သရုပ်မှန်စာပေနှင့် နာမကျန်းသည် အိုနှင်းဆီ
by Arr Mann on Monday, June 13, 2011 at 2:13am
အားပြီဟူသော အသိဝင်လာသည့်နှင့်တပြိုက်နက် စိတ်ထဲဝယ် ပထမဆုံးပေါ်လာသော အရာကား စာအုပ်ဆိုင် တစ်ဆိုင်ဆိုင်သို့ မွှေရန်ဖြစ်သည်။ အဘယ်သို့သွားရမလဲဆိုသော ကိစ္စကို အရင်စဉ်းစားရ၏။ ကျွန်တော် ယခုရောက်နေသော နေရာကား ကြည့်မြင်တိုင်။ မြို့ထဲသို့ ပြန်သွားလိုစိတ်ကား မရှိတော့။ နောက်ဆုံး မြို့ထဲထက် ခရီးဖြောင့်မည်ဟု ယူဆရသော လှည်းတန်းသို့သွားရန် ဆုံးဖြတ်လိုက်သည်။ လှည်းတန်းတွင် မြို့ထဲကလောက် စာအုပ်မွှေ၍မကောင်း။ စာပေလောကနှင့် အင်းဝရှိသော်ငြား ပန်းဆိုးတန်း (ယခင် ဆူးလေ) ရှိ ဆိုင်များကဲ့သို့ ဆိုင်ကြီးကနားကြီးများ မဟုတ်ကြ။ တော်ရိရော်ရိ ခင်းကျင်းပြင်ဆင်ထား သော ဆိုင်ခပ်ငယ်ငယ်များသာ။ သို့သော် ယခုရက်ပိုင်း ဖတ်ရန် တစ်အုပ်နှစ်အုပ်ရလည်း မနည်းဘူးဟု အားတင်းလျက် လှည်းတန်းသို့သာ ထွက်လာမိသည်။
ဦးစွာ စာပေလောကသို့ ၀င်၏။
“ဟိုက်”
ကျွန်တော် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ တွေ့လိုက်ရသည့် မြင်ကွင်းကား မယုံကြည်နိုင်ဖွယ်ရာ။ ကျွန်တော်သည် လွန်လေပြီးသော လေးငါးခြောက်နှစ်ကတည်းက မြို့ထဲသို့ရောက်တိုင်း စာအုပ်ဆိုင်တစ်ဆိုင်ဆိုင်သို့ ၀င်မွှေသည့်အကျင့်ရခဲ့၏။ မ၀ယ်သည့်တိုင် စာအုပ်ဆိုင်ရှေ့ရောက်လျှင် အထဲသို့နှစ်ပတ်သုံးပတ်တော့ ၀င်ကြည့်လိုက်ရမှလည်း ကျေနပ်သူဖြစ်သည်။ သို့သော် ယခုမြင်ကွင်းကား တစ်သက်နှင့်တစ်ကိုယ် ပထမဆုံး တွေ့မြင်ရသော မြင်ကွင်း။
ရှုလော့။ စာအုပ်စင်တွင် ခင်ကျင်းထားသော စာအုပ်များကား အဘယ်စာအုပ်များဟု ထင်ပါသနည်း။ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရေးသားထားသော စာအုပ်များခင်ဗျား။ လေးငါးခြောက်အုပ်ပင်မက။ ခေါင်းစဉ်များမှာလည်း အထွေထွေ။ “အောင်ဆန်းဦးတို့ အဖေ” ၊ “ပြည်သူချစ်သော ဗိုလ်ချုပ်အောင်ဆန်း” ၊ “ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများ စုစည်းမှု” ၊ “ဗိုလ်ချုပ်ဘာတွေ လုပ်ခဲ့သလဲ” ၊ “နိုင်ငံတော် လုပ်ကြံမှုကြီး” .. ။ အမယ် ဘာသာပြန်ပင် တစ်အုပ်ပါလိုက်သေး၏။ အခါတိုင်း စာအုပ်တိုက်တွင် ဗိုလ်ချုပ်စာအုပ်များ ယခုကဲ့သို့ တလုံးတခဲ တွေ့ရဖို့မဆိုထားဘိ၊ တစ်အုပ်တစ်လေပင် တွေ့ရန်ခဲယဉ်းလွန်းလှသည်။ ယခုမူ စာရေးဆရာပေါင်းစုံ ရေးသားထားသော ဗိုလ်ချုပ်အကြောင်းစာအုပ်များကို တစ်နေရာထဲတွင် အမြောက်အမြား တွေ့နေရပါပကော။ အဘယ်ကြောင့်နည်းဟူသော မေးခွန်း၏အဖြေကို ကျွန်တော်မသိလိုတော့ပေ။ တွေ့လိုက်ရသော မြင်ကွင်းကြောင့်သာ ၀မ်းသာပီတိစိတ်နှင့်အတူ အားရပါးရ ပြုံးမိပါသည်။ စာအုပ်ဆိုင်သို့ ခြေချမိသော ပထမဆုံးခရီးကား မင်္ဂလာရှိလှလင့်တည်း။
စာအုပ်၊ စာအုပ် .. ။ ကျွန်တော် သိတတ်စအရွယ်ကတည်းက စာအုပ်ဆိုလျှင် မက်မောရကောင်းမှန်းသိခဲ့လေသည်။ ငယ်စဉ်က အိမ်တွင် အဖေ၀ယ်ပေးထားသည့် သုတရတနာသိုက်စာအုပ်တွဲများသည် ကျွန်တော့်အတွက် အကောင်းဆုံးသော အဖော်မွန်များဖြစ်ခဲ့ကြ၏။ ကျွန်တော် စာဖတ်ခြင်းနှင့် ပုံဆွဲခြင်းအလေ့အထသည် ထို သုတနာရတနာသိုက်စာအုပ်များ၏ ကျေးဇူးဆိုလျှင်လည်း မမှား။ အဓိပ္ပါယ်ပင် ရေရေရာရာ နားမလည်သော စာများကို လက်ညှိုးတထောက်ထောက်လိုက်ဖတ်ရင်း ထိုစာအုပ်များမှ အကောင်ပုံများကို ကူးယူရေးဆွဲရသည်ကို ကျွန်တော် အထူးနှစ်ခြိုက်ခဲ့ရ၏။ (အိမ်ရှိ ဗီရိုကြီးအတွင်းမှ ထိုစာအုပ်များကို ပြန်လှန်တိုင်းလည်း ကျွန်တော် ငယ်စဉ်က ရေးခြစ်ထားခဲ့သော အရုပ်ပုံများကို တွေ့ရသည့်အခါ ပြုံးရသေးသည်)။ တစ်ခါတစ်ခါ အမေကတော့ စိတ်လိုလက်ရပြောတတ်၏။
“ငါ့သားလေးက စာအုပ်တစ်အုပ်သာ ပေးထားလိုက်ရင် ဘယ်မှာထားထားနေတယ်”
ဟုတ်ပေလိမ့်မည်။ ကျွန်တော့်လက်ထဲသို့ စာအုပ်တစ်အုပ်ရောက်လျှင် ငြိမ်ဆေးပေးလိုက်သည့်ပမာ မလှုပ်တော့။ စာအုပ်နောက်ဆုံးမျက်နှာ မရောက်မချင်းလည်း ထိုနေရာမှ ခွာရန်စိတ်မကူးတော့။ ကြီးလာသောအခါ ပိုဆိုးသည်၊ ကျွန်တော် စာဖတ်နေလျှင် အနားသို့လူလာသည်ကိုပင် မကြိုက်။ စကားလာပြောလျှင်လည်း မကြိုက်။ အကြောင်းမသိသူဆိုလျှင် ဒီကောင်ဘာကောင်လဲဟုပင် အထင်လွဲသွားဖွယ်ရာရှိသည်။ မတတ်နိုင်၊ ကိုယ့်အကျင့်နှင့် ကိုယ်ပင် မဟုတ်လော။
စာအုပ်မက်မောသည့် ကျွန်တော့်အကျင့်သည် ဒုတိယတန်းတွင် လက်ထဲသို့ရောက်လာသည့် “ဓါးတောင်ကို ကျော်၍ မီးပင်လယ်ကိုဖြတ်မည်” ၀တ္ထုကြောင့် ပို၍ရောဂါသည်းခဲ့ရ၏။ ဒုတိယတန်းကျောင်းသား ချာတိတ်ကလေးသည် ဆရာမြသန်းတင့်၏ “ဓါးတောင်” ၀တ္ထုကို အစအဆုံးမှ နားလည်ပါ၏လော၊ ဆရာ၏ကလောင်စွမ်း ခပ်သွက်သွက်များကို အရသာမှ ခံတတ်ပါ၏လော၊ ၀တ္ထု၏အနှစ်သာရကိုရော ဖမ်းဆုပ်ကိုင်နိုင်ခဲ့ပါ၏လော။ အထက်ပါ မေးခွန်းများကို ဟင့်အင်းဟုသာ ကျွန်တော်ဖြေရပါမည်။ လက်နှစ်လုံးခန့်ထူထဲသည့် “ဓါးတောင်” ကို ကျွန်တော် အရွယ်နှင့်မလိုက်အောင် ကြိုးစားပမ်းစားဖတ်ရှုပြီး သကာလ မှတ်မိလိုက်သည့် တစ်ခုတည်းသော အကြောင်းအရာမှာ သံချောင်းနှင့် ငါးမန်းချ၍ ဇာတ်လိုက် သံချောင်းသေသွားရသည်ဆိုသော အခန်းပင်။ အရင်းရှင်လူတန်းစားကို ကိုယ်စားပြုသည့် ဦးဘရန်နှင့် ဖိနှိပ်ခံလူတန်းစား သံချောင်းတို့၏ ပဋိပက္ခကို ကျွန်တော်လိုက်မမီနိုင်။ လူကြီးနှင့် လူငယ်တို့၏ ဆက်ဆံရေးမပြေလည်ခြင်း၊ နားလည်မှုချို့ယွင်းခြင်းတို့၏နေ၍ အပိုင်းအစများအဖြစ် ပေါက်ကွဲထွက်လာသည့် တင်ထွန်းအောင်နှင့် ရဲမြင့်တို့၏ အိမ်ပြေးရခြင်းအကြောင်းကို ကျွန်တော်နားမလည်။ သို့သော် ကျွန်တော် စိတ်ဝယ် စွဲမြဲကျန်ရစ်သည့် အခြားတစ်ခုကား ၀တ္ထုတစ်အုပ်သည် ကျွန်တော်ဖတ်နေမြဲဖြစ်သည့် ကာတွန်းစာအုပ်များထက် အရသာလေးပင်လှသည်ဆိုသည့် အချက်ပင်ဖြစ်တော့သည်။
ထိုကတည်းစ၍ စာဖတ်ခြင်းသည် ကျွန်တော်ကိုယ်ခန္ဓာနှင့် စိတ်ဝိဥာဉ်တို့အတွင်း အပြင်းပျဆုံးသော ၀ါသနာတစ်ရပ်အဖြစ် ဆက်လက်ရှင်သန် ကြီးထွားခဲ့သည်ကား ယနေ့တိုင်ဖြစ်သည်။ ကျွန်တော်ခြောက်တန်း ခုနှစ်တန်းတွင် မာဂရက်မစ်ချယ်၏ လေရူးသုန်သုန်ကို ဖတ်ပြီးနေခဲ့ပြီ။ မောင်ထွန်းသူဘာသာပြန် ဇစ်မြစ်ကို မြည်းစမ်းပြီးနေခဲ့ပြီ။ နတ်နွယ်၏ မြန်မာပြန်မြောက်ပိုင်းကို တသသစွဲလမ်းနေတတ်ခဲ့ပြီ။ (နောက်တစ်တွဲ ဆက်ထွက်လာပါစေဟု ဆုတောင်းခဲ့ရသည်မှာလည်း ထိုကတည်းကဖြစ်၏၊ ဆရာကြီးဆုံးပါးသွားသည့် သတင်းကို ကြားရသည့်အခါ အလွန်ပင် ယူကြုံးမရ နှမျောမိပါသည်)။ စာအုပ်ကို ထိုမျှမက်မောခဲ့ခြင်းကြောင့်လည်း ကျွန်တော် ကြီးလာသည့်အခါ စာအုပ်ဝယ်ယူစုဆောင်းသည့် အလေ့အထ အလိုအလျောက်ရခဲ့၏။ အစပိုင်းတွင်တော့ ကျွန်တော် လိုချင်သည့် စာအုပ်မှန်သမျှကို အဖေနှင့်အမေက မညည်းမညူဝယ်ပေးသည်ချည်းဖြစ်၏။ နောက်ပိုင်းကျ ကျွန်တော် လောဘတက်လာသည်။ အဖေက “ရွှေဥဒေါင်း၏ တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ” ကို ၀ယ်ပေးသည်၊ ကျွန်တော်က “ဘတ်စကာဗျီလ်ခွေးကြီး” ကိုလည်း လိုချင်လှသေးသည်။ အိမ်တွင် “သွေးစုပ်မြေ” နှင့် “ရန်ကြီးအောင်” ရှိသော်ငြား ကျွန်တော်က “ဇော်ဟိတ်” ကိုပါ အလွတ်မပေးလို။ သို့ကြောင့် မုန့်ဖိုးရလေတိုင်း ကိုယ့်ဘာသာလည်း စာအုပ်ဝယ်သည့်အကျင့် ရလာသည်။ အဖေလည်း ၀ယ်ပေး၊ ကိုယ့်လည်းဝယ်ဆိုတော့ အချိန်ခဏအတွင်း များများလည်း စုဆောင်းမိ၏။
အသက်ကြီးလာသော် ပိုဆိုး၏။ ဆူးလေသို့ရောက်တိုင်း အင်းဝနှင့် စာပေလောကသို့ မ၀င်ဖြစ်သည်မှာ ရှား၏။ ဆိုင်ကြီးနှစ်ဆိုင်ကား ဘေးချင်းကပ်နေသည့်အတွက်လည်း တစ်ဆိုင်ရောက်လျှင် နောက်တစ်ဆိုင်သို့ အလိုလိုဝင်မိသည်ချည်းပင်။ ယခု နိုင်ငံရပ်ခြားရောက်သည့်အခါမှ ထိုစာအုပ်ဆိုင်မွှေသည့် အကျင့်လည်း ပျောက်နေခဲ့ရသည်မှာ ကြာခဲ့ပြီ။ စာဖတ်ရန်လည်း အချိန်ကောင်းကောင်းမရ၊ လိုချင်သည့် စာအုပ်ရရန်လည်း ရှာဖွေရသည့် အခက်အခဲများကြောင့် အလွယ်တကူရရှိသည့် E-Book များဖြင့် စခန်းသွားနေခဲ့ရ၏။ သို့သော် ကျွန်တော်နှင့် စာပေ၀ါသနာတူ Singapore Polytechnic မှ နောင်တော် ကိုမျိုးထက်နိုင် ပြောသကဲ့သို့ပင် E-Book ဖတ်ရသည်ကား စာအုပ်ကိုလက်ဖြင့် ကိုင်ဖတ်ရသကဲ့သို့ အရသာမရှိလှ။ ဖတ်လေ့ဖတ်ထမရှိခြင်းလည်း ပါမည်။ ငယ်စဉ်ကတည်းက စာအုပ်ကိုလက်နှစ်ဖက်ဖြင့်ကိုင်၍ ဖတ်လာခဲ့ရသဖြင့် ယခုလို Computer Screen ပေါ်တွင် ဖတ်ရသည့်အခါ အားရပါးရမရှိ။ ထို့ကြောင့်လည်း တခါတခါ စာဖတ်လိုသော်လည်း မဖတ်ဖြစ်သည်များရှိ၏။
ယခုကဲ့သို့ မြန်မာပြည်ပြန်ရောက်ခိုက် စာအုပ်တိုက်များသို့ မွှေရသည့်အခွင့်အရေးကား ကျွန်တော့်အတွက် ရေငတ်တုန်း ရေတွင်းထဲတွန်းချခံရသူပမာ။ နှုတ်ခမ်းနှစ်ဖက် နားရွက်ချိတ်တော့မတက်ပင်ပြုံးရင်း စာအုပ်ကမ္ဘာကြားထဲ ခေါင်းနှစ်ထားမိတော့သည်။
ပထမဆုံး စိတ်ဝင်စားဖွယ် ဆွဲဆောင်သွားသည့် စာအုပ်ကား “ချေဂွေဗားရား၏ နေ့စဉ်မှတ်တမ်း” ။ ချေဂွေဗားရားကို ကြားဖူးသော်လည်း သူ့အကြောင်းကို သေချာမဖတ်ဖူးသေးချေ။ ဤစာအုပ်ကိုပင် မြင်မြင်ချင်း ၀ယ်ရန်စိတ်ကူးရမိ၏။ သို့သော် စာအုပ်မှာ သူ့အကြောင်းသူ့ဇာတ်လမ်းထက် သူရေးသားခဲ့သည့် နေ့စဉ်မှတ်တမ်းအပိုင်းအစတစ်ချို့ကို ဘာသာပြန်သည့်ပုံစံမျိုး ဖြစ်နေသည်။ နေနှင့်လေဦး၊ ဒင်းကို ပထမဦးစားပေး စာရင်းထဲ မထည့်သေး။
ဒုတိယတစ်အုပ်ကား “ဟစ်တလာ” ။ ကျွန်တော် ကျောင်းနောက်ဆုံးနှစ်တွင် World Issues & Singapore’s Perspective (WISP) Module သင်ခဲ့ရစဉ်က နိုင်ငံတစ်နိုင်ငံနှင့် သူ၏တော်လှန်ရေးအကြောင်းကို လေ့လာတင်ပြခဲ့ရ၏။ ကျွန်တော် မဲကျသည့်နိုင်ငံကား ဂျာမနီ။ ပထမတော့ ဂျာမနီက ငါနဲ့အကျိုးပေးခဲ့ဖူးပါတယ်ဟု မဆီမဆိုင်ဆက်စပ်တွေးကာ ဖြေသိမ့်ခဲ့သေးသည်။ ဂျူးများကို အဆိပ်ငွေ့လွှတ်၍ မျိုးတုံးသတ်ဖြတ်သည့် German Holocaust အကြောင်းများ ဘာခက်တာလိုက်လို့ဟုလည်း တွေးခဲ့၏။ လက်တွေ့တွင် ဂျာမနီ၏ Ideology တွေကိုပါ ဖော်ထုတ်တင်ပြရသည့်အခါ ကွင်းဆက်တွေချိတ်ဆက်ရတာ ခက်လာခဲ့၏။ ဟစ်တလာ၏ အခန်းကဏ္ဍသည် အဓိကကျသည်ဟု ဆိုသော်ငြား စစ်အပြီး ဂျာမန်ပြည်သူတို့၏ စိတ်ဓါတ်အခြေအနေကို မေ့ထားရန်လည်းမသင့်။ ဟစ်တလာ၏ ဂျူးတို့အပေါ် မုန်းတီးမှုသည် သူ့ကလေးဘ၀၏ အရိပ်ထိုးမှုကြောင့်လည်း တစ်စိတ်တစ်ဒေသ ယှက်နွယ်နေခဲ့သေး၏။ တစ်ဖန် ကမ္ဘာစစ်အတွင်း ဂျူးလူမျိုးတို့အထင်လွဲခဲ့ခဲ့ရသည်ကလည်း နောင်တွင်ဤကိစ္စဖြစ်ပေါ်လာစေရန် သက်ရောက်မှုရှိခဲ့၏။ ကျောင်းတုန်းကတော့ အချိန်အကန့်အသတ်ကြောင့် အသေးစိတ်မလေ့လာနိုင်ခဲ့။ အကျယ်တ၀ံ့ရှင်းလင်းရမည့် ခေါင်းစဉ်တို့ကိုလာ ထုတ်နှုတ်လေ့လာခဲ့သည်။ သို့သော် ထိုကတည်းက ဟစ်တလာနှင့် ဂျာမနီအကြောင်း စိတ်ဝင်စားစိတ် ၀င်ခဲ့ခြင်းပင်။ ယခု “ဟစ်တလာ” စာအုပ်ကို တွေ့သောအခါ ပြန်လည်အမှတ်ရလျက် ဤစာအုပ်ကိုပင် ၀ယ်ရကောင်းအံ့နိုး တဖန်ဖြစ်လာလေသည်။
သို့ရာတွင် နံဘေးရှိစာအုပ်စင်သို့ မျက်စိရောက်အသွား ပို၍စိတ်ဝင်စားဖွယ် စာအုပ်တစ်အုပ်ကို တွေ့လာပြန်သည်။ “မောင်ထင်၏ ၀တ္ထုတိုများ စုစည်းမှု” ။ စာပေချစ်သူတို့သည် တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့သော မောင်ထင်၏ “ငဘ”ကို ကောင်းကောင်းအမှတ်ရကြမည် ထင်ပါသည်။ လယ်သမားတို့၏ သရုပ်မှန်ဘ၀ကို ကလောင်စွမ်းပြလျက် အသေးစိတ်ဖော်ကျူးသွားခဲ့သော မောင်ထင်၏ လက်ရာသည် မချီးကျူးဘဲမနေနိုင်။ ယခုလည်း သူ၏ ၀တ္ထုတိုများသည် စာပေဟင်းလေးအိုးငယ်လေးဖြစ်မည်မှာ မုချ။ ၀ယ်ရမည်လော။ နေလေဦး၊ အခြားစာအုပ်များစွာ ကြည့်ရှုရန် ကျန်နေသေး၏။
နောက်ဆုံး ခေါင်းထဲတွင် ဖျတ်ခနဲသတိရသွားသည်က ကိုမျိုးထက်နိုင် ညွှန်းဆိုလိုက်သော “နာမကျန်းသည် အိုနှင်းဆီ” .. ။
“မိုးမိုးအင်းလျားက စာရေးဆရာတစ်ယောက်ရဲ့ဘ၀ကို ရေးပြသွားတာ။ တော်တော်ကောင်းတယ် အားမာန်။ ရန်ကုန်ရောက်ရင် ၀ယ်ဖတ်ကြည့်”
အိုကေ။ ဤနေ့အဖို့ နောက်ထပ် ခေါင်းခြောက်ခံရန်မလိုတော့။ မိုးမိုး (အင်းလျား) ၏ စာအုပ်များထားရှိရာ စင်ဘက်သို့ သွားသောအခါ “နာမကျန်းသည် အိုနှင်းဆီ” ကို အလွယ်တကူပင် ရှာတွေ့၏။ စာအုပ်တန်ဖိုးကို ပေးချေပြီး အင်းဝကို ကျောခိုင်းထွက်လာသော ကျွန်တော့် ခြေလှမ်းများသည် ကျေနပ်မှုဖြင့် အတော်ပင်တက်ကြွနေလိမ့်မည် ထင်ပါသည်။
………………………………………………………………………….
ကမ္ဘာ့စာပေလောကတွင် သရုပ်မှန်ဝတ္ထုများ၏ လမ်းကြောင်း မည်သည့်အခါမှ တိမ်ကောလိမ့်မည်မဟုတ်ဟု ကျွန်တော် စွဲမြဲစွာ ယုံကြည်ထားပါသည်။ သရုပ်မှန်ဝတ္ထုတို့မည်သည် ခေတ်တစ်ခေတ်၏ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးတို့ကို ထင်ဟပ်ပြသနိုင်သော အကောင်းဆုံး ကြားခံနယ် (မီဒီယာ)များ ဖြစ်ကြသည်။
စာပေသမိုင်းတွင် အကောင်းဆုံးဝတ္ထုကြီးဟု သတ်မှတ်ခံရသော လီယိုတော်စတွိုင်း၏ “စစ်နှင့်ငြိမ်းချမ်းရေး” (အမှတ်စဉ် ၁ မှ ၁၂ အထိ စုစုပေါင်းဆယ့်နှစ်တွဲရှိသည်) တွင် ဥရောပတိုက်ကို ကိုင်လှုပ်ခဲ့သော ပြင်သစ်ဧကရာဇ် နပိုလီယံဘိုနာပတ်နှင့် ရုရှအပါအ၀င် ဥရောပနိုင်ငံတို့၏ ပဋိပက္ခကို တွေ့ရသည်။ ထိုခေတ်ထိုအခါက ရုရှပြည်သူတို့၏ လူနေမှုဓလေ့စရိုက်တို့ကိုလည်း သိရှိရသည်။ ဆရာမောင်ထွန်းသူ ဘာသာပြန် အဲလက်စ်ဟေလီ၏ “ဇစ်မြစ်” (Roots) တွင် အာဖရိက တိုက်သားတို့၏ ကြမ်းတမ်းခက်ထရော်လှသော ဘ၀ကို ရင်နင့်ဖွယ်ခံစားရပေလိမ့်မည်။ မြန်မာ့စာပေတွင်လည်း ယနေ့ခေတ်တိုင်တိုင် အားကောင်းလှသော သရုပ်မှန်စာပေလက်ရာမွန်များစွာ ရှိသည်။ ဥပမာ ဆိုရသော် သိပ္ပံမောင်ဝ၏ ၀တ္ထုတိုပေါင်းချုပ်၊ ကြယ်နီ၏ “ကိုတံငါ” ၊ သိန်းဖေမြင့်၏ “အရှေ့မှ နေ၀န်းထွက်သည့်ပမာ” ၊ မောင်ထင်၏ “ငဘ” ၊ မြသန်းတင့်၏ “မာယာဘုံ” စသဖြင့်။ သရုပ်မှန်ဝတ္ထုတို့အား ခေတ်တစ်ခေတ်၏ ကြေးမုံများဟု ထင်စားလေလျှင် လွန်မည်မထင်ချေ။
သို့နှင့်ပင် စာပေသမိုင်းလည်း တစ်ဆစ်ချိုးကွေ့လာခဲ့သည်။ စာပေရေစီးကြောင်းလည်း အတန်ငယ်ပြောင်းလဲလာခဲ့သည်။ ပြောင်းလဲသည်ဟု ဆိုရာတွင် ပင်မရေစီး တိမ်ကောသွားသည်ဟု မဆိုလို။ အသစ်အသစ်သော ရေစီးကြောင်းများ ထပ်မံပေါ်ထွန်းလာခြင်းသာဖြစ်သည်။ မြန်မာ့စာပေနှင့် ကဗျာသမိုင်းတွင် အထင်ရှားဆုံးသော ကိုင်လှုပ်မှုကား “မော်ဒန်ရေစီးကြောင်း” ပင် ဖြစ်ပေလိမ့်မည်။
လူတို့သည် အသစ်ကိုလိုလားတောင့်တကြ၏။ အဟောင်းကို ငြီးငွေ့တတ်ကြ၏။ အသစ်မြင်လျှင် စမ်းသပ်ကြည့်လိုသော သဘောလည်းရှိ၏။ စာပေတွင်လည်း ထိုနည်းနှင်နှင်။ ရှေးအခါက ကဗျာကို ကာရန်နဘေ ဖွဲ့ထုံးဖွဲ့နည်းများဖြင့် စနစ်တကျ ရေးစပ်ကြရသည်။ လေးချိုးသည် သူ့နည်းသူ့ဟန်သူ့စနစ်ဖြင့် ရေးစပ်ရ၏။ တြာချင်းတွင်လည်း သူ၏ကိုယ်ပိုင်ဥပဒေသများ ရှိ၏။ လေးလုံးစပ်ကိုလည်း သူ့၏ဘောင်အတွင်းမှကျော်လွန် ရေးစပ်၍မရ။ ကြာသော် လူတို့က အဆိုပါ ကာရန်နှင့်ပုံစံခွင်၏ ချုပ်ချယ်မှုကို ကျဉ်းကြပ်သည်ဟု ယူဆလာကြသည်။ “ကာရန်ပါမှ ကဗျာဖြစ်သလား” ဆိုသော ပြဿနာလည်း အစပျိုးခဲ့၏။ လေလုံးစပ်ကို ပျော့ပြောင်းသန်စွမ်းသည်ဟု ဆရာကြီးဒဂုန်တာရာ က မိန့်ဆိုခဲ့ဖူး၏။ တဖန် ပို့စ်မော်ဒန်ဂုရု ဆရာဇော်ဇော်အောင်က လေးလုံးစပ်၏ ပျော့ပြောင်းခြင်း မရှိပုံကို သက်သေသာဓကများနှင့်တကွ ပြန်လည်ချေပ၏။ နောက်ပိုင်းတွင် မော်ဒန်ရေစီးကြောင်းသည်လည်း အရှိန်ဟုန်ပြင်းစွာ ၀င်ရောက်နေရာယူခဲ့သည်ကား ယနေ့တိုင်ပင် ဖြစ်တော့သည်။
သရုပ်မှန်နှင့် မော်ဒန်တို့၏ ပဋိပက္ခကို ကျွန်တော် စိတ်ဝင်စားမိသည်မှာ အတော်ကြာခဲ့ပြီ။ လက်လှမ်းမီသရွေ့လည်း လိုက်လံ လေ့လာဖြစ်သည်။ အဆိုပါ ပဋိပက္ခသည်ကား စာပေနယ်တစ်ခုတည်းတွင်သာ ရှိသည်မဟုတ်။ ဂီတတွင်လည်း ရှိခဲ့၏၊ ပန်းချီတွင်လည်း ရှိခဲ့၏။ အခြားအနုပညာနယ်ပယ်များတွင်လည်း အထိုက်အလျောက် ရှိခဲ့၏။ ဆူဆူညံညံ ပြင်းထန်ပေါက်ကွဲတတ်သော ရောခ့်သီချင်းများ မြန်မာပြည်တွင် စတင်ခေတ်စားခဲ့စဉ်က ရှေးရိုးစွဲ သီချင်းကြီးသီချင်းခံသမားများက ဂစ်တာကလေး တဒေါင်ဒေါင်ခေါက်သူတို့ကို လမ်းသရဲအပေအတေများဟု စွပ်စွဲရှုံ့ချခဲ့ကြသည် မဟုတ်လော။ တဖန် ပန်းချီလောကတွင်လည်း အရှိအတိုင်း ကူးယူရေးဆွဲရသော Naturalism နှင့် အရှိကို သိမှတ်ရေးဆွဲသော Realism ဘောင်ကို ကျော်လွန်ရန် ကြိုးစားခဲ့ကြသူတို့သည် စိတ္တဇသမားများ၊ သရုပ်ပျက်သမားများအဖြစ် ဝေဖန်တိုက်ခိုက်ခံခဲ့ကြရသည် မဟုတ်လော။ ကွင်းလုံးကျွတ်ဖန်တီးယူသော Abstraction ကို ပန်းချီအနုပညာအဖြစ် လက်မခံကြသူများလည်း အပုံပင်ရှိခဲ့သည် မဟုတ်လော။ (သို့သော် သံဝေဂရယူဖွယ်ကောင်းသည်ကား ဂီတလောကတွင် ရောခ့်သီချင်းများ အမြစ်တွယ် စိုးမိုးခဲ့သကဲ့သို့ ပန်းချီတွင်လည်း ဆရာကြီးဗဂျီအောင်စိုး၊ ဆရာပေါ်ဦးသက်တို့ လက်ရာများ အထူးပင် ထင်ရှားအောင်မြင်ခဲ့သည်မှာ ယနေ့တိုင်ပင်ဖြစ်တော့သည်။ “အသစ်”ဆိုသော ရေစီးကြောင်းအား ရပ်တန့်၍မရဟုလည်း သဘောပိုက်မိပါသည်။)
စာပေနယ်တွင်လည်း ဤနည်းနှင်နှင်။ သရုပ်မှန်စာပေများသည် မြန်မာစာပေလောကကို နှစ်ပေါင်းများစွာ သြဇာလွှမ်းမိုးသက်ရောက်ခဲ့သော်ငြား ကာလကြာမြင့်လာသောအခါ မော်ဒန်အယူအဆနှင့် စမ်းသပ်မှုများလည်း မသိမသာမှ သိသိသာသာအဆင့်တိုင် ထိုးဖောက်ဝင်ရောက်လာသည်။ ဆိုကြပါစို့ရဲ့၊ စာတစ်ပုဒ်ရေးမည်ထား။ ယခင်ကဆိုလျှင် ဇာတ်အိမ်ရှိရမည်၊ ဇာတ်ကွက်ရှိရမည်။ နောက်ဆုံးတွင် Climax ခေါ် ဇာတ်ရှိန်မြင့်တက်ခြင်းနှင့်တကွ ဇာတ်သိမ်းလည်း ရှိရမည်။ မော်ဒန်နှင့် ပို့စ်မော်ဒန်သမားများကမူ အဆိုပါ အယူအဆကို ငြင်းပယ်၏။ ပို့စ်မော်ဒန် ၀တ္ထုတစ်ပုဒ်တွင် တိကျရေရာသော ဇာတ်လမ်းတစ်ခု ရှိချင်မှရှိမည်၊ စာဖတ်သူအား ပေးသော Message တစ်ခုခုလည်း ရှိချင်မှရှိမည်။ ဒါဆို ဘာရှိသနည်း။ ပိုစ့်မော်ဒန်တို့က စာသား (TEXT) ရှိသည်ဟု ခပ်အေးအေးပင် ဖြေပေလိမ့်မည်။
ပို့စ်မော်ဒန်တို့ကား နိဒါန်းပျိုးခြင်း၊ ဇာတ်အိမ်ဖွဲ့ခြင်း၊ ဇာတ်သိမ်းခြင်း အစရှိသော ၀တ္ထုတို့၏ ရှေးရိုးစွဲ ရေးဟန်ရေးနည်းတို့ကို စွန့်ပယ်လိုက်လေပြီ။ ၀တ္ထုတစ်ပုဒ်ကို စာသားသက်သက်အသုံးပြု၍ မိမိတို့ဘာသာ ဆန်းသစ်ရေးဖွဲ့ကြသည်။ ၀တ္ထုပြီးသော်မှ ၀တ္ထု၏ဆိုလိုရင်းကို ခပ်ရေးရေး သဘောပေါက်သည်လည်းရှိမည်၊ လုံးလုံးလျားလျား သဘောမပေါက်နိုင်သည်လည်း ရှိမည်။ ၀ါကျတစ်ကြောင်းသည်ပင်လျှင် ပိုစ့်မော်ဒန် ၀ိသေသများဖြစ်ကြသော ဗဟိုချက်မဲ့ခြင်းနှင့် မသေချာခြင်းများ ရောပြွန်းနေနိုင်သေးသည်။ ၀ါကျတစ်ကြောင်းအတွင်းရှိ စာသားများသည် တိကျသော အဓိပ္ပါယ်ကို ဆောင်ချင်မှဆောင်ပေလိမ့်မည်၊ အညွှန်းခံတစ်ခု၏ အဓိပ္ပါယ်သည်လည်း အဆိုပါဝါကျအတွင်းမှာပင် ထွက်ပြေးလွတ်မြောက်ခြင်းများလည်း ရှိလာပေလိမ့်မည် (စာလေးမည်စိုးသဖြင့် သီအိုရီနှင့် ဝေါဟာရများကို အင်္ဂလိပ်လို ဖော်ပြခြင်း မပြုတော့ပါ)။ လက်ခံရန်ခက်ခဲမည်ကား သေချာလှ၏။ သို့သော် ပိုမိုသေချာသည့်အချက်သည်ကား ပို့စ်မော်ဒန်စာပေသည် ယနေ့ မြန်မာစာပေလောကတွင် ကောင်းစွာခြေကုပ်ယူပြီးဖြစ်သည် ဆိုသည်ပင်။
“အလကားပါကွာ။ ပို့စ်မော်ဒန်တဲ့။ ဘာတွေရေးထားမှန်း မသိဘူး။ ဖတ်လို့နားမလည်မှတော့ အဲဒီစာတစ်ပုဒ်ဟာ ဘာတန်ဖိုးရှိမလဲ”
ဂန္ထ၀င်စာပေသမားများက ဆိုခဲ့ကြ၏။
“သူတို့ နားမလည်ဘူးဆိုတော့ သူတို့ကို ကျွန်တော်က ကျေးဇူးတင်တယ်ပဲ ပြောချင်ပါတယ်။ ကျွန်တော်တို့ နားလည်တဲ့ဟာကို သူတို့နားမလည်ဘူးလို့ ပြောခြင်းအားဖြင့် ကျွန်တော်တို့က သူတို့ထက် တစ်ဆင့်မြင့်တယ်လို့ ထုတ်ဖော်ဝန်ခံလိုက်တာနဲ့ အတူတူပဲ”
ခေတ်ပေါ်ကဗျာ၏ အကျော်ကြားဆုံး (သူ့ကိုယ်သူတော့ နံပါတ်တစ်ဟု မခံယူချေ) ကဗျာဆရာ မောင်ချောနွယ်က အင်တာဗျူးတစ်ခုတွင် ဖြေခဲ့ဖူး၏။
တဖန် မော်ဒန်သမားများက ဆိုကြပြန်၏။ (ပြောခဲ့သော စာရေးဆရာ၏ နာမည်ကိုမူ ကျွန်တော် မမှတ်မိတော့သဖြင့် ဖော်ပြခြင်းမပြုနိုင်တော့ပါ)။
“တစ်ခါလာ သရုပ်မှန်၊ သရုပ်မှန်နဲ့။ လူတွေဘယ်လိုမွဲပြီး ဘယ်လိုဆင်းရဲတယ်၊ ဘယ်လိုငတ်တယ်ဆိုတာချည်း ထပ်နေတော့တာပဲ။ ပြည်သူလူထုက သူတို့ဒုက္ခနဲ့သူတို့ ရှိပြီးသားဗျ။ ဘ၀ဆိုတာ ဘာလဲ၊ ဘယ်လိုရုန်းကန်ရလဲဆိုတာလည်း သိကြပြီးသား။ ဒါကို ကျူပ်တို့က ၀တ္ထုရေးတိုင်း ဇာတ်ကောင်တွေ ဘ၀ မနာနာအောင် တမင်တစင် လုပ်ရေးနေကြရင်ဖြင့် ကြာတော့ ဖတ်ရတဲ့ပရိသတ်က စိတ်ညစ်လာလိမ့်မယ်။ စာအုပ်ကောက်ကိုင်လိုက်တိုင်း သူတို့ပါ စိတ်ညစ်နေရတော့ ဘယ်လိုလုပ် ကျုပ်တို့စာတွေကို ဖတ်ချင်ဦးမှာလဲ”
ဤဆောင်းပါးတွင် ကျွန်တော် ပြောချင်သော သရုပ်မှန်စာပေ၏ အကြောင်းမှာလည်း အထက်ပါ အဆိုကို အခြေခံပါသတည်း။
………………………………………………………………………………………
ဆရာမ မိုးမိုး(အင်းလျား) သည် ကျွန်တော် အတန်အသင့်ကြိုက်နှစ်သက်သော စာရေးဆရာများထဲတွင် ပါဝင်ပါ၏။ သို့ကြောင့်လည်း ကိုမျိုးထက်နိုင်၏ ညွှန်းဆိုမှုဖြင့် သူ့စာအုပ်ကို မဆိုင်းမတွ ၀ယ်ဖြစ်ခဲ့ခြင်းဖြစ်လေသည်။
အိမ်သို့ပြန်ရောက်သောအခါတွင်လည်း အ၀တ်အစားပင် မလဲနိုင်ဘဲ “နာမကျန်းသည် အိုနှင်းဆီ” ကိုသာ ဦးစွာကောက်ကိုင်မိသည်။ အညွှန်းကလေးကလည်း ကောင်းဆိုတော့ ငါဒီစာအုပ်ဝယ်မိတာ မှန်တာပဲဟုပင် မဖတ်ခင်ကတည်းကပင် ပီတိပွားမိသေး၏။
သို့သော်။
ကျွန်တော်၏ တွက်ကိန်းလွဲခဲ့ရပါသည်။ လွဲရသောတွက်ကိန်းနှင့်အတူ စိတ်ပျက်ခြင်းကြီးစွာလည်း ဖြစ်ရပါသည်။ အကြောင်းမူကား စာအုပ်၏ လေးပုံတစ်ပုံခန့် ရောက်သောအခါ ကျွန်တော့်အဖို့ ရှေ့ဆက် ဖတ်လိုစိတ် ကုန်ခန်းလာခြင်းကြောင့်တည်း။
ကြိုက်မိသော စာအုပ်တစ်အုပ်သည် ကိုင်မိလျှင်ကိုင်မိချင်း ပြန်ချရန် ခက်လွန်းလှပါသည်။ မပြီးမချင်း လက်ထဲမှ မချလိုသော စိတ်လည်းပြင်းစွာပေါ်လာတတ်ပါသည်။ (မြန်မာပြည်ပြန်နေစဉ် ကာလအတွင်း ကျွန်တော်သည် အဖေ့စာအုပ်စင်မှ “ဂျာနယ်ကျော်ဦးချစ်မောင်၏ ၀တ္ထုတိုများ” ကိုလည်း မြည်းစမ်းခဲ့ရသေးကား အဆိုပါစာအုပ်ဖတ်နေစဉ် ကြီးစွာသော ကျေနပ်အားရခြင်းနှင့်အတူ တစ်ပုဒ်ပြီးတစ်ပုဒ်သာ ဆက်ဖတ်နေလိုသည်အထိ ဖြစ်ခဲ့ရပါသည်။)
ယခု မိုးမိုး(အင်းလျား) ၏ “နာမကျန်းသည် အိုနှင်းဆီ” ကိုမူ ဖတ်နေရင်းပင် ဆက်ဖတ်လိုစိတ် ပျောက်ခဲ့ရသည်ဟု ကျွန်တော် ဆိုခဲ့ပါသည်။ အဘယ်ကြောင့်နည်းဟူသော မေးခွန်းကိုလည်း ရှင်းရပါဦးမည်။
ပထမတစ်ချက်မှာ စိတ်ညစ်ညူးလာခြင်းကြောင့် ဖြစ်သည်။ မိုးမိုး(အင်းလျား) သည် ဇာတ်ဆောင် “ဆောင်းခင်” ၏ ကလေးဘ၀အကြောင်း ရေးဖွဲ့ရာတွင် မည်ရွေ့မည်မျှ ဘ၀နာခဲ့ရပုံကို အသေးစိတ်ဖော်ကျူးထားသည်။ ထိုသို့ ဘ၀နာခဲ့ရသဖြင့် ပညာရေးတွင်ထူးချွန်ကာ နောက်ဆုံး စာရေးဆရာပါ ဖြစ်ခဲ့ရကြောင်းလည်း ဆက်စပ်ထားသည်။ သူ ရေးဖွဲ့သည်ကား အကွက်စေ့ထောင့်စေ့ဖြစ်၍ ဟာကွက်လည်း နည်းလှပါသည်။ အလွန်အမင်းလည်း အသေးစိတ်ကျ၏။ သို့သော် စာဖတ်သူကျွန်တော့်အဖို့ ဇာတ်ကောင်သည် ဘ၀ မနာနာအောင် တွန်းပို့ခြင်းခံခဲ့ရသည်ဟု ယူဆပါသည်။ ရှိရင်းစွဲထက် အနည်းငယ် ပိုသာလွန်းနေသည်ဟုလည်း ထင်ပါ၏။
ဆောင်းခင်၏ ဖခင်သည် ငယ်စဉ်ကတည်းက ဆုံးပါးသွားသည်။ မိခင်သည် သမီးရင်းကို ပစ်၍ နောက်ယောက်ျားနောက် လိုက်သွားရသည်။ သွားလာရေးလွယ်ကူသည့်တိုင်လည်း သမီး အသက်ခုနှစ်နှစ် ရှစ်နှစ်ရောက်သည်အထိ သမီးရင်းဆီ တစ်ခေါက်မှပြန်မကြည့်နိုင်ခဲ့ (ယောက်ျားကို ကြောက်ရသောကြောင့်ဟု ဆိုပါသည်)။ ဆောင်းခင်မှာ အဒေါ်နှင့် ဦးလေးတို့အိမ်တွင် အစေခံသဖွယ် နေခဲ့ရ၏။ အလွန်လည်း အရိုက်အပုတ်ခံရသည်။ ထမင်းလည်း မကြာခဏ ငတ်သည်။ ပတ်ဝန်းကျင်၏ အထင်သေးနှိမ့်ချမှုကိုလည်း ခါးစည်း ခံခဲ့ရသည်။ နောက်ဆုံး မတတ်သာလွန်း၍ မိခင်နောက်လိုက်သွားသည့်အခါတွင်လည်း ပထွေးအိမ်တွင် မျက်နှာငယ်စွာ နေရသည်။ ပထွေး၏ ပထမသမီးနှင့်လည်း အဆင်မပြေဘဲ အနှိမ်ခံရသည်။ ကဗျာရေးသောအခါတွင်လည်း ပိတ်ပင်တားဆီးခံရသည်။ ဤကား ကလေးဘ၀၏ အစိတ်အပိုင်း အချို့တည်း။
ကျွန်တော်ကား စာအုပ်ဖတ်နေစဉ် တစ်လျှောက်လုံး အသက်ရှူကြပ်မိလိုက်သည့်ဖြစ်ခြင်း။
အစပိုင်းတွင် ဆောင်းခင်ကို သနားမိသေးသော်လည်း နောက်ပိုင်းကျ အဆိုပါ သနားစိတ်လည်း မရှိတော့ပြီ။ စိတ်ပျက်ခြင်းနှင့် စိတ်မွန်းကြပ်ခြင်းသာ တစ်လှည့်စီ ပေါ်လာတော့သည်။ အကြောင်းမူ ဇာတ်ကောင်ခမျာ ဘ၀ မနာနာအောင် တမင်ပင် ဒုက္ခအမျိုးမျိုး ကြုံရပါတကားဟု ထင်လာခြင်းကြောင့်ပင်။ ထပ်ဆင့်တွေးမိသည်ကား စာရေးဆရာတစ်ဦး ဖြစ်လာရန် ထိုမျှ ဘ၀နာရန် လိုအပ်ပါ၏လောဆိုသော အတွေးပင်ဖြစ်သည်။ ထို့ပြင် ၀တ္ထုအစတစ်ပိုင်းလုံး ဇာတ်ကောင်၏ ဘ၀နာပုံတောက်လျှောက်ကို အမျှင်မပြတ်ဖတ်ရှုနေခြင်းဖြင့် ကြီးလာလျှင် ထိုသို့ဘ၀နာခဲ့မှုကြောင့် အောင်မြင်သည့် စာရေးဆရာဖြစ်လာပါသည်ဆိုသော ဇာတ်လမ်း၏ Predictability ကိုလည်း ကြိုတင်မြင်နေရခြင်းကြောင့် ဖတ်ရသည်မှာ အရသာ ပေါ့ပြက်လာ၏။ (နောက်ဆုံး ဆက်ပါမဖတ်ဖြစ်တော့)
ဒုတိယတစ်ချက်မှာ လူ့စရိုက်သဘာဝ ပီပြင်ခြင်း၊ မပီပြင်ခြင်းဖြစ်သည်။ သို့ဆိုလိုက်သဖြင့် ကျွန်တော်က မိုးမိုး(အင်းလျား) ကို လူ့စရိုက်သဘာဝပီပြင်အောင် မရေးဖွဲ့တတ်သော ဆရာမဟု ဝေဖန်ခြင်းမဟုတ်။ ဝေဖန်ခြင်းလည်း မပြုအပ်ပေ။ ကျွန်တော် ဘာဆိုလိုကြောင်းကို အကျယ်ရှင်းပါမည်။
ဆရာသော်တာဆွေသည် မြင်းလှည်းသမား၊ ကုန်သမားဘ၀မှ စာရေးဆရာဖြစ်ခဲ့ရသည်။ သူ့ဘ၀ကို မည်သို့ ခက်ခဲစွာ ရုန်းကန်ဖြတ်သန်းခဲ့ရကြောင်းကို “ကျွန်တော့်ဘ၀ဇာတ်ကြောင်း” တွင် အသေးစိတ်ဖတ်ရှုနိုင်ပါသည်။ ဥပမာ တစ်ခု ပြရသော် သူ မြင်းလှည်းမောင်းသမားဘ၀တွင် ယောက္ခမနှင့် မကြာခဏ ပြဿနာတက်၏။ အိမ်ပေါ်မှ နှင်ချခံရသည်လည်း ရှိ၏။ ထမင်းငတ်ရသည်လည်း ရှိ၏။ သို့သော် ထိုအကြောင်းများကို သူပြန်လည်ရေးဖွဲ့ပြသည့်အခါတွင် အလွန်ပါးနပ်စွာဖြင့် သူ့ယောက္ခမ၏ လူပီသလှသော စရိုက်ကို ထိမိအောင်ရေးဖွဲ့နိုင်သောကြောင့် ဖတ်ရသော စာဖတ်ပရိသတ်အဖို့ ရန်ဖြစ်သည့်အကြောင်းကို ဖတ်ရစေကာမူ မပြုံးမိဘဲ မနေနိုင်ချေ။ သူ့ယောက္ခမ ဆိုးသည်ကို ရေးပြသော်လည်း သြော် ဟုတ်ပေသားပဲဟူသော အတွေးလည်း ကပ်ပါလာတော့၏။
မကြာမီက ကွယ်လွန်သွားသော ဆရာဦးသုမောင်လည်း ထိုနည်းနှင်နှင်။ “မျိုးရိုးထဲမှ ဆိုးပေကြီးများ” ကို ကြည့်ပါ။ သူ့ဖခင် ဦးသာဓုငယ်စဉ်ဘ၀ကို ရေးဖွဲ့ရာတွင် ဦးသာဓုသည် ငတ်ပြတ်ဆင်းရဲခြင်းကို ကိုယ်တွေ့ကြုံခဲ့ရသူဖြစ်သည်။ ဆောင်းခင်ကဲ့သို့ စိတ်ကူးယဉ်ရေးဖွဲ့ထားသည့် ဇာတ်ကောင်ပင်မဟုတ်။ သို့သော် ဆရာဦးသုမောင်၏ ကလောင်စွမ်းကြောင့် ဦးသာဓုငယ်စဉ်က သနားစရာကောင်းလှပုံသည် စာဖတ်သူကို စိတ်ညစ်ညူးမွန်းကြပ်ခြင်း မဖြစ်စေဘဲ ကရုဏာရသကို သွယ်ဝိုက်ခံစားမိစေသည်။ တစ်ဖက်တွင်လည်း ဦးသာဓု ဆင်းရဲရုန်းကန်ခဲ့ရပုံများကို ထိထိမိမိ ဖော်ပြနိုင်သည်။ ထို့အပြင် ဦးသာဓု၏ မိခင် (ဦးသုမောင်၏အဘွား) ဆိုးပုံကိုလည်း ရှုပါလော့။ သားအရင်းဆိုသော်လည်း ဦးသာဓုကို ကြည့်ရှုစောင့်ရှောက်ခြင်းလည်း မပြု၊ ထမင်းဝအောင် ကျွေးမွေးခြင်းလည်း မပြုချေ။ အရပ်က မနေနိုင်၍ ငွေကြေးထောက်ပံ့ကာ ကျောင်းထားပေးသောအခါတွင်လည်း ကလေးလက်ထဲမှ ပိုက်ဆံကို အဓမ္မလုယူတတ်သေးသည်။ သူ ပိုက်ဆံရှိနေလျှင် ဟင်းကိုအိုးကြီးကြီးချက်ကာ အရပ်ဝေတတ်သော်လည်း သားဖြစ်သူကိုတော့ အငတ်ထားတတ်သူလည်း ဖြစ်သည်။ အကြောင်းမသိက ဟဲ့ ဒါအမေရင်းလားဟု မေးခွန်းထုတ်ဖွယ်ရာပင် ဖြစ်၏။ သို့သော် ဆရာဦးသုမောင်၏ ကလောင်စွမ်းထက်လှပုံကား သူပြန်လည် ရေးပြသောအခါ အဘွားလုပ်သူ၏ မိခင်စိတ်ကင်းမဲ့ပုံသည်လည်း လုံးလုံးလျားလျား ရွံရှာစက်ဆုပ်ဖွယ်ကောင်းမနေဘဲ သြော် ဒါ လူ့သဘာဝပဲ၊ ဒီလိုအမေမျိုးလည်း ရှိတတ်ပါတယ်လေဟူသော အတွေးကိုသာ ဖြစ်စေသည်။ ဆွဲဆောင်မှုအားကောင်းစွာဖြင့် စာဖတ်သူ၏ စိတ်နှလုံးကိုလည်း သိမ်းကြုံးယူငင်နိုင်ပါပေ၏။
အချုပ်ဆိုရသော် အထက်ပါ စာရေးဆရာနှစ်ဦးစလုံးသည် သရုပ်မှန်ရေးဖွဲ့ရာတွင် စာဖတ်သူကို “ထွက်ပေါက်” ကလေးများ ပေးတတ်သော ပါးနပ်သည့်ကလောင်စွမ်း ရှိခြင်းကြောင့်ပင် ဖြစ်တော့သည်။ အဆိုပါ “ထွက်ပေါက်” ကလေးများသည်ပင် သရုပ်မှန်၏ မွန်းကြပ်မှုတို့ကို ဖြေဖျောက်၍ ရှေ့ဆက်ဖတ်ရှုရန် အားသစ် လောင်းလိုက်ခြင်းနှင့်လည်း တူပေသည်။ ထိုသို့ရေးဖွဲ့နည်းတွင် သူမတူအောင် ထူးချွန်ကြသူတို့ကား အမျိုးသား ပညာဝန်ဦးဖိုးကျား၊ သိပ္ပံမောင်ဝ၊ သော်တာဆွေ၊ သိန်းဖေမြင့်၊ သုမောင်၊ ကြယ်နီ အစရှိသော စာရေးဆရာများပင် ဖြစ်တော့သည်။ (ကြယ်နီ၏ ကိုတံငါဝတ္ထုတိုများကို ဖတ်ဖူးသော စာဖတ်ပရိသတ်များ သိပါလိမ့်မည်။ အဓိက ဇာတ်ဆောင်ဖြစ်ကြသော ကိုဒေါင်းစိန်နှင့် မယ်စိန်တို့ လင်မယားသည် ခေတ်ပျက်စနစ်ပျက်၏ သားကောင်များ လုံးလုံးလျားလျား ဖြစ်ခဲ့ရရှာသည်။ သူတို့၏ တံငါသည် ဘ၀များမှာ အလွန်တရာမှလည်း ရင်နှင့်ဖွယ်ကောင်းလှပေ၏။ သို့သော် ကြယ်နီသည် ကျွန်တော်အထက်တွင် ပြောခဲ့သော “ထွက်ပေါက်” ကလေးများကို လိုအပ်သလို ပါးပါးနပ်နပ်သုံးရင်း ဘ၀အမောများကြားတွင် အရွှန်းညှပ်၍ စာဖတ်သူ၏ စိတ်နှလုံးကို သိမ်းကြုံးဆွဲယူသွားခဲ့၏)
ထွက်ပေါက်မရှိသော အခါမျိုး၊ ဖြေကွက်ကလေး မရှိသောအခါမျိုးတွင်မူကား သရုပ်မှန်စာပေသည် ဖတ်သူကို စိတ်လေးစေခြင်း၊ မွန်းကျပ်ခြင်းများ ဖြစ်စေတတ်သည်။ ဒုက္ခပေါင်းစုံနှင့် လှောင်ပိတ်ထားသည်နှင့်သာ တူနေသည်။ သို့ကြောင့်လည်း အထက်တွင်ဖော်ပြခဲ့သလိုပင် စာရေးဆရာတစ်ဦးက “မင်းတို့ဟာ ဘ၀ မနာနာအောင် လုပ်ရေးနေကြရင် စာဖတ်သူတွေ စိတ်ညစ်လာလိမ့်မယ်” ဟု ပြောခဲ့ခြင်းဖြစ်ပေမည်။ “ဟ သရုပ်မှန်ဆိုမှတော့ ဘ၀နာမှ သရုပ်မှန်စာပေပီသမှာပေါ့” ဟု အငြင်းပွားလိုသော ဆရာသမားများရှိလျှင်လည်း ကျွန်တော် ဘာမှမပြောလိုပါ။ ပြိုင်၍လည်း ငြင်းချက်မထုတ်လိုပါ။ (သရုပ်မှန်စာပေတွင် ခေတ်တစ်ခေတ်၏ ပုံရိပ်ထင်ဟပ်နေရန် ဤသြကာသလောကကြီးတွင် ရှိရှိသမျှသော ဆင်းရဲဒုက္ခအပေါင်းကို ဇာတ်ဆောင်၏ ပုခုံးပေါ်သို့ တနင့်တပိုး တင်ပေးထားရန်မလိုဟုသာ ကျွန်တော် ရိုးရှင်းစွာ ယူဆပါ၏။)
သို့သော် အလေးအနက်ပြောလိုသည်ကား အဖေကွဲမအေကွဲ၊ အဖေသေမအေသေ၊ ပထွေးနှင့်နေ မိထွေးနှင့်နေ၊ ပထွေးပါသမီးနှိပ်စက် မိထွေးပါသားနှိပ်စက်၊ သူဌေးသမီးနှင့် ဆင်းရဲသား၊ သူဌေသားနှင့် ဆင်းရဲသူမ ဇာတ်လမ်းများသည်ကား ဖန်တရာတေလွန်းမက တေနေသဖြင့် ကျွန်တော့်အနေနှင့် အဆိုပါ ၀တ္ထုများကို မဖတ်ရှုလိုတော့သည်ကား အမှန်ပင်။
ထိုသို့သော အကြောင်းများကြောင့် “နာမကျန်းသည် အိုနှင်းဆီ” ၀တ္ထုကိုလည်း ကျွန်တော် မကြိုက်ကြောင်း ပြောလိုခြင်းဖြစ်ပါသည်။ သို့သော် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ကြိုက်ခြင်းမကြိုက်ခြင်းသည် စာအုပ်တစ်အုပ်၏ ကောင်းခြင်း၊ မကောင်းခြင်းကို အဆုံးအဖြတ်ပေးရန် မည်သို့မျှ မသက်ဆိုင်ရကား မိုးမိုး(အင်းလျား)၏ အဆိုပါ ၀တ္ထုကိုလည်း မကောင်းဟု ကျွန်တော် မဆိုလိုပါ။ ကျွန်တော့်သဘောနှင့်မတွေ့ဟုသာ ကျွန်တော်ကြုံတွေ့ခံစားရသည့်အတိုင်း ပြန်လည်တင်ပြခြင်း ဖြစ်ပါသည်။
စင်္ကာပူသို့ ပြန်လည်ခြေချလေမှ ကိုမျိုးထက်နိုင်နှင့်လည်း ထိုစာအုပ်အကြောင်း အသေအချာဆွေးနွေးရဦးမည် ဟုလည်း စိတ်ဝယ် တေးထားမိပါသတည်း။ ။
(ပြီးခဲ့သည့် ပြည်တော်ပြန်ခရီးအတွင်း ရေးသားခဲ့ပါသည်)
တည်တံ့ (ကြို့ပင်ကောက်)
0 comments:
Post a Comment