Wednesday, October 26, 2011

ပြည်တွင်းအင်တာနက် . . . ခေတ်မပြောင်းသေးပါ



ဦးဦး မှော်ဆရာ 1.jpg

SEA-ME-WE 3 ဆက်ကြောင်းပြ မြေပုံ
ရေအောက်အင်တာနက် ဆက်ကြောင်း SEA-ME-WE 3 (South-East Asia - Middle East - Western Europe 3) ချို့ယွင်းမှုမှာ အောက်တိုဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းအချိန်၌ ဖြစ်ပေါ်ခဲ့သည်ဟု ရတနာပုံ တယ်လီပို့မှ သတင်းထုတ်ပြန်ခဲ့သည်။ ထိုသို့ ချို့ယွင်းမှုကြောင့် ဖြစ်ပေါ်ခဲ့သော အင်တာနက်မြန်နှုန်း နှေးကွေးမှုနှင့်  ယာယီပြတ်တောက်မှုများမှာ အောက်တိုဘာလ၂၅ ရက်နေ့သို့ ရောက်ရှိချိန် အထိ ပြန်လည် ကောင်းမွန်လာခဲ့ခြင်း မရှိသေးပေ။ ယခုဖြစ်ပေါ်နေသော အင်တာနက် ယာယီပြတ်တောက်မှုမှာ  မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံအကြားSEA-ME-WE 3 ရေအောက်ဆက်ကြောင်းအပိုင်း၌ ချို့ယွင်းခဲ့သဖြင့်ဟု ဆိုပါသည်။

“SEA-ME-WE 3 ချို့ယွင်းတာ ကို ပြင်ဆင်ဖို့အတွက် သွားနေတဲ့ သင်္ဘောက အောက်တိုဘာလ ၂၅ရက် နေ့လောက်မှ ပျက်တဲ့နေရာကို ရောက်မယ်လို့ သိရပါတယ်”ဟု ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဌာန၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ သတင်းအချက်အလက် နည်းပညာ ဌာနမှ အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက အောက်တိုဘာလ ၂၁ ရက်နေ့ တွင် ပြောဆိုခဲ့သည်။

လုပ်ငန်းတိုင်း အင်တာနက်နှင့် မကင်းနိုင်
“အင်တာနက်က လုပ်ငန်းတိုင်း နဲ့ မကင်းနိုင်တော့ဘူး။ အခုလို အင်တာနက် ယာယီ ပြတ်တောက်မှုတွေကြောင့် လုပ်ငန်းတွေမှာ ဆုံးရှုံးမှု ဘယ်လောက် ရှိတယ်ဆိုတဲ့ အတိုင်းအတာ ပမာဏကို အတိအကျမပြောနိုင် သေးပေမယ့် အခက်အခဲကတော့ ကြုံလာရတယ်။ လုပ်ငန်းကိစ္စတွေအတွက် ချိတ်ဆက်တာတွေကအစ အရေးကြီးတဲ့ စာချုပ်စာတမ်းကိစ္စတွေမှာ အခက် အခဲရှိလာတယ်”ဟု စင်ကာပူအခြေစိုက် Kelvin Cha ဥပဒေအကျိုးဆောင်လုပ်ငန်း၏ ရန်ကုန်ရုံးတာဝန်ခံ ဦးသန်းမောင်က ပြောပြပါသည်။
“ထင်သာမြင်သာ ရှိနေတဲ့ အခက်အခဲကတော့ လေယာဉ်လက်မှတ် ရောင်းတဲ့ ကုမ္ပဏီတွေ ဖြစ်နေတယ်။ e-Ticket စနစ်ကို အသုံးပြုသူတွေ အကုန်လုံး အချိန်မီ မရကြတော့တာပါပဲ။ ဒီအချက် တစ်ခုတည်းနဲ့တင် နိုင်ငံတကာက စီးပွားရေးလုပ်ငန်းတွေကို မြန်မာနိုင်ငံ ကလူတွေ ယှဉ်ပြိုင်နိုင်ဖို့ ခက်ခဲတယ် ဆိုတာ သာဓကပါ။ ဆုံးရှုံးတာတွေကို မတွက်ချက်သေးလို့ ဂဏန်းတစ်ခု ထွက်မလာသေးတာပါ။ ဆုံးရှုံးမှုတွေ ရှိနေမှာတော့ သေချာပါတယ်” ဟု Myanmars.net မှ မန်နေဂျင်းဒါရိုက်တာ ဦးဇော်ထွဋ်က ပြောပါသည်။

အင်တာနက်မြန်နှုန်း နှေးကွေးမှုမှာ ဆက်လက်ဖြစ်ပေါ်နေပြီး အင်တာနက် တပ်ဆင် အသုံးပြုခမှာလည်း ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ဈေးနှုန်း မြင့်မားနေဆဲဖြစ်ပါသည်။ လက်ကိုင်ဖုန်းအချို့၌ အင်တာနက် အသုံးပြုခွင့် ရရှိခဲ့သော်လည်း လူတိုင်း အင်တာနက်သုံးစွဲခွင့်မှာ အလှမ်းကွာနေဆဲဖြစ် . .


အင်တာနက်ဆက်ကြောင်း လေးလိုင်း
မြန်မာနိုင်ငံတွင် အသုံးပြုနေသော အင်တာနက် ဆက်ကြောင်းလိုင်း လေးလိုင်းရှိပါသည်။SEA-ME-WE 3 ရေအောက် ဆက်ကြောင်းလိုင်း၊ အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့ဖြင့် ချိတ်ဆက် ထားသော ကုန်းတွင်းဆက်ကြောင်းလိုင်းတို့ ဖြစ်သည်။SEA-ME-WE 3 ရေအောက် ဆက်ကြောင်းလိုင်းမှာ နိုင်ငံပေါင်း ၃၉ နိုင်ငံကို ချိတ်ဆက်ထားသော နိုင်ငံတကာ အင်တာနက် ဆက်ကြောင်းလိုင်းဖြစ်ပြီး ကုန်းတွင်း ဆက်ကြောင်းလိုင်း သုံးလိုင်းမှာမူ မြန်မာနိုင်ငံနှင့် သီးခြားဆက်သွယ် ထားခြင်းဖြစ်သည်။

SEA-ME-WE 3 နှင့် အင်တာနက် ယာယီပြတ်တောက်မှု
မြန်မာနိုင်ငံ၌ အင်တာနက်ယာယီ ပြတ်တောက်မှု ဖြစ်ပေါ်သည့်အချိန် အတိုင်း သက်ဆိုင်ရာ တာဝန်ရှိသူများမှSEA-ME-WE 3 ချို့ယွင်းမှု သို့မဟုတ် National Backbone ချို့ယွင်းမှုကြောင့် ဟု ပြောဆိုလေ့ရှိပါသည်။ သုံးစွဲသူများဘက်တွင်မူ မြန်မာနိုင်ငံ၌ အင်တာနက် ဆက်ကြောင်းလိုင်း လေးလိုင်း ရှိနေပြီး ဆက်ကြောင်းလိုင်း တစ်လိုင်း ပျက်ရုံဖြင့် အင်တာနက် ပြတ်တောက်မှု မဖြစ်နိုင်ကြောင်း ပြောဆိုမှုများ ရှိခဲ့သည်။
အင်တာနက် ယာယီပြတ်တောက်မှု ဖြစ်ပေါ်သည့်အခါတိုင်း နိုင်ငံရေး အခြေအနေများနှင့် ဆက်စပ်စဉ်းစား လေ့ရှိသည်မှာ အင်တာနက်သုံးစွဲသူများအကြား အစဉ်အလာအားဖြင့် ရှိခဲ့ပြီ ဖြစ်ပါသည်။
“မြန်မာနိုင်ငံမှာ စုစုပေါင်း အင်တာနက်သုံးစွဲမှု Bandwidth  ပမာဏ မှာ 3.596Gbps ၀န်းကျင် ရှိပါတယ်။SEA-ME-WE 3 ကနေ 1.7 Gbps ရပါတယ်။ ကုန်းတွင်းဆက်ကြောင်း တွေက 2 Gbps လောက်ရပါတယ်။ ဒါကြောင့်မို့ SEA-ME-WE 3 ချို့ယွင်းတာနဲ့ အင်တာနက် ယာယီပြတ်တောက်မှုတွေ ဖြစ်တာပါ”ဟု  အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက ပြောပါသည်။

အင်တာနက် ဆက်ကြောင်း ချို့ယွင်းပါက အစားထိုးနိုင်ပေးမည့် နည်းလမ်းမရှိသေး
“အင်တာနက် ဆက်ကြောင်းလိုင်းတစ်လိုင်း ချို့ယွင်းသွားရင် အစားထိုး နိုင်မည့် နည်းလမ်းရှာဖွေထားသင့်တယ် ဆိုတာထက် လုပ်နေတယ်လို့ ကြားထားပါတယ်။ ကုန်းတွင်းဆက်ကြောင်း လိုင်းတွေကတစ်ဆင့် on damand  ပေါ် မူတည်ပြီး ထပ်တိုးဖို့ လုပ်နေတယ်လို့ ကြားပါတယ်”ဟု Myanmar Gateway Technology  ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးဇော်မင်းဦးက ပြောပြသည်။
“ဆက်ကြောင်းလေးကြောင်း ရှိနေတာတော့ မှန်တယ်။ ဒါပေမယ့် ဒီဆက်ကြောင်းတွေက ဆက်သွယ်ထားတာပဲ ရှိတယ်။ တစ်ဖက်မှာကလည်း နိုင်ငံတကာ ဆက်ကြောင်းလိုင်းတွေဆီက အင်တာနက် Bandwidth ယူပြီဆိုတာ နဲ့ယူသလောက် ပိုက်ဆံပေးရပါပြီ။ SEA-ME-WE 3  ကတော့ တည်ဆောက်မှုမှာ မြန်မာနိုင်ငံ ပါတဲ့အတွက် အင်တာနက် Bandwidth ဖိုးက သက်သာပါတယ်။ တခြားကုန်းတွင်း ဆက်ကြောင်းမှာ ယူမယ်ဆိုရင်တော့ 55 Mbps ရှိတဲ့ STN-1 link  တစ်ခုကို ၀ယ်မယ်ဆိုရင် အနည်းဆုံး တစ်လ အတွက် အမေရိကန်ဒေါ်လာ ၄၀၀၀ နဲ့ ၅၀၀၀ ကြားလောက် ပေးရပါတယ်။ on damand  ပေါ်မူတည်ပြီး ကုန်းတွင်း ဆက်ကြောင်းတွေဆီက ပိုယူမယ်ဆိုရင် ဟိုကပေးနိုင်မယ့် ပမာဏနဲ့ ဒီကယူနိုင်မယ့် ပမာဏကို ချိန်ဆရတာတွေ ရှိနေမှာပါ။SEA-ME-WE 3 ကနေ ထပ်ယူဖို့တော့ မဖြစ်နိုင်တော့ပါဘူး။ သူတို့ပေးထားတဲ့ ပမာဏ အပြည့်ယူ ထားလို့ပါ”ဟု Myanmar Gateway Technology မှ ဦးဇော်မင်းဦးက ဆက်လက်ပြောပြပါသည်။
သတင်းအချက်အလက် နည်းပညာ ဌာနမှ အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦး ကမူ ရေအောက် ဆက်ကြောင်းလိုင်း မှာ လက်ရှိအချိန်တွင် ဈေးအသက်သာဆုံး ဖြစ်နေသည့်အတွက် ကုန်းတွင်း ဆက်ကြောင်းလိုင်းထက် ပိုမိုအသုံးပြုခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုပါသည်။

အင်တာနက် ပြတ်တောက်မှုနှင့် ဖြေရှင်းပေးနိုင်မှု
အင်တာနက်မြန်နှုန်း နှေးကွေးခြင်းကြောင့်ဖြစ်စေ၊ အင်တာနက်လိုင်း ယာယီ ပြတ်တောက်ခြင်းကြောင့် ဖြစ်စေ ဖြစ်ပေါ်လာသော ကိစ္စများနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနများသို့ မေးမြန်းရာတွင်လည်း Customer Sales Services  ကင်းမဲ့သော တုံ့ပြန်မှုများဖြင့် ရင်ဆိုင်ရလေ့ရှိကြောင်း အင်တာနက် လိုင်း တပ်ဆင်အသုံးပြုတိုင်းက ဆိုသည်။
“ဘယ်လိုဖြစ်နေသလဲဆိုရင် ရပ်ကွက်တစ်ခုမှာ မီးကြိုးတွေတော့ သွယ်ထားတယ်။ လျှပ်စစ်ဓာတ်အားက အပြည့်မရတဲ့သဘော ဖြစ်နေတယ်။ ဒီကြားထဲမှာ ဓာတ်တိုင်တွေလဲပြီး လျှပ်စစ်ဓာတ်အား ပြတ်သွားရင် အမှောင်ထဲ မှာပဲနေ ဆိုတဲ့ပုံစံဖြစ်နေတယ်။ ဒါပေမယ့် မီတာကြေးကတော့ ကြိုယူထားတယ်။ မီတာကြေး ပုံမှန်မပေးရင် မီးလာဖြတ်တယ်”ဟု အင်တာနက်ကဖေးဆိုင် ပိုင်ရှင် တစ်ဦးက ပြောပြပါသည်။
မြန်မာနိုင်ငံ၏ အင်တာနက် တပ်ဆင်အသုံးပြုခများ အခြားနိုင်ငံများထက် များပြားလျက်ရှိနေပြီး ၀န်ဆောင် မှုမှာမူ အခြားနိုင်ငံများထက် နည်းပါး လျက်ရှိနေပါသည်။
“ကျွန်တော်တို့ သိထားသလောက်ကတော့SEA-ME-WE 3 မှာ မြန်မာနိုင်ငံက consortium ဖြစ်တဲ့အတွက် Bandwidth ဖိုးက အခုအချိန်မှာ အများကြီးမပေးရဘဲ အလကားလောက်နီးနီး ရထားပါတယ်။ တကယ်လို့ ဒီအချိန်မှာ ကုန်းတွင်းဆက်ကြောင်းကနေယူလို့ Bandwidth ပမာဏ 1Gbps  ကို ပျမ်းမျှ အမေရိကန်ဒေါ်လာ ၃၀၀၀၀ ပေးပြီး ၀ယ်မယ်ဆိုရင် 3Gbps လောက်ကို အလွန်ဆုံး အမေရိကန်ဒေါ်လာ ၉၀၀၀၀ လောက်ပဲ ကျမှာပါ။ မြန်မာ နိုင်ငံမှာ 512Mbps လိုင်းကို တပ်ဆင်တဲ့သူ ၁၀၀၀၀ ပဲ ရှိတယ်ထားဦးတော့ တစ်ဦးချင်းစီက ပေးရတဲ့ လစဉ်ကြေး တစ်လစာကို အမေရိကန်ဒေါ်လာ ပျမ်းမျှ ၅၀ ကျော်နဲ့မြှောက်ရင် ၀င်ငွေ က အမေရိကန်ဒေါ်လာ ငါးသိန်းကျော် ရှိနေပါတယ်။ ဒါတောင်ကျပ်ငွေ သိန်းဂဏန်းပေးနေရတဲ့ ကနဦးတပ် ဆင်ခတွေ၊ တခြားဝန်ဆောင်ကြေးတွေ မပါသေးပါဘူး” ဟု ကွန်ပျူတာ လုပ်ငန်းရှင်တစ်ဦးက ပြောပါသည်။
မြန်မာနိုင်ငံ၌ အင်တာနက်အသုံးပြုသူ ၄၀၀၀၀၀ ကျော်ရှိနေပြီး အင်တာနက် တပ်ဆင် အသုံးပြုသူ အရေအတွက်မှာ ADSL  တပ်ဆင်သူများ အပါအ၀င် ၄၀၀၀၀ ကျော် ခန့် ရှိသည်။

ကုန်းတွင်းပိုင်း ဆက်ကြောင်းလိုင်း အဆင့်မြှင့်တင်ရန် စီစဉ်
လက်ရှိအချိန်၌SEA-ME-WE 3 ချို့ယွင်းမှုအား ပြင်ဆင်နိုင်ရန် လုပ်ဆောင်နေသည့် နည်းတူ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့ဖြင့်ချိတ် ဆက်ထားသော ကုန်းတွင်းပိုင်းဆက်ကြောင်းလိုင်းများ ကို အဆင့်မြှင့်တင်သွား မည်ဟု အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက အောက်တိုဘာလ ၂၁ ရက်နေ့တွင် ပြောပါသည်။
“အခုချိန်မှာတော့ ထိုင်း နဲ့ချိတ်ဆက် ထားတဲ့ ကုန်းတွင်း ဆက်ကြောင်းကနေ STN-1 11link ၊ တရုတ်နဲ့ ချိတ်ထားတဲ့ STN-1 2link  ကို ထပ်ယူဖို့ စီစဉ်နေပါတယ်။ ငွေကြေးပိုင်းမှာ အားလုံး ပြီးသွားပါပြီ။ နည်းပညာပိုင်း တချို့ပဲ ကျန်နေပါတယ်။ အမြန်ဆုံး လုပ်ဆောင်နေပါတယ်”ဟု ၎င်းက ပြောပြသည်။
STN-1 link တစ်ခုလျှင် Bandwidth Speed ပမာဏ 155Mbps ရှိသဖြင့် စုစုပေါင်း Bandwidth ပမာဏ  2Gps ရရှိနိုင်ကြောင်း သိရသည်။ ကုန်းတွင်းပိုင်း ချိတ်ဆက်မှုမှ စုစုပေါင်း Bandwidth ပမာဏ 4Gps အထိရှိမည်ဖြစ်ကာ ရေအောက် ဆက်ကြောင်းလိုင်းမှ 1.7Gps ရမည် ဆိုပါက မြန်မာနိုင်ငံ တစ်နိုင်ငံလုံးအတွက် စုစုပေါင်း Bandwidth ပမာဏ 5.7Gps အထိ ရှိလာနိုင်ပါသည်။
ထိုပမာဏအတိုင်း အမှန်တကယ် ရရှိပါက မြန်မာနိုင်ငံတွင် အင်တာနက် သုံးစွဲသူများ လက်ရှိ အသုံးပြုနေသော Bandwidth ပမာဏ 3.596Gps အတွက် လုံလောက်မည့် အခြေအနေ ရှိသော်လည်း မြန်မာနိုင်ငံ၏ အင်တာနက် Bandwidth သုံးစွဲမှု ပမာဏမှာ တစ်နှစ်လျှင် ၃၀ရာခိုင်နှုန်းခန့် မြင့်တက်လျက် ရှိနေကြောင်း သိရသည်။
ခေတ်မပြောင်းသေးသည့် ပြည်တွင်းအင်တာနက်
အစိုးရနှင့်သက်ဆိုင်သော လုပ်ငန်းနယ်ပယ်များ၌ ပြုပြင်ပြောင်းလဲမှု ဟူသော လုပ်ဆောင်မှုများ ဆောင်ရွက်လာချိန်၌ ပြည်တွင်းအင်တာနက် ထိန်းချုပ်မှုအပိုင်းမှာမူ သတင်းဝက်ဘ်ဆိုက်အချို့အား ကြည့်ရှုခွင့် ပိတ်ပင် ထားခြင်းကို ပြန်ဖွင့်ပေးခဲ့သည်မှ လွဲ၍ အခြားထင်ရှားသော ပြောင်းလဲမှုများ မရှိခဲ့ပေ။ အင်တာနက်မြန်နှုန်း နှေးကွေးမှုမှာ ဆက်လက်ဖြစ်ပေါ်နေပြီး အင်တာနက် တပ်ဆင် အသုံးပြုခမှာ လည်း ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ဈေးနှုန်းမြင့်မားနေဆဲ ဖြစ်ပါသည်။ လက်ကိုင်ဖုန်းအချို့၌ အင်တာနက် အသုံးပြုခွင့်ရရှိခဲ့သော်လည်း လူတိုင်းအင်တာနက် သုံးစွဲခွင့်မှာ အလှမ်းကွာနေဆဲဖြစ်သည်။
e-Govermentစနစ်နှင့် စတော့ ဈေးကွက်ကို ပုံဖော်မည့်အစီအစဉ်များ မှာလည်း အနာဂတ်ကာလ၌ အကောင်အထည်ဖော်မည့် ကိစ္စများ ဖြစ်နေပါ သည်။ လက်တွေ့အခြေအနေ၌မူ နိုင်ငံ အများစုတွင် အသုံးမပြုတော့သည့် နည်းလမ်းဖြစ်သော်လည်း e-Government စနစ်အတွက်ရှေ့ပြေးစမ်းသပ်မှု တစ်ခု အဖြစ် လုပ်ဆောင်ထားသည့် ပြည်ပထွက်ခွာခွင့် fh e-D Form လျှောက်ထားရာ၌ပင် အခက်အခဲများစွာ ရှိနေခဲ့သည်။
“အရင်တုန်းကတော့ နည်းပညာ သုံးစွဲနိုင်မှု ကွာဟချက် (Digital Divide) ကြောင့် တိုင်းပြည်မှာ ဖွံ့ဖြိုး တိုးတက်မှု နှေးကွေးတာတွေ ဖြစ်တယ်။ အခုချိန်မှာတော့ Digital Divide အဆင့်ကနေ Brodband  Divide ခေတ် ဖြစ်လာပြီ။ နည်းပညာ အသစ်တွေသုံးစွဲမှုက တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူ ဖြစ်နိုင်သလို ကုန်ကျစရိတ်တွေကိုလည်း သက်သာစေတယ်။ မြန်မာနိုင်ငံမှာတော့ Digital Divide ကွာဟမှုကို ကျဉ်းမြောင်းအောင် လုပ်နိုင်တဲ့ အနေအထား မရောက်သေးပါဘူး”ဟုဦးဇော်ထွဋ်က ပြောပြသည်။
“ISP (Internet Service Providers) ကိုယ်တိုင်က Clustering Gateway  မဖြစ်ဘဲ တစ်ပေါက်တည်း ပေးထားတဲ့အတွက် သုံးတဲ့သူများလာရင် အဲဒီအပေါက်က ကျပ်လာမှာပဲ။ ယူထားတဲ့  Bandwidth  အတိုင်း အပြည့်သုံးခွင့် မပေးတာကြောင့် လေလွင့် နေတာ အများကြီးပဲ။ ဒီနိုင်ငံမှာ ပုဂ္ဂလိက သတင်းစာတွေအပြင် အင်တာနက်ဆက်သွယ်မှု ကောင်းကောင်း မရှိရင် မတိုးတက်နိုင်ဘူး”ဟု စင်ကာပူ ရောက် မြန်မာကွန်ပျူတာ ပညာရှင်တစ်ဦးက ပြောပြပါသည်။

Network Design ပိုင်း၌ ပြဿနာရှိနိုင်
အင်တာနက်လိုင်း နှေးကွေးမှုနှင့် အင်တာနက်လိုင်း ဆက်ကြောင်းတစ်ခု ပျက်ရုံဖြင့် အင်တာနက် ယာယီပြတ်တောက်မှု ဖြစ်ပေါ်ရသည့်အပိုင်း၌ Network Design ကြောင့်လည်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုများ ရှိပါသည်။
“မလိုလားအပ်တာတွေကို ပိတ်ထားတာတွေ၊ speed ကိုသတ်မှတ်ထားတဲ့ အတိုင်းမပေးဘဲ လျှော့ချထား တာတွေ အစရှိသဖြင့် Network Design  မှာ ပြဿနာကြောင့်လည်း နှေးတာတွေ၊ ယာယီ ပြတ်တောက်တာ တွေ ဖြစ်နိုင်ပါတယ်။ Network Design ပိုင်းကို Improve လုပ်ရင် ကောင်းပြီလို့ ထင်ပါတယ်”ဟု ဦးဇော်ထွဋ်က ပြောပြပါသည်။
“အင်တာနက် ဆက်သွယ်မှုနှေး တာ၊ ယာယီပြတ်တောက်တယ်ဆိုတဲ့ ကိစ္စမှာ Local Content အားနည်းချက်ကြောင့်လည်း အခက်အခဲ ပိုတွေ့ကြတာပါ။ စင်ကာပူမှာဆိုရင် Google ၊ Facebook စတဲ့ကုမ္ပဏီတွေက စင်ကာပူမှာတင် data  တွေရှိနေတဲ့အတွက် နိုင်ငံတကာ အင်တာနက်ဆက်ကြောင်း လိုင်း ချို့ယွင်းမှုရှိရင်တောင် အခက်အခဲ မတွေ့နိုင်ဘူး”ဟု Myanmar Gateway Technology ကုမ္ပဏီမှ ဦးဇော်မင်းဦးက ပြောပါသည်။
Kelvin Cha  ရန်ကုန်ရုံးတာဝန်ခံ ဦးသန်းမောင်ကမူ ယခုကဲ့သို့ အင်တာနက် မြန်နှုန်းနှေးကွေးမှု၊  ယာယီပြတ်တောက်မှုများဖြင့်သာ ဆက်တိုက်ကြုံ တွေ့နေရမည် ဆိုပါက e-Government စနစ်သို့ ကူးပြောင်းရာတွင် ပီပီပြင်ပြင် ဖြစ်လာမည် မဟုတ်ကြောင်း သုံးသပ်ခဲ့ပါသည်။   

Ref: Eleven Media
--
Ƭнαиκƨ, 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...