Saturday, October 15, 2011

သုတေသနစာတမ်း ပြုစုခြင်းဆိုင်ရာ အခြေခံလမ်းညွှန် (မူကြမ်း)



သုတေသနလုပ်ငန်း
ပြဿနာတရပ်၊ အကြောင်းရပ်တခုခုကို ထဲထဲဝင်ဝင်စနစ်တကျလေ့လာကာ ဆန္ဒစွဲ ( Subjectivism ) ကိုအခြေမခံဘဲ အချက်အလက် သို့မဟုတ် အကြောင်းအရာအရ ပကတိတွေ့ရှိချက် (Objective Factors ) အပေါ်အခြေခံလျှက် ကျိုးကြောင်းကျကျ သုံးသပ် ( Analyse) ကာ နိဂုံးချုပ်အဖြေတရပ်ရပ်ကို ရှာဖွေ ဖေါ်ထုတ်သည့် လုပ်ငန်းဖြစ်သည်။ တိုးတက်ဖွံ့ဖြိုးသောနိုင်ငံများအားလုံးမှာပင် သုတေသနလုပ်ငန်းများကို လူ့အဖွဲ့အစည်း၏ နယ်ပယ်အသီးသီးအတွက် လုပ်ဆောင်လျှက်ရှိသည်။ လူ့ အဖွဲ့အစည်းကို လက်ရှိအဆင့် တဆင့်မှနောက်တဆင့်သို့ တိုးတက်သွားစေနိုင်ရန်မှာ သုတေသနလုပ်ငန်းသည်  နှလုံးသည်းပွတ်သဖွယ် အရေးပါလှပေသည်။

သုတေသနလုပ်ခြင်း၏ အကျိုးရလာဒ်
သုတေသနပြုသူအနေဖြင့် အကြောင်းရပ်တခုခုကို စူးစိုက်လေ့လာတတ်သည့်အလေ့အထကို ရသွားစေသည်။
မိမိတသက်တာဘ၀တွင် မည်သည့်အကြောင်းရပ်တခုခုကိုဖြစ်စေ အသေအချာ၊ ပြည့် ပြည့်စုံစုံ၊ စနစ်တကျ လေ့လာပြီးမှ ရေး၊ ပြော၊ သုံးသပ်၊ အဖြေထုတ်သည့် အကျင့်ကောင်းကို ပြုစုပျိုးထောင်သည့် သဘောသက် ရောက်သည်။ ရှုဒေါင့်အသွယ်သွယ်မှ လေ့လသုံးသပ်ရခြင်းမျိုးဖြစ်သဖြင့် ဗဟုသုတတိုးပွားရုံသာမက အမြင် ကျယ်စေသည့်အပြင် ရင့်ကျက်တည်ငြိမ်မှုကို ရရှိစေသဖြင့် သုတေသနပြုသူအတွက် အကျိုးရှိသည်။ ထို့အပြင် သုတေသနပြု၍ရရှိသော ရလာဒ်ကို လူ့အဖွဲ့အစည်းအတွက် အသုံးချနိုင်သောကြောင့် အများအတွက်လည်း အကျိုးရှိသည်။

ယုံကြည်မှု
အကြောင်းရပ်တခုခုကို သုတေသနပြုလုပ် နိုင်စွမ်းရှိသည်ဟူ၍ မိမိကိုယ်ကိုမိမိ ယုံကြည်မှုတည်ဆောက်ရန် လိုသည်။ မြန်မာနိုင်ငံ လူ့ အခွင့်အရေးနှင့် ဒီမိုကရေစီအရေးလှုပ်ရှားမှုကြီးကို စနစ်တကျအဆင့်ရှိရှိ တိုးမြှင့်သွား
စေနိုင်ရန်မှာလည်း သုတေသနလုပ်ငန်းမှာ လိုအပ်ချက်တရပ်ဖြစ်လာကြောင်း တွေ့ မြင်နိုင်ပေသည်။ လူထု ရင်ဆိုင်ကြုံတွေ့နေရသော ပြသနာများမှာ မည်သည့်အခြေခံကစပြီး ပေါ်ပေါက်လာသည်။ မည်သည့်အကြောင်း ကြောင့် ပေါ်ပေါက်လာရခြင်းဖြစ်သည်။ မည်သည့်လူမှုပတ်ဝန်းကျင် အခြေခံအချက်များက ချုပ်ကိုင်လွှမ်းမိုး ချယ်လှယ်လျှက်ရှိသည်။ မည်ကဲ့သို့ သော ဥပဒေပြဌာန်းချက်များ၊ နိုင်ငံရေးအကြောင်းခံများက လူထု၏ မည်သည့် ပြဿနာကို မည်သို့ ကြီးထွားလာစေသည်။ မည်သို့ လျော့ပါးသွားစေသည်။ စသည့်အချက်များကို ထဲထဲဝင်ဝင် သိမြင်လာအောင် လူထုကိုယ်တိုင်က ကြိုးစားရန် လိုအပ်လာသည်။

သို့ ဖြစ်၍ အခြေခံသုတေသနလုပ်ငန်းများ လုပ်ကိုင်ကာ လူထုရင်ဆိုင်နေရသော ပြသနာများကို စနစ်တကျ သိရှိဖေါ်ထုတ်နိုင်အောင် ကြိုးစားခြင်း၊ ဖေါ်ထုတ်နိုင်လာသော တွေ့ရှိချက် အမှန်တရားများကို ပြည်တွင်းနှင့် နိုင်ငံတကာက လက်ခံလာအောင်ဖြန့်ဝေခြင်းများဖြင့် လက်ရှိဝိုင်းဝန်းကြိုးပမ်းနေကြသော လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးလှုပ်ရှားမှုကြီးကို အရှိန်တိုးမြှင့်ပေးသွားစေရန်တို့ဖြစ်သည်။ တိုးတက်ဖွံ့ ဖြိုးသော အနာဂါတ် ပြည်ထောင်စုနိုင်ငံကို မြှော်မှန်း၍လည်း လူထုအကြားတွင် အခြေခံအုတ်မြစ်ကောင်းကို ချမှတ်နိုင်စေရန်ဖြစ် သည်။ ငါတို့ နိုင်ငံ ဒီမိုကရေစီရရင် အားလုံးပြေလည်သွားလိမ့်မည်ဟူ၍ ခပ်လွယ်လွယ်သုံးသပ်သော စိတ်ကူး အိပ်မက်များမှ နိုးထရန်လိုအပ်လာသည်။ မိမိတို့လူ့အဖွဲ့အစည်း၏ အရင်းခံပြဿနာများ၊ ယင်းပြဿနာများကို ပြေလည်စေနိုင်မည့် အနေအထားများအကြောင်းကို  စနစ်တကျသိရှိအောင် မိမိတို့ကိုယ်တိုင် ကြိုးစားကြရ တော့မည်ဖြစ်သည်။ 
သို့ ဖြစ်လျှင် လူထုအတွင်းမှ တစုံတရာအခြေခံကောင်းပြီး လူထု၏ပြဿနာများကို ဖြေရှင်းရန်စိတ်ဝင်စါးမှု ရှိသော ပုဂ္ဂိုလ်များအနေဖြင့် အခြေခံသုတေသနလုပ်ငန်းများကို လေ့လာလုပ်ဆောင်လာကြမည်ဆိုလျှင် လူ့ အဖွဲ့အစည်းအတွက် အကျိုးရှိနိုင်မည်ဖြစ်သည်ဟူသည့် အချက်အပေါ်ယုံကြည်မှုရှိရန် လိုအပ်ပေသည်။ 

သုတေသနအလုပ်ဟာ ပညာရှင်တွေအလုပ်ဘဲ၊ ငါလုပ်လို့ မဖြစ်ဘူးထင်တယ်ဟု မိမိကိုယ်ကိုမိမိ ယုံကြည်မှု ကင်းမဲ့နေသမျှကာလပတ်လုံး အောင်မြင်မှုရနိုင်မည် မဟုတ်ပါ။ ဖြစ်မှဖြစ်ပါ့မလားဟု ချီတုံချတုံ မ၀ံ့မရဲ ဖြစ်
နေမည့်အစား၊ ဖြစ်ကိုဖြစ်ရမည်၊ ဖြစ်အောင်ကြိုးစါးမည်၊ ငါ့ဘ၀အတွက်၊ လူ့အခွင့်အရေးလှုပ်ရှားမှုကြီးအတွက် မှတ်တိုင်တခု ဖြစ်စေရမည်ဟုပိုင်းဖြတ်ကာ ဇွဲလုံးလကြီးကြီးထား၍ ဇောက်ချလုပ်ဆောင်သွားမည်ဆိုလျှင် မုချ အောင်မြင်နိုင်ပေသည်။

လေ့လာမှု
ယုံကြည်မှုရှိသော်လည်း ပြင်းပြင်းထန်ထန်လေ့လာမှုမရှိလျှင် သုတေသနလုပ်ငန်းသည် မအောင်မြင်နိုင်ပါ။ မိမိ သုတေသနပြုရန်ရွေးချယ်ထားသည့် အကြောင်းရပ်နှင့်ဆိုင်သော စာအုပ်စာတမ်းမှန်သမျှကို ရှာဖွေဖတ်ရှုခြင်း၊ တတ်ကျွမ်းနားလည်နိုင်မည့် ပုဂ္ဂိုလ်များထံမှာမေးမြန်းခြင်း၊ မိတ်ဆွေများထံမှ အကြံဥာဏ်တောင်းခံရယူခြင်း၊ မိမိ ကိုယ်ပိုင်ဥာဏ်ဖြင့် သုံးသပ်လေ့လာခြင်း၊ စသဖြင့်နည်းလမ်းမျိုးစုံကို အသုံးချကာ သုတေသနလုပ်ငန်း မစတင်မီ မှာပင် မိမိသုတေသနပြုမည့် အကြောင်းရပ်သက်သက်နှင့်သက်ဆိုင်သည့် ( Conceptual Framework ) အခြေ ခံအမြင်အယူအဆကို ရှာဖွေထားရန် သို့မဟုတ် (Hypothesis) တွေးမြင်ပုံဖေါ်မှု ပြုထားရန်လိုပါမည်။

အခြေခံ အမြင်အယူအဆနှင့် တွေးမြင်ပုံဖေါ်မှု
သာဓကအားဖြင့်  ကျေးရွာတရွာ သို့မဟုတ် ဒေသတခု၏ တိုးတက်ဖွံ့ ဖြိုးမှုကို လေ့လာသုံးသပ် သုတေသနပြု မည်ဆိုကြပါစို့။ အဆိုပါကျေးရွာ သို့ မဟုတ် ဒေသကို လက်တွေ့မလေ့လာမှီ တိုးတက်ဖွံ့ ဖြိုးမှုဟူသော ဝေါဟာရ နှင့် သက်ဆိုင်နိုင်သည့် ရှင်းလင်းဆွေးနွေးချက်မှန်သမျှကို လေ့လာရန်လိုအပ်လာသည်။ တိုးတက်ဖွံ့ဖြိုးမှုဆိုတာ
ဘာလဲ။ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာစာချုပ်စာတမ်းများ၊ ဥပဒေများမှာ တိုးတက်ဖွံ့ ဖြိုးမှုနှင့် ပတ်သက်၍ မည်သို့ ပါရှိသလဲ။ တိုးတက်ဖွံ့ ဖြိုးမှုကို မည်သည့်ပညာရှင်များက မည်သို့အဓိပါယ် ဖွင့်ဆိုကြသလဲ။ မည်သို့ သော အခြေအနေရောက်မှ တိုးတက်ဖွံ့ ဖြိုးတယ်လို့ ဆိုနိုင်မလဲ။ တိုးတက်ဖွံ့ ဖြိုးမှုကို လုပ်ဆောင်တဲ့ နည်းလမ်း တွေက ဘာတွေလဲ။ ဘယ်သူတွေက လုပ်ဆောင်ခွင့်ရမှသာ တိုးတက်တယ်လို့ ပြောနိုင်မလဲ။ ဘာကြောင့်လဲ။ စီးပွားရေးအရ တိုးတက်မှုဆိုတာဘာကို ပြောတာလဲ။ အခွင့်အလန်းနှင့် အခွင့်အရေးများအရ တိုးတက်မှုမရှိဘဲ စီးပွားရေးတိုးတက်ရုံနဲ့  လူ့ အဖွဲ့အစည်းတရပ်ကို တိုးတက်တယ်လို့ ပြောနိုင်ပါ့မလား။ တိုးတက်ဖွံ့ ဖြိုးရေးကိစ္စ
မှာမြန်မာနိင်ငံရဲ့ တည်ဆဲဥပဒေတွေရဲ့ အခန်းကဏ္ဍက ဘယ်လိုရှိသလဲ။ လူမှုဓလေ့ထုံးတမ်း ပတ်ဝန်းကျင်တွေ က တိုးတက်ဖွံ့ ဖြိုးမှုကို အဟန့်အတားပြုတာရှိသလား။ နိုင်ငံရေးစနစ်ပြောင်းသွားပြီဆိုရင် တိုးတက်နိုင်ပြီလား။ စသည်ဖြင့် တိုးတက်ဖွံ့ ဖြိုးမှုနှင့်စပ်ဆိုင်မည့် အကြောင်းအရာမှန်သမျှကို ကြိုတင်လေ့လာ ဖတ်ရှုထားရန်၊ မိမိ၏ အမြင်ကိုရှင်းအောင် ပြုလုပ်ထားရန်၊ တိုးတက်ဖွံ့ ဖြိုးမှုနှင့်စပ်လျှဉ်း၍ မိမိလက်ခံနိုင်မည့် အခြေခံအမြင်အယူအဆ ကို ရှာဖွေထားရန် ဖြစ်ပါသည်။

သုတေသနလုပ်ငန်း မစတင်မီမှာပင် လူ့အဖွဲ့အစည်း၌ မည်သို့သော အခြေအနေများတည်ရှိလာလျှင် တိုးတက်ဖွံ့ဖြိုးမှုရှိနိုင်မည်ဟူ၍ မိမိကိုယ်တိုင် လက်ခံနိုင်မည့်တွေးမြင်ပုံဖေါ်မှုကို ပြုထားရန်လိုပါမည်။ ယင်း အမြင်အယူအဆ သို့ မဟုတ် တွေးမြင်ပုံဖေါ်ထားမှုအခြေခံဖြင့် မိမိရွေးချယ်ထားသောကျေးရွာ သို့ မဟုတ် ဒေသ၏ တိုးတက်ဖွံ့ ဖြိုးမှုကို သုတေသနပြုသွားရန်ဖြစ်သည်။ ယင်းမှာ လူ့ အဖွဲ့ အစည်းကို လေ့လာသော လူမှုဗေဒသုတေသန(Sociological Research )လုပ်ငန်းများတွင် အခြေခံအားဖြင့် လုပ်ဆောင်လေ့ရှိကြသော နည်းနာဖြစ်ပါသည်။


သိပြီးသားအကြောင်းအရာကို ခိုင်မာစေရေးအတွက် သက်သေအထောက်အထားရှာဖွေခြင်း
သာဓကအားဖြင့် သုတေသနစာတမ်းခေါင်းစဉ်မှာ “မြန်မာနိုင်ငံ …. မြို့နယ်အတွင်း အေအိုင်ဒီအက်စ်ရောဂါ ပြန့်ပွားရသည့် နောက်ခံအကြောင်းခြင်းရာများကို လေ့လာသုတေသနပြုခြင်း” ဖြစ်သည်ဆိုကြပါစို့။ ယင်းကို လေ့ လာ သုတေသနပြုရာ၌ အထောက်အပံ့ရစေမည့် သုတေသနမေးခွန်း ( Research Question ) တရပ်မှာ အေအိုင် ဒီအက်စ်ရောဂါ ပြန့် ပွားမှုကို အားပေးသည့်၊ လွှမ်းမိုးချုပ်ကိုင်သည့် လူမှုစီးပွားရေးပတ်ဝန်းကျင် များမှာ အဘယ်နည်းဟူသော မေးခွန်းဖြစ်နိုင်ပါသည်။ အဆိုပါ သုတေသနမေးခွန်း၏ အဖြေကိုရှာဖွေခြင်းမှာ လူမှုဗေဒသုတေသနလုပ်ငန်း ဖြစ်ပါသည်။

“အာဏာရှင်စနစ်၏ လွှမ်းမိုးချူပ်ကိုင်မှုအောက်တွင် ပေါ်ပေါက်လာသည့် လူမှုစီးပွားရေး အကြပ်အတည်းများ
ကြောင့် အမျိုးသမီးငယ်များမှ မိမိကိုယ်ကို နည်းလမ်းမျိုးစုံဖြင့် ရောင်းစားကြရသဖြင့် အေအိုင်ဒီအက်စ်ရောဂါ ပြန့်ပွားရခြင်းဖြစ်သည်” ဟူသည့်အဖြေကို ကြိုတင်၍ မိမိဦးခေါင်းထဲတွင် မှန်းဆထည့်ထားကာ ယင်းကို အထောက်အပံ့ ဖြစ်စေမည့် အချက်အလက်များကို လိုက်လံရှာဖွေလေ့လာသူများကို တွေ့ဖူးပါမည်။ ယင်းမှာ သုတေသန လုပ်ငန်းမဟုတ်ပါ။ ယင်းလုပ်ငန်းမှပေါ်ထွက်လာသည့် စာတမ်းတစောင်မှာ အစီရင်ခံ စာတော့ ဖြစ်နိုင်ပါသည်။ သုတေသန စာတမ်းတစောင်တော့ မဖြစ်နိုင်ပါ။

မသိရှိသေးသော အကြောင်းအရာတရပ်ရပ်ကို ရှာဖွေဖေါ်ထုတ်ခြင်း
သုတေသန လုပ်ငန်း၏သဘောမှာ မသိသေးသောအကြောင်းအရာကို ရှာဖွေဖေါ်ထုတ်ခြင်း (Explore )  ဖြစ် ပါသည်။ အထက်ပါစာတမ်း၌ အေအိုင်ဒီအက်စ်ရောဂါ ပြန့်ပွားရသည့် နောက်ခံအကြောင်းများကို အခြားပုဂ္ဂိုလ် များ၊ လေ့လာသူများက မှန်းဆအဖြေထုတ်ရေးသားထားသော စာတမ်းများ၊ အစီရင်ခံချက်များ ရှိနိုင်ပါသည်။ မိမိ၏ သုသေသနလုပ်ငန်းတွင် အထောက်အပံ့ ရစေရေးအတွက် အဆိုပါစာတမ်းများကို လေ့လာဖတ်ရှုနိုင်ပါ သည်။ သို့ရာတွင်အဆိုပါစာတမ်းများ၌ ထောက်ပြထားသောအဖြေများကို သုတေသနပြုသူအနေဖြင့် မိမိ၏ဦး ခေါင်းထဲတွင် ကြိုတင်မထည့်ထားရန်အရေးကြီးပါသည်။ အဖြေကို ကြိုတင်ထည့်ထားပြီး ယင်းအဖြေမှန်ကန် ကြောင်း အထောက်အထားလိုက်လံ ရှာဖွေနေသမျှကာလပတ်လုံး ယင်းမှာ သုတေသနလုပ်ငန်း မဟုတ်နိုင် တော့ပါ။

သုတေသနပြုသူအနေဖြင့် မိမိသိလိုသော သုတေသနမေးခွန်းအတွက် အဖြေသဘောဆောင်သည့် နိဂုံး ချုပ်ချက်မှန်သမျှကို မိမိ၏ဦးခေါင်းထဲမှ ထုတ်ထားရပါမည်။ မိမိသိလိုသော သုတေသနမေးခွန်းနှင့် စပ်လျှဉ်း၍ ဘာမျှမသိသေးဟူ၍ မိမိ၏တွေးခေါ်စဉ်းစားမှုကို အဖြူထည်သက်သက်ထားရှိရန် လိုပါမည်။ ယင်းအကြောင်း အရာကို စူးစိုက်လေ့လာကာ တစုံတခုကို တွေ့ရှိဖေါ်ထုတ်ခြင်းသည်သာ သုတေသန လုပ်ငန်းဖြစ်ပါသည်။


ဆန္ဒစွဲကင်းခြင်း
သုတေသနလုပ်ငန်း စတင်ပြီဆိုလျှင်ပင် သုတေသနပြုသူမှာ ဆန္ဒစွဲကင်းရန်လိုပါသည်။ မိမိသုတေသနပြုမည့် အကြောင်းအရာများ၊ ယင်းနှင့်စပ်ဆိုင်သောပုဂိုလ်များ၊ အချက်အလက်များ အားလုံးအပေါ်တွင် ဆန္ဒစွဲကင်းစွာ အရှိကိုအရှိအတိုင်း လက်ခံရန်လိုပါမည်။ ကြိုတင်ရှိထားသော အာဃာတများ၊ မလိုမုန်းထားမှုများ (Prejudice) ကို မိမိ၏ဦးခေါင်းထဲမှ ဖယ်ထားရပါမည်။ အေအိုင်ဒီအက်စ်ရောဂါ ဘာ့ကြောင့်ပြန့်ပွားရသလဲဟူသော သုတေ သနမေးခွန်း အတွက်အဖြေကို လိုက်လံရှာဖွေရာ၌ စစ်အာဏာရှင်စနစ်ကြီးစိုးလွှမ်းမိုးနေသမျှ ဒီလိုရောဂါတွေ ရှိနေမှာဘဲ ဟူ၍ သုတေသနမပြုမီမှာပင် စစ်အာဏာရှင်စနစ်အပေါ်ကြိုတင်၍ အာဃာတများ၊ မလိုမုန်းထားမှု များရှိနေမည်ဆိုလျှင် ဆန္ဒစွဲရှိနေပြီဟုပြောနိုင်ပါသည်။ ဆန္ဒစွဲဖြင့် လေ့လာရေးလုပ်ငန်းကို ဆက်လုပ်သွားမည် ဆိုလျှင် သုတေသန လုပ်ငန်းမဖြစ်နိုင်တော့ပါ။

ဆိုလိုသည်မှာ မိမိလိုလားမြတ်နိုးလက်ခံနိုင်သူက လုပ်ဆောင်လျှင် ကောင်းမွန်သည့်လုပ်ငန်းဟုယူဆပြီး၊ မိမိမုန်းတီးရွံရှာသူက လုပ်ဆောင်သည့်လုပ်ငန်းမှန်သမျှကို မကောင်းသည့်လုပ်ငန်းဟု ယူဆခြင်းမှာ ဆန္ဒစွဲဖြစ်ပါသည်။ မိမိကြိုက်နှစ်သက်သော သတင်းအချက်အလက်များကိုသာ လက်ခံပြီး၊ မိမိသဘောဆန္ဒ နှင့် မကိုက်ညီသော သတင်းအချက်အလက်များကို လက်ခံရန်ငြင်းပယ်ခြင်းမှာ ဆန္ဒစွဲဖြစ်ပါသည်။ သတင်းအချက်အလက် များနှင့်စပ်လျှဉ်း၍ ဆန္ဒစွဲကင်းစွာ အရှိကိုအရှိအတိုင်း ပကတိကို ပကတိအတိုင်း လက်ခံရန်လိုပါသည်။ ယင်းသို့ လက်ခံရရှိသော ခိုင်မာသည့်သတင်းအချက်အလက်များကိုအခြေခံကာ ကျိုးကြောင်းဆီလျော်မှုရှိစွာ သုံးသပ်နိုင် မှသာလျှင် သုတေသနလုပ်ငန်း ဖြစ်နိုင်ပါသည်။

သုတေသနပြုသူ၏ ကိုယ်ကျင့်တရား (Morality)
သုတသနပြုသူတိုင်းသည် မိမိ၏သုတေသနလုပ်ငန်းနှင့် စပ်လျှဉ်း၍ ရိုးသားဖြောင့်မတ်မှုရှိရန် တနည်းအားဖြင့် ကိုယ်ကျင့်တရားကောင်းမွန်ရန် လိုအပ်ပါသည်။ ဆိုလိုသည်မှာ မိမိသုတေသနပြုနေသော အကြောင်းအရာနှင့် စပ်လျှဉ်း၍ အခြားပုဂ္ဂိုလ်တဦးဦးက စုဆောင်းထားသောသတင်းအချက်အလက်၊ ရေးသားထားသော စာအုပ် စာတမ်းမှ ကိုးကားရယူထားသည်ဆိုလျှင် ယင်းသို့ကိုးကားထားကြောင်းကို မိမိ၏သုတေသနစာတမ်းတွင် အညွှန်း အတိအကျဖြင့် ရည်ညွှန်းဖေါ်ပြရန်လိုအပ်ပါသည်။ ယင်းသို့ မဟုတ်ဘဲ ကူးချထားခြင်းမှာ ခိုးချသည့် သဘော (Plagiarism) သက်ရောက်သဖြင့် သုတေသနပြုသူ အနေဖြင့် ကိုယ်ကျင့်တရားပျက်ယွင်းရာ ရောက် ပါသည်။ မည်သည့်အခါတွင်မျှ ယင်းသို့ မလုပ်ဆောင် သင့်ပါ။

သတင်းအချက်အလက်များ
သုတေသနစာတမ်းတိုင်းတွင် ယေဘုယျအားဖြင့် မူရင်းသတင်းအချက်အလက်ကို ဖေါ်ပြရေးသားထားသော စာကြောင်းများ မုချပါရှိပါမည်။ ယင်းသို့ ပါရှိသည်ဆိုလျှင် ယင်းသတင်းအချက်ကို မည်သည့်နေရာမှ ရရှိသည်   (Source of Information ) ဟူသည်ကို အောက်ခြေမှတ်စု(Foot Note) သို့မဟုတ် အဆုံးသတ်မှတ်စု (End Note) တွင် ဖေါ်ပြရပါမည်။ တွေ့ဆုံမေးမြန်းခြင်းများမှ ရရှိ သည်ဆိုလျှင် မည်သည့်နေ့က၊ မည်သူ့ကို၊ မည်သည့် နေရာတွင် တွေ့ဆုံမေးမြန်း ပြီးရရှိကြောင်း ဖေါ်ပြရပါမည်။ အခြားစာစောင်၊ စာအုပ်စာတမ်းများမှ ရရှိသည် ဆိုလျှင် အဆိုပါစာစောင်၊ စာအုပ် စာတမ်းနှင့်ပတ်သက်၍ ရည်ညွှန်းချက်အပြည့်အစုံကို ဖေါ်ပြရပါမည်။


သတင်းအချက်အလက်များအပေါ် ခိုင်လုံမှုကိုစစ်ဆေးခြင်း
ဖြစ်ရပ်တခုကို ကိုယ်တိုင်သိ၊ ကိုယ်တိုင်မြင်၊ ကိုယ်တိုင်ကြုံတွေ့ ရသူများထံမှ တိုက်ရိုက်ရရှိသော သတင်း အချက်အလက်များမှာ မူရင်းသတင်းအချက်များဖြစ်ပါသည်။ သုတေသနစာတမ်း၏ ခိုင်လုံမှုမှာ မူရင်းသတင်း အချက်များကို မည်မျှအထိ တိကျမှန်ကန်စွာ စုဆောင်းနိုင်သည်ဟူသည့်အပေါ် ရာနုန်းအများစုမူတည်ပါသည်။ မိမိတွေ့ဆုံမေးမြန်းလိုက်သော ပုဂ္ဂိုလ်တဦးတည်းထံမှ မူရင်းသတင်း အချက်အလက် တခုတည်းရရှိရုံဖြင့်လည်း ယင်းသတင်းကို ခိုင်လုံပြီဟုယူဆလက်ခံရန် မဖြစ်နိုင်သေးပါ။ အခြားသတင်းရင်းမြစ်များမှ ရရှိနိုင်မည့်သတင်း များနှင့် တိုက်ဆိုင်စစ်ဆေးပြီးမှသာ ခိုင်လုံမှုရှိမရှိ ဆုံးဖြတ်ရန်ဖြစ်သည်။ ခိုင်လုံမှုရှိသည်ဟု သုံးသပ်လက်ခံထား ပြီးသော သတင်းအချက်အလက်များကိုသာ သုတေသနစာတမ်းတွင် ထည့်သွင်းဖေါ်ပြရန်ဖြစ်ပါသည်။

စာတမ်းအမှတ်အသားများမှာလည်း မူရင်းသတင်းအချက်အလက်များ ရနိုင်ပါသည်။ သာဓကအားဖြင့် “ကရင် အမျိုးသားခေါင်းဆောင် စောဘဦးကြီး၏ အမျိုးသားရေးလှုပ်ရှားမှုများကို လေ့လာသုတေသနပြုမည်” ဆိုပါစို့။ ၄င်းကိုယ်တိုင်ရေးသားခဲ့သည့် နေ့စဉ်မှတ်တမ်းဒိုင်ယာရီ၊ ၄င်း၏ပေးစာများ၊ ပြောကြားခဲ့သော မိန့်ခွန်းများ၊ ကိုယ်တိုင်ရေး အတ္တုပတ္တိပါ အကြောင်းအရာများသည် မူရင်းသတင်းအချက်အလက်များဖြစ်ပါသည်။ စောဘဦး ကြီးအကြောင်း အခြားပုဂ္ဂိုလ်များကရေးသား ခဲ့သော အကြောင်းအရာများသည် ဒုတိယ အဆင့်သတင်းအချက် အလက်များ ဖြစ်သည်။ သုတေသန ပြုရာတွင်မူရင်း သတင်းအချက်အလက်များကို ရနိုင်လျှင် အကောင်းဆုံး ဖြစ်ပါသည်။ မူရင်းသတင်း အချက်အလက်ကို လုံးဝမရနိုင်သည့်အခါမှသာ ဒုတိယအဆင့် သတင်းအချက်အ လက်များကို ကိုးကားသင့်သည်။

နိုင်ငံရေးပါတီ သို့မဟုတ် အဖွဲ့အစည်းတရပ်ရပ်နှင့် ပတ်သက်သောအကြောင်းအရာတခုခုကို သုတေသနပြု
မည်ဆိုလျှင် ထိုအကြောင်းအရာနှင့်စပ်လျှဉ်း၍ အဆိုပါ ပါတီအဖွဲ့ အစည်းခေါင်းဆောင်များ ပြောကြားသွားခဲ့ သည့် မိန့် ခွန်းများ၊ ၄င်းပါတီ အဖွဲ့ အစည်းမှ ထုတ်ပြန်ခဲ့သည့် ကြေငြာချက်များ၊ အစည်းအဝေးဆုံးဖြတ်ချက် မှတ်တမ်းများ၊ တွေ့ဆုံမေးမြန်းဖြေကြားမှုများသည် မူရင်းသတင်းအချက် အလက်များဖြစ်သည်။

ကျေးရွာများအတင်းအဓမ္မ ရွှေ့ပြောင်းခံရမှုကို သုတေသနပြုမည်ဆိုလျှင် ရွှေ့ပြောင်းခံရသောရွာတွင် နေထိုင်ခဲ့သည့် ရွာသားများနှင့် တွေ့ ဆုံမေးမြန်းရရှိသော သတင်းအချက်အလက်များ၊ ထိုသို့ ရွာများရွှေ့ ပြောင်းပေးရန်အာဏာပိုင်များက ထုတ်ပြန်ခဲ့သောအမိန့်စာများ၊ ရွာများရွှေ့ပြောင်းစဉ်က အကြောင်းကိစ္စ တရပ်ရပ်ဖြင့် အဆိုပါရွာသို့ ရောက်ရှိသွားပြီး မျက်မြင်ကိုယ်တွေ့ တွေ့ ခဲ့ရသူများ၏ ပြောကြားချက်များသည် မူရင်းသတင်းအချက်အလက်များဖြစ်သည်။ ထိုသို့ရွာရွှေ့ပြောင်းသည့်ကိစ္စကို ဓါတ်ပုံနှင့်တကွ သတင်းစာ တွင် ဖေါ်ပြပါရှိသောသတင်း များ၊ သတင်းထောက်များကရေးသားကြသော ဆောင်းပါးများသည် ဒုတိယ အဆင့်သတင်း အချက်အလက်များ ဖြစ်သည်။

မြန်မာနိုင်ငံ၌ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်ကို ကျင့်သုံးခြင်းဟူသောခေါင်းစဉ်ဖြင့် သုတေသန ပြုမည်ဆို လျှင် သတင်းစာဆရာတဦးနှင့် တွေ့ဆုံမေးမြန်းရရှိချက်များသည် မူရင်းသတင်းဖြစ်သည်။ ၁၉၆၂ ခုနှစ် ပုံနှိပ် ထုတ်ဝေသူများဆိုင်ရာ ဥပဒေသည် မူရင်းသတင်းဖြစ်သည်။ ယင်းဥပဒေကိုကိုးကား၍ နိုင်ငံသားတဦးကို အရေးယူလိုက်သော တရားရုံး၏ဆုံးဖြတ်ချက်သည် မူရင်းသတင်းဖြစ်သည်။ လွတ်လပ်စွာထုတ်ဖေါ်ပြောဆို ခွင့် နှင့် စပ်လျှဉ်း၍ နိုင်ငံအာဏာပိုင်များ၏ ပြောကြားချက်များသည် မူရင်းသတင်းဖြစ်သည်။ နိုင်ငံအတွင်းရှိ သတင်း စာ အယ်ဒီတာအာဘော်အခန်းတွင် ဝေဘန်ရေးသားချက်များသည် မူရင်းသတင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်ကို ကျင့်သုံးခြင်းနှင့်စပ်လျှဉ်း၍ နိုင်ငံခြားသတင်းထောက် တဦး က ၄င်း၏ထင်မြင်ယူဆချက်ကို ပြောဆိုမည်ဆိုလျှင် ဒုတိယအဆင့် သတင်းဖြစ်သည်။ ၁၉၆၂ ခုနှစ် ပုံနှိပ် ထုတ်ဝေသူများဆိုင်ရာ ဥပဒေနှင့်စပ်လျှဉ်း၍ ပညာရှင်တဦးက ဝေဘန်ရေးသားသောဆောင်းပါးသည် ဒုတိယ အဆင့် သတင်းဖြစ်သည်။ ၁၉၆၂ ခုနှစ် ပုံနှိပ်ထုတ်ဝေသူများဆိုင်ရာ ဥပဒေကိုကိုးကား၍ နိုင်ငံသား တဦးကို တရားရုံးကအရေးယူလိုက်ကြောင်း သတင်းစာတွင်ဖေါ်ပြပါရှိသော သတင်းသည် ဒုတိယအဆင့် သတင်း ဖြစ်သည်။ မြန်မာနိင်ငံအတွင်း၌ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုပိုင်ခွင့် ဆုံးရှူံးလျှက်ရှိကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးမှ ထုတ်ပြန်ကြေငြာချက်သည် ဒုတိယအဆင့် သတင်း ဖြစ်သည်။ မြန်မာနိုင်ငံ အာဏာပိုင်များ၏ ကန့်သတ်ပိတ်ပင်မှုများသည် မြန်မာနိုင်ငံပြည်သူများ၏ လွတ်လပ် စွာထုတ်ဖေါ်ပြောဆိုခွင့်ကို ထိပါးလျှက်ရှိကြောင်း ထိုင်းနိုင်ငံဘန်ကောက်ပို့ စ် သတင်းစာကြီးတွင် ဖေါ်ပြပါရှိ လာလျှင် ယင်းမှာ ဒုတိယ အဆင့်သတင်းဖြစ်သည်။

စပ်ဆိုင်ခြင်း ( Relevancy )
သုတေသနပြုရန်အတွက် စတင်သတင်းအချက်အလက် စုဆောင်းကထဲကပင် မိမိသုတေသနပြုသည့် အကြောင်းအရာနှင့် တိုက်ရိုက်စပ်ဆိုင်မည့် အချက်အလက်များကိုသာ စုဆောင်းရန်လိုပါမည်။ ပို၍ အရေး ကြီးသည်မှာ မိမိသိရှိလိုသောသုတေသနမေးခွန်းအတွက် အဖြေကိုရရှိနိုင်ရန် စဉ်းစားရာတွင် အထောက်အပံ့ ဖြစ်စေမည့်သတင်းအချက်အလက်များကိုသာ စုဆောင်းရန်၊ ယင်းသတင်း အချက်အလက် များကိုသာ မိမိ၏ သုတေသနစာတမ်းတွင် ဖေါ်ပြရန်အရေးကြီးပါသည်။ မဆိုင်သော သတင်းအချက်အလက် များကို လိုက်လံရှာဖွေ စုဆောင်းနေမည်ဆိုလျှင် အချိန်ကုန်လူပမ်းဖြစ်ရုံသာမက သုတေသနစာတမ်းတွင် အရေးအသားဖေါင်းပွ သည်မှလွဲ၍ မည်သို့မျှ အကျိုးမရှိနိုင်ပါ။

သုံးသပ်ဖေါ်ပြချက်များ ( Analysis )
သုတေသနစာတမ်းတွင် ဖေါ်ပြချက်များမှာ မူရင်းသတင်းအချက်အလက်များ မဟုတ်လျှင် သုံးသပ်ဖေါ်ပြ ချက်များဖြစ်ပါမည်။ သုံးသပ်ဖေါ်ပြချက်များမှာ မိမိကိုယ်တိုင်က သုံးသပ်ထားချက်များ ဖြစ်ရန်လိုပါမည်။ အခြားသူ များ၏အာဘော်ကို တပ်မံဖေါ်ပြချက်များ မဖြစ်သင့်ပါ။ ဆိုလိုသည်မှာ သတင်းအချက်အလက်များ အပေါ် အခြေ ခံ၍ မိမိကိုယ်တိုင်၏ ကိုယ်ပိုင်ဥာဏ်ဖြင့် သုံးသပ်ထားမှုများကိုသာ မိမိ၏သုတေသနစာတမ်း တွင် ထည့်သွင်းရေး သားရန်ဖြစ်ပါသည်။

သို့ ဖြစ်၍ မိမိ၏သုတေသနစာတမ်း (မူကြမ်း) တွင် ရေးသားထားသောစာကြောင်းတိုင်းကို အသေအချာ ထပ်မံစီစစ်ရန် လိုအပ်ပါသည်။ စာကြောင်းတခုခြင်းစီမှာ မူရင်းသတင်းအချက်အလက်များ ဖြစ်သလား၊ သို့ မဟုတ် မိမိကိုယ်တိုင် သုံးသပ်ဖေါ်ပြထားသော သုံးသပ်ချက်များဖြစ်သလား ဟူ၍ ဖြစ်သည်။



တက္ကဗေဒ ( Logic ) အမှား
သတင်းအချက်အလက်များအပေါ် အခြေခံ၍ စနစ်တကျသုံးသပ်မှုများ လုပ်ဆောင်မှသာလျှင် သုတေသန ပြုသည့်လမ်းကြောင်းကို စတင်လျှောက်လှမ်းရာ ရောက်ပါသည်။ မည်သို့သုံးသပ်မည်နည်းဟူသည်မှာ အရေး ကြီးလာပါသည်။ ဤနေရာ၌ တက္ကဗေဒအမှားမျိုးကို ရှောင်ရှားရန်လိုလာပါသည်။ ဥပမာ အားဖြင့်ဆိုပါမည်။ လောကတွင် ကျီးကန်းအကောင်ပေါင်း သန်းနှင့်ချီ၍ ရှိနိုင်ပါသည်။ သုတေသနသမားက ကျီးကန်းများမှာ မည် သည့်အရောင်ရှိကြကြောင်း လေ့လာသည်ဆိုကြပါစို့ ။ ပထမတနေရာတွင် ရောက်ရှိသောအခါကျီးကန်း တ ကောင်ကို အဖြူရောင်အဖြစ်တွေ့ရသည်။ ဒုတိယ တနေရာကိုရောက်ရှိ သောအခါတွင်လည်း နောက်ထပ် ကျီး ကန်းတကောင်ကို အဖြူရောင်အဖြစ်ပင် ထပ်မံတွေ့ရှိရပါသည်။ တတိယ တနေရာကိုရောက်ရှိသောအခါတွင် လည်းအလားတူ ကျီးကန်းမျိုးကိုပင် အဖြူရောင်အဖြစ် ထပ်မံတွေ့ ရှိရပြန်ပါသည်။ သုံးနေရာတွင် ကျီးကန်းသုံး ကောင်လုံးကို အဖြူရောင်အဖြစ်တွေ့ရှိ လိုက်သော အခါ လောကတွင်ရှိသော ကျီးကန်းအားလုံးမှာ ဖြူသည်ဟူ၍ သုတေသနသမားက နိဂုံးချုပ်လိုက်ပါသည်။ ဤသည်ကို တက္ကဗေဒအမှားဟု ပညာရှင်များက ထောက်ပြပါ သည်။

ဤ တက္ကဗေဒအမှား ဥပမာကလေးမှာ ရိုးရိုးလွယ်လွယ်နှင့် လူတိုင်းသိကြပါသည်။ သို့ ရာတွင် တကယ့် လူ အများစုကြီးမှာ လက်တွေ့ လောက၌ သတင်းအချက်အလက်များအပေါ် အခြေခံ၍သုံးသပ်ရာတွင် အကြိမ် ပေါင်းများစွာပင် တက္ကဗေဒအမှားကို ထပ်ခါထပ်ခါ ကျူးလွန်ကြလေ့ရှိသည်။ သုတေသနစာတမ်းသည် တက္က ဗေဒအမှားပေါင်းများစွာကို ကျူးလွန်၍ရေးသားထားသော စာကြောင်းများကိုစုစည်းထားသည့် စာတမ်းတစောင် မဖြစ်သင့်ပါ။ ယင်းသို့ ဖြစ်လျှင် မည်မျှပင်ဖေါင်းပွ၍ ရှည်လျားစွာရေးသားထားသော်လည်း စာတမ်းမှာ လုံးဝပင် တန်ဘိုးမရှိနိုင်ပါ။

ကျီးကန်းအကောင်ရေ သန်းနှင့်ချီ၍ရှိသည့်အနက် ကျီးကန်းပေါင်းမည်မျှကို လေ့လာပြီးနောက်မှသာ ကျီးကန်းဆိုသည်မှာ အဖြူရောင်ရှိကြောင်း သို့ မဟုတ် အနက်ရောင်ရှိကြောင်း သုံးသပ်သင့်သည်ဟူသော အချက်မှာ ပုံသေမရှိနိုင်ပါ။ သုတသနပြုသူ၏ ထိုးထွင်းဥာဏ်ဖြင့်သာ ဆုံးဖြတ်ရပါမည်။

အချို့ကိစ္စများတွင် အရည်အတွက်ကိုကြည့်ပြီးမှ အဖြေကိုဖေါ်ထုတ်ရသော ( Qualitative Method ) သုတေ သနပြုနည်းများရှိသကဲ့သို့  အချို့ကိစ္စများတွင် အရည်အချင်းကိုလေ့လာပြီး ( Qualitative Method ) အဖြေ ထုတ်ရသည်များ လည်းရှိပါသည်။ အရည် အတွက်နှင့် အရည်အချင်းနှစ်ခုလုံးပေါင်းပြီး သုတေသနပြုသည်များ လည်းရှိပါသည်။ ဤအကြောင်းကို တနေရာတွင် ဆွေးနွေးခဲ့ပြီးဖြစ်သည်။

စာကြည့်တိုက်နှင့် စာစောင်စာတမ်းများ၊ ရှေးပေစာ ပရပိုက်များ၊ သမိုင်းမှတ်တမ်းမှတ်ရာများ၊ မျက်မှောက် နိုင်ငံ တကာ စာချုပ်စာတမ်းများ၊ အထောက်အထားများကို အသုံးချကာ သုတေသန စာတမ်းပြုစုကြသူများလည်း ရှိ သည်။ ယင်းကို စာတမ်းအမှတ်အသား အခြေပြုသုတေသန ( Documentary Research )ဟုလည်း သတ်မှတ် ကြသည်။ စာတမ်းအမှတ်အသားများကိုအခြေပြု၍ သတင်းအချက်အလက် များစုဆောင်းရာတွင် မိမိတို့ကိုးကား လေ့လာသည့် စာစောင်စာအုပ် သို့မဟုတ် စာတမ်းအမှတ်အသား၏ အားကောင်းခိုင်လုံမှုအပေါ် များစွာမူတည် ပါသည်။ မိမိတို့ကိုးကားလေ့လာသည့် စာစောင်စာအုပ် သို့မဟုတ် စာတမ်းအမှတ်အသားမှာ အားကောင်းခိုင်လုံမှုရှိလျှင် လူများစွာကို တွေ့ဆုံမေးမြန်းသော်လည်း ရနိုင်ရန်ခဲယဉ်းသည့်သတင်းအချက်အလက်များကို ၄င်းစာတမ်း အမှတ်အသားများမှ ရရှိနိုင်ပါသည်။ မည်ကဲ့သို့သော စာစေါင်စာအုပ် သို့မဟုတ် စာတမ်းအမှတ် အသားမှာ အားကောင်း ခိုင်လုံမှုရှိသည်ကို သုတေသန ပြုသူကသာ မိမိသုတေသနပြုလိုသော အကြောင်းအရာ နှင့် ဆက်စပ်စဉ်းစားကာ ဆုံးဖြတ် ရန်ဖြစ်သည်။

အချို့သောအကြောင်းအရာများ မျက်မှောက်လောလောဆယ်အချိန်တွင် ဖြစ်ပွားနေသော အကြောင်း အရာများ၊ စာတမ်းအမှတ်အသားအဖြစ် မှတ်တမ်းမတင်ရသေးသော အကြောင်းအရာများ၊ အခြေအနေအကြောင်းအမျိုးမျိုးကြောင့် မှတ်တမ်းတင်ခွင့်မရသေးသော အကြောင်းအရာများဖြစ်နေ တတ်ပါသည်။ ယင်းသို့ ဖြစ်နေလျှင် စာ စောင်၊ စာအုပ် သို့ မဟုတ် စာတမ်းအမှတ်အသားအား လိုက်လံ ရှာဖွေနေလျှင် အချိန်ကုန်ရုံသာရှိနိုင်သည်။ လိုအပ်သောသတင်းအချက်အလက် ရရှိရန်မဖြစ်နိုင်ပါ။ လူအများအား တွေ့ဆုံမေးမြန်းခြင်းအားဖြင့် သတင်း အချက်အလက် စုဆောင်းနိုင်သည့်နည်းလမ်းသာ ကျန်ရှိပါတော့သည်။ မည်သို့ သော နည်းလမ်းဖြင့် သတင်း အချက်အလက်များစုဆောင်းလျှင် ထိထိရောက် ရောက်ရနိုင်မည်ဟူသည်ကို သက်ဆိုင်ရာ သုတေသန ပြုသူက သာ ဆုံးဖြတ်ဆောင်ရွက်သွားရန်ဖြစ်သည်။

တွေးမြင်သုံးသပ်မှုများကို စုစည်းခြင်း 
သတင်းအချက်အလက်များ အတော်များများ ရရှိလာပြီးသည့်အခါတွင် မိမိတွင် မူလကထဲက တည်ဆောက် ထားပြ၊ီးဖြစ်သော ( အခြေခံအမြင်အယူအဆ သို့မဟုတ် တွေးမြင်ပုံဖေါ်မှု ) ကိုအခြေခံကာမိမိစုဆောင်းရရှိ သော သတင်းအချက်အလက်များကို သုံးသပ်ရပါသည်။ အကြိမ်ပေါင်းများစွာမှာပင် မိမိမူလက တွေးမြင်ပုံဖေါ် မြှော်မှန်းထားသည်ကတမျိုး၊ တကယ့်လက်တွေ့ သတင်းအချက်အလက်များရရှိလာသော အခါ နိဂုံးချူပ်အဖြေက တခြားလည်း ဖြစ်တတ်ပါသည်။ ကိစ္စမရှိပါ။ တကယ့်လက်တွေ့ သတင်းအချက် အလက်များအပေါ် အခြေခံ၍ သာ သုံးသပ်ချက်များ ထုတ်ရပါမည်။

သုံးသပ်ချက်များ ချနိုင်လာသောအခါ မိမိ၏ သုတေသနစာတမ်းကို စတင်ရေးသားရန် ပြင်ဆင်ရပါမည်။ ယင်းသို့ စတင်ရေးသားနိုင်ရေးအတွက် ပထမဆုံးလိုအပ်ချက်မှာ မိမိ၏တွေးမြင်မှုများကို စုစည်းခြင်း ဖြစ်သည်။ မိမိတွေးမြင်သုံးသပ်နိုင်မှုများကို စနစ်တကျစုစည်းရန် (Organizing Ideas) လိုအပ်လာပါသည်။ မိမိ၏တွေးမြင် သုံးသပ်နိုင်မှုများမှာပျံ့ ကြဲနေလျှင် အဖြေတခုခုကိုဦးတည်ပြီး ထုတ်ဖေါ်နိုင်ခြင်းမရှိလျှင် မည်သို့ မျှသုတေသန စာတမ်းကောင်းတခု မဖြစ်နိုင်ပါ။ တွေးမြင်သုံးသပ်မှုများကို စနစ်တကျစုစည်းပြီးမှ သာ မိမိစာတမ်းအတွက် လမ်းကြောင်းများ ( Outlines ) ချမှတ်ရပါမည်။


သုတေသနအကြောင်းအရာကို ချဉ်းကပ်ရန် နည်းလမ်းငါးသွယ်

(က) စစ်ဆေး သို့မဟုတ် သုံးသပ်သည်။ (Examine or Analyze)
(ခ) အကဲဖြတ် သို့မဟုတ် ဝေဘန်သည်။ (Evaluate or Criticize)
(ဂ) တူညီမှုများကို နိုင်းယှဉ်ဖေါ်ပြသည်၊ သို့မဟုတ် ကွဲပြားမှုများကို ချိန်ထိုးပြသည်။
(Compare and Contrast)
(ဃ) ဆက်စပ်မှုများကို ဖေါ်ညွှန်းသည်။ (Establish Relationships)
(င) ဆန့်ကျင်သည့်အမြင်မှ ငြင်းခုံဆွေးနွေးသည်၊ သို့မဟုတ် ထောက်ခံမှုရှိလာစေရန် ဆွဲဆောင်သည်။
          (Argue for or against something or try to pursuade readers to agree with you.)

(က) အဖြစ်အပျက် အသေးအမွှားလေးတခုမှ ဖြစ်စဉ်ကြီးတရပ်လုံးအထိကို စစ်ဆေးသုံးသပ်သွားရန် ဖြစ်သည်။
(ခ) ဖြစ်ရပ်အပေါ်တွင် အကောင်းဘက်မှရော အဆိုးဘက်မှပါ အရည်အသွေးအရအကဲဖြတ်ရန် ဝေဘန်ရန်
          ဖြစ်သည်။
(ဂ) နှစ်အပိုင်းအခြားအရ၊ လုပ်နည်းလုပ်ဟန်အရ၊ အတွေးအခေါ် အယူအဆအရ၊ ဖြစ်ရပ်များအရ နိုင်းယှဉ် ဖေါ်ပြရန် ချိန်ထိုးရန်ဖြစ်သည်။
(ဃ) အများပြည်သူသိရှိပြီးသော အကြောင်းအရာများနှင့် မသိရှိသေးသောအကြောင်းအရာများကို ဆက်စပ် ဖေါ်ပြသွားရန် ဖြစ်သည်။
(င) ရပ်တည်မှုတရပ်အပေါ်တွင် ခုခံကာကွယ်ခြင်း ( Defend a position )၊  လုပ်ဆောင်မှုတရပ်ကို မှန်ကန် ကြောင်း အကျိုးကြောင်းပြခြင်း ( Justify and action )၊ ယုံကြည်မှုတခုခုကို ထောက်ခံခြင်း၊ သက်သေပြခြင်း
( Prove or support a belief ) နည်းလမ်းများဖြင့် ငြင်းခုံဆွေးနွေးရန် ဆွဲဆောင်ရန်ဖြစ်သည်။

ရပ်တည်မှုတရပ်အပေါ်တွင် ခုခံကာကွယ်ခြင်း
သာဓကအားဖြင့်
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ခြင်းသည်သာလျှင် အနာဂါတ်လူ့အဖွဲ့အစည်းအတွက် အကောင်းဆုံး ဖြစ်ပေမည်။

လုပ်ဆောင်မှုတရပ်ကို မှန်ကန်ကြောင်း ကျိုးကြောင်းပြခြင်း
သာဓကအားဖြင့်
အနာဂါတ်လူ့အဖွဲ့အစည်း၌ လွတ်လပ်၍အားကောင်းသော လူထုအသင်းအဖွဲ့များတည်ရှိလာမည်ဆိုလျှင် အစိုးရ၏အာဏာကို ဟန်ချက်ပြုထားနိုင်မည်ဖြစ်သဖြင့် အာဏာရှင်စနစ် ထပ်မံမပေါ်ပေါက်အောင် ကာကွယ် ဟန့် တားထားနိုင်မည်ဖြစ်ပေသည်။

ယုံကြည်မှုတခုခုကို ထောက်ခံခြင်း၊ သက်သေပြခြင်း
သာဓကအားဖြင့်
လူ့ အခွင့်အရေးကို ဦးစားပေးစဉ်းစားလာသော ယနေ့ခေတ်ကာလကြီးတွင် တရားမျှတသော တရားစီရင် စစ်ဆေးမှု လူတိုင်းရရှိစေရန်အတွက် ပြစ်မှုကျူးလွန်ကြောင်း သံသယရှိသူများကို ဖမ်းဆီးချုပ်နှောင်ပြီး ဖြောင့်ချက်ရယူသည့် လုပ်ထုံးလုပ်နည်းကိုလုပ်ဆောင်ရန် မလိုအပ်တော့ပါ။
ဦးအောင်ထူး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...