နိုင်ငံရေးအကျဉ်းသား ၆၀၀ သာရှိဟု သမ္မတ အကြံပေးပြော
by General Knowledge on Tuesday, October 18, 2011 at 9:10am
By featured, ဧရာဝတီ on October 17, 2011 6:36 pm
မြန်မာနိုင်ငံ၌ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ၆၀၀ ခန့်သာရှိရာ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ထက်ဝက် ခန့် လွတ်မြောက်လာပြီဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်၏ နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင်က ပြီးခဲ့သည့်အပတ်က ဆွီဒင်နိုင်ငံပိုင်ရေဒီယိုနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုသည်။
ရန်ကုန်မြို့အင်းစိန်ထောင် ရှေ့တွင် အောက်တိုဘာ ၁၂ ရက်က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်လာမည့်သူများကို လာရောက် စောင့်ဆိုင်းနေသော အကျဉ်းသား မိသားစုဝင်များ (ဓာတ်ပုံ - AP)
နိုင်ငံရေးအကျဉ်းသား၂၀၀၀ ခန့်ရှိသည် ဆိုခြင်းသည် ချဲ့ကားပြောဆိုမှုများသာဖြစ်ကြောင်း၊ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ဦးရေ ၃၀၀ ခန့် လွှတ်ပေးပြီး ဖြစ်သည့်အတွက် လွှတ်ပေးမှုနှုန်းမှာ နည်းပါးသည်ဟု မဆိုနိုင်ကြောင်း၊ မကြာမီကာလအတွင်း ထပ်မံလွတ်မြောက်လာဦးမည်ဟု ထင်ကြောင်း ပြောဆိုခဲ့သည်။
သို့ရာတွင် ပြည်တွင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လက်မှတ်ထိုး လှုပ်ရှားမှုအဖွဲ့မှ ကိုတိုးကျော်လှိုင်ကမူ အစိုးရနှင့် နိုင်ငံရေးအဖွဲ့အစည်းများအကြား နိုင်ငံရေးအကျဉ်းသားများနှင့် ပတ်သက်၍ စာရင်းကွဲလွဲနေသည်ဟု ပြောသည်။
၎င်းတို့ အဖွဲ့ ပြုစုထားသည့် နိုင်ငံရေးအကျဉ်းသား ဦးရေမှာ လက်ရှိ ၁၂၀၀ နီးပါး ကျန်ရှိမည်ဖြစ်ကြောင်း ဧရာဝတီသို့ပြောသည်။
အဆိုပါ စာရင်းသည် ပြီးခဲ့သည့် ရက်ပိုင်းက လွတ်မြောက်လာသည့် ဦးရေကို ထုတ်နုတ်ထားပြီးဖြစ်သည်ဟု ဆိုသည်။
“စာရင်းကွာခြားနေတယ်ဆိုတာ အစိုးရက နိုင်ငံရေးသီးသန့် ပုဒ်မတပ်ထားတဲ့သူတွေစာရင်းကို ကိုင်ပြောနေလို့ဖြစ်လိမ့်မယ်” ဟု ကိုတိုးကျော်လှိုင်မှ ပြောသည်။
အစိုးရအနေဖြင့် နိုင်ငံရေးလှုပ်ရှားသူတချို့ကို ပုဒ်မ ၅ (ည)၊ ပုဒ်မ ၅၀၅ (ခ) စသည့် နိုင်ငံရေး ပုဒ်မများဖြင့် အမှုဖွင့် ဖမ်းဆီးခြင်းမပြုဘဲ၊ အီလက်ထရွန်နစ် အက်ဥပဒေ၊ တရားမ၀င်နယ်စပ်ဖြတ်ကျော် ၀င်ရောက်မှု၊ ဗုံးဖောက်ခွဲရန် ကြံစည်မှု၊ မတရားအသင်း ဆက်သွယ်မှု၊ ပုံနှိပ် အက်ဥပဒေ စသည့် ဥပဒေပုဒ်မ များဖြင့်စွဲဆိုကြောင်း၊ ထို့ကြောင့် စာရင်းကွာဟမှုများ ဖြစ်ပေါ်နေခြင်းဖြစ်နိုင်ကြောင်း ကိုတိုးကျော်လှိုင်က ပြောဆိုသည်။
ထို့အပြင်အစိုးရနှင့် နိုင်ငံရေးလှုပ်ရှားသူများအကြား- “ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ” ဆိုသည့် စကားရပ် အပေါ်တွင် အဓိပ္ပာယ်ဖွင့်ဆိုမှုနှင့် ပတ်သက်၍လည်း ကွဲလွဲမှုများ ရှိနိုင်သည်ဟု ၎င်းကဆိုသည်။
နိုင်ငံတကာ စံသတ်မှတ်ချက်အရမူ “ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ” ဆိုသည်မှာ အစိုးရနှင့် ဘာသာရေးအရ လည်းကောင်း၊ ယုံကြည်ချက် အရလည်းကောင်း အမြင်ကွဲလွဲပြီး အကျဉ်းချခံထားရသူများကို ဆိုလိုသည်။
အစိုးရက ပြီးခဲ့သည့် သီတင်းကျွတ် လပြည့်နေ့ (အဘိဓမ္မာ အခါတော်နေ့) တွင် အကျဉ်းသား (၆၃၅၉) ဦး လွတ်ငြိမ်းချမ်းသာခွင့်
ပေးရာတွင် နိုင်ငံရေးအကျဉ်းသား မည်မျှ ပါဝင်သည်ဟု ဖော်ပြခြင်းမပြုပေ။
ယနေ့ထုတ် ပြည်တွင်းအခြေစိုက် The Voice ဂျာနယ်တွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ၂၈၀ ခန့် ပြန်လည်
လွတ်မြောက်လာသည် ဟု ရေးသားထားသည်။
ပြည်ပအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်ကလည်း အကျဉ်းထောင်အသီးသီးတွင် ကျန်ရှိနေသည့် နိုင်ငံရေးအကျဉ်းသားများ စာရင်းနှင့် ယခုလွတ်မြောက်လာသည့် စာရင်းကို
ပြုစုနေကြောင်း၊ မကြာမီ ရက်ပိုင်းအတွင်း ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း ပြောသည်။
0 comments:
Post a Comment