Friday, October 21, 2011

ကိုယ့်စိတ်ကြိုက် ကမ္ဘာငယ်လေး FaceBook

by Thura Awng on Monday, October 26, 2009 at 11:42am


လူမှုကွန်ယက် ဝက်ဘ်ဆိုဒ် (Social Networking Site) များစွာအနက် Face Book ဝက်ဘ်ဆိုဒ်မှာ လူသိများ အထင်ရှားဆုံးဖြစ်သည်။ ၂၀၀၉ ခုနှစ် သြဂုတ်လအထိ စာရင်းများအရ Face Book ဝက်ဘ်ဆိုဒ်တွင် ကမ္ဘာတလွှားမှ ဝင်ရောက်ထားပြီးသူပေါင်းမှာ သန်း ၃၀၀ ကျော်ရှိပြီး ဘာသာစကား ၅၅ မျိုးနှင့် အသုံးပြုနိုင်ပြီ ဖြစ်သည်။

စတင်တည်ထောင်စက ရည်ရွယ်ချက် အနည်းအကျဉ်းသာ ရှိခဲ့သော Face Book မှာ ယခုအခါ နိုင်ငံငယ် တခုထက်မက ရည်ရွယ်ချက်၊ ရည်မှန်းချက်ပေါင်းများစွာ ရှိနေပြီ ဖြစ်သည်။


 
ယခုအခါ အင်္ဂလန်နိုင်ငံ၏ လူဦးရေထက်ပင် များနေသည့် Face Book ဝက်ဘ်ဆိုဒ်အား ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ဘော်စတွန်မြို့ရှိ ဟားဗတ်တက္ကသိုလ် အခန်းကျဉ်းလေးထဲမှ စတင်ခဲ့သည်။

ဟားဗတ်တက္ကသိုလ် ကျောင်းသားတဦးဖြစ်သည့် မာခ် ဇာကာဘခ်က သူ၏ အခန်းဖော်သူငယ်ချင်း နှစ်ဦးဖြစ်သူ ဒတ်စတင် မော်စကိုဗစ်၊ ခရစ်ဟူရ်းတို့နှင့်အတူ www.thefacebook.com ဆိုသည့် အင်တာနက် လိပ်စာတခု ဝယ်ယူကာ စတင်ခဲ့သည်။

Face Book ဆိုသည့် စကားလုံး၏ အဓိပ္ပာယ်မှာ အမေရိကန် တက္ကသိုလ်များတွင် အသုံးပြုသော စကားတခု ဖြစ်သည်။ တက္ကသိုလ်ကို စတင်တက်ရောက်မည့် မျက်နှာသစ် ကျောင်းသား၊ ကျောင်းသူများကို စာသင်နှစ်၏ အစတွင် အတန်းဖော်နှင့် ဆရာများ သိရှိနိုင်စေရန် ရည်ရွယ်၍ သီရေတာ အပြင်ဘက်တွင် ကျောင်းသားသစ်၏ မျက်နှာနှင့် နာမည် အချက်အလက်အချို့ကို ဖော်ပြထားသည့် နေရာတခုကို Face Book ဟု ခေါ်သည်။ မာခ် ဇာကာဘခ်က ထိုနာမည်ကို အစွဲပြု၍၎င်း၊ ထိုထုံးတမ်းဓလေ့ကို ပုံတူကူးယူ၍၎င်း Face Book ဟု အမည်ပေးခြင်း ဖြစ်သည်။

Face Book စတင်တည်ထောင်ခါစက ဟားဗတ် တက္ကသိုလ် ကျောင်းသားများကိုသာ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ရန် ခွင့်ပြုခဲ့သော်လည်း ထိုနှစ် နွေဦးရာသီအစမှာပင် ဟားဗတ် တက္ကသိုလ် ကျောင်းသားများသာမက ယေး၊ စတန်းဖို့ဒ်၊ ကိုလံဘီယာ၊ ဘာကလေ၊ ကော်နယ် အစရှိသည့် ကျောင်းများမှ ကျောင်းသားများပါ thefacebook.com ၏ အဖွဲ့ဝင်များ ဖြစ်လာကြသည်။

နောက်ပိုင်းတွင်မူ Ivy League ဟု ခေါ်သည့် အမေရိကန် ထိပ်တန်းတက္ကသိုလ် ကျောင်းသားများသာမက ကနေဒါနှင့် သာမန် အမေရိကန် တက္ကသိုလ် ကျောင်းသားများပါ ပါဝင်ခဲ့သည်။

Face Book ၏ သက်တမ်း ၄ လ နီးပါးမှာပင် အဖွဲ့ဝင်အရေအတွက်မှာ တသိန်းကျော်
ရှိခဲ့သည်။ နောက်ပိုင်းတွင်မူ ဇာကာဘခ်က thefacebook.com အား facebook.com ဟူ၍ ပြောင်းလဲခဲ့သည်။

၂၀၀၄ ခုနှစ် ဇွန်လ Face Book ၏ သက်တမ်း ၄ လတွင် Pay Pal အွန်လိုင်း ငွေကြေးပေးချေ / လွှဲပြောင်းမှု စနစ်ကို စတင်ထူထောင်ခဲ့သည့် စွန့်ဦးတီထွင် အမေရိကန် စီးပွားရေးလုပ်ငန်းရှင် ပီတာ သီလ်း ဆိုသူက ဒေါ်လာ ၅ သိန်း ထည့်သွင်းမြှုပ်နှံခဲ့သည်။

သူကိုယ်တိုင်လည်း Face Book ၏ ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့သည်။ ငွေကြေးရင်းနှီးမြှုပ်နှံသူ တဦးဖြစ်သည့် ပီတာ သီလ်း Face Book အဖွဲ့၏ ဒါရိုက်တာအဖြစ် တာဝန်ယူချိန်တွင် ဇာကာဘခ်၏ အိုင်ဒီယာနှင့် ပေါင်းမိကာ Face Book ၏ ပုံရိပ်မှာ မြင့်မားလာခဲ့သည်။

ဂျာမဏီနိုင်ငံ ဖရန့်ဖတ်တွင် မွေးဖွားပြီး ကယ်လီဖိုးနီးယားပြည်နယ် ဖော်စတာ စီးတီးတွင် ကြီးပြင်းသည့် ပီတာ သီးလ်သည် အမေရိကန်နိုင်ငံ၏ စစ်တုရင် အကျော်အမော်လည်း ဖြစ်ကာ စတန်းဖို့ဒ် တက္ကသိုလ်တွင် နှစ်ဆယ်ရာစု ဒဿနိက ပညာရပ်ကို သင်ကြားခဲ့သူ ဖြစ်သည်။

ဘွဲ့ရသည်အထိ ပညာသင်ကြားခဲ့ခြင်း မရှိသော်လည်း Forbes မဂ္ဂဇင်းက ရွေးချယ်ခဲ့သည့် လူငယ် စီးပွားရေး စွမ်းဆောင်ရှင်များအနက် တဦးဖြစ်သည်။

နိုင်ငံရေး အယူအဆအရ ပီတာ သီလ်းမှာ လစ်ဘာတေးရီးယန်း (Libertarian) တဦး ဖြစ်သည်။ သူ၏ နိုင်ငံရေး အယူအဆမှာ အများသူငါတို့နှင့် ကွဲပြားခြားနားနေသလို လူမှုဗေဒနှင့် ဘဝနှင့် ပတ်သက်၍ သူ၏ တွေးမြင်ယူဆပုံတို့မှာလည်း ယေဘုယျအားဖြင့် ခေတ်လွန်သည် ပြော၍ရသော်လည်း ဆန်းသစ်မှုများနှင့် ပြည့်စုံသည်။

ပါမောက္ခ ကားပေါ့ပါး၏ တပည့်ဖြစ်ခဲ့ဖူးသည့် ဂျော့ဆိုးရော့စ်သည် ဘီလျံနာနှင့် ငွေကြေးစီမံခန့်ခွဲမှု ကျွမ်းကျင်သူ တဦးဖြစ်သည်။ ကာပေါ့ပါး၏ အနုမာနဖြစ်သော ပွင့်လင်းလူ့ဘောင် (Open Society) အယူအဆကို မစ္စတာ ဆိုးရော့စ်က နည်းလမ်းမျိုးစုံဖြင့် ထိုက်သင့်သလောက် အကောင်အထည် ဖော်နိုင်ခဲ့သလိုပင် စတန်းဖို့ဒ်တက္ကသိုလ်မှ ပညာတပိုင်းတစနှင့် ကျောင်းထွက်ခဲ့ရသည့် ပီတာ သီးလ်မှာလည်း ထိုအချိန်က စတန်းဖို့ဒ် ဆင်စွယ်နန်းတော်တွင် ခေတ်စားနေသည့် အယူအဆတခုကို တကမ္ဘာလုံးနှင့် မိတ်ဆက်ပေးနိုင်ခဲ့သည်။

မျိုးဗီဇသိပ္ပံ Genetic Science ၏ သဘောတရားတခုမှ ခွဲဖြာလာသည့် အယူအဆတခုကို ပီတာ သီလ်းနှင့် အပေါင်းအပါများက ကိုယ်တိုင်လည်း ယုံကြည်သကဲ့သို့ ထိုအယူအဆကို Face Book တွင် ထည့်သွင်းခြင်းဖြင့် တကမ္ဘာလုံးကို အတင်းအကျပ် မဟုတ်ဘဲ ယုံကြည်စေနိုင်ခဲ့သည်။

Face Book ကို ပထမဦးဆုံး ငွေကြေးရင်းနှီးမြှုပ်နှံခဲ့သည့် ပီတာ သီလ်းသည် သူ၏ ဓနဥစ္စာသာမက သူ၏ အတွေးအမြင် အယူအဆတို့ကိုပါ ထည့်သွင်းမြှုပ်နှံနိုင်ခဲ့သည်။

The Stanford Review သတင်းစာနှင့် အမေရိကန် စစ်တုရင် အကျော်အမော်တဦးဖြစ်သူ ပီတာ သီးလ်တို့၏ အယူအဆမှာ … အစုအဝေးဖြင့် အုပ်စုဖွဲ့ ကျက်စားပြီးနေတတ်သည့် လူတို့၏ စရိုက်သည် မြေကမ္ဘာပေါ်မှာ သာမက မည်သည့်နေရာတွင်မဆို ထိုအပြုအမူမျိုးပင် ဖြစ်သည်ဆိုသည့် အချက်ကို ပထမအဆင့် သက်သေထင်ရှားအောင် ပြသနိုင်ခဲ့သည်။

ထို့ပြင် တကယ့်ဘဝ၊ တကယ့်ကမ္ဘာ မဟုတ်သောနေရာ Virtual World မှ နေ၍လည်း အမှန်တကယ် တည်ရှိသော ဘဝ Real Life ကိုပင် လွှမ်းမိုးနိုင်သည်ဟူသော ပုဂ္ဂလလူသားနှင့် သီးသန့်ကွဲပြားနေသော ပုံရိပ်ယောင် ကမ္ဘာသည် တကယ့်လူသား အစစ်အမှန်ထက်ပင် ပိုမို၍ စွမ်းရည်များ ပြည့်လာ Powerful လာနိုင်သည်ဆိုသည့် အချက်ပင် ဖြစ်သည်။

ထိုအယူအဆသည် အမေရိကန် တက္ကသိုလ်အချို့တွင် ၉ဝ ပြည့်လွန်နှစ်များက Utopian အတွေးအခေါ်ရှိသည့် ကျောင်းသားတချို့၏ အယူအဆ ဖြစ်သည်။ ထိုကဲ့သို့သော အယူအဆကို ဗွေဆော်ဦး ဈေးဦးဖောက် လိုက်နိုင်သူများမှာ ဟောလိဝုဒ် ရုပ်ရှင်လောက ဖြစ်သည်။ အမြင်၊ အကြားဆိုင်ရာ အာရုံငါးပါး လှည့်စားသည့် အထူးပြုလုပ်ချက်များဖြင့် ပရိသတ်ကို လှည့်စားနိုင်ခဲ့သည်။

၁၉၉၉ ခုနှစ်မှ စတင်၍ ထုတ်ဝေခဲ့သည့် The Matrix (Trilogy) သုံးကားတွဲ ဇာတ်လမ်းသည် အစစ်အမှန်နှင့် အမှန်တကယ် မဟုတ်သော ကမ္ဘာနှစ်ခု ပေါင်းကူးစပ်ယှက်ပြီး အခက်အခဲများ ကျော်လွှားပုံကို ရိုက်ကူးပြထားခြင်း ဖြစ်သည်။

အမေရိကန် ငွေကြေးဈေးကွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြံပေးအဖွဲ့ကို လုပ်ကိုင်နေသည့် ပီတာ သီးလ်သည် Face Book မှာ သာမက အခြား Social Networking ဆိုဒ်များဖြစ်သည့် Friendster, Linkedln, Yammer, Rapleaf, Powerset, Vator တို့တွင်လည်း ငွေကြေးထည့်ဝင်သူတဦး ဖြစ်သည်။

Singularity Institute ၏ ဥာဏ်ရည်တု သုတေသန Artificial Intelligent တွင်လည်း ဒေါ်လာ တသိန်းထိ ငွေကြေးထည့်ဝင်ထားသည်။ အသက်ရှည်ဆေး သို့မဟုတ် အိုမင်းမှုကို တားမြစ်နိုင်သော မော်လီကျူးများ၊ ဆဲလ်များနှင့်ပတ်သက်၍ သုတေသနပြုနေသည့် အင်္ဂလန်ရှိ အဖွဲ့အစည်းတခုကိုလည်း တသက်စာ ငွေကြေးစိုက်ထုတ်ပေးထားသေးသည်။

အရေးပါလှသော ငွေကြေးစနစ်ကိုပင် တဦးနှင့် တဦး မတွေ့မမြင်ရဘဲ ပုံရိပ်ယောင် ကမ္ဘာမှ ပေးချေ၊ လွှဲပြောင်း ရနိုင်အောင် တည်ထွင်ခဲ့သည့် ပီတာ သီးလ်နှင့် ဇာကာဘခ်တို့၏ Facebook သည် နောက်ပိုင်းတွင် နိုင်ငံတခု၏ ကြံအင်လက္ခဏာကဲ့သို့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး စသည်တို့ ပါဝင်လာဦးမည် ဖြစ်သည်။ ဝါသနာပါလျှင် Face Book တွင် ကျင်းပဦးမည့် ရွေးကောက်ပွဲတွင်ပင် ဝင်ရောက်မဲဆွယ်ပြီး ပါဝင်ခံနိုင်သေးသည်။

အင်အားစုဆောင်းပြီး Emperor ထူထောင်ချင်သည့် လူတို့၏ စရိုက်သဘာဝကို ကောင်းကောင်း အသုံးချနိုင်ခဲ့သည့် Face Book အရှင်သခင်များသည် ယခုတွင် မီလျံနာသူဋ္ဌေးများ ဖြစ်နေပြီး စီးပွားရေးကြော်ငြာများမှာလည်း သတင်းစာ၊ ဂျာနယ်၊ ရုပ်သံများတွင် ကြော်ငြာမှုကို ရပ်ဆိုင်းပြီး Face Book တွင် အလုအယက် ကြော်ငြာနေပြီ ဖြစ်သည်။

အမေရိကန်သမ္မတ အိုဘားမား ရွေးကောက်ပွဲတွင် အနိုင်ရခြင်းသည်ပင် မက်ကိန်းထက်ပို၍ Face Book ကို အသုံးချခဲ့သောကြောင့် ဖြစ်သည်ဟု ဆိုသည်။ အထူးပြုလုပ်ချက်များဖြင့် မိမိ၏ ကိုယ်ပွား ဘဝကို စိတ်ကြိုက် တည်ဆောက်နိုင်သော ကမ္ဘာတွင် အနိုင်ရပါမှ အစစ်အမှန် ကမ္ဘာတွင်ပါ အနိုင်ရနိုင်မည်ဟု ဆိုလိုခြင်း ဖြစ်သည်။

အစစ်အမှန် ကမ္ဘာနှင့် လုံးဝကွဲပြားသည့် ကမ္ဘာတခုကို Face Book တွင် တည်ဆောက်နိုင်သည်။ ပဉ္စလှည့်ဆန်သော အထူးပြုလုပ်ချက် ကမ္ဘာထဲတွင် မိုင်ထောင်ချီ ဝေးပစေဦးတော့ တဦးနှင့် တဦး ကျောချင်းကပ်ထားနိုင်သည်၊ ရင်ချင်းအပ်ထားနိုင်သည်။ ကိုယ့်စိတ်ကြိုက် ကမ္ဘာငယ်လေး တည်ဆောက်ထားနိုင်သည်။
( ငြိမ်းချမ်းငြိမ်း)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...