တုနှိုင်းမမီသော ခေါင်းဆောင်
by Wai Maw on Saturday, October 15, 2011 at 8:21am
စားချိန်၊အိပ်ချိန်မှလွဲ၍ စာပေနှင့်သာမွေ့လျောနေတတ်သည်။ နိုင်ငံရေးဆွေးနွေးခြင်းဖြင့်သာ အချိန်ကို ကုန်စေသည်။ ကမ္ဘာ့အရေး၊မြန်မာ့အရေး အတွေးနယ်ချဲ့ရင်းဖြင့်သာ အချိန်ကို အသုံးချသည်။ လောင်းကစားမှု၊ အရက်သေစာသောက်စားမှု၊ အပျော်လိုက်မှုတို့ဖြင့် အချိန်ဖြုန်းလေ့မရှိ။ ကောက်ကျစ်သောစိတ်၊ ညစ်ပတ်သော စိတ်တို့သည် သူ့တွင် စိုးစဉ်းမျှမရှိ။ ဖြူစင်ရိုးဖြောင့်သောစိတ်၊ တည့်မတ်မှန်ကန်သောစိတ်၊ ပွင့်လင်းသော စိတ်တို့သည် သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည်။
သူသည်အပြောသမားမဟုတ်၊ လက်တွေ့အလုပ်သမားဖြစ်ကြောင်း သူ့မိန့်ခွန်းများတွင် တွေ့မြင်နိုင် သည်။
“ကျောင်းသားဘ၀မှာ ကျုပ်ဟာကျောင်းသားသမဂ္ဂအဖွဲ့ချုပ်ကြီးကို တည်ထောင်ခဲ့ရုံမကဘဲ ခိုင်ခံ့အောင် လုပ်ခဲ့တယ် မဟုတ်လား။ တက္ကသိုလ်အက်ဥပဒေကို ပြင်ခဲ့တယ် မဟုတ်လား”
“ပြီးတော့ မြန်မာပြည်ကို လူမလေးခွေးမခန့်ဖြစ်နေတဲ့ နေရာက တစ်ကမ္ဘာလုံးက မြန်မာ့အရေး ဂရုစိုက် လာရအောင် ကျုပ်ပဲဆွဲတင်ခဲ့ရတယ် မဟုတ်လား။ မြန်မာတွေမှာ စစ်တပ်ရယ်လို့မရှိတဲ့ အခြေအနေက ဂျပန် ခေတ်မှာရော အခုခေတ်မှာပါ ဗမာတပ်တွေဖြစ်အောင် လုပ်နိုင်ခဲ့တာ၊ လုပ်နေတာဟာ ကျုပ်ပဲ မဟုတ်လား” (၄-၂-၄၇ အသံလွှင့် မိန့်ခွန်းမှ)
ဤစကားများသည် ဗိုလ်ချုပ်အောင်ဆန်း၏ ကြွားဝါသော စကားလုံးများမဟုတ်ပါ။ သူ့ဆောင်ရွက်ချက် များနှင့် နှိုင်းယှဉ်လျှင် သူ့စကားများမှာ လွန်စွာနည်းနေပေသေးသည်။
ဗိုလ်ချုပ်အောင်ဆန်းတွင် ကြွားဝါမှုကင်းသည်။ ပလွှားမှုကင်းသည်။ အဆောင်အယောင်များကို သူမုန်း သည်။ အတ္တအကျိုး ရှေ့တန်းတင်၍ စည်းစိမ်ခံမှုကို သူရွံရှာသည်။ ဖြစ်သလိုနေ၊ ဖြစ်သလိုစားပြီး ရောင့်ရဲတင်း တိမ်နိုင်သူဖြစ်သည်။ ရန်ကုန်မြို့၊နတ်မောက်လမ်းရှိ ဗိုလ်ချုပ်အိမ်(ပြတိုက်)ကို သွားကြည့်ဖူးသူတိုင်း ဤအချက် ကိုကောင်းစွာ သဘောပေါက်ကြပေလိမ့်မည်။ ဗိုလ်ချုပ်စိုက်ပျိုးခဲ့သော သီးပင်များမှ သီးကင်းသီးမှည့်များကို ခူးခြွေစားသုံးခဲ့ကြသော နှောင်းလူများ၏ နေထိုင်စားသောက်ပုံများနှင့် နှိုင်းယှဉ်လေ့လာကြစေလိုပါသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် နိုင်ငံနှင့်ပြည်သူလူထုအတွက် အကျိုးဆောင်နေရလျှင် သူ့အလိုဆန္ဒ ပြည့်ဝ နေသူဖြစ်သည်။ တိုင်းပြည်က သူ့အတွက် ၀န်ထုပ်ဝန်ပိုးမဖြစ်စေရ သူကသာတိုင်းပြည်၏ တာဝန်ကြီးကို ထမ်း ထားလိုသူဖြစ်သည်။ သူ၏ခန္ဓာသည် တိုင်းပြည်အတွက် စွန့်လှူထားသော ပစ္စည်းတစ်ခုသဖွယ် ဖြစ်နေပေ သည်။ ဖြစ်လည်း ဖြစ်ခဲ့ပါပြီ။ သူလုပ်ကြံခံရချိန်အထိ လွတ်လပ်ရေးစိတ် တစ်ခုတည်းသာ သူ့ဦးနှောက်တွင် စွဲမြဲနေသည်။ လွှမ်းခြုံနေရာယူ ထားခဲ့သည်။ လွတ်လပ်ရေးရရင် ငါဘယ်လိုခံစား စံစားရမယ်၊ ငါ့သားမယား ငါ့ဆွေမျိုးတွေကို ဘယ်လိုကောင်းစားစေမယ်ဆိုသော စိတ်ကူးမျိုး ဗိုလ်ချုပ်အောင်ဆန်း၌ လုံးဝမရှိ။ ထို့ကြောင့် လည်း ပြည်သူချစ်သော အမျိုးသားခေါင်းဆောင် ဖြစ်ရခြင်းပါပေ။
ဗိုလ်ချုပ်အောင်ဆန်းသည် စကားပြောရာတွင်လည်း ပွင့်လင်းသည်၊ ရှင်းလင်းပြတ်သားသည်၊ ပရိယာယ်ဆင်၍ ဝေ့လည်ကြောင်ပတ် မပြောတတ်။ ပြည်သူလူထုက သူ့ကိုယုံကြည်သလို ပြည်သူလူထုကို လည်း သူကယုံကြည်သည်။ ပြည်သူလူထုကို အသိပေးချပြရမှာကို ၀န်လေးသူမဟုတ် -
“တိုင်းပြည်လွတ်လပ်တယ်ဆိုတာက နိုင်ငံကတော့ လွတ်လပ်တယ်၊ လူမျိုးကတော့ မလွတ်လပ်ဘူး (ဒါလည်းမဟုတ်သေးဘူး) ပြောချင်တာမပြောရဘူး၊ တရားသဖြင့် သူထင်မြင်တာ မပြောရ၊ ဆိုချင်တာ မဆိုရ၊ ရေးချင်တာ မရေးရ၊ လုပ်ချင်တာမလုပ်ရ၊ အဲဒါမျိုးဟာ ဂျပန်ခေတ်တုန်းက ခံခဲ့ရတယ်၊ အဲဒီလို လွတ်လပ်ရေးမျိုး ဟာ ပါးစပ်ပိတ်ကြောက်လန့်ပြီးတော့ အမြဲတမ်းနေရတဲ့ လွတ်လပ်ရေးဖြစ်တယ်၊ ဓားမိုးထားတဲ့ လွတ်လပ်ရေးပဲ၊ တိုင်းသူပြည်သားတွေ မလွတ်လပ်ဘူး” (အလယ်ပစ္စယ်မိန့်ခွန်းမှ)
ဗိုလ်ချုပ်အောင်ဆန်း၏ ထူးခြားသော အရည်အချင်းများအနက် အဓိကကျသော အချက်တစ်ချက်မှာ တိုင်းပြည်၏ အနာဂတ်အရေးကို နှစ်ပေါင်းများစွာ ကြိုတင်လှမ်းမြင်နိုင်ခြင်းပင် ဖြစ်သည်။ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို စသောအရှေ့တောင်အာရှနိုင်ငံများနှင့် မြန်မာနိုင်ငံတို့ပူးပေါင်းပြီး အရှေ့တောင်အာရှ နိုင်ငံများ ပြည်ထောင်စုကဲ့သို့သော “ဖက်ဒရေးရှင်း” ကြီးတစ်ခုထူထောင်ရန်ပင် စိတ်ကူးခဲ့သေးသည်။ ပထ၀ီနိုင်ငံရေးရှုထောင့်မှကြည့်လျှင် လူဦးရေးအဆမတန်များပြားသော နိုင်ငံကြီးနှစ်ခုအကြားတွင် တည်ရှိနေ သောနိုင်ငံငယ်များ၏ ပေါင်းစုညီညွှတ်ခြင်းသည် အမှန်တကယ် လိုအပ်ချက်ပင် မဟုတ်ပါလော။ ယခုဖွဲ့စည်း ထားသည့် “အာဆီယံ” ခေါ်အရှေ့တောင်အာရှအသင်းကြီးသည် ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်ကူးကို နှစ်ပေါင်း ၂၀မျှနောက်ကျ၍ အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုနိုင်ပေသည်။
လူတော်လူကောင်းတို့မည်သည် အသက်တို ရလေရော့သလားမသိ၊ ဗိုလ်ချုပ်အောင်ဆန်းသည် အသက် ၃၀ မျှအရွယ်တွင် လုပ်ကြံခံလိုက်ရရှာသည်။ သူသာသက်တမ်းစေ့နေသွားရလျှင် မြန်မာပြည်တွင်သာ မက အာရှတိုက်၏ တောက်ပြောင်သော ခေါင်းဆောင်တစ်ယောက် ဖြစ်နေမည်မှာ မလွဲပေ။
“သေသောသူကြာရင်မေ့” ဟူသောဆိုရိုးစကားမှာ ဗိုလ်ချုပ်အောင်ဆန်းအတွက်မဟုတ်နိုင်ပေ။ သူ့ကို မမီလိုက်သည့် ယနေ့လူငယ်များသည်ပင်လျှင် ဗိုလ်ချုပ်အောင်ဆန်းကို ကြည်ညိုလေးစား တန်ဖိုးထားနေကြ သည်။ လွမ်းဆွတ်တသနေကြသည်။ နောင်ပေါက်ဖွားလာမည့် ကလေးသူငယ်များသည်လည်း ဤနည်းနှင်နှင် ပင် ဖြစ်ကြပေလိမ့်မည်။
နိုင်ငံအသီးသီးတွင် ခေါင်းဆောင်အသီးသီးပေါ်ပေါက်ခဲ့ကြပါသည်။ ပေါ်ပေါက်စမြဲဖြစ်ပါသည်။ သို့ရာတွင် အချို့သောခေါင်းဆောင်တို့မှာ မိမိတို့အသက်ထင်ရှားရှိနေစဉ် တစ်ခဏ၌သာ ဘုန်းတန်ခိုးကြီး၍ ကွယ်လွန်သွားပြီးသောအချိန်တွင်မူ အရှက်တကွဲအကျိုးနည်း ဖြစ်တတ်ကြလေသည်။ သံလက်သီးဖြင့် ထိန်းချုပ်ထားမှု ဖြေလျော့သွားသောအခါ မဖြစ်မှန်များ ပေါ်ပေါက်လာတတ်ကြသည်။ သမိုင်းတွင်အမည်းကွက် စွန်းထင်းကွက်များ ပေါ်ပေါက်လာတတ်ကြသည်။ ထိုသူတို့ အာဏာရှိစဉ်က ပြုလုပ်ခဲ့သော ကျောက်ရုပ်၊ ကြေးရုပ် စသည်တို့ပင်လျှင် မြေခကြေမွသွားကြရရှာသည်။ သူတို့၏ သားသမီးမြေးမြစ် မျိုးနွယ်ဆက်များသည် လည်း လူပုံလည်တွင် ခေါင်းမဖော်ဝံ့ကြတော့ပေ။
ဗိုလ်ချုပ်အောင်ဆန်းလို ပုဂ္ဂိုလ်မျိုးကား ရှာမှ ရှားလေတော့သည်။ သူကွယ်လွန်သည်မှာ နှစ်ပေါင်း ၆၀ ကျော်မျှကြာညောင်းခဲ့သည့်တိုင်အောင် ပြည်သူပြည်သားများ၏ အသည်းစွဲအချစ်တော်ကြီး ဖြစ်နေတုန်းပင် ယုံကြည်ကိုးစားထိုက်သော ခေါင်းဆောင်ကြီး ဖြစ်နေတုန်းပင်။ ထို့ကြောင့် ယနေ့လူငယ်ကျောင်းသားများသည် ဗိုလ်ချုပ်အောင်ဆန်းလို ပြိုင်စံရှားသည့်ခေါင်းဆောင်မျိုး ဖြစ်အောင် ကြိုးစားဖို့ တိုက်တွန်းလိုက်ရပေသည်။
မြတ်အေး
ပြည်သူခေတ်ဂျာနယ် အတွဲ ၂ အမှတ် ၆၃
၁၃-အောက်တိုဘာ-၂၀၁၁
0 comments:
Post a Comment