Friday, October 14, 2011

သမ္မတကြီး ဦးသိန်းစိန်ဆီမှာ ဇာဂနာရဲ့ အသက်ကို အပေါင်ထားပါမယ်

by Ernesto Kee Ling on Saturday, October 15, 2011 at 10:40am

Published on October 12, 2011 by အေးနိုင် ·


နိုင်ငံကျော် ဟာသအနုပညာရှင်၊ လူမှုကူညီရေးလုပ်ငန်းလုပ်ဆောင်သူ သရုပ်ဆောင် ဒါရိုက်တာ မောင်သူရ (ခေါ်) ဇာဂနာ ဒီကနေ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ကချင်ပြည်နယ်မြစ်ကြီးနားထောင်က ပြန်လွတ်ပါတယ်။

မြစ်ကြီးနားထောင်မှာ နိုင်ငံရေးအကျဉ်းသား ၁၈ ဦးရှိတဲ့အနက် သူအပါအဝင် သုံးဦးသာ လွတ်မြောက်တယ်လို့ သူက ပြောပါတယ်။ ပြန်လည်လွတ်မြောက်လာတဲ့ ကိုဇာဂနာကို မေးမြန်းထားပါတယ်။


မြစ်ကြီးနားထောင်က ထွက်တယ်ဆိုတော့ လက်ရှိ ကျန်းမာရေး အခြေအနေကို ပြောပြပေးပါလား။

“ကောင်းပါတယ်။ ဒီနေ့က လေယာဉ်ပေါ်စမရောက်ခင်ကတည်းက အခုချိန်ထိ မြန်မာပြည်က ပြုပြင်ပြောင်းလဲလာတော့ စတုတ္ထမဏ္ဍိုင်များနဲ့ တိုးနေတော့ ခေါင်းတွေလည်းကိုက်၊ လည်ပင်းတွေလည်းနာ ဖြစ်ကုန်တာပဲ။”

အခု ဒီတကြိမ် ထောင်ကနေထွက်တဲ့အချိန်က အရင်ကလို စစ်အစိုးရခေတ်မဟုတ်တော့ဘူး။ သမ္မတဦးသိန်းစိန် အုပ်ချုပ်တဲ့ခေတ် ရောက်ပြီဆိုတော့ ပိုပြီးလွတ်လပ်ပွင့်လင်းလာမှာပေါ့။

“အဲဒီလိုကြီးတော့ ဟုတ်တယ်လို့ မပြောချင်ဘူး။ ဘာလို့လဲဆိုတော့ ထောင်ကလွတ်တာလေးတခုကိုပဲ ကြည့်ပြီး ပိုပြီးလွတ်လပ် ပိုပြီးတော့ ပွင့်လင်းလာတယ်လို့ ကောက်ချက်မဆွဲနိုင်ဘူး။ ကျနော်ကတော့ သိပ်ပြီးထူးခြားတဲ့ ပြောင်းလဲမှုကို မတွေ့ရသေးဘူးလို့ ပြောချင်တယ်။”

ကိုဇာဂနာတို့ အကျဉ်းထောင်ထဲမှာ အရင်တုန်းကလိုမဟုတ်ဘဲနဲ့ စာအုပ်စာပေတွေ ဖတ်ခွင့်ရတယ်၊ ရုပ်မြင်သံကြားတွေ ကြည့်ခွင့်ရတော့ အပြင်လောကမှာ ဖြစ်ထွန်းတိုးတက်မှုတွေ အကုန်သိတယ်လို့ ယူဆနိုင်လား။

“အဲဒီလိုတော့ ယူဆနိုင်ပါတယ်။ အထဲမှာ သတင်းစာဖတ်ရတယ်။ ဂျာနယ်လည်း ဖတ်ရတယ်။ တပတ်ကို ဂျာနယ် ၁၂ စောင်၊ ၁၃ စောင် ဖတ်ရတဲ့အတွက် ဂျာနယ်ထဲက ဖြစ်ပေါ်ပြောင်းလဲတာတွေ၊ ဓာတ်ပုံတွေ သတင်းတွေ ဖတ်ရတယ်။ အဲဒီအတွက်ကြောင့် အိုကေပါတယ်။ တီဗွီကတော့ လွတ်သာလာတယ် မကြည့်ရပါဘူး။”

ထောင်ထဲက မထွက်လာခင်အချိန်ထိ မြန်မာပြည်နိုင်ငံရေး တိုးတက်မှုတွေ အပေါ်မှာ ဘယ်လိုများ ကောက်ချက်ဆွဲချင်ပါသလဲခင်ဗျ။

“မနေ့က ထိတော့ ပြောင်းလဲမှုကို ဦးတည်နေတယ်လို့ အန်တီကပြောတယ်လေ။ ပြုပြင်ပြောင်းလဲနေပါပြီလို့ သူမပြောဘူးတဲ့။ ပြုပြင်ပြောင်းလဲနေတယ်လို့ သူထင်တယ်လို့ ပြုပြင်ပြောင်းလဲတဲ့ လမ်းကြောင်းဘက်ကို သွားနေတယ်လို့ ထင်တယ်လို့ သူကပြောတယ်။ မနေ့ကထိတော့ အဲလိုပဲယုံတယ်။ ဒီနေ့မနက်တော့ မယုံချင်တော့ဘူး။ ပြုပြင်ပြောင်းလဲနေတာ ဟုတ်မှဟုတ်ရဲ့လားလို့ သံသယ ဝင်သွားတယ်။ ဘာကြောင့်လဲဆိုတော့ ထောင်ထဲမှာရှိတဲ့ လူတွေကို ဘာကြောင့်မလွှတ်တာလဲ အဲဒါကို နားမလည်ဘူး။ အခုလွှတ်လိုက်တယ်ဆိုတာ မဖြစ်စလောက်လေး လူနည်းနည်းလေးပဲ။ ဗမာပြည် ထောင်ထဲမှာရှိတဲ့ လူတွေအကုန်လုံးကို လွတ်စေချင်တယ်။ ယုတ်စွအဆုံး ဗိုလ်ချုပ်ခင်ညွန့်ကိုပါ လွှတ်ပေးစေချင်တယ်။ ဘာလို့လည်းဆိုတော့ ဦးသိန်းစိန် လက်ထက်မှာ ဖမ်းထားတဲ့လူတွေမဟုတ်ဘူး။ ဦးသိန်းစိန်လက်ထက်မှာ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့သူတွေလည်းမဟုတ်ဘူး။ တပ်မတော်ထောက်လှမ်းရေးကလူတွေရော အကောက်ခွန်ကလူတွေရော အကုန်လုံးလွှတ်ပေးလိုက်ပါ။ တိုင်းပြည်ကို ပြန်ပြီးတော့ အမျိုးသားရင်ကြားစေ့ရေးကို လိုချင်တယ်ဆိုရင် ဒီလူတွေကို ဘာလို့ ဒီလောက်ထိ ထားမှာလဲ။ ဘာလို့ တို့တိတို့တိ လုပ်နေမှာလည်း။ ဒီပေါ်မှာမူတည်ပြီးတော့ ပြောင်းလဲမှုဖြစ်တယ်ဆိုတာကို ယုံကြည်ဖို့ အလွန်ခက်သွားပါတယ်။ ကျနော့်ကို လွှတ်ပေးတဲ့အတွက် ပြောင်းလဲသွားပါပြီလို့ မပြောပြနိုင်ဘူး။”

ဒီဟာနဲ့ပတ်သက်ပြီးတော့ လွှတ်တော်တွေမှာလည်း နိုင်ငံရေးအကျဉ်းသားတွေလည်း လွှတ်ပေးဖို့ဆိုတဲ့နေရာမှာ ဝန်ကြီးတယောက်ကနေ အားလုံးလွှတ်လိုက်ရင် တည်ငြိမ်မှုအတွက်ကို ဘယ်သူက အာမခံမလဲဆိုပြီးတော့ ပြန်လည်မေးခွန်းထုတ်ပါတယ်။ အဲဒီအစိုးရ ဝန်ကြီးရဲ့ စိုးရိမ်ပူပန်မှုက တကယ်ရော မဖြစ်နိုင်ဘူးလား။ ကိုဇာဂနာတို့ရော ဘယ်လိုမြင်ပါလဲ။

“အဲလိုဆိုရင် ကျနော်ကလည်း ပြန်ပြောစရာ စကားရှိပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ ပြောကြမယ်ဆိုရင် ကျနော် သမ္မတကြီး ဦးသိန်းစိန်ဆီမှာ ဇာဂနာရဲ့ အသက်ကို အပေါင်ထားပါမယ်။ အဲဒီလူတွေလွှတ်လိုက်လို့ တိုင်းပြည်မှာ ဆူဆူပူပူ ဖြစ်မယ်ဆိုရင် ကျနော့်ကို အရင်သတ်လိုက်ပါ။ ကျနော့်ဘက်က ပြန်စိန်ခေါ်တာပဲ။ ကြေးထပ်မယ်ဆိုရင် အပြတ်ထပ်၊ အသက်ကို ထပ်တယ်။”

ဒီတခေါက်ပြန်လည်လွတ်မြောက်လာချိန်မှာ အရင်ကလို မဟုတ်ဘဲနဲ့ သမ္မတခေတ်၊ ဒီမိုကရေစီအစိုးရဆိုတာကို သူတို့အစိုးရက ကြေညာနေတယ်။ အဲဒီအခါမှာ ပြည်ပမှာရှိတဲ့ အယူအဆ မတူသူတွေလည်း ပြန်လာမယ်ဆိုရင် လာခွင့်ပြုတယ်ဆိုပြီး ကမ်းလှမ်းနေတဲ့အချိန်နဲ့ကြုံတော့ ပြည်ပမှာရှိတဲ့မြန်မာပြည်သားတွေကို ကိုဇာဂနာအနေနဲ့ ဘယ်လိုအမြင်ရှိလဲ။ ချက်ချင်းပြန်လာသင့်လား။ ဘယ်လိုသုံးသပ်လဲ။

“တခွန်းတည်းပဲ တိုတိုလေးပြောရမယ်ဆိုရင် စောင့်ကြည့်ကြပါဦးလို့ ပြောချင်တယ်။”

အပြင်လောကမှာ နိုင်ငံရေးဖြစ်စဉ်တွေမှာ ဘယ်လိုမျိုး ပါဝင်မယ်လို့ ပြင်ဆင်ထားပါသလဲ။

“ကျနော့်ရဲ့ စိတ်ကူးပေါ့။ အသက်အရွယ်ကလည်း ရလာတော့ လူငယ်တွေရဲ့ လက်ထဲကို ဒီနိုင်ငံရေးနဲ့ ပတ်သက်တဲ့ နားလည်တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကျွမ်းကျင်တဲ့ လူငယ်တွေ အမြောက်အမြား ပေါ်ထွန်းလာဖို့အတွက် အဓိက ပညာရေးပိုင်းကို အားပေးပြီးတော့ အဲဒီဘက်မှာ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ဝင်လုပ်ပေးချင်တယ်။ လူငယ်တွေကို အဓိက ပြုစုပျိုးထောင်ပေးချင်တယ်။ ဒါပါပဲ။”

ကိုဇာဂနာကနေ မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ ပတ်သက်လို့ ဘယ်လိုအမြင်ရှိပါသလဲ။

“အခုလည်း ပြီးသွားပြီပဲ။ အခုချိန်မှာတော့ မဝေဖန်ချင်တော့ဘူး။ လုပ်သင့်လုပ်ထိုက်တဲ့လူတွေလည်း လုပ်ပြီးပြီ။ ကျနော်တို့လည်း နားလည်မတတ်ကျွမ်းပါဘူး။ သို့သော် ဆန္ဒလေးတခုအနေနဲ့ပဲ လုပ်ပေးခဲ့တာ။ အဲတော့ လုပ်ကြတဲ့သူတွေအတွက်လည်း ဝမ်းသာပါတယ်။”

ကိုဇာဂနာရေ အခု ဒီသမ္မတကြီးရဲ့ ကမ်းလှမ်းချက်အရဆိုရင် ကိုဇာဂနာရဲ့ တပည့်တွေကိုလည်း ပြောလို့ရပါတယ်။ သီးလေးသီး သီးညီနောင်တွေက တချို့က ဗမာပြည်ကို ပြန်သွားတယ်။ တချို့ကတော့ ကျန်နေခဲ့တယ်။ အဲတော့ ဘယ်လိုမျိုး တပည့်လက်သားတွေအပေါ်မှာ ဇာတ်နဲ့ပတ်သက်လို့ ဘယ်လိုများ ဆက်လက်ဆောင်ရွက်ပါမလဲ။

“အသီးနှစ်သီးရော ဂေါ်ပြားရော ရှိတယ်။ ၂ သီးလုံးက ပုပ်နေတော့ ဂေါ်ပြားပေါ်တာပေါ့။ ဒီသဘောပါပဲ။ ကျနော် သူတို့နဲ့လည်း မဆွေးနွေးရသေးဘူး။ တခြားလူတွေနဲ့သာ စကားပြောနေရတာ။ သူတို့ကိုလည်း ပွင့်ပွင့်လင်းလင်း မေးစရာရှိတာမေးရဦးမယ်။ ကျနော်မကြိုက်ဆုံးစကားက သူတို့ရဲ့ အင်တာဗျူးထဲမှာပါတဲ့ ပြည်ပမှာရှိတဲ့ နိုင်ငံရေးသမားတွေနဲ့ ပတ်သက်ပြီးတော့ သူတို့ပြောတဲ့စကားကို ကျနော် မကြိုက်ဆုံးပဲ။ အဲဒါနဲ့ပတ်သက်ပြီးတော့ သူတို့ကို ပွင့်ပွင့်လင်းလင်း မေးရမယ်။ ကျနော့်စိတ်ထဲမှာ မကျေနပ်ရင်လည်း သူတို့ကို အမွေဖြတ်ဖို့ ဝန်မလေးပါဘူး။”

ထူးထူးခြားခြား ဘာများပြောစရာရှိပါသလဲ။

“ဘာတွေလုပ်ကြမလဲ၊ ဘာတွေကိုင်ကြမလဲဆိုတာ တချက်လောက်တော့ စောင့်ကြည့်ပါဦးလို့ ဒီလိုပဲပြောချင်ပါတယ်။”
 Posted by www.dvbburmese.com

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...