Monday, October 24, 2011

မိုဘာနှင့် ကျွန်တော်

by ရင်နင့်အောင် on Tuesday, October 25, 2011 at 10:09am
 
မြန်မာတွေ မေးခွန်းများ မေးကြပါ ဟူ အမည်ပေး၍ ကျွန်တော် ဆောင်းပါးတစ်ပုဒ်ရေးခဲ့ပါသည်။ ထို့နောက် ကျွန်တော်သည် မိုဘာ၊ Facebook နှင့် ကျွန်တော့် ကိုယ်ပိုင်ဘလော့ခ် (http://ynawriter.blogspot.com) တွင် တင်ကာ စာဖတ်သူများ၏ အကြံပြု၊ ထင်မြင်ချက်များကို ရယူ၊ ဖတ်ရှု၊ လေ့လာ၊ မှတ်သားခဲ့ပါသည်။ ဒီနေရာတွင် မိုဘာကို စတင်ရောက်ရှိလာရသည့် အကြောင်းအရင်းကို ဦးစွာ ပထမပြောချင်လာပါသည်။ မိုဘာတွင် အဖြူလေးဟု အမည်ရသော ကျွန်တော် ဘော်ဒါကြီး (သို့မဟုတ်၊ တစ်ချိန်က လုပ်ဖေါ်ကိုင်ဖက်ကြီး) ရှိပါသည်။ (သီချင်းဆိုဖေါ် ဆိုဖက်ကြီးဟု ဆိုလျှင်လည်း သူက စိတ်ဆိုးမည်မထင်)။ သူက မိုဘာတွင် admin တစ်ဦးအဖြစ် ၀င်ရောက်ကူညီနေကြောင်း ပြောပါသည်။ သို့သော် ကျွန်တော်သည် ထိုအချိန်က ခရီးတွေ များနေပါသဖြင့် မိုဘာကို ၀င်ရောက် မကြည့်ရှုဖြစ်ခဲ့ပါ။
နောက် နှစ်လ၊ သုံးလလောက်မှ မိုဘာသို့ ၀င်ကြည့်ကာ ကျွန်တော်ရေးထားတာ မကြာသေးသော လတ်လတ်ဆတ်ဆတ် အက်ဆေးတစ်ပုဒ်ကို စမ်းတင်ကြည့်လိုက်ပါသည်။ ထိုအက်ဆေးက ဗင်းဆင့်နှင့် အတူ လွှင့်ခဲ့တဲ့ ပင်လယ်ဟု အမည်ရပါသည်။ နောက်တော့ မိုဘာက အသင်းဝင်တွေက နွေးနွေးထွေးထွေး ကြိုဆိုကာ သူတို့ ထင်မြင်ချက်များကို comment ပေးခဲ့ကြပါသည်။ ဒီလိုနှင့် ကျွန်တော်လည်း မိုဘာ၏ ဒိုင်ခံရေး စာရေးဆရာတစ်ယောက်အဖြစ် ရေးသားခဲ့ပါသည်။ (ဒိုင်ခံရေး စာရေးဆရာဆိုတာ ကိုယ့်ဘာသာ အမည် ပေးထားခြင်းသာ ဖြစ်သည်။)
မိုဘာတွင် ပို့စ်များတင်ရာ၌ အဟောင်းနှင့် အသစ်များကို ကျွန်တော် ရောထွေးတင်ဖြစ်ခဲ့ပါသည်။ ပွင့်လင်းစွာ ၀န်ခံရလျှင် မိုဘာက စာဖတ်သူတွေ၏ အားကြောင့် ကျွန်တော် စာတော်တော်များများကို ရေးဖြစ်ခဲ့ပါသည်။ မှတ်မှတ်ရရ ကျွန်တော်ရေးခဲ့သော ပို့စ်မော်ဒန်ခေတ်ကြီးကုန်သွားပြီတဲ့ ဟူသော ပို့စ်တွင် ပို့စ်မော်ဒန်၊ မော်ဒန်စာပေနှင့် ပတ်သက်ကာ အနုပညာသဘောထားများ ကွဲလွဲမလိုဖြစ်ခဲ့ကြသေးသည်။ (နောက်တော့လည်း ကျွန်တော်တို့သည် ခေါင်းစဉ်တွေ လျှောက်တပ်ခဲ့ကြ၍ ဖြစ်သည်ဟု ကျွန်တော်က ထင်မြင်လိုက်ပါသည်။)
မိုဘာ၏ admin များဖြစ်သော အဖြူလေး၊ လွင့် နှင့် နောက် စိမ့်သျှရီခ တို့နှင့် ခင်မင်ခွင့်ရပြီးနောက် မိုဘာနှင့် ပတ်သက်၍ မည်သို့လုပ်သင့်သည်၊ မည်သည့်အချက်များ လိုအပ်သည်၊ မည်သည့် အချက်များက အခြားဆိုက်များထက် ပိုကောင်းသည် စသည်ဖြင့် (မကြာခဏ) ဆွေးနွေးဖြစ်ခဲ့ပါသည်။ တစ်နေ့ကပဲ ဖတ်ခဲ့ဖူးသော ဆောင်းပါးတစ်ပုဒ်ရှိပါသည်။ ဖေ့စ်ဘွတ်ခ်သည် အသုံးပြုသူတို့၏ တင်သမျှ သတင်းအချက်အလက်တို့ဖြင့် စီးပွားရေးဆန်နေသော လုပ်ငန်းတစ်ခုဖြစ်ကြောင်း ရေးသားထားသည်ကို ဖတ်လိုက်ရပါသည်။ ထိုအခါ ကျွန်တော်များစွာ စဉ်းစားကြည့်ရပါသည်။ ယခင်က Win-Win Situation ဟု ခေါ်ဆိုရာက နောက် Win-Win-Win ဖြစ်ကာ ယခုအခါ Multi-Win ဖြစ်လာကြသော စီးပွားရေးဆိုင်ရာ ကိုယ်ကျင့်တရားများတွင် Facebook သည် မည်သည့် ethic ကို ချိုးဖေါက်နေပါသနည်း။ ကျွန်တော်တို့က Facebook ၏ Facilities များကို နှစ်သက်နေချိန်တွင် မည်သို့မျှ Facebook ကို Critic လုပ်ကြမည် မဟုတ်ပါ။ (နည်းပါးနေသည်လည်း ဖြစ်ချင်ဖြစ်မည်)။ သူတို့ထံတွင်တော့ ထိုသို့မဟုတ်။ မည်သည့် စီးပွားရေးမဆို၊ အောင်မြင်သည် ဖြစ်စေ၊ မအောင်မြင်သည် ဖြစ်စေ အားလုံးက အမြဲတမ်း ဝေဖန်ဖို့ စောင့်ကြည့်နေကြသည် ထင်ပါသည်။ (ထိုအချက်သည် ကောင်းပါသလားဟု ဆွေးနွေးချင်သူများ ဆွေးနွေးပေးကြပါဗျာ)။
 မိုဘာအကြောင်းသို့ ပြန်ပြောင်းပြောပါဦးမည်။ မိုဘာသည် အသင်းဝင်အားဖြင့် ပျမ်းမျှအောက်၌ အလွန်နည်းပါးနေသေးသော ဆိုက်ဟု ကျွန်တော်ထင်မြင်မိသော်လည်း မိုဘာသည် ဘလော့ဂါအမိုက်များနှင့် မိုဘာနှင့် မသက်ဆိုင်သောသူများ မရှိသလောက်နည်းပါးနေသည်မှာ အားရစရာကောင်းသော အချက်အလက်ဖြစ်ပါသည်။ မိုဘာသည် ning.com ၏ ၀န်ဆောင်မှုကို ၀ယ်ယူထားသော ဆိုက်တစ်ခုဖြစ်သော်လည်း ဆိုက်တွင် သပ်သပ်ရပ်ရပ်နှင့် သူ့အပိုင်းနှင့် သူခွဲခြားထားသည်မှာလည်း ကောင်းမွန်သော အချက်ဖြစ်သည်။ (ဒါကိုပင် ကျွန်တော်ကိုယ်တိုင် ကဗျာများတွင် မထည့်ဘဲ မှားထည့် ခဲ့သေးသည်။) စတင်ဝင်ရောက်ခဲ့စဉ်က အသုံးပြုထားသော theme color မှာ အဆင်မပြေလှ။ ယခုသုံးထားသော အပြာရောင်ကတော့ အနည်းငယ် အဆင်ပြေလာပါသည်။ (ကိုယ်ကြိုက်၍ ပြောသည်တော့ မဟုတ်ပါ)။
၂၀၁၁ ခုနှစ်သည် ကျွန်တော့်အတွက် အပြောင်းအလဲများခဲ့ပါသည်။ အပြောင်းအလဲများသည် လူကို ရင့်ကျက်အောင် ပြုပြင်ပေးပါသည်။ ပတ်ဝန်းကျင်ကို ချဲ့ထွင်ပေးပါသည်။ ၂၀၁၁ အတွင်း ကျွန်တော်သည် ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ပဲခူးတိုင်းများသို့ ရောက်ရှိခဲ့ပါသည်။ ထို့နောက် ရန်ကုန်တွင် အလုပ်အခြေချ လုပ်ကာ စာရေးခြင်းဝါသနာကို ပြန်လည်ဆောက်တည်ရင်း မိုဘာနှင့် facebook ကို ပုံမှန်လေးတင်ရင်း သိသိသာသာ ကျွန်တော် ပတ်ဝန်းကျင်သည် တစ်စတစ်စ ပြောင်းလဲကျယ်ဝန်းလာခဲ့ပါသည်။ (ထိုအတွက် မိုဘာက သူငယ်ချင်းများကို ကျေးဇူးတင်ရပါမည်။)
ကျွန်တော် စာရေးရသည်ကို များစွာ နှစ်သက်ခဲ့ပါသည်။ သို့သော် စာဖတ်ရာတွင်တော့ များစွာ ချေးများသူတစ်ဦးဖြစ်ပါသည်။ အထူးသဖြင့် ရသစာပေများကို ပို၍ ချေးများပါသေးသည်။ အရင်ကဆို စာတစ်ပုဒ်၏ ခေါင်းစဉ်က ကျွန်တော့်ကို ဖမ်းစားလိုက်နိုင်မှ ကျွန်တော်က ဖတ်ပါသည်။ ဖတ်ပြန်လျှင်လည်း နိဒါန်းမှာတင် စိတ်ဝင်စားစရာ ကောင်းဦးမှ ကျွန်တော်က ဖတ်ဖြစ်သူတစ်ယောက်။ ထို့ကြောင့် ကျွန်တော်သည် သူများနှင့် ယှဉ်လျှင် များစွာ ဗဟုသုတနည်းပါးသူဖြစ်ပါသည်။
စာရေးဆရာများတွင် ကျွန်တော် အမြဲဖတ်ခဲ့၊ နှစ်သက်ခဲ့သော စာရေးဆရာများရှိပါသည်။ တာရာမင်းဝေ၊ မင်းခိုက်စိုးစန်၊ သတိုးတေဇ၊ သစ္စာနီ၊ ဂျူး၊ နီကိုရဲ တို့ဖြစ်ပါသည်။ (ပြောသာပြောရသည်၊ ဒီကိစ္စက ပြောစရာလိုမည် မထင်၊ ကျွန်တော် ရေးဟန်တို့၌ သူတို့၏ လွှမ်းမိုးမှုများက ခုထိ မပျောက်သေး)
          စာဖတ်ရွေးလွန်းသော ကျွန်တော့်ကို ဆွဲဆောင်နိုင်သော ပို့စ်များစွာ မိုဘာတွင် တွေ့ခဲ့ရပါသည်။ ထိုအတွက် မိုဘာကို သို့မဟုတ် မိုဘာတည်ထောင်ခဲ့သူများကို ကျေးဇူးတင်ရပါမည်။ ကျွန်တော်ဖတ်ခဲ့သော ပို့စ်များကို ရေးသားခဲ့ကြသူများကို လည်း ကျေးဇူးတင်ရပါမည်။ သတိရသလောက်ပြောရပါလျှင် မိုးအိမ်လူရေးခဲ့သော
  • လောကကြီးတွင် ဆောင်းရာသီဟူသော ရာသီဥတုတစ်ခုရှိပါသည်
  • ကမ္ဘာဦး ညချမ်းများ၏ အလွန်
  • ပန်းပွင်ကဗျာ
naylynnhtoon ရေးခဲ့သော
  • ရွာရန်ရာနှုန်းပြည့်
ကိုကြည်နိုင် ရေးခဲ့သော
  • လူဟာ လူက ဆင်းသက်တယ်
  • အမေ့ ရင်တွင်း စကား
အဖြူလေး၏
  • ၅၂၈၏ နောက်ကွယ်
အထက်ပါတို့သည် ကျွန်တော် မှတ်မိသလောက် ကျွန်တော့်နှစ်သက်လေးစားမိသော ပို့စ်များဖြစ်ပါသည်။ အမှန်တော့ ထိုထက် ပိုပါသေးသည်။ ဘာကြောင့် ကျွန်တော် နှစ်သက်ရသည်၊ ဘာကို နှစ်သက်သည်ကိုတော့ အသေးစိတ် မရှင်းပြချင်ပါ။ ကျွန်တော်၏ အရှင်းအလင်း ညံ့ဖျင်းမှုကြောင့် စာရေးသူတို့၏ အရေးအသားကို ထိခိုက်သွားမှာ စိုးပါသည်။
ဒီနေရာတွင် တစ်ခု ပြောစရာ ရှိလာသည်မှာ အချို့သော ပို့စ်များတွင် comment ပေးရင်း ကျွန်တော့်ကို သဘောထားကွဲလွဲမှုများလည်း ရှိခဲ့ပါသည်။ ကွဲလွဲမှုအချို့ကို ကျွန်တော်က ဖြေရှင်းခဲ့သော်လည်း အချို့ကိုတော့ ကျွန်တော် ပြန်လည် မဖြေရှင်းခဲ့ပါ။ စာပေနှင့် မဆိုင်သော ပုဂ္ဂိုလ်ရေးရာများဖြင့် မိုဘာကို ကျွန်တော် မညစ်နွမ်းစေချင်။
ဆောင်းပါး၏ အစတွင် စတင်ခဲ့သော မြန်မာတွေ မေးခွန်းများမေးကြပါ အမည်ကို သုံးလိုက်ရခြင်းမှာ ကျွန်တော် မေးခွန်းအချို့ မေးချင်၍ ဖြစ်ပါသည်။ မေးခွန်းသည် မများပါ။
၁။ မိုဘာကို ဘယ်လို ပိုမိုတိုးတက်အောင် လုပ်မည်လဲ။
၂။ သင်ကိုယ်သင် မိုဘာတိုးတက်ရေးနှင့် ပက်သတ်၍ မည်သို့ မြင်ပါသလဲ။
၃။ ရင်နင့်အောင် ဆိုသူကို သင်မည်သို့ မြင်ပါသလဲ။  
အမှန်တော့ ကျွန်တော်က နောက်ဆုံးမေးခွန်းကို မမေးရဲပါ။ ကျွန်တော်မသိသေးသော ပတ်ဝန်းကျင်၏ ထင်မြင်ချက်များ၊ ကျွန်တော်၏ မကောင်းသော အကျင့်များ၊ အားနည်းချက်များကို ပွင့်လင်းစွာများ ဖြေကြပါလျှင် ကျွန်တော် ကြောက်လန့်မိမှာ အမှန်ဖြစ်ပါသည်။ သို့သော် မြန်မာတွေ မေးခွန်းတွေ မေးကြပါ ဆောင်းပါးရှင်က Critical Thinking လုပ်ရန် ကြောက်လှန့်နေသည်မဖြစ်အောင် (တစ်နည်း ။ ၀တ်နည်းလွတ်) မေးခွန်းမေး၍ ပြန်လည် ဖျက်ထားပါသည်။ ထို့ကြောင့် သင်မဖြေသွားပါက ကျေးဇူးတင်ပါမည်ဟု မည်သူမျှမကြားအောင် တိုးတိုးပြောလိုက်ပါသည်။
ကျွန်တော်ဆောင်းပါးကို နိဂုံးချုပ်ပါမည်။
ယခုရေးသားသော ဆောင်းပါးသည် ကျွန်တော်စိတ်တွင် တွေးတောမိသော မိုဘာနှင့် မိုဘာမှ သူငယ်ချင်းများအကြောင်းကို စိတ်ဝင်တစားရေးလိုက်ခြင်းသာ ဖြစ်ပြီး၊ စာဖတ်သူအနေဖြင့် “ဒါများ .. သူပြောမှလားလို့” ပြောချင်စရာ ငြီးငွေ့ဖွယ်လည်း ဖြစ်နေနိုင်ပါသည်။ အမှန်တော့ ဆောင်းပါးရေးခြင်းသည် ကျွန်တော်နှင့် အတော်အတန် စိမ်းနေသေးသည်ဖြစ်၍ ကြိုးစား၍ ရေးသားလိုက်ရသောကြောင့် ကျွန်တော့်အားနည်းချက်လည်း ဖြစ်နေနိုင်ပါသည်။
နောက်ဆုံးအနေဖြင့် မိုဘာသည် စာရေးသူ၊ စာဖတ်သူ၊ စာပေကို မြတ်နိုးသူများ စုဝေးရာ ကျွန်တော်တို့၏ အွန်လိုင်းလေထန်ကုန်း အဖြစ် ကျွန်တော်က သတ်မှတ်လိုက်ချင်ပါသည်။

ရင်နင့်အောင်

*
မိုဘာ = moba (http://www.moba4all.org)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...