Monday, October 17, 2011

မောင်ဘဦးသည် သင်္ချာပုစ္ဆာများကို ကူးယူပါရစေ ဟု အကူအညီတောင်းပါသည်

by Kyaw Thu Yein Lwin on Saturday, October 15, 2011 at 11:44am
ကျွန်တော့အိမ်ခေါင်းရင်းမှာ ကျောင်းဆရာမတစ်ယောက်ရှိပါတယ်.. မူလတန်းပြဆရာမ ပါ.. ညနေ ကျောင်းဆင်းပြီဆိုရင် ဆရာမ အိမ်မှာ ကျူရှင်ပြပါတယ်.. အခုမှ ကျောင်းဆင်းလာတဲ့ အဖြူအစိမ်း နဲ့ ကလေးတစ်သိုက်လည်း ညနေ ၆ နာရီ ၇ နာရီလောက်အထိ စာအံကြပါတယ်..

အဲဒီအိမ်မှာ ကျောင်းဆရာမ တစ်ယောက်ရှိတာရယ်.. ညနေဆို ကျူရှင်ပြတာရယ်ကလွဲလို့ ကျွန်တော်က ဘာမှ ထွေထွေထူးထူး မသိသလို စိတ်လည်းမ၀င်စားမိပါဘူး..

အဲဒီညနေကတော့ ကျွန်တော်လည်း အိမ်ကို စောစောပြန်ရောက်အလာ.. ဆရာမ အိမ်အ၀မှာ ကလေးတစ်ယောက်စာကျက်နေတာကို တွေ့ လိုက်ရပါတယ်..
စာကျက်နေတာမှ မျက်စိကိုမှိတ် အံကိုကြိတ်ပြီး တကယ့်ကို အသည်းအသန် လည်ပင်းကြောကြီးတွေထောင်အောင်ကို အော်ကျက်နေတာပါ..

ထပ်ခါထပ်ခါ ရွတ်နေတာကြောင့် ကျွန်တော်တောင် သူကျက်နေတဲ့ စာကို အလွတ်ရသွားတယ်..

`မောင်ဘဦးသည် သင်္ချာပုစ္ဆာများကို ကူးယူပါရစေ ဟု အကူအညီတောင်းပါသည်..´
`မောင်ဘဦးသည် သင်္ချာပုစ္ဆာများကို ကူးယူပါရစေ ဟု အကူအညီတောင်းပါသည်..´
`မောင်ဘဦးသည် သင်္ချာပုစ္ဆာများကို ကူးယူပါရစေ ဟု အကူအညီတောင်းပါသည်..´
ကျွန်တော် အ၀တ်အစားလဲပြီး အိမ်ရှေ့ ခန်းမှာ ခဏထိုင်တဲ့အထိ အဲဒီကလေးရဲ့ အသံက တိတ်မသွားသလို တစ်ခြားကလေးတွေအားလုံးလည်း ကြွက်ကြွက်ဆူအောင် စာအံနေကြတဲ့ အသံတွေ ကိုကြားနေရပါတယ်..
ထုံးစံအတိုင်း ဆရာမရဲ့ ဟဲ့ကောင်လေး ဘာညာ အသံတွေရောပေါ့ဗျာ..
အဲဒီအသံတွေကြားထဲကမှ တစ်သံတည်းလို့ ဆိုရလောက်အောင် ထွက်လာတဲ့အသံကတော့
`မောင်ဘဦးသည် သင်္ချာပုစ္ဆာများကို ကူးယူပါရစေ ဟု အကူအညီတောင်းပါသည်..´ ဆိုတာပါပဲ..
ခဏနေတော့ တရွှမ်းရွှမ်းနဲ့ ကြမ်းကို ကြိမ်နဲ့ ရိုက်သံတွေ အပြီးမှာ ကလေးတွေအားလုံး ညီညီညာညာ နဲ့ ဝိုင်းပြီး စာအံတဲ့အသံထွက်လာပါတယ်..
ဘယ်အတန်းကို သင်နေသလဲ မသိပေမယ့် ပြဌာန်းစာအုပ်ထဲက စာပုဒ်ပဲဖြစ်မှာပါ..

ကျွန်တော်မှတ်မိသလောက် ကတော့
မောင်ဘဦး နဲ့ မောင်မြ(လို့ ထင်ပါတယ်..) ဆိုတဲ့ ကျောင်းသား နှစ်ယောက်ရှိတဲ့ အကြောင်း.. မောင်ဘဦး က စာညံ့ပြီး မောင်မြက စာတော်တဲ့ အကြောင်း..
တစ်နေ့ မှာ မောင်ဘဦးက သချာင်္ပုစ္ဆာတွေကို မတွက်တတ်လို့ မောင်မြ ဆီက ကူးယူပါရစေလို့ အကူအညီတောင်းတဲ့အကြောင်း..
မောင်မြက မောင်ဘဦးကို မကူးခိုင်းပဲ တွက်နည်းကို ရှင်းပြလိုက်လို့ မောင်ဘဦး တွက်တတ်သွားတဲ့ အကြောင်း.. မောင်မြ ဟာ သူငယ်ချင်းကောင်းဖြစ်တဲ့ အကြောင်း..
ဒါပါပဲ..

ကလေးတွေ သံပြိုင် ရွတ်နေသလောက်စာပုဒ်ကတော့ ဒါပဲ.. ရိုးရိုးလေးပါပဲ..
ရှင်းရှင်းလေးပေမယ့် အဓိပ္ဖါယ် လည်း အလွန်ရှိတဲ့ သင်ခန်းစာလေးလည်း ဖြစ်နေတာကို ကျွန်တော် သတိထားမိပါတယ်.. စာညံ့တဲ့မောင်ဘဦး ဟာ ရေသာခိုပြီး စာကို ကူးချချင်တယ်.. ဒါပေမယ့် စာတော်တဲ့မောင်မြက ကူးခွင့်မပြုပဲ စာရှင်းပြပေးလိုက်တယ်.. ကလေးတွေကို ရိုင်းပင်းကူညီစိတ်.. မိတ်ဆွေကောင်း ဆိုတာ ... စတာတွေ အပြင် ပညာ ဆိုတာ ကိုယ်တိုင်တတ်မှ ရတယ် ဆိုတဲ့ စိတ်ကလေး ၀င်လာအောင် ရှင်းပြထားတယ်.. နည်းနည်းလေး ထပ်တွေးလိုက်ရင် အဖွဲ့ အစည်းစိတ်ဓါတ်.. နိုင်ငံကြီးသား ..ဘာညာ စတာတွေ အထိ သွားလို့ ရသေးတယ်.. ဒါပဲ.. ကလေးတွေ အာပြဲကြီးနဲ့ အော်ဟစ်နေတဲ့ မောင်ဘဦး ဇာတ်လမ်း ရဲ့ အနှစ်ချုပ်က ဒါပဲ..

လှတယ်.. ရှင်းရှင်းပြောရရင် ဒီဇာတ်လမ်းမှာ ယုန်နဲ့ လိပ်ပုံပြင် လို အတင်းကာရော လုပ်မထားဘူး.. (စကားမစပ်ဗျာ.. ကျွန်တော်သာ သားသမီးတွေ ရလာခဲ့ရင် အတ္တကြီးပြီး အရည်အချင်းမရှိပဲ အနိုင်ရတဲ့ လိပ်လို ကြိုးစားဖို့ ဘယ်တော့မှ မဆုံးမဘူး.. ယုန်နဲ့ လိပ် အပြေးပြိုင်တယ်.. နိုင်တော့လိပ်.. တကယ်တမ်း အရည်အချုင်း ရှိတာ က ယုန်.. ဒီနေရာမှ ၀ီရိယ ကို သိပ်ဦးစားပေးချင်လွန်းတော့ ဗီလိန်အလုပ်ခံလိုက်ရတာက အရည်အချင်းရှိတဲ့ယုန်ပဲ.. ဒါပေမယ့် ဗီလိန်ဖြစ်မှန်းမသိ ဖြစ်နေတာက လိပ်ပဲ..
တကယ်ဆို အပျုင်းကြီးပြီး အိပ်နေတဲ့ဆိုတဲ့ ယုန်ကို နိုးသွားသင့်တာပေါ့.. အိပ်နေတာ မဟုတ်ပဲ နေမကောင်းဖြစ်နေတာတို့ .. သေသွားတာတို့  ဆိုရင် ဘယ်လိုလုပ်မလဲ.. သူနိုင်ရင်ပြီးတာပဲ ဆိုတဲ့စိတ်နဲ့ တိတ်တိတ်လေး ကျော်တက်သွားတယ်.. ပြိုင်ပွဲလုပ်တာ အားကစား စိတ်ဓါတ်ရှိရမှာပေါ့.. လိပ်က ဒီပွဲမှာ ပြိုင်ဘက်ကောင်းမဟုတ်ဘူး.. ဒါပေမယ့် တစ်ကမ္ဘာလုံး ကလေးတွေရဲ့  သူရဲကောင်း.. မိဘတွေရဲ့ ဟီးရိုး.. ကျောင်းဆရာတွေရဲ့ စတား ဖြစ်သွားတယ်.. အရည်အချင်းမရှိပဲ ၀ီရိယ ပဲ ရှိနေရင်တော့ လက်လှမ်းမမီတဲ့ သစ်ပင် က ပန်းကို အောက်က ငါတစ်နေ့ မှီရမယ် ဆိုပြီး လှမ်းလှမ်းပြီးခုန်နေတာနဲ့ တူနေမှာပေါ့.. လိပ်က ကံကောင်းလွန်းလို့ နိုင်သွားတာ.. ဒီပုံပြင် အတိုင်းဆိုရင် ကိုယ့်အတွက်ပဲကိုယ်ကြည့်တဲ့ ..ကိုယ်ချင်းစာစိတ်မရှိတဲ့ အတ္တသမား စိတ်တွေ ၀င်လာအောင် ဆုံးမနေတာ နဲ့ တူတူပဲ လို့ .. မြင်မိတာပဲ..)

ထားပါဗျာ... ဒါနဲ့ မောင်ဘဦး ဇာတ်လမ်းကို ဆရာမ က ဘယ်လို များ ရှင်းပြမလဲ လို့ ကျွန်တော် စိတ်ဝင်တစား ဆက်နားထောင်မိတယ်.. (ငယ်ငယ်ကဆို ဆရာမတွေက ရှင်းပြတယ်.. ဒါပေမယ့် ကျွန်တော်တို့ က နားထောင်တစ်ချက်.. မထောင်တစ်ချုက်ပါ.. အခုမှ တန်ဖိုးနားလည်တယ်..)
ဆရာမက.. ဒီလောက်စာပုဒ်လေးကို မရတဲ့အကြောင်း... နောက်နေ့ မှာ ဗလာစာအုပ်နဲ့ ငါးခေါက်ရေးရမယ့် အကြောင်း.. ... တစ်ရွှမ်းရွှမ်းနဲ့  ကြိမ်သံကြားမှာ ကျောင်းဆင်းသွားတယ်..

လာကြိုတဲ့ မိဘတွေက ကလေးတွေကို လာခေါ်ရင်း ဆရာမ ကို နှုတ်ဆက်သံကြားတယ်.. အပ်ပါတယ် .. ဘာညာ စသဖြင့်..
လမ်းထိပ်မှာ ဆိုင်လေးတွေ ရှိတယ်.. ကိုရီးယား အကင်ဆိုင်.. မုန့် ပျားသလက်.. မုန့် တီ.. ပါဝါရိန်းဂျား တို့ ဘာတို့ ပုံတွေနဲ့ အာလူးကြော်တို့ .. ပီကေ တို့ ရတယ်.. ကလေးတွေ ကို လာကြိုတဲံ့ မိဘတွေ.. အစ်ကိုအစ်မတွေ ..က
မုန့် တွေဝယ်ပေးရင်းထွက်သွားကြတယ်.. တစ်ချို့ ကလေး တွေက လမ်းသွားရင်းတောင် အော်သွားကြသေးတယ.်..

`မောင်ဘဦးသည် သင်္ချာပုစ္ဆာများကို ကူးယူပါရစေ ဟု အကူအညီတောင်းပါသည်..´
`မောင်ဘဦးသည် သင်္ချာပုစ္ဆာများကို ကူးယူပါရစေ ဟု အကူအညီတောင်းပါသည်..´
`မောင်ဘဦးသည် သင်္ချာပုစ္ဆာများကို ကူးယူပါရစေ ဟု အကူအညီတောင်းပါသည်..´
ဒီတော့ မိဘတွေက တော်လိုက်တဲ့ သားလေး..သမီးလေး စသဖြင့်ပေါ့ဗျာ.. ကျွန်တော် ဆက်ကြားနေရတုန်းပဲ...
မောင်ဘဦး ဘာလို့ စာညံ့ရတာလဲ.. မောင်မြ က ဘာလို့  တော်ရတာလဲ.. မောင်ဘဦးက ဘာလို့ စာကူးချချင်ရတာလဲ.. မောင်မြက ဘာလို့ ရှင်းပြရတာလဲ.. မောင်ဘဦး က ဆရာ သင်တုန်းက နားမလည်ပဲ မောင်မြ ပြောတော့ သိတာ ဘာလို့ လဲ.. Peer Group စတဲ့ မေးခွန်း နဲ့ စကားလုံးတွေ ပလုံစီအောင်ထွက်သွားတဲ့ ကျွန်တော့ ခေါင်းထဲမှာ တစ်ရွှမ်းရွှမ်း သံ က လွဲလို့ မောင်ဘဦး နဲ့ မောင်မြ အကြောင်း သေချာ သိမသွားတဲ့ကလေးတွေအတွက် အသံတွေနာတာ နာရကျိုးမနပ်ဘူး..လို့  တွေးမိတယ်.. မောင်ဘဦးနဲ့ မောင်မြ ဟာ ဒီကျောင်းသားလေးတွေ ရဲ့ သူငယ်ချင်းတွေ ဖြစ်လာသင့်တာ.. ဗလာစာအုပ်ထဲမှာ ငါးခေါက်ရေးပြီးရင် မောင်ဘဦး အကြောင်း သင်ခန်းစာ ကွန်ပလိ ဖြစ်သွားပြီလား...

ဒီပုံအတိုင်းဆို တဖြည်းဖြည်းနဲ့ မောင်ဘဦး ကနေ ကိုဘဦး.. နောက်ဆုံး ကိုဘဦး ကနေ.. ဦးဘဦး ဖြစ်တော့မယ်.. ဦးဘဦး ဖြစ်တဲ့အထိ ဦးမြ ဆီက ကူးချ ဖို့ ကြိုးစားနေရဦးမှာပဲ.. အဲဒီ ဦးဘဦးကနေ နောက်ထပ် မောင်ဘဦးကလေးတွေ ထပ်မွေးလာ..
မောင်ဘဦးကနေ အူဝဲဘဦးကလေးတွေ.. ဘဦးဂျင်နရေးရှင်းကြီးကို ဖြစ်ရော... ကျွန်တော် ဆက်မတွေးရဲတော့ဘူး...
မောင်ဘဦး သင်ခန်းစာ သင်ရတဲ့ အကြောင်းက Language ပါ.. Art ပေါ့ဗျာ.. Art သင်တယ်ဆိုတာ Concept လေးရအောင် ဖွဲ့ နွဲ့ ပြီး သင်သင့်တယ် ထင်တာပဲ.. Art က ပိုပြီး သိမ်မွေ့ တယ်.. သူ့ လိုရင်းကို ဖမ်းဖို့ ဆိုတာ ရှင်းပြနိုင်ပါမှ မဟုတ်လား.. Science
ဆိုတာ Common Sense နဲ့ တင် အတော်လေး အလုပ်ဖြစ်ပါတယ်.. Formula တွေ.. Theory တွေ ရှိပြီးသား...နည်းနည်းလေးထပ်တွေးရင် ဆရာတစ်ပါး ဖြစ်နေပြီ..

နည်းပညာ ခေတ်ဆိုတာ ကျွန်တော်တို့ ထိတွေ့ လို့ ရနေပြီ.. ကျွန်တော်တို့ ဆီမှာ ကားကို အဝေးကနေတကွိကွိနဲ့  လှမ်းဖွင့်တဲ့ သော့စနစ်တွေ ဒီဘက်နောက်ပိုင်းမှာ မှ သုံးလာကြတယ်..
၉၈-၉၉ လောက်တုန်းက ထွက်တဲ့ Face off ရုပ်ရှင်ထဲမှာ Nicholas Cage က ထောင်ကထွက်ပြေးပြီးမြို့ ပေါ်ပြန်အရောက်မှာ Car Stand မှာ ကားယူတော့ သော့တွဲက ခလုတ်ကို နှိပ်ပြီး အသံမြည်တဲံ့ကားကို တက်မောင်းတာ ကျွန်တော်မှတ်မိတယ်.. အဲဒီတုန်းက အဆန်းတကျယ်.. အခု ဒီမှာပဲ အပ်လို့ ရတဲ့စနစ်.. မောင်မြ (မစ္စတာ မြ ပေါ့ဗျာ.. ဒါမှမဟုတ် လောပန် မြ .. ဒါမှမဟုတ် ဟာဂျီ မြ ပေါ့)  ဆီက မောင်ဘဦး သင်ထားလိုက်တာ.. ဒါပေမယ့် မောင်မြ သင်မပေးတာတွေ အများကြီး.. မောင်မြ ရောင်းစားတာတွေ အများကြီး.. မောင်မြက ငွေကြေး ယူပြီး ရှင်းပြပေးတာတွေ အများကြီး...

ကျွန်တော်တို့ ဆီက Made in Myanmar Product တွေကို သုံးချင်တယ်.. တွေ့ ချင်တယ်.. တစ်ခါလာ..ကျွန်းသစ်..တစ်ခါလာ ပတ္တမြား.. တစ်ခါလာ ဆန်စပါးနဲ့ ဓါတ်ငွေ့ ... အဲဒါတွေ မရှိတော့တဲ့တစ်နေ့ နေ့ ကိုရောက်ရင် ကျွန်တော့တို့ ဆီမှာ ကျန်ခဲ့မယ့် သူတွေက မောင်ဘဦးကလေး တွေပဲ ကျန်ခဲ့မယ် ဆိုရင်....မောင်ဘဦးသာ ကျွန်တော်တို့ ရဲ့ Product ဖြစ်နေမယ် ဆိုရင်...
ကျွန်တော် တို့ ဆီမှာ မောင်မြ လို လူတွေ အများကြီး ရှိနေပါသေးတယ်.. ရှိလည်း ရှိတယ်.. လက်ရှိမှာပဲ ဈေးအဖြတ်ခံလိုက်ရတဲ့ မောင်မြတွေ.. ရေခြားမြေခြားမှာ အများကြီး.. စာတတ်သွားလို့ မောင်ဘဦး ဆီကို ပြန်မလာချင်တဲ့
မောင်မြတွေလည်း အများကြီး.. ကျန်ခဲ့တာက မောင်ဘဦး တွေ ဖြစ်နေတော့မယ်..

ဆရာမ အိမ်ဘက်ကို ကျွန်တော် ငေးကြည့်နေတုန်း အိမ်က လာမကြိုသေးတဲ့ကလေးလေးက ဆရာမ အိမ်ရှေ့ မှာ ထိုင်နေတဲ့ ကြောင်ကို သွား စ နေတယ်.. ဆရာမ က နင့်အိမ်က မလာသေးဘူးလား တဲ့..အဲဒါဆို ဒီကိုလာပြီး စာကျက်နေတဲ့ ..(ဆရာမ က စေတနာ နဲ့ ပါ)
ကလေး လေး ကိုကြည့်ရတာ စိတ်ပျက်လက်ပျက်နဲ့ ပိတ်ထားတဲ့ လွယ်အိပ်ထဲက စာအုပ်ထုတ်ပြီး ထပ်ကျက်တယ်..

`မောင်ဘဦးသည် သင်္ချာပုစ္ဆာများကို ကူးယူပါရစေ ဟု အကူအညီတောင်းပါသည်..´
`မောင်ဘဦးသည် သင်္ချာပုစ္ဆာများကို ကူးယူပါရစေ ဟု အကူအညီတောင်းပါသည်..´
`မောင်ဘဦးသည် သင်္ချာပုစ္ဆာများကို ကူးယူပါရစေ ဟု အကူအညီတောင်းပါသည်..´

ကျွန်တော်လည်း ဟိုတစ်လောက စိတ်ဝင်တစား ကြားလိုက်မိတဲ့ Student-centered learning တို့ .. Teacher-centered learnig တို့ ကို ပြန်တွေးမိရင်း ကိုယ့်ဘာကိုယ် ပဲ တိုးတိုးလေး ရွတ်မိတယ်..

`မောင်ဘဦးသည် သင်္ချာပုစ္ဆာများကို ကူးယူပါရစေ ဟု အကူအညီတောင်းပါသည်..´
`မောင်ဘဦးသည် သင်္ချာပုစ္ဆာများကို ကူးယူပါရစေ ဟု အကူအညီတောင်းပါသည်..´
`မောင်ဘဦးသည် သင်္ချာပုစ္ဆာများကို ကူးယူပါရစေ ဟု အကူအညီတောင်းပါသည်..´

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...