Monday, October 17, 2011

ထမံသီ စီမံကိန်းနှင့် ဂေဟစနစ်အကြောင်း စကားစမြည်

by Network For Green Myanmar on Tuesday, October 18, 2011 at 10:38am
 


 ဒီမနက် အိပ်ယာထ ကြည်ကြည်လင်လင် ရှိလှသည်။ ညက သောက်ဖြစ်တဲ့ ၀ီစကီအမျိုးအစားက သိပ်မဆိုးလှ။ အိပ်ယာက နိုးနိုးခြင်း ဟိုလူတွေစကားနဲ့  Facebook လို့ ခေါ်တဲ့ မုခစာအုပ်ကို ဖွင့်ကြည့် မိသည်။ ဖွင့်လျှင်ဖွင့်ခြင်း သူငယ်ချင်း တစ်ယောက်က နှုတ်ဆက်စကားဆိုသည်။

“သမ္မတကြီးက အိန္ဒိယမှာ ထမံသီရေအားလျှပ်စစ် စီမံကိန်းကို ဆက်လုပ်ဖို့ ဆွေးနွေးခဲ့တယ်တဲ့၊ အဲဒါ မင်းဘယ်လို သဘောရသလဲ”  သူက ဆိုင်းမဆင့် ဗုံမဆင့် ကောက်ကာငင်ကာ မေးလာ၏။ ကျွန်တော် တချက် တွေဝေမိသွား သည်။

ထမံသီ ရေအားလျှပ်စစ် စီမံကိန်းမှာ ကျွန်တော့်အတွက်တော့ အသစ်အဆန်း သတင်း မဟုတ်တော့။ ဌာနမှာ အလုပ်စ ၀င်ဝင်ခြင်းကပင် ကြားဖူးနားဝ ရှိခဲ့သည်။ ရေအားလျှပ်စစ်အတွက် ပတ်ဝန်းကျင် ထိခိုက်မှု လေ့လာဆန်းစစ်ချက် အစီရင်ခံစာ (Environmental Impact Assessment) စာတမ်းကို နှစ်ခါလောက် လှန်လှောကြည့်မိ ခဲ့ဖူးသည်။ ထိုစဉ်က အရမ်းစိတ်မ၀င်စားခဲ့သဖြင့် သေသေချာချာ မဖတ်မိခဲ့တာတော့ သေချာပါသည်။
“အေး.. ထမံသီ EIA Report တော့ တစ်ခေါက် နှစ်ခေါက် လှန်ကြည့်မိဘူးတယ်။ အဲဒီတုန်းကလည်း ဘယ် တိရိစ္ဆာန်တွေ ရှိလည်း သိချင်လို့ ကြည့်မိလိုက်မိတာ။ ဘယ်လို Methodology နဲ့ ဆောင်ရွက်ထားတာလဲတောင် သေချာ မကြည့်မိပါဘူး ကွာ။ အခုကိစ္စကလည်း ဘာမှသေချာမသိဘဲနဲ့ ငါ ဘယ်လို သဘောထား မှတ်ချက်မှ မပေးနိုင်သေးဘူး သူငယ်ချင်း။ “ သူ့ အမေးကို ကျွန်တော် ဝေ့လည်ကြောင်ပတ်နှင့် ငြင်းလိုက်မိသည်။



“တခါတလေမှာ ငါတို့လို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားလို့ ခံယူထားတဲ့သူတွေ အနေနဲ့လည်း နဲနဲတော့ ဆင်ခြင်ရတယ်ကွ။ ” ဟု ကျွန်တော်က စကားကို ဆက် ၍ ဆိုလိုက်သည်။
“အေး ဟုတ်လား။ ဘယ်လို ဆင်ခြင်ရတာလဲ” ကျွန်တော့၏ စကားအား ဆက်ပြောလာစေရန် သူ က မေးခွန်း မေးပြီး  စကားစ ထောက်ပေးသည်။
ကျွန်တော်က “ ဒီလိုကွ၊ အခု လက်ရှိ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ ဆိုတာကလည်း အနည်းနှင့်အများ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်ကြတာကြည့်ပဲ။ အဲဒီတော့ အားလုံးကို ငါတို့က လိုက်ကန့်ကွက်နေရင် ဘယ်ဖြစ် မှာလဲ။ သူ့ရဲ့ ဆိုးကျိုးက ဘယ်လောက်အတိုင်းအတာ ရှိမယ်။ ဘယ်လောက်အထိ ပြန်ခံရမယ်။ နောက် ဘယ်လို နည်းနဲ့ လျော့နည်း အောင် လုပ်လို့ရမယ်။ တခြား နည်းလမ်းတွေ ဘယ်လောက်ရှိတယ်။ အဲဒါတွေကို သိမှ လက်ခံနိုင်စရာ ရှိရင် လက်ခံ။ လက်မခံနိုင်ရင်တော့ ကန့်ကွက်။ ဒီလိုမျိုးသွားရတာလေကွာ။ “
ကျွန်တော်က ဆရာကြီး လေသံဖြင့် သူ့ကို နောက်တောက်တောက် ပြောလိုက်တော့ သူလိုက်ရယ်လေသည်။

ကျွန်တော်က ဆက်၍ “ ငါ့ ပါမောက္ခ တစ်ယောက်က ပြောဘူးတယ်။ ငါတို့ သဘာဝ ပတ်ဝန်းကျင် သမားဆိုတာ တခြားကဏ္ဍ အားလုံးနဲ့ ရန်သူဖြစ်နေတယ် တဲ့။ မင်းစဉ်းစားကြည့်လေကွာ။ လျှပ်စစ် ထုတ်တဲ့ နည်းလမ်း တော်တော်များများက သဘာဝ ပတ်ဝန်းကျင် မထိခိုက်တာ တော်တော်ရှားတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှု၊ ဇီဝနည်းပညာ အဲဒါတွေကရော ပတ်ဝန်းကျင် ထိခိုက်မှု မရှိလို့လား။ နောက်ဆုံး ကုန်ကုန်ပြောရရင် ငါတို့ သစ်တော ကဏ္ဍ မှာ တောင် သစ်ထုတ်တာ က ဘယ်လို။ သစ်မျိုး တစ်မျိုးတည်း စိုက်တာက ဘယ်၍။ နောက် ဒေသတွင်းမျိုးရင်းမှ မဟုတ်ရင် ဘာဖြစ်တယ်။ ဘယ်နေရာမှ မလွတ်ဘူး ငါ့ကောင်ရေ။ နောက်ဆို “သဘာဝ ပတ်ဝန်းကျင်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ် ခြေမှုန်းကြ” တွေ ဘာတွေ ဖြစ်လာနိုင်တယ်။ နဲနဲတော့ ဆင်ဆင်ခြင်ခြင် ကန့်ကွက် ထားမှ ကွ” လို့  ဆိုတော့ သူ အတောမသတ်အောင် ရယ်သည်။

“ မင်းပြောတာလည်း ဟုတ်သားပဲကွ” သူက ဆက်ပြောသည်။ “ငါလည်း စဉ်းစားမိတယ်။ မြစ်ဆုံကတော့ ဧရာဝတီရဲ့ ပြသနာ ဖြစ်နေတော့ သဘာဝ ပတ်ဝန်းကျင် ပြသနာအတွက်သာ မဟုတ်ဘဲ အမျိုးသား ရေး ပြသနာလိုကို ဖြစ်နေ တော့တာ လေ။ ဘာတဲ့..။ ဟို သီချင်းရေးတဲ့ ကိုမြင့်မိုးအောင် က ပြောသေးတယ်။ သူက အချက်အလက်တွေ မသိပါဘူး တဲ့၊ မကြိုက်တာဟာ ရင်ထဲက လာတာ ဖြစ်လို့ ကန့်ကွက်တာပါတဲ့။”
“အေး ငါလည်း အဲဒီစကားကို အရမ်းသဘောကျတာ။ မင်းသိတဲ့အတိုင်း ငါတို့က သူ့စကားလုံးတွေနဲ့ ရူးခဲ့တာဆိုတော့ ဟို ဒေါက်တာသန်းထွဋ်အောင် တို့ အချက်အလက် ခိုင်ခိုင်မာမာနဲ့ ပြောတာတွေကို အဲဒီလောက် မဟုတ်ဘူး၊ သူ့စကား တစ်လုံးနဲ့တင် ငါလည်း မစဉ်းစားတော့ဘဲ ကန့်ကွက်ခဲ့တာကွ”
သူ့စကားကို အဆုံးသတ် မခံဘဲ ကျွန်တော်က အားရပါးရ ၀င်ပြောလိုက်သည်။
“ဒါနဲ့ စကားစ ပြန်ကောက်ရအောင်။ ထမံသီ စီမံကိန်း ဖြစ်လာရင် ဘယ်လို ဆိုးကျိုးတွေ ရှိလာနိုင်တယ် လို့ မင်းထင်သလဲ” သူက သူ့ မူရင်းစကားဝိုင်း ကို ပြန်စသည်။
“ သေချာတော့ မပြောနိုင်ဘူးကွ။ မင်းသိတဲ့အတိုင်း မြစ်ချောင်းတွေမှာ ဆည်ဆောက်ရင်တော့ အနည်းနဲ့ အများ ဆိုးကျိုးတော့ ရှိတာပေါ့။ ငါ က သားငှက်ထိန်းသိမ်းရေး က ဆိုတော့ ငါ့ ကဏ္ဍ က ပဲ ပြောကြည့်မယ်။”
ကျွန်တော်က သူ့အမေးကို စပြီး ဖြေဖို့ ကြိုးစားလိုက်သည်။



“ ငါသေချာသိတာကတော့ ထမံသီ စီမံကိန်းက တို့ ထမံသီ တောရိုင်းတိရိစ္ဆာန် ဘေးမဲ့တော ဧရိယာရဲ့ တစ်ဝက် လောက် ပါမှာကွ။ ထမံသီ ဘေးမဲ့တော ဆိုတာကလည်း မြန်မာနိုင်ငံမှာ ကျား တွေ နေထိုင် ကျက်စားတဲ့ ရှားရှားပါးပါး နေရာတွေထဲက တစ်ခုဖြစ်တယ်လေ။ နောက် မှတ်တမ်း မတင်ရသေးပေမယ့် ရှားပါး ကြံ့ မျိုးစိတ်တွေ လည်း ရှိတယ်ကွ။ ကြံ့တွေရှိနေသေးတဲ့ နောက်ဆုံးနေရာ တစ်ခုလို့တောင် ပြောနိုင်တယ်။ “

“ ဟုတ်လား၊ ကြံ့တွေ က ဘယ်လောက်ရှိသေးတာလဲ။” ကျွန်တော့စကားကို သူက ဖြတ်၍ မေးသည်။
“ ငါတို့မှ ကြံ့ ကို သေချာလေ့လာထားတာတော့ မရှိသေးဘူးကွ။ နောက်ပြီး ငါလည်း ရုံးမှာ မဟုတ်တော့ အစီရင်ခံစာ တွေ ပြန်မဖတ်နိုင်ဘူး သူငယ်ချင်း။ ကြံ့တွေတင် မဟုတ်ဘူး နောက် တောဆင်ရိုင်းတွေလည်း ရှိသေးတယ်ကွ။ တောဆင်ရိုင်းနဲ့တော့ ငါတို့မှ သုတေသန လုပ်ထားတာရှိတယ်။ မင်း သိချင်ရင်တော့ ငါ ရုံးကို လှမ်းပြီး စုံစမ်းပေးလို့ရတယ်၊”

“ ဟုတ်လား။ အေး ငါစိတ်ဝင်စားတယ်။ မင်းနောက်မှ စုံစမ်းပြီးပြောပြ။ တခြား ဘာကောင်တွေ ရှိသေး တာလဲ။” စိတ်ဝင်စားမှု အပြည့်ဖြင့် သူက ဆက်၍ မေးသည်။
“ ရှိသေးတာပေါ့ကွာ။ ရှားပါးစာရင်းဝင် မဟုတ်ပေမဲ့ တခြား ဂေဟ စနစ်အတွက် အရေးပါတဲ့ တိရစ္ဆာန် မျိုးစိတ်တွေ အများကြီးပဲကွ။ အဲ… ခဏနေအုံး။ အဲဒီမှာ ကမ္ဘာ့ ရှားပါး စာရင်းဝင် ငှက်မျိုး နှစ်မျိုးရှိတယ်။ ဒေသအခေါ် ကြိုးခွေ လို့ ခေါ်တဲ့ တောဘဲမန်ဒါလီ (White-winged Duck) နဲ့ ရေဗလုံ ငှက် လို့ခေါ်တဲ့ (Masked Finfoot) ဆိုတဲ့ ငှက်မျိုးစိတ် တွေ ရှိတယ်ကွ။ သူတို့က IUCN ရဲ့ မျိုးသုဉ်းမှုအန္တရယ်နဲ့ ကြုံတွေနေမှု (Endangered List) စာရင်း ၀င်ငှက်တွေ နော် ကိုယ့် လူရ။ နောက် ပြီး အရေးကြီးတာ ရှိသေးတယ်။ Burmese roofed turtle (Batagur trivittata) လို့ ခေါ်တဲ့ မြန်မာ့ တိုက်လိပ် မျိုးတွေ အဓိက ကျက်စားတဲ့ နေရာတစ်ခုပေါ့ကွာ။ အဲဒီတိုက်လိပ်က ငါတို့ မြန်မာနိုင်ငံမှာပဲရှိတာ။ ငါတို့ သိပ္ပံအခေါ် (Endemic species) တစ်ခုပေါ့ကွာ။ မျိုးသုန်း လုနီးပါးကို ဖြစ်သွားတာကွ။ အခုမှ သားငှက်ထိန်းသိမ်းရေး အဖွဲ့ (WCS) က စီမံကိန်းတစ်ခုနဲ့ ပြန်ပြီး ထိန်းသိမ်း မွေးမြူနေရတယ်။”
“ဟုတ်လား၊ ငါတို့ နိုင်ငံမှာပဲ ရှိတာဆိုတော့ ဂုဏ်ယူစရာပေါ့ကွာ…နော်။ ငါတောင် လိပ်ကလေးတွေကို သနားလာပြီ။” ၀မ်းနည်းတဲ့ လေသံနဲ့ ကျွန်တော့ သူငယ်ချင်း က တီးတိုးဆိုလာသည်။
“အေး… ဟုတ်တယ်။ ငါတို့ မြန်မာနိုင်ငံမှာပဲ ရှိတဲ့ မျိုးစိတ်တွေ တော်တော်များတယ်ကွ။ ဒါပေမယ့် အများစုကတော့ ရှားပါး လာကုန်ပြီ။ မင်းတို့သိတဲ့အတိုင်း ပေါက်ဖော်ကြီးကလည်း အကောင်ဆို ဘာကောင်ဖြစ်ဖြစ် လာထားပဲ။ ဟို ဌာနထဲတွေက ဟိုလူက အကောင် ဒီလူက အကောင် လို့ သုံးနေတာကိုတောင် တစွန်းတစ ကြားသွားပြီး ၀ယ်မလို့ စီစဉ်နေတယ် ဆိုပဲ။ ငါလည်း အဲဒီအကောင်တွေ ထုတ်ရောင်းချင်နေတာ ကြာပြီဆိုတော့ ဆက်သွယ်လိုက်ဦးမှလား မသိဘူး။” ဟု ကျွန်တော်က ဟာသ နှောလိုက်တော့ သူငယ်ချင်းမှာ အူမတက်ရုံ တမယ် ရယ် လို့နေသည်။
အဲဒီနောက် သူက “မင်းကသာ မင်းအကောင်လေးတွေကို တယုတယ ပြောနေတယ်၊ ဟို လူကြီးတွေက မင်းအကောင် တွေကို စိတ်ဝင်စားပါ့မလား။”
“ဒါကတော့ သူတို့က သိမှ မသိတာကိုး။ သိအောင်ပြောဖို့ကလည်း ငါတို့ တာဝန်ပဲလေကွာ။ တကယ်တော့ သူတို့ မှ မဟုတ်ပါဘူး။ ငါတို့ သစ်တောဌာနမှာတောင် တချို့က အကောင်လေးတွေကို စိတ်ဝင်စားကြတာ မဟုတ်ဘူး။ သိပ်အရေးမပါပါဘူးကွာ လို့ ပဲ ထင်နေကြတာ။ တကယ်တော့ ဒီအကောင်လေးတွေက ငါတို့အတွက် အသက်နဲ့ ယှဉ်ပြီး အရေးကြီးတယ် ကိုယ့်လူရေ…" ကျွန်တော် က စကားကို ခဏ ရပ်လိုက်သည်။
“ဟုတ်လား။ ဘယ်လို အရေးကြီးတာလဲ။ ငါကတော့ ချစ်စရာကောင်းတာရယ် ဗုဒ္ဓဘာသာ ပီပီ တိရိစ္ဆာန်လေးတွေကို ဘေးဒုက္ခ မရောက်စေချင်တာပဲ သိတယ်ကွ။ တခြား သိပ္ပံနည်းကျ အကြောင်းအရင်းတွေကိုတော့ သိပ်မသိဘူး။ ဆက်ရှင်းပါအုံး သူငယ်ချင်းရာ။ အချိန်ရတယ် မဟုတ်လား။”
ကျွန်တော့ သူငယ်ချင်း၏ စိတ်ဝင်စားမှု တဖြည်းဖြည်း မြင့်လာတာကို ကြည့်ရင်း ပီတိဖြစ်လာမသည်။ ကျွန်တော်က လည်း ဒါမျိုးပြောရမယ်ဆို ထမင်းမစား (အရည်တော့ သောက်သည်) ပဲ ပြောချင်တဲ့သူ။ ဒါနဲ့ သူ့အမေးကို ဆက်ပြီး တော့…
“ဒီလိုရှိတယ်ကွ။ ဂေဟစနစ်မှာ၊ ငါတို့အခေါ် Ecosystem မှာပေါ့ကွာ။ အဲဒီမှာ အရေးမကြီးဘူးဆိုတာ မရှိဘူး။ အားလုံးက တန်းတူညီတူ အရေးကြီးကြတာပဲ။ ဥပမာကွာ ဥရောပမှာ ကြည့်။ အထူးသဖြင့် ငါရောက်နေတဲ့ ဂျာမဏီမှာ ဆိုရင် ဟိုး အရင်ကတည်းက အမဲလိုက်တာ အရမ်းခေတ်စားကြတယ်။ ရာသီဥတုက အေးတော့ သူတို့က လှုပ်လှုပ်ရှားရှား နေဖို့ လိုအပ်တာကိုး။ ပြီးတော့လည်း ဒီကောင်တွေက ကမ္ဘာကိုတောင် ချယ်လှယ်သိမ်းပိုက် ခဲ့ကြ သေးတာပဲ။ အဲဒီတော့ အမဲလိုက်တော့လည်း သားစားသတ္တ၀ါတွေကိုမှ ရွေးပြီး လိုက်ကြတာ။ ဒီလိုနဲ့ အသားစား အကောင်တွေ ကုန်ရောလေ။ အဲဒီမှာ ပြသနာ စတော့တာပဲ။ အခု ဒီကောင်တွေမှာ သမင်တွေ က ဒုက္ခ တော်တော် ပေးနေလေရဲ့။ သမင် ကိုစားမယ့် ကျားလည်းမရှိ ကျားသစ်လည်း မရှိ။ သမင်ဆိုတာကလည်း သားပေါက်နှုန်းက ခပ်ကောင်းကောင်းရယ်။ အခုကျတော့ သမင် ထိန်းသိမ်းရေးကို ငွေကုန်ကြေးကျခံပြီး လုပ်နေရပါလေရော။”



ကျွန်တော် ခဏရပ်လိုက်တော့ သူက “အေး…။ မင်းပြောပုံဆို သမင်းမွေးရင်း ကျားစားရင်း ဆိုတဲ့ စကားပုံ တောင် မမှန်တော့ဘူး ပေါ့နော်။”
“အေးလေကွာ။ မင်းပဲ စဉ်းစားကြည့်၊ သူတို့ကတော့ အသားစား သတ္တ၀ါကြီးတွေ မရှိတော့ရင် လူတွေလည်း အေးအေးချမ်းချမ်း နေရမယ်။ နောက် အစားခံ သတ္တ၀ါလေးတွေလည်း စိတ်ချမ်း သာမယ် လို့ ထင်ခဲ့မိမှာပေါ့။ နောက် တစ်ခုရှိသေးတယ်။ မြွေမျိုးစိတ်တွေ ပျက်သုန်းသွားရင် ဘာဖြစ်မယ် ထင်သလဲ”
“အင်း….။ ဘာဖြစ်နိုင်လဲ ဟင်။” ကျွန်တော့ အမေးကို သူက ပြန်မေးသည်။
ကျွန်တော်က ….
“မြွေတွေမရှိတော့ရင် မြွေတွေ စားနေတဲ့ ကြွက်တွေ ပေါလာမျာပေါ့ကွ။ ထိန်းမရသိမ်းမရကို ဖြစ်သွားတော့မှာ။ တလောကတောင် ကြွက်ပြသနာ သတင်းတွေ  ကြားလိုက်ရသေးတယ်။ ဟိုင်းဝေး မှာ ဆိုလား မသိဘူး။”
“ဟုတ်တယ် ကွ။ အမြန်လမ်းမကြီးပေါ်မှာ ကြွက်တွေ အများကြီး တက်လာလို့တဲ့။ ငါ သတင်းတွေ ဖတ်လိုက်ရတယ်။” ကျွန်တော့ စကားကို သူက လှမ်းထောက်သည်။
“အေး…။ အဲဒါ နမူနာပဲ။ တရုတ်က မြွေတွေကို ရသလောက်ဝယ်၊ ငါတို့ဘက်ကလည်း နည်းပညာ တိုးတက်အောင် တော့ မကြိုးစားကြဘူး။ လွယ်လွယ်ပိုက်ဆံရမယ်ဆို ကိုယ့်အသက်တောင် ပဓါနမထားပဲ ဖမ်းရောင်းကြရောလေ။ အဲဒါ အခုတော့ မြွေတွေ မရှိတော့ ကြွက်တွေ ပေါလာပြီလေ။ ကြောင်မရှိ ကြွက်ဆူ၊ မဟုတ်တော့ဘူး၊ မြွေမရှိ ကြွက်ပေါ ဖြစ်နေပြီ။ သတိသာထားနေ ငါတို့ အိမ်တွေပေါ်အထိ တက်လာတော့မယ် သူငယ်ချင်းရေ…။’
ကျွန်တော့ရဲ့ ဟာသလိုလို ခြိမ်းခြောက်တာလိုလို စကားကို ကြားပြီး သူက “မင်းပြောပုံဆိုရင် ကြွက်ထောင်ခြောက် ဈေး ကွက်ကိုတောင် အခုကတည်းက အရယူထားရမလို ဖြစ်နေပြီ…။”
သူ့စကားကို ကျွန်တော် က “မင်းကတော့ ကွာ စီးပွားရေးသမားလို့ ကို မပြောရဘူး၊ ဘယ်လိုဖြစ်ဖြစ် အဲဒီဘက်ကဘဲ တွေးနေတော့တာပါလား။ 
ဒါနဲ့ စောစောက စကားကို ပြန်ဆက်ရအောင်။ ငါ ပြောချင်တာက မျိုးစိတ်တိုင်း မျိုးစိတ်တိုင်းက သူ့ဟာနဲ့ သူတော့ အရေးကြီးတာကြည့်ဘဲ။ ငါတို့က အဲဒါကို Balance ဖြစ်အောင် လုပ်ပေးရမှာ။ ရှားပါးတာတွေကို ထိန်း၊ ပေါလာတာတွေ ကို သုံးပေါ့ကွာ။ အဓိက ကတော့ မျိုးစိတ်တွေ ပျောက်ကွယ် မသွားစေဖို့ပဲ။ အဲဒါကြောင့် ရှားပါးလာနေပြီး ဖြစ်တဲ့ ထမံသီဘေးမဲ့တောက ကျားတွေ၊ ကြံ့တွေ၊ တောဆင်ရိုင်းတွေကို မျိုးသုန်း ပျောက်ကွယ် မသွားအောင် ငါတို့ ဘယ်လို ထိန်းသိမ်းရေး အစီအစဉ်တွေ ထည့်သွင်း အကောင်အထည်ဖော်မလဲ ဆိုတာကိုပဲ အလေးထား စဉ်းစားပေးဖို့ စီမံကိန်း အကောင်အထည်ဖော်မယ့်သူတွေကို ပြောခွင့်ရရင် ပြောချင်တယ် သူငယ်ချင်းရေ…။ ငါလည်း ပြောတာ အချိန်တော်တော်ကြာသွားပြီ၊ အပြင်ခဏ ထွက်လိုက်အုံးမယ်။ ဒီမှာလည်း ရှားပါး မျိုးစိတ် လှလှလေးတွေ လမ်းပေါ်မှာ ရှိတယ်ကွ။ မျိုးမပြုန်းခင် အမိအရ သွားကြည့်ထားလိုက်အုံးမယ်။ နောက်မှ တွေ့မယ် သူငယ်ချင်းရေ….။”
ကျွန်တော့ နှုတ်ဆက် စကားကို “မင်းလည်း အရင် အကျင့်တွေ မပျောက်သေးပါလား။ ဧကန္တ မင်းအကျင့်တွေကို ပါ ပြုန်းတီး ပျောက်ကွယ်မသွားအောင် ထိန်းသိမ်းဖို့ ကြိုးစားနေတယ်နဲ့ တူတယ်။ ကျေးဇူးပါပဲကွာ။ မင်းနဲ့ပြောမိတော့မှ ငါ့မှာလည်း အတွေးစတွေ ပိုပိုလာတော့တယ်။ See you သူငယ်ချင်း..။”
သူငယ်ချင်းကို နှုတ်ဆက်ပြီး ကွန်ပြူတာ ကို ပိတ်ကာ ကျွန်တော် ကျောင်းဖက်သို့ ထွက်လာခဲ့သည်။ စိတ်ထဲမှာတော့ ချစ်စရာကောင်းတဲ့ ကျားပေါက်ကလေးတွေ၊ လိပ်ကလေးတွေ၊ ငှက်ကလေးတွေ၊ တောမျောက်ကလေးတွေ တစီတတန်းပေါ်လာမိနေသည်။ ထို့ အတူ ကျွန်တော့ မျက်စေ့ရှေ့မှာလည်း ချစ်စရာကောင်းတဲ့……..။
၁၆၊ ၁၀၊ ၂၀၁၁။

http://www.foresternotes.co.cc

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...