Friday, October 21, 2011

နိုင်ငံရေးနယ်ပယ်မှာ လူငယ်တွေ နေရာပေးရေးနဲ့ ဆက်စပ်တဲ့ ပြဿနာတစ်ချို့

by Save Irrawaddy on Saturday, October 22, 2011 at 1:26am
 
မာန်ကီ
(အောက်တိုဘာ ၂၀ ထုတ် ပြည်သူ့ခေတ် အတွဲ (၂) အမှတ် (၆၅) မှ ထုတ်ယူဖော်ပြသည်။)
ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၂ အမှတ် ၅၃ ပါ ဆရာဝင်းထွဋ်ဇော်ရဲ့ အတွေးဆောင်းပါးကို ဖတ်ပြီး တော်တော်  ကျေနပ်အားရမိတယ်။ ကာလတာရှည်ကတည်းက လိုအပ်တာဖြစ်ပေမယ့် ပြန်ဖော်လိုက်တဲ့အချိန်က  တကယ့် ချိန်ကိုက်ကာလ ဖြစ်နေတာမို့ အရမ်းစိတ်ဝင်စားမိတယ်။ ဒါကြောင့် နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေမှာ လူငယ်ဘဝကို အနှစ် ၃၀ ကျော် မြှုပ်နှံဖြတ်သန်းလာခဲ့သူ တစ်ယောက်အနေနဲ့ ကိုယ့်အတွေအကြုံကို မမျှဝေဘူးဆိုရင် တာဝန်မဲ့ရာ ကျမလားဆိုတဲ့ အတွေးနဲ့ ဒီဆောင်းပါးရေးဖြစ်တာပါ။ တွေးပုံခံယူပုံ လွဲချော်နေခဲ့ရင်လည်း ခွင့်လွှတ်ပေးပါ။

ဆရာ ဝင်းထွဋ်ဇော် ရေးထားသလိုပဲ။ သမိုင်းမှာ လူငယ်တွေ နေရာရပုံ နှစ်မျိုးရှိခဲ့တယ်။ တစ်မျိုးက လူကြီးတွေ မလုပ်နိုင်တဲ့အလုပ်မှာ သမိုင်းလိုအပ်ချက်အရ လူငယ်တွေ ခေါင်းဆောင်ပြီး ထလုပ်တာ အောင်မြင်သွားရင် လူကြီးခေါင်းဆောင်အဖြစ် သမိုင်းမှာ နေရာရတာမျိုးဖြစ်တယ်။ နောက်တစ်မျိုးက လက်ရှိခေါင်းဆောင်လူကြီးက တော်ကောက်လို့ ခေါင်းဆောင်မှု စည်းဝိုင်းထဲ ပါခွင့်ရတာမျိုးဖြစ်တယ်။ ဒါကိုပဲ ထပ်ချဲ့လိုက်ရင် သမိုင်းက တောင်းဆိုနေပေမယ့် လူငယ်တွေက အောင်ပွဲရအောင် မတိုက်နိုင်တဲ့အခါ လူငယ်ခေါင်းဆောင်ဟာ လူကြီး ခေါင်းဆောင်ဖြစ်မလာတော့ဘူး။ နောက်တစ်မျိုးဖြစ်တဲ့ လူကြီးက တော်ကောက်တယ်ဆိုရာမှာလည်း အဲဒီလူကြီးက အရည်အသွေး အခြေခံနဲ့ ကောက်တာလား၊ ‘ဗောင်းတော်ညိတ် စိတ်တော်သိ’ ‘ဖိတ်ချင်းဖိတ် ကိုယ့် အိတ်ထဲဖိတ်’ ဆိုတဲ့အခြေခံနဲ့ ကောက်တာလား ခွဲခြားရပါမယ်။ များသောအားဖြင့် ဒုတိယ အမျိုးအစားက များတာမို့ ကိုယ့်ကို မိုးကာပေးထားတဲ့ ရွှေထီးမရှိတာနဲ့ မရှင်သန်နိုင်တော့ဘဲ ပထမတန်းစား ခေါင်းဆောင်ဘဝ ကို မရောက်တော့ပြန်ဘူး။ ဒီနည်းနဲ့ ဦးဆောင်နိုင်သူ လူငယ် နိုင်ငံရေးမျိုးဆက် ပြတ်ခဲ့ကြတာပဲ။ မိမိကြုံတွေ့ ခဲ့ဖူးတဲ့ အခက်အခဲ တချို့ကို အနည်းငယ် အသေးစိတ်ရေးပါ့မယ်။

၁။ လူငယ်တွေကို နိုင်ငံရေးအရ မြေတောင်မြှောက်ပေးရာမှာ လူကြီးတွေနဲ့ ပတ်သက်တဲ့ပြဿနာ
နိုင်ငံရေးခေါင်းဆောင်လူကြီးတွေအနေနဲ့ လက်တွေ့ပြဿနာ နေ့စဉ်လုပ်ငန်းစီမံခန့်ခွဲမှုတွေနဲ့ လုံးလားထွေးလား ဖြစ်နေရတဲ့ အချိန်က များတာမို့ လူငယ်တွေကို ရေရှည်မြှုပ်နှံ မွေးမြူဖို့ မေ့လျော့နေတတ်တယ်။ အောက်ခြေသိမ်း လက်တွေ့ဘဝကို ဖြတ်သန်းပြီး ခေါင်းဆောင်ဖြစ်လာတဲ့ လူကြီးတွေအတွက် လူငယ်တွေကို ကာလရှည် အစမ်းသပ်ခံ ဘဝတစ်ခုဖြတ်သန်းပြီးမှ ခေါင်းဆောင်အဖြစ် လက်ခံချင်ကြတယ်။ (အဲဒီအချိန်မှာ လူငယ်လေးဟာ နှိုင်းယှဉ်ချက်အရ အသက်အပိုင်းအခြားမှာ လူကြီးစာရင်းဝင်လာပြီဖြစ်တယ်) ဒါကလည်း အဲဒီလူကြီးရဲ့ ခေါင်းဆောင်မှုကို စိန်မခေါ်နိုင်ဘူးလို့ စိတ်ချ ယုံမှတ်မှသာ ဖြစ်တယ်။
အခု ဥရောပနိုင်ငံတွေအတွင်းမှာ အဖွဲ့အစည်းတစ်ခုဖွဲ့ရင် ခေါင်းဆောင်စုအတွင်းမှာ လူငယ်ရာခိုင်နှုန်း ဘယ်လောက်၊ အမျိုးသမီး ရာခိုင်နှုန်း ဘယ်လောက်ပါရမယ်ဆိုတာ သတ်မှတ်ချက် ထားရှိကြတယ်။ အဲဒီအဆင့်  ရောက်ဖို့တော့ ကြာလိမ့်ဦးမယ်ထင်ပါတယ်။ ဒါက ‘အဖွဲ့အစည်း တည်ဆောက်ရေး’ ‘ခေါင်းဆောင်မှု အဆက်မပြတ်ရေး’ ဆိုတာတွေကို ဘယ်လောက် အရည်အသွေးရှိရှိ နားလည်သဘောပေါက်သလဲဆိုတဲ့ အပေါ်မှာ မူတည်တယ်။ အဲဒီခေါင်းဆောင်လူကြီး အဆင့်မြင့်ပညာ တတ်တာ မတတ်တာနဲ့ မဆိုင်ဘူး။ နိုင်ငံတော် အစိုးရအဖွဲ့မှာ အဆင့်မြင့် ဝန်ကြီး တာဝန်ယူခဲ့ဖူးပြီး နိုင်ငံရေးသမားဘဝ စုတေလျှောကျလာခဲ့တဲ့ ခေါင်းဆောင် လူကြီး တစ်ယောက်ရဲ့ လူငယ်ခေါင်းဆောင်တွေအပေါ် သဘောထား ဆက်ဆံပုံကို ကိုယ်တွေ့မြင်ရမှ ဒါကို ပိုသဘောပေါက်လာတယ်။

ဒါကြောင့် လူကြီးတွေ အနေနဲ့ ကိုယ့်သွေး ကိုယ့်သား ကိုယ့်တပည့် ဆိုတဲ့ ခရိုနီ(Crony) အမြင်တွေကို လက်ရှောင်နိုင်ဖို့က ပထမ ပြဿနာဖြစ်ပြီး ဒုတိယက ရေရှည်ဆင်နွှဲရမယ့် နိုင်ငံရေးတိုက်ပွဲမှာ လူငယ်တွေကို စနစ်တကျ ဘယ်လိုပျိုးထောင်မလဲဆိုတဲ့ ပြဿနာ ဖြစ်ပါတယ်။ စီမံချက်ရှိရှိ လုပ်ရပါမယ်။
သက်ရင့် ခေါင်းဆောင်တွေများပြားခဲ့တဲ့ ကွန်မြူနစ်ဆိုဗီယက်နဲ့ တရုတ်နိုင်ငံတွေမှာတောင် ခေါင်းဆောင်မှု နုပျို တက်ကြွလန်းဆန်းစေဖို့၊ ကမ္ဘာကြီးနဲ့အမီ လိုက်နိုင်ဖို့ စီမံချက်ချလုပ်ခဲ့တယ်။ ဂိုဗာချော့ဗ်၊ ဟူကျင်တောင်တို့ဟာ အဲဒီအစီအစဉ်နဲ့ တက်လာကြတာပါပဲ။ ဗဟို ကော်မတီ စည်းဝိုင်းကနေ ပေါ်လစ်ဗျူရိုထဲခေါ်သွင်း မယ်၊ ပြီးမှ ထိပ်သီးအဆင့် ဆွဲတင်မယ်။ အနည်းဆုံး ညီလာခံနှစ်ခုစာအချိန်ယူပါတယ်။

၂။ မြေတောင်မြှောက်ရာတွင် ကြုံရတဲ့ လူငယ်တွေရဲ့ ပြဿနာ
လူငယ်တွေကို နိုင်ငံရေးအရ မြေတောင်မြှောက်ရာမှာ နိုင်ငံရေးအရည်အသွေး မြှင့်တင်ရေးကို ဦးစွာ လုပ်ကြရပါ တယ်။ ဒါပေမဲ့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ နိုင်ငံရေးမှာ မမျှော်လင့်တဲ့ အရေးအခင်းတွေကြောင့်နဲ့ လူကြီးခေါင်းဆောင်တွေရဲ့ စီမံချက် မရှိမှုကြောင့် လူငယ်အများအပြားဟာ နိုင်ငံရေးကို စနစ်တကျအဆင့်ဆင့် ချဉ်းကပ် ဝင်ရောက်လာကြတာမဟုတ်ဘဲ နိုင်ငံရေးက ကိုယ့်ဆီကို ဒရောသောပါး ရောက်လာပြီး ကမူးရှူးထိုးလိုက်ပါ သွားကြရတာ ဖြစ်တယ်။ ဒါကြောင့် သဘာဝကျစွာပဲ ပညာရေး အခြေခံနည်းပါးနိမ့်ကျတာ၊ အဖွဲ့အစည်းလုပ်ငန်း အတွေ့အကြုံနှုန်း နည်းတာတို့ ပါလာကြတယ်။ ဒါကြောင့် အများစုဟာ နိုင်ငံရေးအတွေးအခေါ် လုပ်ဟန်တို့မှာ လိုက်မမီတာတို့၊ အဖွဲ့အစည်း သဘာဝ စည်းမျဉ်းစည်းကမ်းတွေပေါ်မှာ စိတ်မရှည်သည်းမခံနိုင်တာတို့ ဖြစ်ပြီး ပေါ်လစီ စီမံခန့်ခွဲတဲ့အဆင့်၊ ပေါ်လစီ ရေးဆွဲချမှတ်တဲ့ အဆင့်မရောက်ခင် လမ်းခုလတ်မှာ ပြုတ်ကျန်ခဲ့ကြရ တယ်။
ရောဂါကို ပိုးဆိုးစေတဲ့ အချက်တစ်ချက်က လူ့အဖွဲ့အစည်းထဲမှာ နိုင်ငံရေးအတွေးအခေါ်တွေ အကွဲကွဲ ပြားပြား ဖြစ်နေတာပါပဲ။ လက်ဝဲ လက်ယာ အတွေးအခေါ်တွေ လူမျိုးစု ခံစားမှုတွေနဲ့ နယ်စပ်မှာဆိုရင် နီးစပ်ရာ နိုင်ငံအပေါ် တစ်ဖက်သတ် အထင်ကြီး အတုယူမှုတွေကြောင့် လူငယ်တွေဟာ တစ်ခုလုံးရဲ့ ခေါင်းဆောင် အဖြစ်ကို မရောက်ခင် လမ်းခုလတ်မှာပဲ နိုင်ငံရေး ဘဝ သေသွားတတ်ကြတယ်။ အခုခေတ်မှာလို ဘဝတက် လမ်းကို တစ်ကမ္ဘာလုံးဖြန့်ရှာနိုင်ခွင့်ရှိတဲ့ အချိန်မှာ (နိုင်ငံရေးအရ စာနာစိတ် ရှိပေမယ့်လို့) ဘဝကိုပုံအပ်ဖို့ဆို တာ အတော်ရှားပါးတဲ့ ကိစ္စဖြစ်လာတယ်။ လက်ရှိ ဖြစ်နေတာက ခေါင်းဆောင်ပုဂ္ဂိုလ်များကို အသေအလဲကြည် ညိုလွန်းလို့ (ဒါမှမဟုတ်) နိုင်ငံရေးအတွေးအခေါ် လမ်းစဉ် တစ်ခုခုကို အစွန်းကျကျ ယုံကြည် ဆုပ်ကိုင်ထားလို့ သာ ဆက်ကျန်နေတတ်ကြတယ်။
ဒါကြောင့် လူငယ်တွေရဲ့ နိုင်ငံရေးအရည်အသွေးကို မြှင့်တင်ဖို့ နိုင်ငံရေးပါတီတွေက မိမိရဲ့ လူငယ် အင်အားတွေကို လူငယ်အဖွဲ့အစည်းဖွဲ့ပြီး စုစည်းတာမျိုးလုပ်ပြီး စတင်နိုင်ပါတယ်။ (ဆရာဝင်းထွဋ်ဇော်ရဲ့ ဆောင်းပါး ပါတဲ့ ဂျာနယ်တစ်အုပ်တည်းမှာပဲ ဒေါက်တာမောင်သင်းရဲ့ တက္ကသိုလ်တွေမှာ နိုင်ငံရေးသိပ္ပံ သင်ကြားရေးဆိုတဲ့ ဆောင်းပါး ပါလာတယ်။ အကြံပြုချက်တွေ ဖြစ်လာနိုင်ရင် အကောင်းဆုံးပါပဲ)

စံပေတံတွေရှိဖို့လိုတယ်
နောက်တစ်ခုက လက်တွေ့နိုင်ငံရေးနယ်ပယ်မှာ အတွေ့အကြုံရယူရေးနဲ့ ဆိုင်ပါတယ်။ “ဒီလူငယ် နိုင်ငံရေး-ဇ- ရှိတယ်’ဆိုပြီး ဖူးဖူးမှုတ် အဆင့်ကျော် လုပ်ပိုင်ခွင့်ပေးအပ်ရာကနေ မမှားသင့်တဲ့အမှားတွေ မှားပြီး နိုင်ငံရေးဇာတ်ခုံက စောစောဆင်းသွားရတာလည်းရှိတယ်။ ဒါက လူကြီးခေါင်းဆောင် တွေရဲ့ လူ့အရင်းအမြစ် စီမံခန့်ခွဲမှု စွမ်းရည်နဲ့ဆိုင်တယ်။ ဖြစ်သင့်တာက သဘောတရားနယ်ပယ်ကနေ ပြည်သူလူထု ရင်ခွင်ကြားမှာ အဖွဲ့အစည်း (သို့) တိုင်းပြည်အကျိုးကို ရှေးရှုပြီး ဘယ်လောက် သင်ယူနိုင်တယ်။ ဘယ်လောက် ပေးဆပ်နိုင်တယ်။ ဘယ်လောက်ရည်မှန်းချက် ပေါက်မြောက်အောင် စွမ်းဆောင်နိုင်တယ်ဆိုတာတွေကို စစ်ဆေးရပါမယ်။ သုံးသပ်စိစစ် တဲ့ လူကြီးခေါင်းဆောင်တွေမှာ စနစ်ကျ မှန်ကန်တဲ့ တိုင်းတာရေး စံ-ပေတံတွေ ရှိထားဖို့ လိုပါတယ်။ လေ့လာ ပြီး လုပ်ငန်းခွင်ဝင်၊ ပြန်မွမ်းမံပြီး လုပ်ငန်းခွင် ပြန်သွားဆိုတဲ့ နည်းစနစ်နဲ့ တစ်ဆင့်ပြီး တစ်ဆင့်မြင့်တက်ရာက နိုင်ငံရေးခေါင်းဆောင်အဖြစ် ရောက်သွားတာ အာမခံချက်အရှိဆုံးပါပဲ။
၂၀၀၉ ခုနှစ်ထုတ် တိုင်းမ် မဂ္ဂဇင်းစာအုပ်မှာ ကာတာဘာရီလို့ ခေါ်တဲ့ ဂျပန်လူငယ်တွေကို လူ့အဖွဲ့အ စည်းတွင်း သူတို့ရဲ့ အခန်းကဏ္ဍကို အလေးအနက် ရှိလာစေပြီး ကိုယ်ပိုင် နိုင်ငံရေး အသံဖော်ထုတ်ဖို့ အားပေး လှုံ့ဆော်နေတဲ့ (NGO) တစ်ခုအကြောင်း ဖတ်လိုက်ရပါတယ်။ အဲဒီထဲမှာပဲ dot-JP လို့ ခေါ်တဲ့ ဂျပန် နိုင်ငံရေး သမားတွေရဲ့ ရုံးမှာ အလုပ်သင်ဝင်ရောက်လိုသူ တက္ကသိုလ်ကျောင်းသား လူငယ်တွေအတွက်ကူညီနေတဲ့ NGO အကြောင်းလည်း ပါတယ်။ ဒီလို အဖွဲ့အစည်းမျိုးတွေရှိရင် ပိုထိရောက်မှာဖြစ်ပါတယ်။
နောက်တစ်ခုက လူငယ်တွေကို လွတ်လပ်ခွင့် တစ်စုံတစ်ရာ ပေးတဲ့ ပြဿနာဖြစ်တယ်။ မိခင်အဖွဲ့ အစည်းကနေ လူငယ်အဖွဲ့အစည်းကို ကိုယ်ထူကိုယ်ထ အလုပ်လုပ်တတ်ဖို့ လွတ်လပ်ခွင့်ပေးတဲ့ ပြဿနာ လည်းအကျုံးဝင်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ နိုင်ငံရဲ့နိုင်ငံရေး အထုံဓလေ့လို့ ဆိုရမလားမသိဘူး။ အစွန်းနှစ်ဖက်မှာ သံသရာလည်နေတတ်တယ်။ တစ်ခုက လူကြီးခေါင်းဆောင်တွေရဲ့ အစွန်း။ လူငယ်အဖွဲ့အစည်း တွေကို လမ်းညွှန်ချက်နဲ့ ဖွဲ့စည်းမှု မူဘောင်တွေချမှတ်ပြီး ထိုးသွင်းကြံဆမှုရှိရှိ ကိုယ့်အင်အားကိုယ် တည်ဆောက်ဖို့ တစ်စုံတစ်ရာ လွတ်လပ်ခွင့် ပေးထားပါတယ်။ တစ်ခါ တစ်ခါ လူကြီးခေါင်းဆောင်ဖြစ်နေတဲ့ နှိုင်း ယှဉ်ချက်အရ အသက်ငယ်တဲ့သူတွေ ပါဝင် ဝိုင်းဝန်း လုပ်ဆောင်ပေးပါတယ်။

ဒါကိုပဲ လက်တွေ့ပိုင်း အကောင်အထည်ဖော်တဲ့အခါ လူငယ်အဖွဲ့အစည်းကို လက်အောက်ခံ အဖွဲ့အ စည်းလို သဘောထားပြီး အမိန့်ပေး အမိန့်ခံစနစ်နဲ့ ဆက်ဆံကြတယ်။ ဒါဟာ ပြုစုပျိုးထောင်တာ မဟုတ်၊ တပည့်မွေးတာသာဖြစ်တယ်။ ထိုးထွင်းကြံဆ လုပ်မိတဲ့ လူငယ်ခေါင်းဆောင်ပေါ် မှာလည်း တကယ့်နိုင်ငံရေး ပြစ်မှုကျူးလွန်ထားတဲ့ ပုံစံမျိုး (ဗဟို ချုပ်ကိုင်မှုကို ချိုးဖောက်တဲ့သဘောမျိုး) အပြစ် ယူချင်ကြတယ်။
နောက် အစွန်းတစ်ခုက လူငယ်ခေါင်းဆောင်တွေရဲ့ အစွန်း။ နောက်ခံမိခင်အဖွဲ့အစည်းကလည်း အား ကောင်း (တစ်ခါတလေ အာဏာရလည်း ဖြစ်ချင်ဖြစ်မယ်) တစုံတရာလည်း လုပ်ပိုင်ခွင့်ပေးထားတော့ မိမိနဲ့ မဆိုင်တဲ့ နယ်ပယ်တွေမှာ ဝင်စွက်ဖက်ပြီး တစ်ထီးတစ်နန်း ထူထောင်တာမျိုး ဖြစ်တတ်တယ်။ မြင်မြင်ရာကို ကိုယ့် ပေတံနဲ့ ကိုယ်တိုင်းပြီး ဇွတ်ပြုပြင် ပြောင်းလဲချင်တဲ့ သူရဲကောင်းပေါက်စလေးတွေရဲ့ အမှားဖြစ်တယ်။
၃။ မြန်မာ့နိုင်ငံရေးထူးခြားချက်နဲ့ လူငယ်
နိုင်ငံတနိုင်ငံရဲ့ နိုင်ငံရေးအနာဂတ်အတွက် လူငယ်တွေကို အားကိုးရမယ်ဆိုရင် ဒီလူငယ်တွေရဲ့ နိုင်ငံရေးကို ပြုစုပျိုးထောင်ဖို့ အရေးတကြီး စဉ်းစားရမှာဖြစ်တယ်။ ဒါကို အကောင်အထည်ဖော်တဲ့အခါ အရေးအကြီးဆုံးက ရင်းနှီးမြှုပ်နှံမှုပါပဲ။ သာမန် ဘဏ္ဍာ အရင်းအနှီးမြှုပ်နှံတာကို ပြောတာမဟုတ်ဘူး။ လူအရင်းအမြစ်နဲ့ နိုင်ငံရေး အင်စတီကျူးရှင်းတွေအတွက် ရင်းနှီးမြှုပ်နှံရပါမယ်။ ဒါဟာ ဖြစ်ခဲတဲ့ ကိစ္စဖြစ်ပါတယ်။
လူအရင်းအမြစ်ကို ရောက်ရာအရပ်မှာ ရှိတဲ့အဆင့်နဲ့ လက်ကုန်သုံးပစ်လိုက်ကြတာ များပါတယ်။ ရေရှည်မှာ အဆင့်မြင့်ခေါင်းဆောင်ဖြစ်နိုင်တဲ့ လူငယ်တစ်ယောက်ဟာ အလုပ်ခွင်ထဲမှာ နိုင်ငံရေး လုံးပါးပါးပြီး ခေါင်းဆောင် အညွန့်တုံးသွားတယ်။ နိုင်ငံရေး အင်စတီကျူးရှင်းတွေနဲ့ ပတ်သက်ရင်လည်း ကိုယ်ထူကိုယ်ထသာ လုပ်ကြကြေးဆိုရင် အမြီးကျက်အမြီးစားရှိတဲ့ အင်အား၊ ရှိတဲ့ အဆင့်မှာ တန့်သွားရလိမ့်မယ်။ ဒီမိုကရေစီ ပြန်နာလန်ထ နိုင်ဖို့အတွက် ပြင်ပအကူအညီနဲ့ ကျားကန်ရပါမယ်။ ပြင်ပအကူအညီဆိုရာမှာ ဝိသမ စီးပွားရေးလုပ်ငန်းရှင်တွေ ဝင်သွားရင် ပိုပြီး ကိုယ်ကျိုးနည်းလိမ့်မယ်။ ဒါကြောင့် နိုင်ငံတော်အဆင့်ကနေ စိုက်ထုတ်မြှုပ်နှံဖို့လိုပါလိမ့်မယ်။ ဖြစ်နိုင်တာ နောက်တစ်ခုက ဒီမိုကရေစီ တိုးတက်ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်နေတဲ့ နိုင်ငံတကာ (INGO) တွေကို လမ်းဖွင့်ပေးရင်လည်း ဖြစ်နိုင်ပါတယ်။

ပြုစုပျိုးထောင်ထားတဲ့ လူငယ်နိုင်ငံရေး ခေါင်းဆောင်တွေအတွက် ကစားကွင်းလည်း လိုပါတယ်။ မြန်မာ့နိုင်ငံရေးမှာ ပါလီမန် ဒီမိုကရေစီဟာ ဆယ်နှစ်တာကာလအတွင်း နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပါတီတွေရဲ့ အတွေ့အကြုံနုနယ်မှု၊ သဘောထားမရင့်ကျက်မှုနဲ့ ပြည်တွင်းစစ် ပယောဂတွေကြောင့် ပြတ်တောက်ခဲ့ရ တယ်။ နောက်တော့ စစ်တပ် လွှမ်းမိုးတဲ့ တစ်ပါတီစနစ် ကာလရှည်တစ်ခုနဲ့ စစ်တပ်က အာဏာရယူထားတဲ့ တခြားကာလရှည်တစ်ခု ထပ်ဖြတ်သန်းရပြန်တယ်။ ဒီလို အနေအထားမှာ လူငယ်တွေရဲ့ နိုင်ငံရေးကစားကွင်း ဟာ ဘာဖြစ်မလဲ။ အာဏာရနိုင်ငံရေး အသိုင်းအဝိုင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရေး အတိုက်အခံ နိုင်ငံရေးအသိုင်း အဝိုင်းကြားမှာ ကျင်လည်ရမှာပဲ။ ဒီလို နိုင်ငံရေး အမျိုးအစား တွေမှာ လူငယ်ထုတွေရဲ့ အမှန်အကန် အကျယ်အပြန့် ပါဝင်မှုကို ရနိုင်မှာ မဟုတ်ဘူး။ ဆိုချင်တာက အစစ်အမှန် နိုင်ငံရေးလေ့ကျင့်ဖို့ လူငယ်တွေ အတွက် ကွင်းပျောက်ခဲ့တယ်ဆိုတဲ့သဘောပါ။
ချုပ်ပြီး ပြောရရင် လူငယ် နိုင်ငံရေးခေါင်းဆောင်တွေကို မွေးထုတ်နိုင်ပါမှ သူတို့ကို နေရာပေးလို့မှာ ဖြစ်တယ်။ ခုနေခါမှာ လူအရင်းအမြစ် ရှိပြီးသားဖြစ်တယ်။ နိုင်ငံရေး အဖွဲ့အစည်းတွေပေါ်လာပြီး ဖြစ်တယ်။ လိုအပ်တာက လူငယ်တွေ ကစားနိုင်တဲ့ကွင်း၊ နိုင်ငံရေးအခင်းအကျင်းကို အမြော်အမြင်ရှိရှိ ဖန်တီးပေးဖို့ပဲ။ ဒီအခင်းအကျင်းဟာ လူကြီးခေါင်းဆောင်တွေရဲ့ စိတ်ကူးအိမ်မက်ကို ဖြည့်ဆည်းနိုင်ချင်မှ နိုင်မယ်။ ဒါပေမဲ့ လူငယ်တွေအတွက် လှုပ်သာရှားသာ အနေအထားမျိုး ဖြစ်ရပါမယ်။ ဒါဆိုရင် လူငယ်ထု တအုံတမဟာ နိုင်ငံရေး နယ်ပယ်ထဲ ဝင်ရောက်လာမှာဖြစ်တယ်။
ကွင်းရသွားပြီးရင် လိုတာက လုံလောက်တဲ့ အချိန်ဖြစ်တယ်။ ဒီမိုကရေစီကာလ၊ ငြိမ်းချမ်းတဲ့ ဘောင်အတွင်း လှုပ်ရှားနိုင်တဲ့ ကာလကို အဆက်မပြတ်စေဘဲ ဆယ်စု နှစ်ခု၊ သုံးခုသာ ရခဲ့ရင် မြန်မာပြည် နိုင်ငံရေးရဲ့ အနာဂတ်ဟာ အရည်အချင်း ပြည့်ဝကောင်းမွန်တဲ့ လူငယ်မျိုးဆက် သစ်တွေနဲ့ ကောင်းမွန် ထွန်းတောက်နေမှာ မလွဲလို့ ဆိုချင်ကြောင်းပါ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...