Monday, October 17, 2011

ဒီမိုကရေစီ လေ့လာရေးစာစဉ် အခန်း(၃) အပိုင်း(၆)


ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့်အညီ အုပ်ချုပ်ခြင်း
(Constitutionalism)

          နိုင်ငံဖွဲ့စည်အုပ်ချုပ်ပုံ အခြေခံဥပဒေ၏တည်ငြိမ်မှုနှင့် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် တည်ငြိမ်မှုသည် ဆက်စပ်မှုရှိသကဲ့သို့ အစိုးရ၏ လုပ်ပိုင်ခွင့်အာဏာ ထိန်းချုပ်ရေးတွင်လည်း  လိုအပ်ချက်တရပ်ဖြစ်သည်။ အစိုးရအာဏာပိုင်များ အားလုံးသည် အခြေခံဥပဒေအရခွင့်ပြုသော ကိစ္စရပ်များကို မည်သို့သော အကြောင်းပြချက်မျိုးနှင့်မျှ ပြုလုပ်ခွင့်မရှိပေ။ အခြေခံဥပဒေက အစိုးရအာဏာပိုင်များ၏ အထက်၌ ရှိခြင်းဖြစ်သည်။ အချုပ်အခြာအာဏာပိုင် လွတ်လပ်သော နိုင်ငံတိုင်းတွင် နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ၌ ဥပဒေများရှိကြသည်။ အခြေခံ ဥပဒေဟု ပြောလိုက်လျှင် အလိုအလျောက် သဘောပေါက်ပြီး ဖြစ်သည့် အချက်မှာ ထိုဥပ်ဒေထဲတွင် အစိုးရအာဏာပိုင်များ၏ လုပ်ပိုင်ခွင့် တာဝန်ရခံမှု၊ အစိုးရဌာနကြီးများ ဖွဲ့စည်းထားမှုနှင့် ၄င်းတို့ အချင်းချင်း အကြားဆက်သွယ်မှု၊ နိုင်ငံတခုလုံး အတိုင်းအတာနှင့် ပတ်သက်သော အာဏာခွဲဝေရေးနှင့် ကျင့်သုံး၊ နိုင်ငံသားများ၏ လွတ်လပ်မှုအခွင့်အရေးများဆိုင်ရာ ပြဌာန်းချက်စသော ပြဌာန်းချက်များ ပါဝင်နေကြောင်းပင်ဖြစ်သည်။
ထို့ပြင်အခြေခံဥပဒေသည် အစိုးရအာဏာပိုင်များနှင့် ပြည်သူတဦးချင်းစီကြား ဆက်ဆံရေး အတွက် အရေးကြီးဆုံးသော အခွင့်အရေးနှင့် တာဝန်ကို ပြဌာန်းပေးသည့် ဥပဒေဖြစ်သည် ဆိုသော အချက်ကို လည်း မေ့ထား၍မရပေ။ ထိုမျှ အရေးကြီးသော အခြေခံဥပဒေတရပ်သည် သက်ဆိုင်ရာနိုင်ငံတွင် အခြေခံဥပဒေနှင့် အညီ အစိုးရအာဏာပိုင်များရော ပြည်သူများပါ နေထိုင်မှ အဓိပ္ပါယ်ရှိသော အခြေခံဥပဒေ ဖြစ်လာပေမည်။ ဒီမိုကရေစီ နိုင်ငံရေးစနစ်ကို အထောက်အကူပြုသော အခြေခံ ဥပဒေ ဖြစ်လာပေမည်။
          နိုင်ငံတခု၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို နိုင်ငံသားအများစု သို့မဟုတ် ပြည်သူ့ကိုယ်စားလှယ် အများစု၏ ဆန္ဒဖြင့် အတည်ပြုထားခြင်းဖြစ်ရာ လူတစုက အခြေခံဥပဒေကို အလွဲသုံးစားပြုကာ အာဏာ လက်ဝါးကြီးအုပ်ဖိုံ မဖြစ်သင့်ပေ။ အချို့နိုင်ငံများတွင် အစိုးရအာဏာပိုင်များသည် ၄င်းတို့၏ လုပ်ပိုင်ခွင့်ကို ကျော်လွန်အသုံးပြုကာ လိုက်နာစောင့်ထိန်းရမည့် ကိစ္စများနှင့် တာဝန်ခံမှုများတွင် ပျက်ကွက်နေကြသည်။ အစိုးရအာဏာပိုင်များ၏ ပျက်ကွက်မှုသည် ပြည်သူလူထုကြီးအတွက် ကြီးမားသော အခွင့်အရေးဆုံးရှုံးမှုကြီး ဖြစ်လာပါသည်။ အစိုးရအာဏာပိုင်များသည် အခြေခံဥပဒေဘောင်အတွင်းက ၄င်းတို့အာဏာရရှိရေးကို ပုံသဏ္ဌာန်အရ လုပ်ယူတတ်ကြပါသည်။ ထိုသို့သော အစိုးရများမှာ ၄င်းတို့အာဏာရရှိမှုသည် အခြေခံဥပဒေဘောင်အတွင်းက ရလာသဖြင့် တရာဝင်အစိုးရများဖြစ်ကြောင်း လိမ်လည်ဝါဒဖြန့်မှုမျိုးလည်း ရှိတတ်ပါသည်။ ဘာသာရေး အကြောင်းပြချက်ကြောင့်ဖြစ်စေ၊ နိုင်ငံအကြောင်း ပြချက်ကြောင့်ဖြစ်စေ၊ တပါတီစနစ်ကို ထူထောင်ကျင့်သုံးသော နိုင်ငံများနှင့် ကွန်မြူနစ်ပါတီများ အာဏာရနေသော နိုင်ငံများတွင် တွေ့ရတတ်သော ထိုအခြေအနေများကို နိုင်ငံရေးသိပ္ပံပညာရှင်များနှင့် ဥပဒေပညာရှင်များက အခြေခံဥပဒေနှင့် မညီညွတ်သော အုပ်ချုပ်ခြင်း (Unconstitutionalism) ဟု ခေါ်ကြသည်။
          အခြေခံဥပဒေနှင့် မညီညွတ်သော အုပ်ချုပ်ခြင်းဟု၍ ဆန့်ကျင်ဘက်ဖြစ်သည့် အခြေခံဥပဒေနှင့် ညီညွတ်သော အုပ်ချုပ်ခြင်းဖြင့် ဒီမိုကရေစီနိုင်ငံရေးစနစ် ခိုင်မာရေးအတွက် အစိုးရအာဏာပိုင်များ၏ လုပ်ပိုင်ခွင့်ကို ကန့်သတ်ရန်နှင့် ပြည်သူတို့၏ လွတ်လပ်ခွင့်ကို ကာကွယ်ရန်အာဏာပိုင်များ၏ လုပ်ပိုင်ခွင့်ကို ကာကွယ်ရန် လိုအပ်ပေသည်။ အခြေခံဥပဒေနှင့် ညီညွတ်သော အုပ်ချုပ်ခြင်းစနစ်အရ အစိုးရ အာဏာပိုင်များသည် ၄င်းတို့ လုပ်ပိုင်ခွင့်ရှိကြောင်း အခြေံဥပဒေက သတ်မှတ် ပြဌာန်းပေးသည်ထက် ပို၍ လုပ်ပိုင်ခွင့်မရှိပေ။ အကယ်၍ အခြေခံဥပဒေက ခွင့်မပြုသော သို့မဟုတ် ဥပဒေနှင့် မညီညွတ်သော ကိစ္စရပ်တခုကို ဆောင်ရွက်ပါက အရေးယူခံရသည်အထိ ရှိပါသည်။ အခြားတဖက်တွင်လည်း နိုင်ငံသားများအနေဖြင့် အခြေခံဥပဒေအရ အာမခံထားသော အခြေခံ အခွင့်အရေး လွတ်လပ်မှု အခွင့်အရေး တရပ်ရပ် ဆုံးရှုံးနစ်နာပါက အစိုးရ အာဏာပိုင်များထံ အရေးဆိုပိုင်ခွင့်ရှိသည်။ ထိုအခွင့်အရေးကို အခြေခံဥပဒေအရ အရေးဆိုကုစားပိုင်ခွင့် (Constitutional Remedy) ဟု ခေါ်သည်။

          ဒီမိုကရေစီ နိုင်ငံရေးစနစ် ခိုင်မာရေးနှင့် အခြေခံဥပဒေနှင့်အညီ အုပ်ချုပ်ခြင်းတို့သည် အပြန်အလှန် မှီတည်ဖြစ်ပေါ်နေရာတွင် တရာစီရင်ရေး မဏ္ဍိုင်၏ အာဏာသည်လည်း လွတ်လပ်၍ ခိုင်မာမှုရှိရန် လိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဥပဒေပုဒ်မအတိုင်းသည် အဓိပ္ပါယ်ဖွင့်ဆိုသူများ၏ ဆွဲယူနေ ဆန္ဒကြောင့် အချိန်မရွေး အမှားအမှန် ငြင်းခန်ရသော ပြဿနာပေါ်တတ်သည်။ အထူးသဖြင့် ထိုပြဿနာမျိုးသည် အစိုးရအာဏာပိုင်များနှင့် ပို၍ ပတ်သက်ပါသည်။ အခြေခံဥပဒေနှင့် ပတ်သက်၍ အမှားအမှန် အငြင်းအခုံပေါ်ပေါက်လာပါက နောက်ဆုံးအဖြတ်ကို ထိုနိုင်ငံ၏ အမြင့်ဆုံးတရားရုံးက ချမှတ်ရပါသည်။ ဥပမာ- အမေရိကန် ပြည်ထောင်စုနှင့် ပြည်ထောင်စုသမတ ဂျာမဏီနိုင်ငံများ၏ တရားရုံးများသည် ထိုသို့သော အငြင်းပွားမှုပေါင်းများစွာကို ဆုံးဖြတ်သည်။
          ထိုသို့တရားစီရင်ရေး မဏ္ဍိုင်မှာ အာဏာရှိခြင်းကြောင့် အစိုးရအာဏာပိုင်များက လုပ်ချင်ရာလုပ်ပြီး အခြေခံဥပဒေကို လက်တလုံးခြား ရှောင်ရှားဖို့ ကျိုးစားခြင်းမျိုးမှ ကာကွယ် နိုင်ပါသည်။ ထို့ကြောင့် တရားစီရင်ရေး မဏ္ဍိုင်သည်အခြားသော အစိုးရဌာနများ၏ လွှမ်းမိုးခြင်းမှ ကင်းလွတ်ရန်လိုပါသည်။ တရားသူကြီးများအနေဖြင့် အမှန်တရားအတွက် မည်သူ့ကို မျှငဲ့ကွက်နေစရာမလိုဘဲ ၄င်းတို့အာဏာကို လွတ်လွတ်လပ်လပ် ကျင့်သုံးခွင့်ရနေရန် လိုအပ်ပါသည်။ ထိုတရားသူကြီးများသည် အသက်အရွယ်၊ ဥာဏ်ပညာ၊ ဆင်ခြင်တုံးတရား၊ ကိုယ်ကျင့်သိက္ခာအရာတွင် သင့်မြတ်ရန်လိုအပ်ပါသည်။ ထို့ကြောင့် တရားသူကြီးများကို ရွေးချယ်ခြင်းထက် အရည်အချင်း သင့်မြတ်သူများကို ခန့််အပ်ပြီး ရာသက်ပန် တာဝန်ထမ်းဆောင် စေပါသည်။

အခြေခံဥပဒေနှင့် မညီညွတ်သော အုပ်ချုပ်ခြင်းစနစ်ရှိသည့် နိုင်ငံများတွင်လည်း စာရွက်ပေါ်တွင် ရေးသားထားသော အခြေခံဥပဒေတွင်မှု ပြည်သူတို့၏ လွတ်လပ်မှုအခွင့်အရေးကို အကောင်းဆုံး ဖော်ပြထားတတ်သည်။ အခြေခံဥပဒေ ၏ အခြားတနေရာတွင်မှု ထိုလွတ်လပ်မှု အခွင့်အရေးများနှင့် ဆန့်ကျင်ဘက်ဖြစ်မည့် အစိုးရအာဏာပိုင်များ၏ အာဏာကျင့်သုံးမှု အကြောင်းကို ပြဌာန်းထားတတ်ပါသည်။ လက်တွေ့ကျင့်သုံးသော အခါတွင် အစိုးရအာဏာပိုင်များ၏ အာဏာကျင့်သုံးမှု အကြောင်းကို ပြဌာန်းထားတတ် ပါသည်။ လက်တွေ့ကျင့်သုံးသော အခါတွင် အစိုးရအာဏာပိုင်များ၏ အာဏာကျင့်သုံးရေကိုသာ ဦးတည်သွားတတ်လေသဖြင့် ပြည်သူများ၏ လွတ်လပ်မှု အခွင့်အရေးများမှာ အဓိပ္ပါယ်မဲ့သွားရလေသည်။ ယခင် ဆိုဗီယက် ပြည်ထောင်စုဟောင်း၏ အခြေခံဥပဒေ ပုဒ်မ(၂) တွင် နိုင်ငံတော်အာဏာသည် ပြည်သူများထံတွင် တည်ရှိကြောင်း ပြဌာန်းထားသော်လည်း ပုဒ်မ (၆)တွင်မှု ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုအကြောင်းကို ပြဌာန်းထားသည်။ တကယ်လက်တွေ့ ကျင်းသုံးသောအခါ ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုအောက်တွင် ဆိုဗီယက်ပြည်သူများ၏ လွတ်လပ်မှုအခွင့်အရေးများမှာ မေးခွန်းထုတ်စရာ ဖြစ်လာပါသည်။ ထို့အတူပင်မြန်မာနိုင်ငံတွင်လည်း ကြုံတွေ့ခဲ့ရပါသည်။ ၁၉၇၄ ခုနှစ် အခြေခံဥပဒေ အောက်တွင် နိုင်ငံသားများ၏ လွတ်လပ်မှု အခွင့်အရေးများစွာကို ဖော်ပြထားပါသည်။ နောက်ဆုံး ထောက်ခံထားသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးကို သက်ဆိုင်ရာ မဲဆန္ဒနယ်က ထောက်ခံခြင်း မပြုတော့လျှင် ရာထူးမှ နုတ်ထွက်ပေးရသည်။ သို့ရာတွင် အခြေခံဥပဒေ ပုဒ်မ (၁၁) အရ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ တပါတီဦးဆောင်မှု စနစ်အောက်တွင် မြန်မာပြည်သူများ၏ အခွင့်အရေးမှာ လုံးဝ ပျောက်ကွယ်နေခဲ့သည်။

အခြေခံဥပဒေနှင့် အညီ အုပ်ချုပ်ခြင်းစနစ်ရှိသည့် နိုင်ငံများတွင် အစိုးရအာဏာပိုင်များ အနေဖြင့် အာဏာအလွဲသုံးမှု ဖြစ်ပါက ဥပဒေနှင့်အညီ အရေးယူခံရမည်ဖြစ်သည်။ ၁၉၇၂-၇၃ ခုနှစ်က အမေရိကန် ပြည်ထောင်စုတွင် ဖြစ်ပေါ်ခဲ့သော ၀ါတာဂိတ် (Water Gate) အရေးအခင်း စီရင်ဆုံးဖြတ်မှုမှာ ထင်ရှားသော သာဓကတခု ဖြစ်ပါသည်။ သမတ နစ်ဆင်သည် ရီပါဘလစ်ကန် ပါတီမှဖြစ်ပြီး သူ့နှင့်ပြိုင်ဘက် ဒီမိုကရက်တပါတီ၏ သမတရွေးချယ်တင်မြှောက်ပွဲ မဲဆွယ်စည်းရုံးမှုနည်း ပရိယာယ်ကို ၀ါတာဂိတ်ဟိုတယ်တွင် ဖွင့်လှယ်ထာသော ဒီမိုကရက်တစ်ရုံခန်းကို  သမတနစ်ဆင်၏ လူများ ဖောက်ထွင်းဝင်ရောက်ကာ ခိုးယူကြည့်ရှုခဲ့သည်။ နစ်ဆင်သည် ထိုအချိန်က သမတဖြစ်ပြီး ဒုတိယအကြိမ် သတ်တမ်းအတွင်  ထပ်မံယှဉ်ပြိုင် အရွေးခံမည့် ရီပါဘရစ်ကန်၏ သမတလောင်းလည်းဖြစ်သည်။
ထိုအမှုကိစ္စကြောင့် သမတနစ်ဆင်အား အရေးယူရန် ကွန်ဂရစ်၏ လွှတ်တော်နှစ်ရပ်စလုံးက ဆုံးဖြတ်ပြီး တရားလွှတ်တော်ချုပ် (Supreme Court) တွင် ကြားနားစစ်ဆေးမှု ပြုလုပ်ပြီးနောက်တွင် သမတနစ်ဆင်ကို တာဝန်မှ ဖယ်ရှားခဲ့သည်။ ဤသို့ သမတတဦးအား အရေးယူနိုင်ခြင်းကို ကြည့်လျှင် အစိုးရအာဏာပိုင်အားလုံးသည် နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဘောင်အတွင်း၌သာ အာဏာများ ကျင့်သုံးပိုင်ခွင့်ရှိပြီး ၄င်းတို့ အားလုံးသည်လည်း အခြေခံဥပဒေအောက်၌သာ ရှိနေသည်ဆိုသည့် အချက်ကို တွေ့ရသည်။ ၀ါတာဂိတ် အရေးအခင်းကို အဆုံးဖြတ်ပေးသကဲ့သို့ပင် အမေရိကန်ပြည်ထောင်စုတွင် အခြေခံဥပဒေနှင့် ပတ်သက်၍ အငြင်းပွားမှုပေါင်း မြောက်များစွာကို တရားလွှတ်တော်ချုပ်က ဆုံးဖြတပေးခဲ့ပြီး ဖြစ်သည်။ ပြည်ထောင်စုသမတ ဂျာမဏီနိုင်ငံ အပါအ၀င် အခြားသော လစ်ဘရယ်ဒီမိုကရေစီ နိုင်ငံများတွင် အမေရိကန်ကဲ့သို့ပင် လွတ်လပ်သော တရားစီရင်းရေး မဏ္ဍိုင်ကို တည်ထောင်ထားကြသည်။

ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် ခိုင်မာရေးအတွက် အစိုးရအာဏာ ကန့်သတ်ရေးတွင် နိုင်ငံဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေနှင့်အညီ အုပ်ချုပ်ရေးစနစ်ရှိရန် အထူးပင် လိုအပ်ပေသည်။ နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့်အညီ အုပ်ချုပ်ခြင်းစနစ်ဖြစ်ရန်အစိုးရအာဏာပိုင် အားလုံးသည် အခြေခံဥပဒေနှင့် အောက်၌သာ ရှိရမည်။ ထို့ပြင် တရားစီရင်ရေး မဏ္ဍိုင်၏ လွတ်လပ်မှုကို မည်သူကမျှ ထိန်ချုပ်မှု၊ လွှမ်းမိုးမှု မပြုနိုင်ပါကမှ ထိုစနစ် အောင်မြင်ထိရောက်ပေလိမ့်မည်။

ဆက်လက်ဖေါ်ပြသွားပါမည်။
ABSDF မှထုတ်ဝေသော ဒီမိုကရေစီ လေ့လာရေးစာစဉ်မှ ကူးယူဖေါ်ပြပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...