့ဆုံဆွေးနွေးခဲ့ရသလို အခြားတဘက်တွင်လည်း Lobby Group(ညှိနှိုင်းရေးအဖွဲ့)ငှား၍ အမေရိကန်အစိုးရကို ချဉ်းကပ်ခဲ့ရပါသည်။ ထိုကာလအတွင်း ပြည်သူ့လွှတ်တော် ကိုယ်စား
ပြုကော်မတီဖွဲ့စည်းမှုနှင့်ပတ်သက်၍ ထိန်းသိမ်းထားသူများပြန်လည်လွှတ်ပေးပြီး ပြည်တွင်းပြည်ပတွင် စစ်အစိုးရမှသဘောထားကြီး သရောင် ပြခဲ့ပါသည်။
အမှန်တကယ်တော့ စစ်အစိုးရအနေဖြင့် မြန်မာ့နိုင်ငံရေးရှေ့ဆက်တိုးနိုင်ရန် ဒေါ်အောင်ဆန်းစုကြည် မပါလျှင် အလုပ်မဖြစ်နိုင်ဟု သိရှိထား၍လည်း ဖြစ်သည်။
ထို့ကြောင့်၂၀၀၂ ခုနှစ်မေလတွင် D C I Lobby Group အစီအစဉ်ဖြင့် စစ်ထောက်လှမ်းရေး ဗိုလ်မှူးချုပ်ကျော်သိန်းနှင့် မူးယစ်ဆေး ဝါး နှိမ်နင်းရေးမှ ရဲမှူးကြီးခမ်းအောင် တို့ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ကို လာရောက်ပြီးနောက် ဝါရှင်တန် မြန်မာသံရုံးမှနေ၍ ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေးကြောင်းသတင်း အစောဆုံးကြေညာချက် ထုတ်ပြန်ပေးခဲ့ရပါသည်။ ထိုစဉ်အချိန်အခါကလည်း ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးခေါင်းဆောင်တချို့ကို စစ်အစိုးရက အသုံးချခဲ့သော်လည်း စိတ်ရင်းစေတနာမမှန် စိတ်ကောင်းနှစ် လုံးကောင်းမရှိခဲ့၍ ဒီပဲယင်း အရေးအခင်းဖြင့် အဆုံးသတ်ခဲ့ရသည်။
၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးခင်းလူသတ်ပွဲကြီးပြီးနောက် နိုင်ငံတကာ၏ ပြင်းထန်စွာ ရှုတ်ချမှုများနှင့် ပိတ်ဆို့အရေးယူမှုများ ထပ်မံဖြစ် ပွားခဲ့ပြီးနောက် တဖန် ပြန်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုချဉ်းကပ်ခဲ့ရပြန်ပါသည်။ ဝန်ကြီးတဦးကိုခေါင်းဆောင် တာဝန်ပေး၍ အဖွဲ့တဖွဲ့ ဖွဲ့စေပြီး စေ့စပ်ဆွေးနွေးမှုများလုပ်ခဲ့ကြသည်။ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး ၊ အမျိုးသားညီလာခံမူ အချက်အလက် တချို့ ပြန်လည်ဆွေးနွေးခွင့်ပြုရေး ၊ ၁၉၉၀ ရွေးကောက်ပွဲ နိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ကို အသိအမှတ်ပြုရေး စသည်တို့ကို အဓိကအချက်များအနေဖြင့် ဆွေးနွေးခဲ့ကြဖူးပါသည်။
ထိုစဉ်ကလည်း နားလည်မှု တစုံတရာ ရခဲ့ပြီးကာမှ ရက်ပိုင်းအလိုမှာ NLD အမျိုးသားညီလာခံတက်ပြီးမှ အခြေအနေကြည့်ပြီး ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးပြန်လွှတ်ပေးမည်ဟု ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ တိုက်ရိုက်ပြင်ဆင် အမိန့်ကြောင့် ဆွေးနွေးပွဲပျက်ခဲ့ရဖူးပါသည်။
ယနေ့အချိန်အခါတွင်လည်း နိုင်ငံရေးအကျဉ်းသား အရေးသည် ကိုဇာဂနာ ပြောသလို “ကိုယ့် အိတ်ထဲက ပေးရတာကျနေတာပဲ အကုန်လုံးလွှတ်တော့ဘာဖြစ်လဲ” ဖြစ်နေပါသည်။ တကယ်တော့ ဦးသိန်းစိန် အစိုးရလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လိုများ နိုင်ငံရေး အကျဉ်းသားများကို ဓားစာခံအဖြစ် လုပ်နေပြီလားဟု သံသယဝင်ခဲ့မိပါသည်။
စာရေးသူ လေ့လာကြားသိရသော အတည်ပြုဆဲသတင်းများကို ထောက်လှမ်းရေးမှန်းခြေ ဆွဲကြည့်ပြီး စာဖတ်သူများကို တင်ပြလိုပါသည်။
ထောက်လှမ်းရေးသတင်းဆိုသည့် အဓိပ္ပာယ်ကို ဦးစွာရှင်းပြပါမည်။ သတင်းသည် မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ တိကျသည် ဖြစ်စေ မတိကျသည်ဖြစ်စေ ခိုင်လုံသည်ဖြစ်စေ မခိုင်လုံသည်ဖြစ်စေ သတင်းဖြစ်ပါသည်။ ဤသတင်းကိုမှ အခြေအမြစ်ပေါင်းစုံမှ အချက်အလက်ပေါင်းစုံ စုစည်းပြီး အကဲဖြတ် အနက်ကောက် သတင်းတည်ဆောက်ပြီး သတင်းအဆင့်သတ်မှတ်ရပါသည်။ သတင်း အဆင့်သတ်မှတ်ရာမှာလည်း သတင်းဖြစ်ပေါ်ရာအခြေအမြစ် နှင့် သတင်း၏အမှားအမှန်ကိုလေ့လာသုံးသပ်ပြီးမှ အသုံးပြုနိုင်သည့် သတင်းတခုဖြစ်လာသည်။
စာရေးသူရရှိသည့် အတည်ပြုဆဲသတင်းတွေအရ သမ္မတ ဦးသိန်းစိန် အနေဖြင့် ပြုပြင်ပြောင်းလဲရေးကို လုပ်ကိုလုပ်မှဖြစ်မည်ဟု သဘောထားရှိထားသူတဦး ဖြစ်သည်။ သို့သော် တချိန်တည်းမှာလည်း စစ်အစိုးရကာလ ဆရာသမားကြီးများ နှင့် လုပ်ဖော် ကိုင် ဖက် များကို အကာကွယ်ပေးရမည် ဆိုသော စိတ်သဘောထားရှိ နေပါသည်။
ပြုပြင်ပြောင်းလဲရေး လုပ်ရာတွင်လည်း ဒေါ်အောင် ဆန်းစုကြည် နှင့် ပူးပေါင်းရေး နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးရေးတို့သည် ပြည်တွင်းပြည်ပ မြန်မာ့အရေးစိတ်ဝင်စားသူများ၏ တောင်းဆိုချက်များဖြစ်၍ လိုက်လျောရမည်ကို နားလည်သကဲ့သို့ ၄င်း ဘက် တွင်လည်း စစ်အစိုးရကာလ လူ့အခွင့်အရေး ချိုးဖောက်ခဲ့မှုများအပေါ် ကုလသမဂ္ဂမှ Commission of Inquiry မဖွဲ့ရေး၊ နောက်ကြောင်းပြန်အရေး မယူရေးတို့ အပေါ် ဘယ်သူ အာမခံချက်ပေးမည်လဲ ဆိုသည်များအတွက် ခေါင်းခဲနေရသည့် အချက် တ ချက်ရှိပါသည်။
ထို ကိစ္စများနှင့် ဆက်စပ်၍ တိုင်းရင်သားများနှင့် ငြိမ်းချမ်းရေး ရယူရန်လည်း လိုနေပါသည်။ အားလုံးကို ခြုံသုံးသပ်ရလျှင် ဂုဏ် သိက္ခာရှိသည့် အစိုးရဖြစ်ရန် ပြုပြင်ပြောင်းလဲမှုပြုလုပ်ရေး မဟာဗျူဟာတခု ချဆောင်ရွက်နေသည်ဟု ပြောရမည် ဖြစ်သည်။
ပထမဦးဆုံး အကြံပေးအဖွဲ့များကို ယခင်ခေတ်ကာလများနှင့်မတူ အစိုးရ၏ ရှေ့တန်းတိုက်စစ်မှူးများအဖြစ် အသုံးပြုလာသည်ကို တွေ့ရပါသည်။ ထိုအထဲတွင် ဒီမိုကရေစီခေါင်းဆောင်နှင့် ရင်းနှီးသူကို ထည့်သွင်းဖွဲ့စည်းပြီး ချဉ်းကပ်ခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။
အဆိုပါပုဂ္ဂိုလ်မှတဆင့် နိုင်ငံတကာအရေးကိစ္စများနှင့်ပတ်သက်သည့် နိုင်ငံတကာငွေကြေး ရံပုံငွေအဖွဲ့ လာရောက်ခြင်းကိစ္စ၊ ဥရောပ နိုင်ငံတချို့မှ အကူအညီပေးရေးကိစ္စ၊ အာဆီယံ ကိစ္စများ ပူးပေါင်းဆောင်ရွက်ရေး ကမ်းလှမ်းမှုများ ရှိခဲ့သည်။
၎င်းနောက် ဝန်ကြီးဦးအောင်ကြည်နှင့်တွေ့ဆုံခဲ့ပြီးနောက် မကြာမီ သမ္မတကြီးနှင့်ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့သည့် အခြေ အနေထိ ရောက်ခဲ့ပါသည်။
သမ္မတဘက်မှ NLD ပါတီမှတ်ပုံတင်ပြီး လွှတ်တော်အတွင်း နိုင်ငံရေးလုပ်စေလိုပြီး ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ကိုလေးစားစေလို သည့် သဘောထားပြခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ဘက်မှလည်း နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးရေး ၊ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ နှင့် ရွေးကောက်ပွဲကော်မရှင်ဥပဒေ ကိစ္စများ ထောက်ပြမှုများ ရှိနေပါသည်။
ဧရာဝတီမြစ်ဆုံ စီမံကိန်းကိစ္စကတော့ မမျော်လင့်ဘဲပေါ်လာသောပြဿနာ တခု ဖြစ်ပါသည်။ သမ္မတအနေဖြင့် အဆိုပါအခွင့်အရေး ကိုအသုံးပြု၍ ပြည်တွင်းပြည်ပမှ ၄င်း၏လုပ်ဆောင်ချက်အပေါ် ထောက်ခံမှုအများကြီးရယူသွားခဲ့ပါသည်။ ဆက်လက်၍ အကျဉ်း သား ၆၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဟု ကြေညာခဲ့ပါသည်။
သို့သော် နိုင်ငံရေးအရ အဖမ်းခံထားရသူ (၂၀၀) ခန့်ကိုသာလွှတ်ပေးခဲ့ရာ ထင်ရှားသော အနုပညာသမား ကိုဇာဂနာ နှင့် ကျန်းမာ ရေးမကောင်းသူ ဗိုလ်ချုပ်ဆေထင် ကိုသာ လွှတ်ပေးခဲ့ပါသည်။ တကယ့် နိုင်ငံရေးသမား ကျောင်းသားခေါင်းဆောင်များကို ဆက် လက် ဖမ်းထားခဲ့သည်။ ဓားစာခံများအဖြစ် ဖမ်းဆီးထားသကဲ့သို့ ဖြစ်နေပါသည်။
စာရေးသူ လေ့လာသိရှိ ရသလောက်ကတော့ သမ္မတ ဦးသိန်းစိန် NLD ထံမှ တစ်စုံတစ်ခုပြန်လည် မျှော်လင့်နေသည်ဟု သိရပါသည်။
NLD အနေဖြင့် ဆိုမာလီ ပင်လယ်ဓားမြများနှင့်တူသည့် အစိုးရဆီက ဓားစာခံ နိုင်ငံရေးအကျဉ်းသားအားလုံးကို အဖိုးအခ မည်မျှပေး၍ ရွေးရမည်လည်းကို စောင့်ကြည့် ရပါဦးတော့မည်။
စာရေးသူအနေဖြင့်အကြံပြုလိုသည်မှာ စစ်အစိုးရတဖြစ်လဲ အရပ်သား အစိုး ရ နှင့် နိုင်ငံရေးကစားပွဲများတွင် မခံရစေရေး နည်း ပရိယယ်ကြွယ်ဝစွာဖြင့် သတင်းလက်ဦးမှုရယူပြီး တန်ပြန်ထိုးစစ်ဆင်နွှဲ သွားနိုင်ပါမှတော်ယုံကျမည်ဖြစ်ပါသည်။ တပ်မတော် နှင့် အစိုးရအဖွဲ့အတွင်း ပြုပြင်ပြောင်းလဲရေးလုပ်လိုသူများ အင်အားကြီးထွားလာရန် လုပ်ပေးနိုင်မှ စစ်ကျွန်ဘဝမှ လွတ်မြောက်မှာဖြစ်ပါသည်။ နိုင်ငံရေးအကျဉ်းသား ဓားစာခံများ အမြန် လွတ်မြောက်ပါစေဟု ဆန္ဒပြုလျက်။ ။
0 comments:
Post a Comment