အခြေခံအဆောက်အအုံနှင့် ဖွံ့ဖြိုးရေးလိုအပ်ချက်
by Save Irrawaddy on Thursday, October 27, 2011 at 10:53am
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိက အထောက်အကူပြုသည့်အရာမှာ အခြေခံ အဆောက်အအုံများ ပြည့်စုံလုံလောက်အောင် ရှိခြင်းပင် ဖြစ်လေသည်။ အခြေခံအဆောက်အအုံများ ပြည်စုံလုံလောက်အောင် ရှိခြင်းဆိုသည်မှာ နိုင်ငံတော်အစိုးရမှ စီးပွားရေး ဖွံ့ဖြိုးမှုရှိသလောက် အခြေခံအဆောက်အအုံများ ပြည်စုံလုံလောက်အောင် တည် ဆောက်ယူ ခြင်းကို ဆိုလိုပါသည်။မြန်မာနိုင်ငံတွင် ယခင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ နိုင်ငံဖွံ့ဖြိုးရေး စီမံကိန်းများကြောင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးကို အရှိန်အဟုန်နှင့် လုပ်ဆောင်ခဲ့ လေသည်။ သို့သော် အုပ်ချုပ်ရေးဆိုင်ရာ အားနည်းချက် အထွေထွေကြောင့် တည်ဆောက်ထားသည့် အခြေခံအဆောက်အအုံများမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် များစွာအထောက်အကူ မပြုခဲ့ပေ။ ယခုအချိန်ထိ နယ်မြို့များတွင် အလှည့်ကျ မီးပေးစနစ်ဖြင့် မီးရရှိအောင် ဆောင်ရွက်ဆဲဖြစ်ပြီး ကုန်အတင်အချ ပြုလုပ်သည့် ဆိပ်ကမ်းများသည်လည်း မိမိတို့နိုင်သည့် ဝန်ထက် ပိုမို၍ ထမ်းဆောင်နေရဆဲပင် ဖြစ်လေသည်။
အခြေခံအဆောက်အအုံများ တည်ဆောက်ရေးသည် နိုင်ငံ၏ စီးပွားရေး တည်ဆောက်ရေးအတွက် အမှန်တကယ် လိုအပ်သောအရာ ဖြစ်သော်လည်း အရင်းအနှီး ကြီးမားစွာ လိုအပ်သည့်အတွက် အကောင်အထည်ဖော်ရန် ခဲယဉ်းလေသည်။ ဖွံ့ဖြိုးတိုးတက်မှု လိုချင်လျှင် အကောင်အထည် မဖော်၍လည်း မဖြစ်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အခြေခံ အဆောက်အအုံ တည်ဆောက်ရေးတွင် လိုအပ်သော အရင်းအနှီးများကို ကမ္ဘာ့ဘဏ်ကဲ့သို့သော နိုင်ငံတကာ ဘဏ္ဍရေးအဖွဲ့အစည်းများက ငွေကြေးအထောက်အပံ့များ ပေးလေ့ရှိပါသည်။ သို့သော် ယင်းနိုင်ငံမှာ ကမ္ဘာ့ကုလသမဂ္ဂမှ သတ်မှတ် ထားသည့် အဆင်းရဲဆုံးနိုင်ငံစာရင်းတွင် ပါဝင်နေ၍တော့မဖြစ်။ မြန်မာနိုင်ငံမှာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစာရင်းထဲတွင် ရှိနေသည့်အတွက် ၎င်းစာရင်းထဲမှ အရင်ဆုံးထွက်နိုင်အောင် ကြိုးစားရဦးမည် ဖြစ်လေသည်။
အခြေခံ အဆောက်အုံများ တည်ဆောက်ရာတွင် အခြောက်တိုက် မလိုလားအပ်သည့် အရာများကို တည်ဆောက်နေ၍တော့ မဖြစ်ပေ။ ဤနေရာတွင် ကုန်ကျစရိတ်-အကျိုးရလဒ် သရုပ်ခွဲစိစစ်မှုမျိုးကို အထူးဂရုပြု လုပ်ဆောင်နိုင်ရမည် ဖြစ်သည်။ ဥပမာအားဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အဓိကလိုအပ်နေသည့် ကားလမ်းများ တည်ဆောက်ရမည့်အစား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းနည်းသည့် ရေကာတာမျိုးကို တည်ဆောက်ခြင်းသည် အခွင့်အလမ်း တန်ဖိုးအရ အစိုးရ၏ ဘဏ္ဍာအရင်းအမြစ်များ ခွဲဝေရေးတွင် များစွာနစ်နာမှုများ ဖြစ်ပေါ်လာ နိုင်ပါသည်။ ဤကဲ့သို့ အခြေခံ အဆောက်အအုံများ တည်ဆောက်ရာ၌ နိုင်ငံ၏ အားသာချက်များကို စနစ်တကျ အသုံးချရင် ဖြစ်ပေါ်လာနိုင်သည့် အခွင့်အလမ်း လားရာများကို သဘောပေါက်နိုင်ဖို့ လွန်စွာအရေးကြီးပါသည်။ စင်္ကာပူနိုင်ငံသည် ရေကြောင်းကုန်သွယ်ရေး၌ အလွန်အချက်ကြသည့်နေရာ ဖြစ်သောကြောင့် ယင်း အာသာချက်ကို အသုံးချရင်း အရှေ့အာရှ၏ စီးပွားရေး အချက်အချာကြသော ဆိပ်ကမ်းဖြစ်ပေါ်လာရေး အခွင့်အလမ်းအတွက် အခြေခံ အဆောက်အအုံ များကို စနစ်တကျ တည်ဆောက်ရယူခဲ့လေသည်။
အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရမှ ပုဂ္ဂလိကပိုင်လုပ်စေခြင်းမျိုးကို အချို့က မလုပ်သင့်သော အရာဟူ၍ ရှုမြင်ချက် မျိုးလည်း ရှိသည်။ သို့သော် ကမ္ဘာ့အနှံ့ နိုင်ငံတော်တော်များများ၏ အုပ်ချုပ်ရေး စနစ်ကောင်းများ ကြင်အင်လက္ခဏာများတွင် ပုဂ္ဂလိကပိုင်ပြုရေးကို အလေးအနက် ထည့်သွင်းလာ ကြလေသည်။ ဤကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် ဈေးကွက်၏ သဘောသဘာဝအရ ပြိုင်ဆိုင်မှုများ ပြုလုပ်လာပြီး ပြည်သူ့ရေးရာ ဝန်ဆောင်မှု ကောင်းများ ပြည်သူလူထုအတွင် ပေးအပ်နိုင်မည် ဖြစ်လေသည်။ ပုဂ္ဂလိကပိုင် တက္ကသိုလ်များ၊ သုတေသနဌာနများ တည်ဆောက်ခြင်း၊ ပုဂ္ဂလိက လုံခြုံရေးအဖွဲ့အစည်းများ ဖွဲ့စည်းခြင်း၊ တည်ဆောက်ပြီး လမ်း၊ တံတားနှင့် ဆက်သွယ်ရေးကဲ့သို့သော အခြေခံ အဆောက်အအုံများကို ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများကို အစိုးရမှ ပုဂ္ဂလိကသို့ လွှဲအပ်လုပ်ကိုင်စေခြင်းနှင့် အစိုးရနှင့် ပုဂ္ဂလိက ဖက်စပ်လုပ်ငန်းမျိုး ဖြစ်လေသည်။
အစိုးရမှ ပုဂ္ဂလိကပိုင်သို့ လွဲပြောင်းရေးတွင် မြင်သာထင်သာရှိမှုမှာ အလွန်အရေးကြီးပါသည်။ မြန်မာနိုင်ငံသည် ယခင် ဆိပ်ကမ်း၊ လေယာဉ်ကွင်းများကို ပုဂ္ဂလိကပိုင် လွှဲပြောင်းရေးတွင် မြင်သာထင်သာမရှိ။ နီးစပ်ရာကိုသာ ထုတ်ပြန်ကြေညာခဲ့သည်သာ ဖြစ်လေသည်။ သို့သော် အစိုးရသစ် တက်လာပြီးသည့် နောက်ပိုင်း ပုဂ္ဂလိကပိုင် လွှဲပြောင်းရေးနှင့် ပတ်သက်၍ မြင်သာထင်သာ အရှိဆုံး လုပ်ရပ်မှာ မြို့ပတ်ရထား ပို့ဆောင်ရေး လုပ်ငန်း ဖြစ်သည်။ ဇူလိုင် ၂၆ ရက်နေ့၌ နေပြည်တော်တွင် ကျင်းပသော အဆိုပါ အစည်းအဝေးပွဲသို့ စိတ်ဝင်စားသည့် စီးပွားရေးလုပ်ငန်းရှင် ၁၀၀ ခန့် တက်ရောက်ခဲ့လေသည်။ တစ်နေ့ခရီးသည် တစ်သိန်းနီးပါးခန့်ရှိသော ရန်ကုန်မြို့ပတ်ရထားစီမံကိန်းကို လုပ်ဆောင်မည့် လုပ်ငန်းရှင်များက ယခုအခါတွင် market survey လုပ်ဆောင်လျက်ရှိ နေပြီဖြစ်လေသည်။ ဤနေရာတွင် အစိုးရမှ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုမှ လက်ဝါးကြီးအုပ်စိုးသွားမှု မရှိအောင် စည်းမျဉ်း စည်းကမ်းများကို အသေအချာ ပြဋ္ဌာန်းပေးထားဖို့ပင် ဖြစ်လေသည်။ ထို့အပြင် ပုဂ္ဂလိကလုပ်ငန်းအချင်းချင်း ပြိုင်ဆိုင်မှုတွင်လည်း အစိုးရမှ ဈေးနှုန်းအသေ တစ်ခု သတ်မှတ်ခြင်းမျိုး ပြုလုပ်၍လည်း မသင့်ပါ။
အဓိကဆိုလိုသည်မှာ အစိုးရ၏ စည်းမျဉ်းစည်းကမ်း ထိန်းကျောင်းရေး ကုန်ကျစရိတ်မှာ ပြည်သူများ၏ မမြင်ရသော အခွန်စရိတ်ပင် ဖြစ်လေသည်။ ထိုအတွက်ကြောင့် အစိုးရအနေဖြင့် တတ်နိုင်သလောက် ထိန်းကျောင်းမှုများကို လျော့ချပေးနိုင်မှသာလျှင် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများတွင် ပုဂ္ဂလိက လုပ်ငန်းများ ပြိုင်ဆိုင်မှုများဖြစ်ပေါ်လာကာ ပြည်သူများအတွက် အကျိုးများစေမည်ဖြစ်လေသည်။
အစိုးရသစ်အနေဖြင့် ယခင်အစိုးရလက်ထက် များစွာတည်ဆောက်ယူခဲ့သော်လည်း အကျိုးဖြစ်ထွန်းမှု နည်းပါးသည့် အခြေခံ အဆောက် အအုံများကို ယခုအခါ ထိထိရောက်ရောက် အသုံးချနိုင်အောင်နှင့် လိုအပ်လျက်ရှိနေသည့် အခြေခံအဆောက် အအုံများကိုလည်း ယခုမှစတင်၍ ဆက်လက် တည်ဆောက်ယူရမည့်အချိန် ဖြစ်လေသည်။ ထို့အပြင် အခြေခံ အဆောက်အအုံနှင့်ဆိုင်သော စီမံကိန်းများကို ပုဂ္ဂလိကလုပ်ငန်းများသို့ လွှဲပြောင်းပေးအပ်ရာ၌ လွန်စွာပင် သတိကြီးကြီးနှင့် ထိန်းသိမ်းကွပ်ကဲပေးရန် လိုအပ်ပါသည်။ အိမ်နီးချင်းနိုင်ငံများသည် ယင်းတို့၏ စီးပွား လိုအပ်ချက် အတွက် အခြေခံ အဆောက်အအုံကောင်းများကို စနစ်တကျတည် ဆောက်ယူသွားနိုင်ကြောင်း တွေ့ရလေသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း ယခုကာလသည် နိုင်ငံရေး အပြောင်းအလဲများနှင့်အတူ စီးပွားရေးကဏ္ဍကိုလည်း ဖြေလျော့တန်သလောက် ဖြေလျော့လာပြီဖြစ်လေရာ ကိုယ့်ရှေ့က သွားနှင့်နေသော နိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ်ရှိ အတွေ့အကြုံများကို လေ့လာခြင်းဖြင့် မိမိနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးရေးကို ရယူနိုင်မည် ဖြစ်ပါကြောင်း..........။
Yangon Chronicle
0 comments:
Post a Comment