Monday, October 24, 2011

ကျွန်တော်တို့ကို ပြင်သော ပုံပြင်များ (အပိုင်း ၁)

by ဘကြီး စိုး on Friday, September 9, 2011 at 4:15pm


ပုံပြင်ဆိုတာ ကျွန်တော်တို့ ငယ်စဉ်ကတည်းက ရင်းနှီးခဲ့ ကြတာပါ။ လူကြီး မိဘတွေ ပုံပြင်ပြောတာ နားထောင်ခဲ့ မိကြတယ်။ စာအုပ်စာပေတွေ ဖတ်ပြီး ပုံပြင်တွေ သိခဲ့ကြတယ်။ ပုံပြင်တွေနဲ့ ကြီးပြင်းလာခဲ့ ကြတယ် ဆိုပါစို့ဗျာ။ ငါးရာ့ငါးဆယ် ဇာတ်နိပါတ်တော်တွေ ကအစ ဟိုးရှေးရှေးတုန်းက ဆိုပြီးအစပြုတဲ့ ပုံပြင်တွေကအစ ကျောင်းသုံး စာအုပ်ထဲက ပုံပြင်တွေအလယ် ရှာဖတ်ဖြစ်တဲ့ ပသီပုံပြင်တွေ အဆုံး ပုံပြင်တွေ အများကြီး ဖတ်ခဲ့ သိခဲ့ပါတယ်။

ဘ၀မှာ မကောင်းတဲ့ အမူအကျင့်တွေ၊ စိတ်ဓါတ်ပိုင်း ဆိုင်ရာ ချွတ်ယွင်းချက်တွေ၊ ခပ်ညံ့ညံ့ ကိုယ်ရည်ကိုယ်သွေးတွေလည်း မခွါချ မပြုပြင် နိုင်တာတောင် ပုံပြင်တွေကြောင့် ကိုယ့်ကိုယ်ကို သတိပြုမိ စေခဲ့ပါတယ်။


ကျွန်တော်တို့ ငယ်စဉ်ကတည်းက ဖတ်ခဲ့ရပြီး စိတ်ထဲ နှလုံးသားထဲမှာ စွဲထင်နေတဲ့ ပုံပြင်တွေ အများကြီးပါ။ အမေ အဖေနဲ့ အဘိုးအဘွားတွေ ပြောခဲ့တဲ့ ပုံပြင်တွေမှာ သူရဲကောင်းတွေ အကြောင်း စွန့်လွှတ် အနစ်နာခံ သူတွေ အကြောင်း ကိုယ်ကျင့်တရား မြင့်မားသူတွေ အကြောင်းတွေပါ။ မိဘ ဘိုးဘွား သားမြေးမြစ် အစဉ်အဆက် မျိုးရိုး အဆက်ဆက် ပြောင်းလဲတိုင်း လက်ဆင့်ကမ်း သယ်ဆောင် လာခဲ့တဲ့ ပုံပြင်တွေ ဖြစ်ပါတယ်။

အတုယူစရာ အားကျစရာတွေနဲ့ လက်ဆင့်ကမ်း သယ်ဆောင် ပြောပြသူတွေမှာလည်း အားပါးတရ ရှိလှပါတယ်။ နားထောင်သူ စိတ်နှလုံးကို ကောင်းမြတ်ခြင်း တန်ဖိုးတွေနဲ့ လွှမ်းမိုးချုပ်ကိုင် နိုင်စွမ်းရှိပါတယ်။ အထက်တန်း ကျောင်းသားဘ၀ သင်ရိုးညွှန်းတန်းမှာ ပါတဲ့ မဟောသဓ ဇာတ်တော်  ဆိုတာလည်း တကယ့် ဥာဏ်ပညာကြီးသူရဲ့ အကြောင်းကို ဖော်ပြပါတယ်။

အဲ့ဒီ မဟောသဓ ဇာတ်တော်မှာလည်း ၃၁ ဘုံက လူ့ဘုံမှာ ကြုံနေကျ အဖြစ်တွေ အများကြီး ပါဝင်ပါတယ်။ မှတ်မိသလောက် မယားတရားစီရင်ခန်း ဆိုလားပဲဗျ။ အဲ့ဒီစီရင်ခန်း ဇာတ်တော်မှာ မယားကလည်း တခြားသူဖက်ကို အကျင့်ပျက်ပြီး လိုက်သွားချင်တယ်။ အချောင်နှိုက်ချင်တဲ့ ကောင်ကလည်း ၀င်ပါတယ်။ လင်ယောကျာင်္း အစစ်ကလည်း အလျော့မပေးပဲ နောက်ဆုံး မဟောသဓ ဆီကိုရောက်လာတယ်။ ဒီလိုပုံပြင်တွေက လူမှုရေး နယ်ပယ်အတွက် သင်္ခန်းစာ ယူစရာတွေ အသိတွေ အများကြီးပါ။ ယဉ်ယဉ်ကျေးကျေးလေးနဲ့ လူတွေရဲ့ ကိုယ်ကျင့်တရားတွေ ကိုဆုံးမ ပါတယ်။ သားမြေးမြစ် အစဉ်အဆက် ဒီလို ပုံပြင်တွေနဲ့ ကိုယ်ကျင့်သီလကို ထိန်းသိမ်းမှု ဗုဒ္ဒအဆုံးအမ လိုက်နာသူ လူမျိုးများအတွက် တန်ဖိုးမဖြတ် နိုင်ပါဘူး။

ဒီတစ်နှစ်အတွင်း ဖတ်ခဲ့တဲ့ ၀ထ္ထုစာအုပ်တွေထဲမှာ ထိုင်းက ဦးမင်းဒင် စာအုပ်တစ်အုပ် “မင်းဒင်ရဲ့ သက်ခိုင်” လည်း ပါပါတယ်။ အဲ့ဒီစာအုပ်ထဲက ပသီပုံပြင်တစ်ပုဒ် လည်းစိတ်ထဲမှာ စွဲစွဲထင်ထင် ဖြစ်နေခဲ့တယ်။ ပုံပြင်ကဒီလိုပါဗျာ။

“တိုင်းပြည် တစ်ပြည်မှာ မရှိဆင်းရဲသားတွေအပေါ် သနားဂရုဏာနဲ့ အမြဲပေးကမ်း စွန့်ကြဲနေတဲ့ ကုန်သည် သူဌေးကြီးတစ်ယောက် ရှိတယ်။ တွေ့တဲ့နေရာမှာ ငတ်ပြတ် နေသူတွေကို ပါသမျှပစ္စည်းတွေ ပေးကမ်းထောက်ပံ့နေတဲ့ တကယ့် သူဌေးကြီးပါ။ သူ့မှာမြင်းကောင်း တစ်စီး လည်းရှိနေတယ်။ တခြားကုန်သည် တစ်ယောက်က အဲ့ဒီမြင်းကောင်းကို အရမ်းလိုချင် တဲ့အတွက် ရောင်းပါ ဆိုပြီးအတင်း ရောင်းခိုင်းတယ်။ သူတော်ကောင်း သူဌေးကြီးကလည်း မရောင်းချင်တဲ့ အတွက် မရောင်းလိုက်ဘူး။ မြင်းလိုချင်တဲ့ ကုန်သည်က ဘယ်လိုမှ ပြောလို့လည်း မရတဲ့အခါမှာ “ခင်ဗျားမြင်းကို မရရအောင် ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ယူမယ်” ဆိုပြီးကြိမ်းဝါးသွားတယ်။

တနေ့မှာ ကုန်သည်ကြီးက မြို့ပြင်ကို မြင်းစီးထွက် လာတုန်း လမ်းပေါ်မှာ လဲနေတဲ့ ဆင်းရဲသား သူတောင်းစား တစ်ယောက်ကို တွေ့တယ်။ ပါလာတဲ့ငွေစ ပေးပြီး ထမင်းဟင်း အစားအသောက် ၀ယ်စားခိုင်းတယ်။ သူတောင်းစားက အားပြတ်နေတဲ့ အတွက် လမ်းမလျှောက်နိုင်ဘူး ဆိုသတဲ့ဗျာ။ အဲ့ဒီမှာ သူဌေးကြီးက မြင်းပေါ်ကဆင်း သူတောင်းစားကို မြင်းပေါ်ကို ပွေ့ချီတင်ပြီး သူကအောက်ကနေ လမ်းပဲလျှောက် သွားဖို့ပြင်လိုက်တယ်။ မြင်းပေါ်ကို သူတောင်းစား ရောက်ပြီးတာနဲ့ ချက်ချင်းပဲ မြင်းဇက်ကြိုးကို ဆွဲကိုင်ပြီး ၀ါးတရိုက်လောက် နှင်လိုက်တယ်။ ဖုံးထားတဲ့ အ၀တ်အစားတွေ ခွါချလိုက်တဲ့ အခါကျမှ အရင် မြင်းကို အတင်းတောင်းဝယ်တဲ့ ကုန်သည်ဖြစ်မှန်း သိလိုက်ရတယ်။

ကဲ..မြင်းကိုတော့ ရပြီ ခင်ဗျား ဘာတတ်နိုင်သေးလဲ ဆိုပြီးပြောလိုက်တဲ့ အခါကျတော့ သူဌေးကြီးက “ခဏလေး ကတိတစ်ခုတော့ပေးပါကွာ” တဲ့။ ငါ့ပိုင်တဲ့ ပစ္စည်းတွေ အကုန်ယူသွားလည်း ရပါတယ်တဲ့။ ဒါပေမယ့် ဒီလို မြင်းကို လိမ်လည် လှည့်ဖြားပြီး ယူသွားတဲ့ အကြောင်းကို လူတွေကို အသိမပေးပါနဲ့ တဲ့။ သူဌေးကြီးက လောကမှာ ငတ်မွတ် ဆင်းရဲနေတဲ့ သူဆင်းရဲတွေ အများကြီးပါကွာ။ ငတ်မွတ် ဆင်းရဲနေတဲ့ လူတွေကို ဂရုဏာနဲ့ ပေးကမ်း ထောက်ပံ့ နေသူတွေလည်း အများကြီးပါ။ ဒီလိုလိမ်လည် ညာယူသွားတဲ့ အကြောင်းကို ဂရုဏာနဲ့ ပေးကမ်းနေသူ သူတော်ကောင်းတွေ ကြားသိသွားရင်.. သူတို့ထားတဲ့ စေတနာတွေ ဆုတ်ယုတ် သွားနိုင်တယ်။ ဒါမျိုးတွေ လိမ်လည်တတ်ပါလား ဆိုပြီး ထင်သွားကြလိမ့်မယ်။ အဲ့ဒီအခါမှာ လောကကြီး ပျက်စီး သွားနိုင်တယ်။ လောကကြီး မပျက်စီးအောင် ဒီအကြောင်းကို လူတွေကို အသိမပေးပါနဲ့ ဆိုပြီးတောင်းပန်တယ်။ မြင်းသူခိုး လူလိမ်လည်း စိတ်ဝင်တစား နဲ့စဉ်းစား မိပြီး သူ့အမှားနဲ့ အပြစ်ကိုဝန်ချ တောင်းပန်တယ်။ မြင်းကို သူဌေးကြီးလက်ကို ပြန်အပ်လိုက်တယ်။

ဒီ ပသီပုံပြင်ကို ဦးမင်းဒင်ရဲ့ ၀ထ္ထုမှာ ဇာတ်ကောင် ဦးသက်ခိုင်က သူ့တပည့်တွေ အပေါ် ဆုံးမတဲ့ အခန်းမှာ ထည့်ထားပါတယ်။ တပည့်ကျော် တစ်ယောက်က သူ့အမေ အသုဘ ဆိုပြီး ငွေလိမ်လည် တောင်းသွားတာကို အသုဘ ကူညီမယ်ဆိုပြီး အိမ်လိုက်သွားရာက အကြောင်းစုံ သိသွားတဲ့ တပည့်တွေ မကျေမချမ်း ဖြစ်နေချိန်မှာ တပည့်တွေ အပေါ် ပုံပြင်ပြောပြီး ဆုံးမတဲ့ အခန်းမှာ ထည့်ရေး ထားပါတယ်။

ဝထ္ထုထဲမှာက ဦးသက်ခိုင် သူ့တပည့်တွေကို ပုံပြင်ပြော ဆုံးမတာပါ။ ဒါပေမယ့် ကျွန်တော် ဖတ်ပြီးတဲ့ အချိန်မှာ ကျွန်တော့်ကို ဆုံးမ နေသလိုပါပဲ။ လက်ဖက်ရည်ဆိုင် ထိုင်နေရင်း ပုံစံမျိုးစုံနဲ့ ပိုက်ဆံတောင်း တဲ့လူတွေ အပေါ်စိတ်ပျက် လက်ပျက်နဲ့ ဒေါသထွက်တတ်တဲ့ သူငယ်ချင်းတွေ ကိုမြင်ယောင် မိပါတယ်။ တခါတရံ ကိုယ်တိုင်တောင် တောင်းစားနေသူ တွေအပေါ်မှာ ဒေါသထွက် မိပါတယ်။
အမှန်မှာ စေတနာဆိုတာ စုန်ရေ သဘောပါပဲ။

ကျွန်တော်တို့ ဒေါသထွက်ရခြင်း အကြောင်းအရင်းက စေတနာရဲ့ သဘောကို ဆင်ခြင်ဥာဏ် လက်တစ်ဆုတ်စာနဲ့ ပေါင်းစပ်မိ လိုက်တာ ကြောင့်ပါ။ ပေါက်ပင် ဘာကြောင့် ကိုင်းရတယ်..နဲ့ ဂျာအေး အမေရိုက် တိုင်းပြည် စီးပွါးရေးနဲ့ ယှဉ်ပြီး “မြန်မာ ငပျင်းတွေ အလုပ်မလုပ်ပဲ တောင်းစား ကိုယ့်တာဝန်ကိုယ် မယူနိုင်ဘူး” ဒီလိုတွေနဲ့ တွေးမိတဲ့ အခါမှာ ပေးကမ်း စွန့်ကြဲခြင်း ဆိုတာနဲ့ ဝေးသွားမိပါတယ်။
တောင်းစားနေသူတွေ အပေါ် ဒေါသထွက်စရာ စိတ်ပျက်စရာလည်း မလိုအပ်ပါဘူး။

ကျွန်တော့် မိတ်ဆွေ Frankie Nyi Nyi ပြောသလိုပဲ တွေ့သမျှ မြင်သမျှ လူပဲ။  ဘယ်ဘာသာဝင် မဆို ဘယ်နိုင်ငံ သားမဆို ကမ္ဘာပေါ်မှာ လိုအပ်နေသူ ဆင်းရဲငတ်မွတ်နေသူ တွေရှိတာချည်းပါပဲ။ ခေါင်းစဉ်တွေ ခွဲကြည့်လိုက်ပါ။ မရှိတဲ့လူနဲ့ ရှိတဲ့လူ ဆိုပြီးတော့။ ကိုယ်တတ်နိုင်သမျှ ဖြည့်ဆီးပေး၊ မတတ်နိုင်တာ နဲ့ တခြားအကြောင်းရှာ ပြီး ဒေါသထွက်နေမယ် ဆိုရင် အချိန်တွေကုန်ပြီး  ဘ၀ကို ဖြုန်းတီးပစ်နေ သလိုပါပဲ။

လွန်ခဲ့တဲ့ ၈ နှစ်လောက်က အင်္ဂလိပ်စာ သွားသင်ယူခဲ့ဖူးတဲ့ လှည်းတန်းက ဆရာဦးမြကြိုင်က စေတနာ ဆိုတာ ပွါးများခြင်းနဲ့ လေ့ကျင့်ယူရတယ် လို့ ဆုံးမတာ ခံခဲ့ရဖူးပါတယ်။ စေတနာ မေတ္တာပွါးများတယ် ဆိုတာ အလေ့အထုံနဲ့ ဆိုင်ပါလိမ့်မယ်။ မကောင်းမြင်စိတ်နဲ့ အလိုမကျ ဖြစ်နေရင် ကောင်းမြတ်ခြင်း တရားတွေ ဖြစ်တည်လာမှာ မဟုတ်ပါဘူး။

အပိုင်း ၁ ဒီတွင် ပြီးဧ။်။


-တူဘီကိုတင်ညွန့်


စိုးထက်
02:56PM, Friday,
September,2011
မြန်မာပြည်။

ဘ၀တစ်လျှောက်လုံး အသိအမြင်ပေးခဲ့ဖူးသော ဖတ်ခဲ့ဖူးသော စာရေးဆရာများ၊ ကျေးဇူးရှင်များ အားလုံးကို ဒီစာဖြင့် ဂါရ၀ပြုအပ်ပါသည်။ ဖတ်ပြီး အဆင်မပြေမှုများ၊ ညံ့ဖျင်းမှုများ တွေ့ရှိခဲ့သော် စာရေးသူ အပြစ်သာ ဖြစ်ပါသည် ခင်ဗျာ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...