Wednesday, October 26, 2011

ဒီမိုကရေစီ လေ့လာရေးစာစဉ် အခန်း(၅) အပိုင်း(၂)


ရွေးချယ်တင်မြှောက်ပုံစနစ်
(Electioral System)
          နှစ်ပါတီစနစ် သို့မဟုတ် ပါတီစုံစနစ်ကျင့်သုံးခြင်းနှင့် ဆက်စပ်နေသော အကြောင်းခြင်းရာ တခုမှာ ပါလီမန် အထွေထွေရွေးကောက်ပွဲတွင် ကျင့်သုံးသော ရွေးချယ်တင်မြှောက်ပုံ စနစ်ဖြစ်သည်။ ကျင့်သုံးသော ပါတီစနစ်နှင့် လိုက်လျောညီထွေဖြစ်မည့် ရွေးချယ်တင်မြှောက်ပုံစနစ်ကို ရွေးချယ်ကျင့်သုံးကြသည်။ နှစ်ပါတီစနစ်ကို ကျင့်သုံးကြသည်။ နှစ်ပါတီစနစ်ကို ကျင့်သုံးသော အမေရိကန်၊ ဗြိတိန်နိုင်ငံများတွင် ကျင့်သုံးကြသော ရွေးချယ်တင်မြှောက်ပုံ စနစ်သည် ပါတီစုံစနစ် ကျင့်သုံးသော ဥရောပနိုင်ငံ အတော် များများတွင် တွေ့ရသော ရွေးချယ်တင်မြှောက်ပုံ စနစ်နှင့် ခြားနားပါသည်။ အပြန်အလှန် သဘောဆန်ဆန်ပင် ရွေးချယ်တင်မြှောက်ပုံ စနစ်ကလည်း နှစ်ပါတီစနစ် သို့မဟုတ် ပါတီစုံစနစ် ကျင့်သုံးရေးကို ပြဌာန်းပေးတတ် ပါသည်။ ဥပမာ-ဗြိတိန်နိုင်ငံတွင် လက်ရှိကျင့်သုံးနေသော ရွေးချယ်တင်မြှောက်ပုံ စနစ်ကို ဘယ်လ်ဂျီယံ၊ ဆွစ်ဇာလန် ၊ ဂျာမဏီ နိုင်ငံတို့တွင် ကျင့်သုံးသော ရွေးချယ်တင်မြှောက်ပုံ စနစ်သို့ ပြောင်းလိုက်ပါက ဗြိတိန်ကို ပါတီစုံစနစ် ကျင့်သုံးသော နိုင်ငံအဖြစ်သေချာပေါက် ရည်ညွှန်းရပေလိမ့်မည်။ ထို့ကြောင့် ပါတီစနစ်ကျင့်သုံးခြင်း နှင့်အတူ ရွေးချယ်တင်မြှောက်ပုံ စနစ်အကြောင်းကို လေ့လာရန် လိုအပ်ပါသည်။
          ကမ္ဘာ့နိုင်ငံများတွင် ကျင့်သုံးနေသော ရွေးချယ်တင်မြှောက်ပုံ စနစ်ကို အကြမ်းဖျဉ်းအားဖြင့် နှစ်မျိုး ခွဲထားသည်။ ၄င်းတို့မှာ မဲအများစုစနစ် (Majority System)နှင့် အချိုးကျ ကိုယ်စားပြုစနစ် (Propotional Representation) တို့ ဖြစ်သည်။ သို့ရာတွင် လက်တွေ့ ကျင့်သုံးရာ၌ အများအားဖြင့် ထိုနှစ်မျိုးမှ ဆင့်ပွားလာသော စနစ်များကိုလည်း အသုံးပြုကြသည်ကို တွေ့ရသည်။ ထို့ကြောင့် ထိုနှစ်မျိုးစီးအကြောင်းကို လေ့လာခြင်းနှင့်အတူ ဆင့်ပွားစနစ်များ အကြောင်းကိုပါ ယှဉ်တွဲ လေ့လာသင့်ပေသည်။

မဲအများစုစနစ်
(Majority System)
          မဲအများစနစ် ဆိုသည်မှာ မဲဆန္ဒနယ်တခု၏  ကိုယ်စားလှယ် အဖြစ်ဝင်ရောက်ယှဉ်ပြိုင် အရွေးခံသော ကိုယ်စားလှယ်လောင်းများကို မဲဆန္ဒရှင်းများက မဲပေးရွေးချယ်ကြရာတွင် ဆန္ဒမဲအများဆုံး ရရှိသူကို ရွေးချယ်ခြင်း စနစ်ဖြစ်သည်။ မဲအများစုစနစ်ကို နှစ်မျိုး ထပ်မံခွဲခြားနိုင်သည်။ ၄င်းတို့မှာ သာမန် မဲအများစုစနစ် နှင့် (Simple Majority System) နှင့် အပြတ်အသက် မဲအများစုစနစ် (Absolute Majority System) တို့ ဖြစ်သည်။
          သာမန် မဲအများစုစနစ် ဆိုသည်မှာ ယှဉ်ပြိုင်အရွေးခံကြသော ကိုယ်စားလှယ်လောင်းများ အနက်မည့်သည် ကိုယ်စားလှယ်လောင်း တဦးဦးကမျှ ဆန္ဒမဲ ထက်ဝက်ကျော် (၅၀ ရာခိုင်နှုန်းကျော်) မရရှိ စေကာမှု အများဆုံး ထောက်ခံမဲရရှိသူကို ရွေးချယ်သော စနစ်ဖြစ်သည်။ ပါတီစုံစနစ်ကို ကျင့်သုံးသော နိုင်ငံများတွင် မဲဆန္ဒမဲမြေတခု၌ ပါတီ (၃) ခုနှင့် အထက်မှ ကိုယ်စားလှယ်လောင်းများ ၀င်ရောက်ယှဉ်ပြိုင် အရွေးခံပါက မဲများပြန့်သွားပြီး ပါတီတခု၏ ကိုယ်စားလှယ်တဦးတည်းက ထောက်ခံမဲ ထက်ဝက်ကျော် မရရှိသော အခြေအနေမျိုး မကြာခဏ ကြုံရတတ်သည်။ အကယ်၍ ပါတီနှစ်ခုတည်း၏ ကိုယ်စားလှယ်လောင်း များကသာ အရွေးခံပါက တဦးက ထက်ဝက်ကျော် ထောက်ခံမှုရရှိပြီး တဦးက ထက်ဝက်အောက် ထောက်ခံမှု ရရှိပေမည်မှာ မလွဲဧကန် ဖြစ်သည်။ သို့သော် ပါတီပေါင်းစုံမှ ကိုယ်စားလှယ်ပေါင်းစုံကို  ရွေးချယ်ရခြင်း ဖြစ်ပါက မည်သူ တဦးကမျှ ထက်ဝက်ကျော် ထောက်ခံမှုမရရှိဘဲ မဲအများဆုံးရရှိသူကိုသာ ရွေးချယ်လိုက်ရသည်။
          ကမ္ဘာပေါ်တွင် အကြီးဆုံး ဒီမိုကရေစီနိုင်ငံများ ဖြစ်ကြသည့် အမေရိကန် ပြည်ထောင်စု၊ အိန္ဒိယ နှင့် ဗြိတိန်နိုင်ငံတို့တွင် သာမန် မဲအများစုစနစ်ကို ကျင့်သုံးကြသည်။ အမေရိကန် ပြည်ထောင်စုတွင် ပါတီကြီး နှစ်ခု၏ ကိုယ်စားလှယ်များကသာ ယှဉ်ပြိုင်အရွေးခံကြသဖြင့် တဦးဦးက သေချာပေါက် ထက်ဝက်ကျော် ထောက်ခံမှုရရှိသဖြင့် အရွေးခံသူသည် မဲဆန္ဒနယ်ရှိ ပြည်သူအများစု၏ ဆန္ဒကို ကိုယ်စားပြုရသည်။ ဗြိတိန်နိုင်ငံတွင်လည်း အဓိကအားဖြင့် ပါတီကြီး နှစ်ခုကသာ နိုင်ငံရေး ဈေးကွက်ကို ချုပ်ကိုင်ထားနိုင်သဖြင့် ကိုယ်စားလှယ် တဦးဦး ထက်ဝက်ကျော် ထောက်ခံမဲ ရရှိနိုင်ပါသည်။ သို့သော် ရံဖန်ရံခါ အခြားသော ပါတီငယ်များမှ  ကိုယ်စားလှယ်များထံ မဲများပြန့်သွားပြီ ထက်ဝက်ကျော် ထောက်ခံမှု မရရှိစေကာမှု ကိုယ်စားလှယ်အဖြစ် အရွေးခံရတတ်သည်။ ထိုအခါမျိုးတွင် မဲဆန္ဒနယ်မြေရှိ ထက်ဝက်ကျော်မျှသော ပြည်သူ့ဆန္ဒမဲများသည် တိုင်းပြည်ကို အုပ်ချုပ်ရာတွင် ကိုယ်စားပြု ပါဝင်ခွင့်မရဘဲ ဆုံးရှုံးသွားလေတော့သည်။ ဤအဖြစ်မျိုး ဗြိတိန်နိုင်ငံ ရွေးကောက်ပွဲများတွင် ရံဖန်ရံခါသာ ကြုံရတတ်သော်လည်း မကြာခဏဆိုသလို ကြုံနေရသော နိုင်ငံမှာ အိန္ဒိယနိုင်ငံဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် ပါတီပေါင်းစုံမှ ကိုယ်စားလှယ်များကို မဲပေးရွေးချယ်ရခြင်း ဖြစ်သဖြင့် မဲများပြန့်သွားပြီး မည်သည့်ပါတီ၏ ကိုယ်စားလှယ်လောင်းကမျှ ထက်ဝက်ကျော် ထောက်ခံမဲ မရရှိကြပေ။ တဖန် တနိုင်ငံလုံး အတိုင်းအတာနှင့်ခြုံ၍ ပါတီတခု (ဥပမာ- ကွန်ဂရက်ပါတီ) က အနိုင်ရသော်လည်း လက်တွေ့တွင် တနိုင်ငံလုံး ပြည်သူ အများစု၏ ဆန္ဒကို ကိုယ်စားပြုခွင့် ရချင်မှရသည်။

          ထို့ကြောင့် သာမန်မဲအများစုစနစ်သည် နှစ်ပါတီစနစ်ကို ကျင့်သုံးသော နိုင်ငံများတွင်သာ ပို၍ သင့်တော်သည်ကို တွေ့သည်။ ပါတီစုံစနစ်ရှိသော နိုင်ငံများတွင်မှု အများစု ဆန္ဒမဲမှာ ကိုယ်စားပြုခွင့်မရဘဲ ဆုံးရှုံးတတ်သည်။ ဤနေရာတွင် မေးခွန်းထုတ်ရန် တခုရှိပါသည်။ ထိုမေးခွန်းကား အိန္ဒိယနိုင်ငံတွင် ပါတီစုံစနစ် ရှိပါလျက် အဘယ့်ကြောင့် သာမန် မဲအများစုစနစ်ကို ကျင့်သုံးနေရပါသနည်း ဟူသော မေးခွန်းဖြစ်သည်။ သာမန်မဲအများစု စနစ်ကြောင့် ပြည်သူများစု၏ ဆန္ဒမဲ အများဆုံးရသော်လည်း ထိုစနစ်အရသာ တည်ငြိမ်သော ဒီမိုကရေစီ အစိုးရကို ဖော်နိုင်မည်ဖြစ်သည်။ ထိုအချက်သည် အိန္ဒိယနိုင်ငံအတွက် အဓိက သော့ချက်ဖြစ်သည်။ အကယ်၍သာ အချိုးကျ ကိုယ်စားပြုစနစ်ကို ကျင့်သုံးပါက အိန္ဒိယနိုင်ငံတွင် ပါတီပေါင်းစုံသည် ပါလီမန်ထဲ၌ ကိုယ်စားပြုခွင့် ရခြင်းနှင့်အတူ မတည်ငြိမ်သော ညွန့်ပေါင်းအစိုးရကိုသာ ဖွဲ့စည်းရပေးလိမ့်မည်။
          မြန်မာနိုင်ငံတွင် ၁၉၉၀ ပြည့်နှစ်၊ မေလက ကျင့်ပခဲ့သော ရွေးကောက်ပွဲတွင် ကျင့်သုံးသည့် ရွေးချယ်တင်မြှောက်ပုံ စနစ်သည် သာမန် မဲအများစုစနစ်ဖြစ်သည်။ အချို့သော မဲဆန္ဒနယ် များမှရွေးချယ် ခံရသည့် ကိုယ်စားလှယ်များသည် ဆန္ဒမဲ ထက်ဝက် ထောက်ခံမှုမရသည်ကို တွေ့ရသည်။ တနိုင်ငံလုံး အတိုင်းအတာနှင့် ကြည့်လျှင် အများသားဒီမိုကရေစီ အဖွဲ့ချုပ်သည် အမတ်နေရာ ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရသော်လည်း ဆန္ဒမဲ အနေဖြင့်မှု ၆၀ ရာခိုင်နှုန်းကျော်သာ ရရှိသည်။ ထို့ကြောင့် ဆန္ဒမဲထက် ကိုယ်စားပြု ခွင့်ရသော ကိုယ်စားလှယ် များနေခြင်းကို နိုင်ငံရေး သိပ္ပံပညာရှင်များက ပိုမို ကိုယ်စားပြုခွင့်ရခြင်း (Over Representing) ဟုခေါ်သည်။ ကနေဒါ၊ နယူဇီလန် နိုင်ငံများတွင်လည်း ဤစနစ်ကို ကျင့်သုံးကြသည်။ 

          သာမန်မဲအများစုသည် နှစ်ပါတီစနစ်ကို ကျင့်သုံးသော နိုင်ငံများတွင် အထူးသင့်လျော်ပါသည်။ ပါတီစုံစနစ် ကျင့်သုံးသော နိုင်ငံများတွင်မှု တည်ငြိမ်သော ဒီမိုကရေစီ အစိုးရ ဖော်ဆောင်ရေး အတွက် ကျင့်သုံးရာတွင် အများစုဆန္ဒမဲများမှ ကိုယ်စားပြုခွင့်မရဘဲ ဆုံးရှုံးနိုင်ပါသည်။
          အပြတ်အသက် မဲအများစုစနစ်သည် သာမန်မဲအများစု စနစ်၏ ပျော့ကွက် အားနည်းချက်များကို ကုစား ဖာထေးသည့် အနေဖြင့် ပေါ်ပေါက်လာသော စနစ်ဖြစ်သည်။ အပြတ်အသတ် အများစုစနစ်၏ အဓိက အားသာချက်မှာ မဲဆန္ဒရှင်းများ၏ ထက်ဝက်ကျော် ထောက်ခံမှု ရရှိမှသာ ကိုယ်စားလှယ်အဖြစ် အရွေးခံရခြင်းဖြစ်သည်။ သာမန်မဲအများစုစနစ်တွင် ထက်ဝက်ကျော်သော ဆန္ဒမဲများ ဆုံးရှုံးနိုင်းသောကြောင့် အများစုက အုပ်ချုပ်ခြင်းဟူသော ဒီမိုကရေစီ၏ အနှစ်သာရကို အပြည့်အ၀ ဖော်ဆောင်နိုင်ရန်မှာ မေးခွန်းထုတ်စရာဖြစ်သည်။
          အပြတ်အသက် အများစုစနစ်ကို ပါတီစုံကျင့်သုံးသော နိုင်ငံများတွင်သာ ကျင့်သုံးသည်။  နှစ်ပါတီစနစ်ရှိသော နိုင်ငံများတွင် ပါတီနှစ်ခု၏ ကိုယ်စားလှယ်များကိုသာ မဲပေးရွေးချယ်ရသဖြင့် အလိုအလျောက် အပြတ်အသက် အများစုစနစ်၏ အနှစ်သာရကို ရရှိပြီးဖြစ်သည်။ ပါတီစုံ စနစ်ရှိသော နိုင်ငံများတွင်မှု ရံဖန်ရံခါတွင် ထက်ဝက်ကျော် ထောက်ခံမှု ရရှိသော ကိုယ်စားလှယ်များ ရှိတတ်သည်။ အကယ်၍ ထက်ဝက်ကျော်ကို ထောက်ခံမှုရရှိပါက ထိုသူကို ပြည်သူ့ကိုယ်စားလှယ် အဖြစ် ရွေးချယ်လိုက်ရုံသာ ဖြစ်သည်။ သို့သော် ထက်ဝက်ကျော် မည်သူမျှ မရရှိပါက ရွေးကောက်ပွဲ ဒုတိယအဆင့် ပြုလုပ်ပြီး ထက်ဝက်ကျော် ထောက်ခမှု ရရှိအောင် စီမံရသည်။ ထိုသို့ ဒုတိယအဆင့်   စီမံမှုသည် နိုင်ငံအလိုက် ကွဲပြားခြားနားစွာ ရှိနေပြန်ပါသည်။ အဓိက အားဖြင့် လူသိများသော ပုံစံမှာ ပြင်သစ်နိုင်ငံနှင့် သြစတြေးလျ နိုင်ငံတို့တွင် ကျင့်သုံးသော ပုံစံများဖြစ် ကြသည်။
ပြင်သစ်နိုင်ငံတွင် ကျင့်သုံးသောစနစ်ကို ဒုတိယ အကြိမ် မဲပေးခြင်း (Second Ballot) စနစ်ဟု ခေါ်သည်။ ပြင်သစ်သမတ ရွေးချယ်တင်မြှောက်ရာတွင် ဤစနစ်ကို ကျင့်သုံးသည်။ ပြင်သစ်သမတ ရွေးချယ်တင်မြှောက်ပွဲ သည်တိုက်ရိုက်မဲပေး ရွေးချယ်တင်မြှောက်ခြင်း၊ လျှို့ဝှက် မဲပေးစနစ်ကို ကျင့်သုံးခြင်း၊ လွတ်လပ်သော ဆန္ဒမဲ ပေးခြင်း ၊ မဲပေးခွင့်ရှိသူများအကြား အခွင့်အရေး တူညီခြင်းနှင့် အထွေးထွေးရွေးကောက်ပွဲနှင့် ရွေးချယ် တင်မြှောက်ခြင်းစနစ်ကို ကျင့်သုံးသော ရွေးချယ်တင်မြှောက်ပွဲဖြစ်သည်။ သမတလောင်းအဖြစ် ပါတီအသီးသီးမှ ကိုယ်စားလှယ်လောင်းများနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ ၀င်ရောက်ယှဉ်ပြိုင်းအရွေးခံကြသည်။ ပထမ အဆင့်ဖြစ်သော ထိုရွေးချယ်တင်မြှောက်ပွဲတွင် ကိုယ်စားလှယ်လောင်း တဦးဦးက တပြည်လုံး ပြည်သူ့ဆန္ဒမဲ ထက်ဝက်ကျော် ထောက်ခံမှုရရှိလျှင် သမတအဖြစ် အရွေးခံရမည် ဖြစ်သည်။ သို့ရာတွင် ပထမအဆင့် ရွေးချယ်တင်မြှောက်ခြင်း တနည်းအားဖြင့် ပထမအကြိမ် မဲပေးခြင်းတွင် မည်သူတဦးကမျှ ဆန္ဒမဲ ထက်ဝက်ကျော် ထောက်ခံမှုရရှိလျှင် မဲအများဆုံး ရရှိသူနှစ်ဦးတည်းကို ဒုတိယအဆင့် ရွေးချယ်တင်မြှောက်ခြင်း တနည်းအားဖြင့် ဒုတိယအကြိမ် မဲပေးခြင်း ပြုလုပ်စေပါသည်။ တဦးဦးသည် မဲဆန္ဒရှင် အများစု၏ ထောက်ခံမှု ရရှိပေလိမ့်မည်။ ထိုနည်းအားဖြင့် ရွေးချယ်ခံရသူသည် သမတဖြစ်လာသဖြင့် ထိုရွေးချယ် တင်မြှောက်ပုံ စနစ်ကို ဒုတိယအကြိမ် မဲပေးခြင်း စနစ်ဟုခေါ်သည်။

          ထိုစနစ်နှင့် နှိုင်းယှဉ်လေ့လာသင်သော စနစ်တခုမှာ ဖိလစ်ပိုင်၌ သမတရွေးချယ်တင်မြှောက်ခြင်း ဖြစ်သည်။ ဖိလစ်ပိုင်သမတ ရွေးချယ်တင်မြှောက်ပွဲတွင် ပါတီအသီးသီး၏ ကိုယ်စားလှယ်လောင်းများနှင့် သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ ၀င်ရောက်ယှဉ်ပြိုင် အရွေးခံကြရာတွင် အရွေးချယ်ခံရ၍ သမတဖြစ်လာ သူသည် ပြည်သူ့ဆန္ဒမဲ ထက်ဝက်ကျော် ထောက်ခံမှုရရှိသူ နည်းလှသည်။ သာဓက အားဖြင့် ၁၉၉၂ ခုနှစ်၊ မေလ သမတ ရွေးချယ်တင်မြှောက်ပွဲတွင် သမတလောင်း (၇) ဦးဝင်ရောက်ယှဉ်ပြိုင် အရွေးခံကြရာတွင် သမတ အဖြစ် အရွေးခံရသော ဖီဒယ်ရာမို့စ် (Fidel Ramos) သည် ပြည်သူ့ဆန္ဒမဲ၏ ၂၃.၆ ရာခိုင်နှုန်းသာ ထောက်ခံမှုရရှိခဲ့သည်။ ဒုတိယ အများဆုံး ထောက်ခံမှု ရရှိသူမှာ မိုင်ရီယာန်ဆိုင်တီဂို ( Miran Santigo) ဖြစ်ပြီး ၄င်းရရှိသော မဲအရေအတွက်မှာ (၂၀) ရာခိုင်နှုန်းကျော်ဖြစ်သည်။ ပြင်သစ်နိုင်ငံတွင် ကျင့်သုံးသော ဒုတိယ အကြိမ် မဲပေးခြင်းစနစ် အရသာဆိုလျှင် ထိုနှစ်ဦးကို ဒုတိယ အကြိမ်မြောက် မဲပေးရွေးချယ်စေပြီး အပြတ်အသတ် ထောက်ခံမှုရှိသူသာ သမတအဖြစ် အရွေးခံရမည် ဖြစ်သည်။
          ပြင်သစ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် သမတတွင် အထူးလုပ်ပိုင်ခွင့် အာဏာရှိသော အစိုးရများ ရှိကြသည်။ ထိုသို့သော နိုင်ငံများတွင် သမတ ရွေးချယ်တင်မြှောက်ပွဲသည် နိုင်ငံရေးအရ အထူးအရေးပါရှိ သဖြင့် ပါလီမန် ဒီမိုကရေစီနိုင်ငံများ၏ ပါလီမန်အောက်လွှတ်တော် အထွေထွေ ရွေးကောက်ပွဲများ ကဲ့သို့ပင် အရေးကြီးသော ရွေးကောက်ပွဲဖြစ်သည်။ ပါလီမန်ဒီမိုကရေစီ အစိုးရ ပုံစံရှိသည့် နိုင်ငံများတွင် သမတ ရွေးချယ်တင်မြှောက်ခြင်းသည် အဓိကမကျတော့ဘဲ ပါလီမန်အောက်လွှတ်တော် အထွေထွေရွေးကောက်ပွဲသာ အဓိကကျတော့သည်။ ယခု ခေါင်းစဉ်အောက်တွင် တင်ပြနေသော ရွေးချယ်တင်မြှောက်ပုံစံစနစ်သည် နိုင်ငံရေး အရ အရေးကြီးသော အထွေထွေ ရွေးချယ်တင်မြှောက်ပွဲ၏ ရွေးချယ်တင်မြှောက်ပုံ စနစ်အကြောင်း ဖြစ်သည်။
          သြစတြေးလျ နိုင်ငံသည်လည်း အပြတ်အသတ် မဲအများစုစနစ်ကို ကျင့်သုံးသော နိုင်ငံဖြစ်သည်။ သို့၇ာတွင် သြစတြေးလျ နိုင်ငံတွင် ကျင့်သုံးသော စနစ်သည် ပြင်သစ်နိုင်ငံတွင် ကျင့်သုံးသောစနစ်နှင့် မတူကွဲပြား နေပြန်သည်။ သြစတြေးလျ ပါလီမန်အောက်လွှတ်တော် ရွေးချယ်တင်မြှောက်ပွဲတွင် ကျင့်သုံးသော ရွေးချယ်တင်မြှောက်ပုံ စနစ်ကို လွှဲပြောင်းပေးအပ်နိုင်သော မဲပြား (Transferable or Preferential Vote) စနစ်ဟုခေါ်သည်။ ဤစနစ်တွင် ပြည်သူလူထုသည် မဲပေးခြင်းကို တစ်ကြိမ်သာ ပြုလုပ်ရပြီး ရွေးချယ် တင်မြှောက်ပွဲ ရလဒ်အပေါ် မူတည်၍သာ ရွေးချယ်တင်မြှောက်ရေး ကော်မရှင်က အဆင့်ဆင့် လုပ်ငန်းဆောင်ရွက်ခြင်း ဖြစ်သည်။

ဆန္ဒမဲပြားများအပေါ်တွင် ဖော်ပြထားသော ပါတီအသီးသီး၏ ကိုယ်စားလှယ်လောင်းများအနက်မှ မိမိအနှစ်သက်ဆုံး သူတဦးကို ဆန္ဒပြုရွေးချယ်ရာတွင် ထိုသူသည် ထိုမဲဆန္ဒနယ်တွင် အပြတ်အသတ် မဲအများစု ဖြစ်သော ထက်ဝက်ကျော် ထောက်ခံမှု ရရှိချင်မှ ရရှိပေလိမ့်မည်။ အကယ်၍ ထိုသူသည် ထက်ဝက်ကျော် ထောက်ခံမဲ ရရှိခဲ့ပါက ထိုမဲဆန္ဒနယ်၏ ကိုယ်စားလှယ်အဖြစ် အရွေးခံရမည်ဖြစ်သည်။ အကယ်၍ ထက်ဝက်ကျော် ထောက်ခံမှုကို မည်သူတဦးကမျှ မရရှိလျှင် သာမန်မဲအများစုစနစ်ကိုသာ ကျင့်သုံးပါက မဲအများဆုံူး ရသူတဦးကို ကိုယ်စားလှယ်အဖြစ် ရွေးချယ်ရမည် ဖြစ်သည်။ သို့သော် သြစတြေးလျ ရွေးချယ်တင်မြှောက်ပုံ စနစ်အရ ထက်ဝက်ကျော် ထောက်ခံမဲ မရရှိလျှင် မည်သည့် ကိုယ်စားလှယ်လောင်းကို မျှရွေးချယ်ခြင်း မပြုပါ။ ထက်ဝက်ကျော် ထောက်ခံရရှိသော နည်းလမ်းကို ဖန်တီးထားသည်။ ထိုနည်းလမ်းအရ မဲဆန္ဒရှင်များ၏ မဲပြားများ ဆုံးရှုံးလေလွင့်မှု မရှိအောင်လည်း ထိန်သိမ်းနိုင်သည်။ သာမန်မဲအများစု နစ်တွင် ကိုယ်စားလှယ်လောင်း တဦးကို မဲဆန္ဒရှင်တဦးက မဲပေးထောက်ခံသော်လည်း ထိုကိုယ်စားလှယ်လောင်းက ထိုမဲဆန္ဒနယ်ပင်တွင် မဲအများဆုံး မရရှိပါက ထိုသူသည် အရွေးမခံရတော့ပါ။ ထိုသူ အရွေးမခံရခြင်းနှင့်အတူ ထိုသူကို မဲပေးထောက်ခံသော ဆန္ဒရှင်၏ မဲများသည်လည်း ဆုံးရှုံးလေလွှင့် သွားတော့သည်။ ထိုသို့သော ဆုံးရှုံးလေလွှင့်မှုသည် သာမန်မဲအများစုစနစ်တွင် မဲဆန္ဒနယ်ရှိ ဆန္ဒမဲများ၏ ထက်ဝက်ကျော် ပမာဏရှိ တတ်သည်။ သြစတြေးလျ နိုင်ငံတွင်မူ ကိုယ်စားလှယ်လောင်း တဦသည် အပြတ်အသတ် မဲအများစု ထောက်ခံမှုရရှိအောင် စီမံလိုက်ခြင်းဖြင့် ဆုံးရှုံးလေလွှင့်သော မဲအရေအတွက်ကို လျှော့ချပြီး ကိုယ်စားပြုခွင့်ရသော မဲအရေအတွက်ကို မြှင့်တင်နိုင်သည်။
သြစတြေးလျ မဲပေးစနစ်မှာ ဤသို့ဖြစ်သည်။ မည်သည့် ကိုယ်စားလှယ်လောင်းမျှ ထက်ဝက်ကျော် ဖြစ်သော အပြတ်အသတ် မဲအများစု ထောက်ခံမှုမရှိပါက ရွေးကောက်တင်မြှောက်ရေး ကော်မရှင်သည် ဒုတိယ အဆင့် အလုပ်လုပ်ရသည်။ ထိုသို့လုပ်နိုင်ရန် မဲဆန္ဒရှင်းများက မဲပေးစဉ်အခါကတည်းက မည်သည့် ကိုယ်စားလှယ်လောင်းကို ပထမ ဦးစားပေး၊ မည်သည့် ကိုယ်စားလှယ်လောင်းကို ဒုတိယ ဦးစားပေး၊ တတိယ ဦးစားပေး စသည်ဖြင့် ဖော်ပြလိုက်ရသည်။ ကော်မရှင်က မဲရေတွက်ရာတွင် ပထမဦးစားပေး ဆန္ဒမဲအရ ဆန္ဒမဲအားလုံး၏ ထက်ဝက်ကျော် ထောက်ခံမှုကို မည်သူမျှ မရသောအခါ မဲအနည်းဆုံးရထားသူ၏ မဲပြားပေါ်တွင် ဖော်ပြထားသော ဒုတိယဦးစားပေး ပုဂ္ဂိုလ်များထံသို့ ထိုဆန္ဒမဲကို ပြောင်းရွှေ့ပေးလိုက်သည်။ ထိုအခါ အခြားသူများရရှိသည့် မဲအရေအတွက်သည် တိုးမြှင့်လာပေလိမ့်မည်။ ထိုသို့ ဆန္ဒမဲ လွှဲပြောင်းပေး ပြီးသော အခါ ကိုယ်စားလှယ်လောင်း အသီးသီးရရှိသော ဆန္ဒမဲကို ထက်မံရေတွက်ရသည်။ ထိုအဆင့်တွင် ထက်ဝက်ကျော် ဆန္ဒမဲရရှိသူ အပေါ်ပေါက်ပါက ထိုသူကို ရွေးချယ်ပြီး အကယ်၍ မရရှိပါက ပထမအကြိမ် လွှဲပြောင်းပြီိးနောက် မဲအနည်းဆုံးရသူ၏ မဲပြားများကို ဒုတိယအကြိမ်မြောက် မဲပြား လွှဲပြောင်းခြင်း ပြုလုပ်ရသည်။ ဤသို့ အဆင့်အဆင့်ပြုလုပ်လျှင် တကြိမ်ကြိမ်တွင် ကိုယ်စားလှယ်လောင်း တဦးဦးသည် သေချာပေါက် ထက်ဝက်ကျော် ထောက်ခံမဲ ရရှိပေလိမ့်မည်။ ထိုသို့ ဆန္ဒမဲပြားများလွှဲပြောင်း ပေးအပ်နိုင်ခြင်းကြောင့် သြစတြေးလျ ရွေးကောက်တင်မြှောက်ပုံစနစ်ကို လွှဲပြောင်းပေးအပ်နိုင်သော မဲပြားစနစ် ဟုခေါ်သည်။ ဤနည်းအားဖြင့် အပြတ်အသတ် မဲအများစုစနစ်ကို ဖော်ဆောင်ထားသည်။ ဤစနစ်အရ မဲပေးရွေးချယ်ခြင်းကို သြစတြေးလျ ပါလီမန် အောက်လွှတ်တော် (House of Reperesentatives) ရွေးချယ် တင်မြှောက်ပွဲတွင် ကျင့်သုံးသည်။ 

ပြင်သစ်နိုင်ငံနှင့် သြစတြေးလျ နိုင်ငံတို့သည် အပြတ်အသတ် မဲအများစုစနစ်ကို ကျင့်သုံးကြသည်ခြင်း တူသော်လည်း အပြတ်အသတ် မဲအများစုရအောင် ပြုလုပ်သော နည်းလမ်းမှာ နှစ်မျိုးဖြစ်သည်။ ရှုတ်ထွေးသော လုပ်ထုံးလုပ်နည်းများကို တီထွင်ထားရခြင်းမှာ အများစုက အုပ်ချုပ်ခြင်း ဆိုသော ဒီမိုကရေစီ အခြေခံသဘော အရ အုပ်ချုပ်မည့်၊ ရာထူးတာဝန်ကို ရယူမည့်၊ ပြည်သူ့ ကိုယ်စားလှယ်သည် ပြည်သူအများစု၏ ထောက်ခံမှုကို ရရှိစေရန် လိုအပ်၍ဖြစ်သည်။ တဘက်တွင် ထိုသို့ရှုတ်ထွေးသော လုပ်ထုံးလုပ်နည်းများ၊ ရွေးချယ်တင်မြှောက်ပုံ စနစ်များတီထွင်လာရခြင်းသည် ပါတီစုံစနစ်ကြောင့်ဖြစ်သည်။ နှစ်ပါတီစနစ်ကိုသာ ကျင့်သုံးပါက ထိုသို့သော ရှုတ်ထွေးမှုများ ရှိမည်မဟုတ်ပါ။ ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးခြင်းဆိုရာဝယ် ဒီမိုကရေစီ အနှစ်သာရ အားကောင်းနေရေးအတွက် ရှုတ်ထွေးမှုများပေါ်ပေါက်လာရခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။
ထို့ကြောင့် ဒီမိုကရေစီနိုင်ငံများတွင် ပါတီစုံစနစ်ကျင့်သုံးခြင်းနှင့် ရွေးချယ်တင်မြှောက်ပုံစနစ် သတ်မှတ် ခြင်းတို့သည် အကျိုးအကြောင်း ဆက်စပ်နေသော အရာများဖြစ်ကြသည်။ ယခုအထိ တင်ပြခဲ့သည်များမှာ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်၏ အများစုက အုပ်ချုပ်ခြင်းဟူသည့် အနှစ်သာရ ရရှိအောင် ပါတီစုံစနစ်အတွင်းက တီထွင်ဖန်တီးမှု များသာဖြစ်သည်။ ဆက်လက်၍ တင်ပြမည့်  အချိုးကျ ကိုယ်စားပြုခြင်းရွေးချယ်တင်မြှောက် ပုံစနစ်သည် ပါတီစုံ ဒီမိုကရေစီစနစ်တွင် ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်အတွင်း၌ ပါတီများ စုံစုံညီညီ ဆက်စပ်ပါဝင်နေအောင် ဖန်တီး တီးထွင်မှုဖြစ်သည်။

အချိုးကျ ကိုယ်စားပြုစနစ်
(Propotional Representation)
          အချိုးကျ ကိုယ်စားပြုစနစ်ဆိုသည်မှာ ကွဲပြားခြားနားသော နိုင်ငံရေးပါတီ အသီးသီးအား ထောက်ခံမဲ ပေးလိုက်သော မဲပြားအရေအတွက် အချိုးအစားအလိုက် ပါလီမန် အမတ်နေရာကို ခွဲဝေယူခြင်း စနစ်ဖြစ်သည်။
          အချိုးကျ ကိုယ်စားပြုစနစ်သည် နိုင်ငံရေးပါတီအားလုံး ၄င်းတို့ရရှိသော ထောက်ခံမဲပြား အရေအတွက် အပေါ်မူတည်၍ ကိုယ်စားပြုခွင့်ရစေသော စနစ်ဖြစ်သည်။ သာမန် မဲအများစု စနစ်တွင်မဲအများဆုံး ရရှိသူသည် ကိုယ်စားလှယ်အဖြစ် အရွေးခံရသည်။ အပြတ်အသတ်မဲအများစု စနစ်တွင် မဲဆန္ဒရှင် စုစုပေါင်း၏ ထက်ဝက်ကျော် ထောက်ခံမဲရရှိသူသည် အရွေးခံရသည်။ အပြတ်အသတ် မဲအများစုစနစ်တွင် မဲဆန္ဒရှင် စုစုပေါင်း၏ ထက်ဝက်ကျော် ထောက်ခံမဲရရှိသူ သည် အရွေးခံသည်။ ထိုစနစ်နှစ်ခုတွင် အခြားကိုယ်စား လှယ်များ ရရှိသည့် အများစု မဟုတ်သော မဲပြားများမှ ဆုံးရှုံးလျက်ရှိသည်။ ထိုသို့သော ဆုံးရှုံးမှု မရှိစေရန် တနည်းအားဖြင့် ပြည်သူကို ကိုယ်စားပြုသော ဆန္ဒမဲပြားများ အားလုံး ပါလီမန်ထဲတွင် ပါဝင်နေစေရန် အချိုးကျ ကိုယ်စားပြုစနစ်က စီစဉ်ထားခြင်းဖြစ်သည်။
          အချိုးကျ ကိုယ်စားပြုစနစ်တွင် နိုင်ငံရေးပါတီများအားလုံး ပါလီမန်ထဲတွင် ကိုယ်စားပြုခွင့် ရသဖြင့် ပါတီစုံစနစ်သည် ပို၍အနှစ်သာရရှိသည်ဟု ဆိုနိုင်ပါသည်။ သာမန် မဲအများစုစနစ်နှင့် အပြတ်အသတ် မဲအများစု စနစ်တွင်ပါတီပေါင်းစုံ ပါလီမန်ထဲ၌ ပါဝင်ကိုယ်စားပြုခွင့်ရရန် မလွယ်ကူချေ။ ထို့ကြောင့် အချိုးကျ ကိုယ်စားပြုစနစ်တွင် မဲပေးခြင်းကို ကိုယ်စားလှယ်လောင်း တဦးချင်းစီအပေါ် မူတည် မဲပေးခြင်းမဟုတ်ဘဲ ပါတီကို အခြေတည် မဲပေးခြင်းစနစ်ကို အများအားဖြင့် ကျင့်သုံးသည်။ သို့သော် ကိုယ်စားလှယ်လောင်းများကို အခြေတည်၍ မဲပေးရသော အချိုးကျ ကိုယ်စားပြုစနစ်များလည်း ရှိကြပါသည်။ မဲအများစု စနစ်များတွင် မဲဆန္ဒနယ် တခုလျှင် ကိုယ်စားလှယ်တဦးစီသာ ရွေးချယ်ရသောစနစ် (Single Member Constituency) ကိုသာ ကျင့်သုံးရန် လိုသော်လည်း အချိုးကျ ကိုယ်စားပြုစနစ်တွင်မှု ကိုယ်စားလှယ် စုံညီ မဲဆန္ဒနယ် (Multi Member Constituency) စနစ်ကို ကျင့်သုံးသည်။ အဘယ့်ကြောင့်ဆိုသော် အချိုးကျ ကိုယ်စားပြုစနစ်တွင် မည်သူက ကိုယ်စားလှယ်အဖြစ် အရွေးခံရမည် ဆိုသည်ကို ဆုံးဖြတ်မှုအား မဲဆန္ဒအလိုက် ပြုလုပ်ခြင်း မဟုတ်ဘဲ တနိုင်ငံလုံးအတိုင်းအတာ အရသာ ဆုံးဖြတ်ရခြင်း ကြောင့်ဖြစ်သည်။  မဲဆန္ဒနယ်အသီးသီးတွင် ပါတီစုံနှင့် ကိုယ်စားလှယ်လောင်း ပေါင်းစုံကို မဲဆန္ဒရှင်များက မဲပေးရွေးချယ်ရာတွင် အသီးသီးသည် ကွဲပြားခြားနားသော ထောက်ခံမှုမဲများ ရရှိကြသည်။ တနိုင်ငံလုံးတွင် မဲဆန္ဒနယ် အသီးသီးမှ ပါတီများနှင့် ကိုယ်စားလှယ်လောင်းများ ရရှိသော ထောက်ခံမဲကို စုပေါင်းလိုက်ပြီး ပါတီအသီးသီးနှင့်ကိုယ်စားလှယ်လောင်း အသီးသီး ရရှိသော မဲများကို အချိုးချလိုက်သည်။ ထိုအချိုးအတိုင်းကို ပါလီမန်ရှိ အမတ်ဦးရေကို အချိုးချ ခွဲဝေပေးလိုက်ခြင်းဖြစ်သည်။

ဆက်လက်ဖေါ်ပြသွားပါမည်။
ABSDF မှထုတ်ဝေသော ဒီမိုကရေစီ လေ့လာရေးစာစဉ်မှ ကူးယူဖေါ်ပြပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...