Friday, October 21, 2011

ကျွန်တော့်ကို ရေးသွားတဲ့ အက်ဆေး

by ရင်နင့်အောင် on Saturday, October 22, 2011 at 11:41am
 
လွန်ခဲ့တဲ့ တစ်လကဗျာ။ ကျွန်တော် အက်ဆေးတစ်ပုဒ်ရေးခဲ့ပါတယ်။ ခေါင်းစဉ်တော့ မမှတ်မိတော့။ အကြောင်းအရာများကိုလည်း ခပ်ဝါးဝါးသာ မှတ်မိတော့တယ်ဗျ။ ထိုအက်ဆေးရေးပြီးတော့ ကျွန်တော်က မိုဘာဟုခေါ်သော ဘလော့ခ်တွင် လည်းကောင်း၊ ဖေ့စ်ဘွက်ခ်တွင် လည်းကောင်း၊ ကိုယ်ပိုင် ဘလော့ခ်တွင် လည်းကောင်း၊ အွန်လိုင်းမဂ္ဂဇင်းအချို့တွင် လည်းကောင်း တင်မည်ဟု တေးမှတ်ထားလိုက်တယ်။
ပြောချင်တာက ထိုအက်ဆေးရေးတဲ့ ညက ထူးဆန်းတဲ့ အဖြစ်အပျက်ကြီးတစ်ခုနဲ့ ကျွန်တော် ကြုံလိုက်ရတယ်ဗျ။
အဲဒီ အဖြစ်အပျက်ကြီးဖြစ်ခဲ့တဲ့ နောက်တော့ …………။


………………………………………………………………………………………………………………………..

ထိုအက်ဆေးကို အက်ဆေးတစ်ပုဒ်လိုရော ပို့စ်မော်ဒန် ၀တ္ထုတစ်ပုဒ်လိုရော သတ်မှတ်လို့ ရနိုင်တယ်ဗျ။ ထိုအက်ဆေးကို ခံစားမှုရသအပြည့်နှင့် စိတ်၏ အဆုံးသို့ ၀င်ရောက်ရေးခဲ့တယ်။ အက်ဆေးထဲမှာ ဆိုကရေးတီးလည်း ပါတယ်။ အိုင်းစတိုင်းလည်း ပါတယ်။ ရှိတ်စပီးယားအပြင် ဂန္ဓီလည်း ပါဝင်လိုက်သေးတယ်။ အက်ဆေးကို မိုးပျံနိုင်အောင် ရေးလိုက်တယ်။ ကားမောင်းတတ်အောင် ရေးလိုက်တယ်။ သီချင်းဆိုတတ်အောင် ရေးလိုက်တယ်။ အင်တာနက်သုံးတတ်အောင် ရေးထားတယ်။ နိုင်ငံရေးလုပ်တတ်အောင် ရေးထားတယ်။ ယုတ်စွအဆုံး လေချွန်တတ်အောင်ပါ ရေးလိုက်တယ်ဗျ။
အဲလိုရေးပြီးတဲ့အခါမှာတော့ ….။

………………………………………………………………………………………………………………………..

အဲဒီနေ့က ထိုအက်ဆေးကို ရေးရင်း မပြီးသေးခင်မှာ အသံတစ်ခုကြားလိုက်ရတယ်။
“ကိုရင်နင့်အောင်
ကျွန်တော်တစ်ခု မရှင်းဘူး
မေးစရာလေးရှိတယ်”
အက်ဆေးရေးရင်း အသံကြားတော့ ကျွန်တော့်မှာ အလန့်တကြားဖြစ်ကာ အသံဘယ်ကလဲဟု လိုက်လံရှာဖွေရတယ်။ ဟင် .. ဘယ်က အသံပါလိမ့် လို့။ ဘေးဘီဝဲယာတွင်ကား ဘယ်သူမှ မရှိ။
“ဘယ်လိုက်ရှာနေတာလဲဗျ
ဒီမှာ … ဒီက မေးနေတာ
ခင်ဗျားရေးနေတဲ့ အက်ဆေးလေဗျာ”
“……. အန် ……..
မင်းက စကားပြောတတ်တယ် … ဟုတ်လား”
ကျွန်တော် အံသြစွာ သူ့ကို မေးကြည့်မိပါတယ်။
“ဟ .. ကိုရင်နင့်အောင် .. ခင်ဗျားပဲ ကျွန်တော့်ကို စကားပြောတတ်အောင် ရေးခဲ့ပြီးတော့
ခင်ဗျားက ကျွန်တော့်ကို ခံစားတတ်အောင် ရေးထားတော့ ခုကျွန်တော် ခံစားတတ်နေပြီလေ”
သူက ထိုသို့ပြောတော့ ဟုတ်ပေသားပဲဟု ကျွန်တော် တွေးလိုက်မိတယ်။
“ဟ .. အမိုက်သား
မင်းတောင် စကားပြောတတ်ပြီ ..
ဆိုစမ်းပါဦး .. ဘာများမေးမလို့လဲ”
“အင်း …
အက်ဆေးဆိုတာ ဘာလဲဗျ
ပြီးတော့ ခင်ဗျားက ကျွန်တော့်ကို ဘာလို့ ရေးနေတာလဲ”
“အန်…”
သူ့မေးခွန်းကို ကြားတော့ ဘယ်လိုပြန်ဖြေရပါလိမ့်။ အတော်ကြီး စဉ်းစားရတယ်ဗျ။ ဟုတ်တယ်လေ။ ခင်ဗျားတို့ပဲ စဉ်းစားကြည့်။ သူ့ပထမမေးခွန်းက ဖြေလို့ရဦးတော့ နောက်မေးခွန်းကြီးက အဆန်းကြီး။ ခင်ဗျားက ဘာလို့ ကျွန်တော့်ကို ရေးနေတာလဲ .. တဲ့။ ကိုယ်ရေးတဲ့ အက်ဆေးက ကိုယ့်ကို အဲလိုကြီးမေးလာတော့ ကျွန်တော့်မှာ ပြန်မဖြေနိုင်။ ခေါင်းစားရလေပြီ။

………………………………………………………………………………………………………………………..

ကျွန်တော်တော်တော်ကြီး စဉ်းစားကြည့်တာတောင် ကျွန်တော်ပြန်မဖြေနိုင်ခဲ့လေတော့ သူက ဒီလိုပြောတယ်ဗျ။
“ကိုရင်နင့်အောင် .. ခင်ဗျားက ငပိန်းပဲတဲ့”
“အွန့်”
အရှိုက်ကို တည့်တည့်ကြီး ထိတယ်။ သေချင်ဆော်တောင် နံလာသလို။ ကိုယ်ရေးတဲ့ အက်ဆေးက ကိုယ့်ကို ငပိန်းလို့ အပြောခံရတယ်။ စိတ်လေစရာကောင်းလိုက်တာ။ ပလိန်းကြီး ငပိန်းကြီး ပြောခံရတယ်လို့။ သူက ဆက်ပြောသေးတယ်။
“ထားပါတော့ ခင်ဗျား မဖြေနိုင်ရင် မမေးတော့ဘူး ..” တဲ့။ ကျွန်တော် ဘာမှ ပြန်မပြောနိုင်ပါ။ သူက စကားဆက်ပြောတယ်။ တော်တော် လေပေါတဲ့ အက်ဆေးလို့ စိတ်ထဲက တွေးလို့။
“ခင်ဗျားက ကျွန်တော့်ထဲမှာ ဆိုကရေးတီးအကြောင်းရေးထားတယ်နော်”
“အေးလေကွာ .. အဲဒါဘာဖြစ်လဲ”
“ဆိုကရေးတီးက ဘယ်ခေတ်ကလဲ”
“ ဘီစီ ၄၆၉ တုန်းကလေ ..
ဘာလဲ .. မင်းက ငါ့ကို
ဘာမှ မသိဘဲ လျှောက်ရေးနေတဲ့ကောင် ထင်လို့လားကွ”
“ဟာ .. မဟုတ်ဘူး …
ကျုပ်မေးချင်တာ အဲဒါမဟုတ်ဘူးဗျ
ကျုပ်ပြောချင်တာ ခင်ဗျားတို့က ခုမှ ဒီမိုကရေစီ ဒီမိုကရေစီလုပ်နေတာ
အဲဒီ ဘီစီ ၄၆၉ ကတည်းက
ဆိုကရေးတီး အတွေးအခေါ်တွေက ဒီမိုကရေစီပဲမလား”
သူ့စကားကို ကြားတော့ ကျွန်တော့်မှာ ထုံးစံအတိုင်း ဘာပြန်ပြောရမှန်း မသိဖြစ်ရပြန်ကော။ တကယ်ပဲ ကျွန်တော်ဟာ ငပိန်းပဲလားလို့တောင် တွေဝေသွားတယ်။
နောက်တော့ သူက ဆက်ပြောသေးတယ်။ ဆိုကရေးတီးလက်ထက်က ပညာရေးတွေအကြောင်း။ ဆိုးဖစ် (sophic) လို့ ခေါ်တဲ့ ပညာရှိတွေလည်း ရှိခဲ့ကြောင်း။ ပြီးတော့ ဒိုင်ယာလက်တစ် (dialectic) နည်းကို သုံးပြီး ပညာရေးတွေ သင်ခဲ့ကြတဲ့ အကြောင်း။ အစုံပဲ။ ကျွန်တော်အဖြစ်ကို မြင်ကြည့်။ ကိုယ်ရေးတဲ့ အက်ဆေးက ကိုယ့်ကို လာဆွေးနွေးတာ ကိုယ်မသိသေးတာချည်း။ ခက်ရချေရဲ့။ မျက်လုံးလေး ကလည် ကလည်နဲ့။
ရှိတ်စပီးယားခေတ်က လူတွေရဲ့ အယူအဆတွေအကြောင်း။ ဟစ်တလာက သတ်သတ်လွတ် စားတာတွေကော။ အက်သစ် (ethic) ဆိုတာ နိုင်ငံရေးပဲ ဆိုတာတွေကော။ ပို့စ်မော်ဒန် နိုင်ငံရေးတဲ့။ အော်တာနေးတစ် ဖွံဖြိုးတိုးတက်ရေးတဲ့။ ဆုံးပါးသွားတဲ့ ကနောင်မင်းသားကနေ စတိဗ်ဂျော့အထိ။ မူဆိုလီနီကနေ ကဒါဖီအထိ။ ကျွန်တော်လည်း ကိုယ်မသိတာတွေချည်း သိလိုက်ရတော့ ပျော်တာက တစ်မျိုး။ ပြောနေတာက ကိုယ်ရေးနေတဲ့ အက်ဆေးတစ်ပုဒ်ဖြစ်နေတော့ ဒေါသထွက်တာက တစ်မျိုးနဲ့။
နောက်တော့ သူလည်း ပျင်းလာတယ်နဲ့ တူတယ်။ မိုက်ကယ်ဂျက်ဆင်ရဲ့ we are the world သီချင်းကို လေချွန်ပြီး ဆိုနေလေရဲ့။

………………………………………………………………………………………………………………………..

ဒီတစ်ခါတော့ ကျွန်တော်က စကားစရတယ်။
“ဒီမယ် အက်ဆေး .. မင်းကို ငါရေးတာ မပြီးသေးဘူးကွ”
“အန် .. ခင်ဗျားက ဘာဆက်ရေးဦးမှာလဲ”
“ရေးရဦးမှာပေါ့ … ခုမင်းပြောခဲ့တာတွေပါ ထည့်ရေးမယ်လေကွာ ..”
သူက ဘာမှ ဆက်မပြောဘဲ စဉ်းစားနေတယ်။ ခဏကြာတော့မှ သူက
“နေဦးဗျာ … ကရွတ်ကီး ဆိုလား သူပြောခဲ့တာ တစ်ခုရှိတယ်”
လာပြန်ပြီ။ ကျွန်တော် မသိတာချည်း သူက အကုန်သိနေတာလား။
“ဆိုပါဦး .. ကိုအက်ဆေးကြီးရယ် ….”
“အင်း …
မှန်နေရုံနဲ့ မပြည့်စုံဘူး … အချိန်မှီ မှန်ဖို့လည်း လိုတယ် တဲ့”
“အဲ ….”  မိုက်လိုက်တဲ့ စကားပဲ။ ကျွန်တော် မသိသေးပါလား။ သူက ဆက်ပြောတယ်။
“ခင်ဗျားက ကျွန်တော့်ကို ရေးတာလည်း ရေးပေါ့
မှန်အောင်လည်း ရေး …
အချိန်မှီ မှန်အောင်လည်း ရေး”
“ဗျာ .. ဟုတ် … ဟုတ်ကဲ့”
ကျွန်တော်က ဟုတ်ကဲ့ဆိုကာမှ သူက စကားဆက်လိုက်တယ်။
“ဒီတော့ အချိန်မှီ မှန်ဖို့က နောက်ကျနေပြီ
ခင်ဗျားပဲ … အမီလိုက်ရတော့မှာဆို ကိုရင်နင့်အောင်”
“ဂျာ .. ဟုတ်တယ်လေ ဂျာ”
“ကျွန်တော်ပြောမယ် ဒီတော့
ခင်ဗျားနဲ့ ကျွန်တော်နဲ့ နေရာလဲရအောင်
ကျွန်တော်က ရင်နင့်အောင် လုပ်မယ်
ခင်ဗျားက အက်ဆေးလုပ်”
“ဗျာ … ဘယ်လို…………”
လုပ်ပုံကကြည့်ဦး။ သူကပဲ ရင်နင့်အောင်လုပ်မယ်ဆိုပဲ။ ခံပြင်းစရာကောင်းလိုက်တာဗျာ။ သူကတော့ ရုပ်တည်ကြီးနဲ့ ပြောနေတယ်ဗျ။
“အေး… အဲဒီအတိုင်းလုပ်ရအောင်
ခင်ဗျားက ခုမှ လေ့လာရဦးမှာ
ကျွန်တော်က ခင်ဗျားထက်ပိုသိတယ်
ဒီတော့ အက်ဆေးရေးခြင်းရေး ကျွန်တော်က ရေးရမှာပေါ့
တော်တဲ့သူကို တော်သလို နေရာပေးဆို .. ခင်ဗျားပဲ ရေးပြီးတော့”
“ခင်ညာ…….. ဟုတ်…. ဟုတ်တော့ …ဟုတ်ပါတယ်”
“အေး .. အချိန်မရှိတော့ဘူး … နေရာလဲကြစို့” ဆိုပြီး သူက …………….။

………………………………………………………………………………………………………………………..

ခင်ဗျားအခု ဖတ်နေတဲ့ ၀တ္ထုဟာ ရင်နင့်အောင် မဟုတ်တဲ့ ရင်နင့်အောင်ရေးခဲ့ဖူးတဲ့ အက်ဆေးက ထရေးသွားတာဆိုရင်ဖြင့် ……………………………………။

ရင်နင့်အောင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...