Monday, October 24, 2011

ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ အခန်း (၆) ၊ အပိုင်း(၂)

အမေရိကန်ပြည်ထောင်စု၏ နိုင်ငံသားဘဝ
        အမေရိကန်ပြည်ထောင်စု၏ နိုင်ငံသားအယူအဆ ဖြစ်ပေါ်တိုးတက်လာပုံကို အထူးစိတ်ဝင်စား ကြခြင်းမှာ ၁၇၇၆ ဂျူလိုင်လတွင် ဗြိတိသျှ ဘုရင်စနစ်လက်အောက်မှ လွတ်လပ်ရေးကြေညာခဲ့သည့် အမေရိကန်ပြည် ထောင်စုသည် ခေတ်သစ်ကမ္ဘာ၌ နိုင်ငံသားကျင့်စဉ်အပေါ် အခြေစိုက်ဖွဲ့စည်းသည့် ပထမဆုံးနိုင်ငံ ဖြစ်ရုံသက် သက်ကြောင့် မဟုတ်ပါ။ “နိုင်ငံသား”၏ အဓိပ္ပါယ်သတ်မှတ်ချက်သည် ပြည်ထောင်စု ဖွဲ့စည်းတည်ဆောက်ပြီး ချိန်မှစ၍ ယနေ့ခေတ်အထိ စဉ်ဆက်မပြတ် တိုးတက်ခဲ့၊ တိုးတက်နေဆဲဖြစ်သောကြောင့် အရေအတွက်များပြား သောလူအုပ်စုတို့ အနေဖြင့် ဤအဓိပ္ပါယ် သတ်မှတ်ချက်နှင့် ပိုမိုအကျုံးဝင်လာနေဆဲ ဖြစ်ခြင်းသည်လည်း အကြောင်းအချက်တစ်ရပ်အနေဖြင့် ပါဝင်ပါသည်။ ဤဖြစ်ရပ်သည် စောစောပိုင်း အေဒီရာစုနှစ်များအတွင်း ရောမနိုင်ငံသား အဓိပ္ပါယ် သတ်မှတ်ချက် တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့သည့် ဖြစ်ရပ်နှင့် တစ်နည်းတစ်ဖုံ ဆင်တူလျက်ရှိပါသည်။
          အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အတည်ပြုခဲ့သည့် ၁၇၈၇ ခုနှစ်ကဆို လျှင် ဥစ္စဓနကြွယ်ဝသော လူဖြူလူနည်းစုကသာ ပြည့်ဝသော နိုင်ငံသားအခွင့်အရေးကို ရရှိခံစားခဲ့ကြရသည်။ ထိုစဉ်က မည်သည့်ရပိုင်ခွင့်မှ မရှိခဲ့သည့် အာဖရိကတိုက်သား ကျွန်ဦးရေများစွာ ရှိခဲ့ကြသည်။ မြောက်အမေရိ က ဒေသ၏ ဌာနတိုင်းရင်းသားများဖြစ်သော အမေရိကန် အင်ဒီးယန်းတို့တွင်လည်း မည်သည့်အခွင့်အရေးမှ မရှိခဲ့ကြချေ။ အမျိုးသမီးများ အနေဖြင့်လည်း နိုင်ငံရေးဘ၀တွင် ပါဝင်ပတ်သက်ပိုင်ခွင့် မရှိခဲ့ကြချေ။ ၁၈၂၉ မှ ၁၈၃၇ ခုနှစ်အထိ သမတတာဝန်ကို ထမ်းဆောင်ခဲ့သည့် အင်ဒရူးဂျက်ဆင် (Andrew Jackson) လက်ထက် ရောက်မှသာ ပစ္စည်းမဲ့ နှင့် ပစ္စည်းရှိလူဖြူယောင်္ကျားတိုင်း ဆန္ဒမဲပေးပိုင်ခွင့် ရရှိခဲ့ကြသည်။ ၁၈၆၁ ခုနှစ်မှ ၁၈၆၅ ခုနှစ်အထိ ဖြစ်ပွားခဲ့သော အမေရိကန်ပြည်တွင်းစစ်ကြီး အပြီးတွင်မူ အခြေခံဥပဒေ ပြင်ဆင်ချက် အမှတ် ၁၅ အားဖြင့် အမေရိကန်လူမည်းတို့ မဲပေးပိုင်ခွင့် ရရှိခဲ့ကြသည်။ ၁၉၂၀ အရောက်တွင် အခြေခံဥပဒေ ပြင်ဆင်ချက် အမှတ် ၁၉ အားဖြင့် အမျိုးသမီးများ ဆန္ဒမဲပေးပိုင်ခွင့် ရရှိခဲ့ကြသည်။
          သို့ရာတွင် မဲဆန္ဒပေးပိုင်ခွင့်မှလွဲ၍ ပြည်သူ့ကိုယ်စားလှယ်အဖြစ် ၀င်ရောက် ယှဉ်ပြိုင် ရွေးချယ်ခံခြင်း၊ အစိုးရအဖွဲ့၏ အရေးပါသော တာဝန်များကို ထမ်းဆောင်ခြင်း အစရှိသည့် လူဖြူအမျိုးသားတို့ နှစ်ပေါင်းများစွာ ရရှိခံစားခဲ့ကြသော ပြည့်ဝသည့် နိုင်ငံသားအခွင့်အရေးများကို အမေရိကန်လူမည်းများ (အမေရိကန် အင်ဒီးယန်းများနှင့် အမေရိကန် အာရှနွယ်ဖွားများ အပါအ၀င်ဖြစ်သည့်) အခြားလူနည်းစု လူမျိုးများနှင့် အမျိုးသမီးများ ရရှိခံစားခဲ့ကြသည်မှာ မကြာမြင့်လှသေးပေ။ အမေရိကန် လူမည်းတို့အား ဆန္ဒမဲပေးခွင့် ပြုခဲ့သည့် အခြေခံဥပဒေပြင်ဆင်ချက် အမှတ် ၁၅ ကို ၁၈၇၀ ခုနှစ်တွင် အတည်ပြုခဲ့သည်မှာ မှန်သော်လည်း အမေရိကန်လူမည်း အများစုနေထိုင်ကြသည့် အမေရိကန်တောင်ပိုင်း ပြည်နယ်များတွင် သီးခြားကိုယ်ပိုင်ဥပဒေ များ ထုတ်ပြန်ခြင်းအားဖြင့် လူမည်းတို့အား မဲပေးခြင်းကို ဟန့်တားပိတ်ပင်ထားခဲ့ကြသည်။ ဥပမာ လူမည်းများ အနေဖြင့် မဲပေးမည့်အကြောင်း မှတ်ပုံတင်ခွင့် ရရှိစေရန်အတွက် အလွန်ခက်ခဲသော အင်္ဂလိပ်ဘာသာစကား စာမေးပွဲများကို ဖြေဆိုကြရသည်။ တောင်ပိုင်းသားလူဖြူတို့မှာ ဤစာမေးပွဲကို ဖြေဆိုရန်မလိုပေ။ ထိုကဲ့သို့သော ကန့်သတ်ချုပ်ချယ်ပြီး ဘက်လိုက်သည့် ပြည်နယ်ဥပဒေများကို ၁၉၆၅ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု ကွန်ကရက်လွှတ်တော်က ထုတ်ပြန်ခဲ့သည့် “မဲဆန္ဒပေးပိုင်ခွင့် အက်ဥပဒေ” အရ ဖျက်သိမ်းပစ်ခဲ့သည်။ ၁၉၆၅ ခုနှစ်နောက်ပိုင်းတွင် အမေရိကန်လူမည်းများစွာတို့သည် မဲဆန္ဒပေးခဲ့သည်သာမက ၊ ပြည်သူ့ကိုယ်စားလှယ်များ အဖြစ် ရွေးကောက်ခံခဲ့ကြသော လူမည်းဦးရေမှာ သိသိသာသာ တိုးတက်လာခဲ့သည်။ ဤသည်မှာ အမေရိကန် လူမည်းတို့အနေနှင့် စစ်မှန်သော နိုင်ငံသားရပိုင်ခွင့်များကို ပထမဆုံးအကြိမ် စတင်အသုံးပြုခဲ့ခြင်း ဖြစ်သည် ဟု ဆိုနိုင်ပေသည်။
           ထိုမျှမက အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာတစ်ဝှမ်းလုံးမှ နိုင်ငံကူးနေထိုင်လိုသူများကို လက်ခံခဲ့ သည်။ ထိုသူများအနက် အမေရိကန်နိုင်ငံသားဘ၀ ခံယူခဲ့ကြသည့် “အမေရိကန် နိုင်ငံသားသစ်” များသည် အမေရိကန်နိုင်ငံရေးဘ၀၏ အရေးပါသော ကဏ္ဍများတွင် ပါဝင်လာခဲ့ကြသည်။ နိုင်ငံရပ်ခြားတွင် မွေးဖွားသူများ ကိုလည်းကောင်း၊ ကွဲပြားခြားနားသော ယဉ်ကျေးမှု ရှိသူများကို လည်းကောင်း၊ နိုင်ငံသားအဖြစ်ကူးပြောင်း ခံယူ ခွင့်ပြုခြင်းအားဖြင့် ဌာနေဖွား နိုင်ငံသားများနှင့် တန်းတူအခွင့်အရေးပေးသည့် စနစ်မျိုးကို ကမ္ဘာနိုင်ငံအားလုံးက လက်ခံကျင့်သုံးကြသည် မဟုတ်ပါ။ ၁၈၂၄ ခုနှစ်နောက်ပိုင်းတွင်မှ မြန်မာနိုင်ငံတွင် လာရောက်အခြေချ နေထိုင် သူများ၏ မျိုးနွယ်ဆက်များအား (ဧည့်နိုင်ငံသာနှင့် နိုင်ငံသားဟု) ခွဲခြားဆက်ဆံသည့် နှစ်ဆင့်ခွဲ နိုင်ငံသား ဥပဒေ တစ်ရပ်ကို ဦးနေ၀င်းခေတ် မြန်မာနိုင်ငံတွင် ၁၉၈၀ ခုနှစ်များအတွင် ပြဌာန်းကျင့်သုံးခဲ့သည်။ အရေ အတွက်အားဖြင့် ခုနှစ်သိန်းခန့် ရှိမည့် ဂျပန်နိုင်ငံဖွား ကိုရီးယား လူမျိုးများတွင်လည်း ဂျပန်နိုင်ငံသား အခွင့်အရေးမျိုး မရှိပေ။ ဂျပန်နိင်ငံတွင် ဂျပန်လူမျိုး မိဘနှစ်ပါးမှ မွေးဖွားသူများ၌သာ ပြည့်ဝသော နိုင်ငံသား အခွင့်အရေးများကို ပြည်သူအများစုတို့ ရရှိခံစားနိုင်ရန် ဆိုသည့် အချက်သည် အမေရိကန် နိုင်ငံတော်၏ အုပ်ချုပ်စီရင်ပိုင်ခွင့်အတွက် အဓိကကျသော ကိစ္စရပ် တစ်ခုဖြစ်လေသည်။ ဥပမာအားဖြင့် ၁၉၇၁ ခုနှစ် တွင် အခြေခံဥပဒေ ပြင်ဆင်ချက် အမှတ် ၂၆ ကို ပြဌာန်းခြင်း အားဖြင့် အသက်၁၈ နှစ် ပြည့်ပြီးသူတိုင်းအား မဲပေးပိုင် ခွင့် ပေးအပ်ခဲ့သည်။ ယခင်ကဆိုလျှင် အသက်၂၁ နှစ် ပြည့်ပြီးသူများတွင်သာ မဲပေးပိုင်ခွင့် ရှိခဲ့သည်။  သို့ရာတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတို့သည် စစ်မှုထမ်းဆောင်ကြရသည့်နည်းတူ ၄င်းတို့ထံတွင် မဲဆန္ဒပေး ပိုင်ခွင့် ပါရှိသင့်သည်ဟူသည့် အဆိုကြောင့် အဆိုပါ ပြင်ဆင်ချက်ကို ပြဌာန်းခြင်းဖြစ်သည်။
(၃)     နိုင်ငံသားနှင့် လူမျိုး
        ခိုင်မာသောအယူအဆနှင့် တန်းတူညီမျှသော နိုင်ငံသားအခွင့်အရေးတို့သည် ဒီမိုကရေစီကျင့်စဉ် ရှင်သန်ရေးအတွက် အလွန်အရေးပါသည်။ သို့ရာတွင် ကွဲပြားခြားနားသော လူမျိုးစုတို့ ပေါင်းစည်းနေထိုင်ကြ သည့် လူမျိုးစုံနိုင်ငံများတွင် ခိုင်မာသော နိုင်ငံရေး အယူအဆ တိုးတက်ထွန်းကားရန် ပို၍လိုအပ်သည်။ ဤ အချက်သည် လူမျိုးရေး တံတိုင်းကိုကျော်လွန်၍ အမျိုးသားစည်းလုံးညီညွတ်ရေးကို အာမခံနိုင်စေရန်အတွက် လိုအပ်လှပေသည်။ အမေရိကန်ပြည်ထောင်စုသည် လူမျိုးပေါင်းစုံ နေထိုင်သည့် နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင် လူမျိုးရေးအရ လည်းကောင်း၊ ဘာသာရေးအရလည်းကောင်း၊ ကွဲပြားစုံလင်မှု အရှိဆုံးနိုင်ငံ ဖြစ်ဖွယ်ရှိသည်။ အထူးသဖြင့် ၁၉၆၀ ပြည့်လွန် နှစ်များ၌ ပြုပြင်ပြောင်းလဲခဲ့သော အမေရိကန်ပြည်ထောင်စု၏ လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ အနောက်တိုင်း နိုင်ငံများမဟုတ်သည့် အာဖရိက၊ အာရှ နှင့် လက်တင်အမေရိ က ဒေသတို့မှ နိုင်ငံကူးပြောင်းလာသူ ထောင်ပေါင်းများစွာတို့ ရောက်ရှိလာပြီးနောက် ထိုအချက်သည် ပိုမို ထင်ရှားမှန်ကန်လာခဲ့သည်။ ဤသို့ နောက်ထပ်ရောက်ရှိလာသူတို့တွင် တူညီမှု အလွန်နည်းပါးသည့်အပြင် တန်ဖိုးထားပုံစနစ်ခြင်းလည်း သိသာစွာ ခြားနားလေသည်။ အမေရိကန်ပြည်ထောင်စုတွင် အင်္ဂလိပ် ဘာသာ စကားကို မတူညီသောလူမျိုးစုတို့အတွက် ပေါင်းကူး ဘာသာစကားအဖြစ် အသုံးပြုလျှက် ရှိသည့်တိုင်အောင် ရံဖန်ရံခါတွင် ၄င်းတို့အချင်းချင်း ဆက်သွယ်ပြောဆိုနိုင်မည့် ဘာသာစကားပင် မရှိတော့သည့် အနေအထားသို့ ဆိုက်ရောက်လာတတ်သည်။ ထိုမျှ ကွဲပြားခြားနားသော လူမျိုးစုတို့အား ခိုင်မာသော သွေးစည်းညီညွတ်မှု အားဖြင့် စစ်မှန်သော နိုင်ငံ တစ်နိုင်ငံအဖြစ် ဥမကွဲသိုက်မပျက် ရှိစေရန် အလို့ငှာ အမေရိကန်နိုင်ငံရေးခေါင်း ဆောင်များနှင့် ပညာရေးဆိုင်ရာ တာဝန်ရှိသူများက “အမေရိကန်နိုင်ငံသားမှန်လျှင် ယဉ်ကျေးမှု၊ သာဘာစကား ကိုးကွယ်ယုံကြည်မှု အစရှိသည်တို့ မည်မျှပင် ကွဲပြားခြားနားပါစေ တူညီမျှတသော နိုင်ငံသားအခွင့်အရေးများ ကို တန်းတူရည်တူ ရယူခံစားပိုင်ခွင့် ရှိရမည်” ဆိုသော အယူအဆ တိုးတက်ခိုင်မာလာစေရန် ကြိုးပမ်းလျက် ရှိကြသည်။
          လူမျိုးပေါင်းစုံ ပြည်သူတို့ကို အုပ်ချုပ်ရသော နိုင်ငံတော်တို့အနေနှင့် ခိုင်မာသော နိုင်ငံသားအယူအဆ တိုးတက်ပြန့်ပွားလာစေရန် အသုံးပြုသည့်နည်းလမ်း နှစ်သွယ်ရှိသည်။ ယင်းတို့မှာ-
(၁)     လူနည်းစုဖြစ်သော လူမျိုးစုငယ်များအား လူများစုဖြစ်သော လူမျိုးစုကြီး၏ ယဉ်ကျေးမှုနှင့် လူနေမှုဘ၀ အတိုင်း ကျင့်ကြံနေထိုင်ကြစေရန် ပြဌာန်း ဆောင်ရွက်သည့်နည်းလမ်း-နှင့်
(၂)     လူမျိုးပေါင်းစုံပါဝင်သော “ဗဟု လူ့အဖွဲ့အစည်း” တစ်ရပ်ကို ဖန်တီးပြီးလျှင် ဤအဖွဲ့အစည်းအတွင်း နေထိုင်ကြသော ကွဲပြားခြားနားသည့် လူမျိုးစုများအနေဖြင့် အခြားသော ကိစ္စရပ်မျာူးထက် စီးပွားရေးကိုသာ ပူးပေါင်းဆောင်ရွက်သည့်နည်းလမ်းတို့ ဖြစ်ကြသည်။
          လူများစု လူမျိုးကြီး၏ ယဉ်ကျေးမှုအတိုင်း ပြည်သူတို့အားကျင့်ကြံနေထိုင်စေခြင်းအားဖြင့် အတု အယောင်သဘောဆောင်သော “လူမျိုးစုများ ရောယှက်စည်းလုံးခြင်း” ကို ဖန်တီးယူသည့် ပထမ နည်းလမ်းကို ကမ္ဘာ့နိုင်ငံများတွင် အများဆုံးတွေ့ရလေသည်။ ဦးနေ၀င်း ကျင့်သုံးခဲ့သော လူမျိုးစုဆိုင်ရာ မူဝါဒသည် ဤနည်း ကိုလိုက်သော မူဝါဒဖြစ်သည်။ ဦးနေ၀င်းသည် နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးစုများ၏ ခြားနားသော လူနေ မှုဘ၀၊ ယဉ်ကျေးမှုနှင့် ယုံကြည်ကိုးကွယ်မှုတို့ကို ဂရုစိုက်ခြင်း၊ လေးစားခြင်း၊ မရှိရုံသာမက လူများစုဗမာလူမျိုး များနှင့် အတူ နိုင်ငံရေးအာဏာအား ခွဲဝေကျင့်သုံးမှုကိုလည်း ခွင့်ပြုခြင်းမရှိခဲ့ပေ။ ဤအချက်သည် ဒုတိယ ကမ္ဘာစစ်ပြီးချိန်မှ စ၍ မြန်မာနိုင်ငံအား ဖိစီးနှိပ်စက်နေခဲ့သည့် လူမျိုးစုစစ်ပွဲများ ဖြစ်ပွားနေရခြင်း၏ အဓိက အကြောင်းအရင်း ဖြစ်သည်။ တရုတ်ပြည်သူ့သမတနိုင်ငံ၏ မူဝါဒသည်လည်း အလားတူပင်ဖြစ်သည်။ တရုတ်နိုင်ငံရှိ လူဦးရေ၏ ၅၉ ရာခိုင်နှုန်းသည် ဟန် (Han) လူမျိုးများ ဖြစ်ကြသည်။ လူနည်းစုများဖြစ်ကြသော တိဘတ်၊ မွန်ဂို နှင့် တာ့ခ် လူမျိုးစုများအနေဖြင့် သင်္ကေတသဘောမျှသာဖြစ်ပြီး အနှစ်သာရကင်းမဲ့သော ကိုင်ပိုင်အုပ်ချုပ်ပိုင်ခွင့်ကို  ရရှိကြသော်လည်း ဆိုင်ဆိုင်ရာလူမျိုးစု၏ လူနေမှုဘ၀ကို အကောင်အထည်ဖော်နိုင် မည့် စစ်မှန်သော လွတ်လပ်ခွင့် ဟူ၍ မရှိသလောက်ပင်။ သတို့တွင် လူများစုဖြစ်သော ဟန်လူမျိုးစု၏ လွှမ်းမိုး ၀ါးမျိုမှုကို ခံရနိုင်သည့် အန္တရာယ်ရှိလေသည်။ တိုင်းရင်းသား လူမျိုးစုပေါင်း များစွာ ပါဝင်ဖွဲ့စည်းထားသည့် ယခင် ဆိုဗီယက်ပြည်ထောင်စုကိုလည်း လူများစု ရပ်ရှားလူမျိုးများက လွှမ်းမိုးထားခဲ့ကြသည်။ သို့ရာတွင် လူများစု လူမျိုးစုကြီးတစ်ခုက ကျန်ရှိသောလူနည်းစု လူမျိုးစုများအား လွှမ်းမိုးထိန်းချုပ်ထားသည့် အင်ပါယာ နိုင်ငံကြီးများသည် သဘာဝအားဖြင့် အင်အား ချိနဲ့လေ့ရှိသည်ကို  ၁၉၉၁ ခုနှစ်၌ လွတ်လပ်သောနိုင်ငံအဖြစ်သို့ ပြိုကွဲရောက်ရှိသွားခဲ့သည့် ယခင်ဆိုဗီယက်ယူနီယံ၏ ဖြစ်ရပ်က သက်သေပြလျက်ရှိသည်။ စီးပွားရေးနှင့် လူမှု ရေး အကျပ်အတည်းများကို နှစ်ပေါင်းများစွာ ဆက်တိုက်ရင်ဆိုင်ရပြီးသည့်နောက် ဆိုဗီယက်ပြည်ထောင်စုကြီး အစည်းပြေလာပြီးလျှင် လူနည်းစု လူမျိုးစုများက ပြည်ထောင်စုမှ ခွဲထွက်ရန် ဆုံးဖြတ်ကာ ကိုယ်ပိုင်နိုင်ငံတော် များ ထူထောင်ခဲ့ကြသည်။ ဆိုဗီယက်ပြည်ထောင်စု မတိုင်မီက ရှိခဲ့သော ရပ်ရှားဧကရာဇ်ကို လီနင်က “လူမျိုးစု များ၏ အကျဉ်းစခန်း” ဟု ခေါ်ဝေါသမုတ်ခဲ့ဖူးသည့် ဤစကားသည် ၁၉၉၁ ခုနှစ်ရောက်သည်အထိ မှန်ကန်ခဲ့လေသည်။
          လူမျိုးစုပေါင်းစုံ နို်င်ငံတော်၏ အခြေခံအဖြစ် နိုင်ငံသားအယူအဆကို အသုံးပြုနိုင်သည့် ဒုတိယ နည်းလမ်းတစ်သွယ်မှာ “ဗဟု လူ့အဖွဲ့အစည်းကို” တည်ထောင်ခြင်းဖြစ်သည်။ ဤဝေါဟာရကို တီထွင်သူမှာ  Colonial Policy and Practice: Comparison of Burma and India စာအုပ်ကို ရေးသားခဲ့သည့် အင်္ဂလိပ် ပညာရှင် J.S Furnivall ဖြစ်သည်။ ဤဝေါဟာရ၏ ရည်ညွှန်းချက်မှာ “ခြားနားသော လူမျိုးစု အသီးသီးတို့သည် မတူညီသော စီးပွားရေးဆိုင်ရာ လုပ်ငန်းရပ်တို့ကို ဆောင်ရွက်ကြခြင်းဖြင့် (စစ်မှန်သော အမျိုးသားညီညွှတ်ရေး နှင့် သစ္စာစောင့်သိရေးကို မြှင့်တင်ခြင်း မပြုနိုင်သည့် တိုင်အောင်) ဆိုင်ရာ လူ့အဖွဲ့အစည်းတစ်ခုလုံး၏ ယေဘုယျကြီးပွားတိုတက်ရေးကို ဖော်ဆောင်ပေးနိုင်သည့် လူ့အဖွဲ့အစည်းတစ်ရပ်” ဟု ဆိုလိုခြင်းဖြစ်သည်။ ဥပမာအားဖြင့် ဗြိတိသျှ ကိုလိုနီခေတ်က မြန်မာနိုင်ငံကို ကြည့်ပါ။ ဗြိတိသျှတို့သည် ကိုလိုနီအစိုးရကို လည်းကောင်း၊ အဓိက စီးပွားရေးလုပ်ငန်းကြီးများကို လည်းကောင် ထိန်းချုပ်ထားခဲ့သည်။ တရုတ်နှင့် အိန္ဒိယ လူမျိုးတို့က လုပ်ငန်းရှင်များ၊ တတ်သိပညာရှင်များ နှင့် အစိုးရ၀န်ထမ်းများအဖြစ် ခေတ်သစ်စီးပွားရေးလုပ်ငန်း တို့တွင် အရေးပါသောကဏ္ဍမှ ပါဝင်ခဲ့ကြသည်။ ဆင်းရဲသော အိန္ဒိယလူမျိုးများက အလုပ်ကြမ်းသမားများအဖြစ် လည်းကောင်း ကချင် နှင့် ကရင်ကဲ့သို့သော လူနည်းစု လူမျိုးစုများက စစ်တပ်နှင့် ပုလိပ်တပ်ဖွဲ့များတွင် လည်းကောင်း ပါဝင်လုပ်ကိုင်လေ့ ရှိသည်။ ဗမာလူမျိုးအများစုမှာမူ တောင်သူ လယ်သမားများအဖြစ် ကျေးရွာ များတွင် နေထိုင်         ၍ စပါးနှင့် အခြားသီးနှံများကို စိုက်ပျိုးထုတ်လုပ်ခဲ့ကြသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးကောင်းခဲ့ စဉ်က ယေဘုယျအားဖြင့် သဘောထားကွဲလွဲမှုများ မရှိကြချေ။ သို့ရာတွင် ၁၉၃၀ ခုနှစ်၌ စီးပွားရေးကပ်ဆိုက်မှု ကြီးနှင့် ရင်ဆိုင်ရသောအခါတွင်မူ ဤ “ဗဟု လူ့အဖွဲ့အစည်း” သည် ချုပ်သီထားရာ နေရာတို့မှ တစ်စစီ ပြုတ်ထွက်လာပြီးလျှင် နောက်ဆုံး၌ ပြိုကွဲပျက်စီးခဲ့ရသည်။ စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှု ဟူသည် ( အထူးသဖြင့် ခက်ခဲကြမ်းတမ်းသော ကာလများတွင်) အမျိုးသား သွေးစည်းညီညွှတ်ရေးကို လုံလောက်စွာ အထောက်အပံ့ ပြုခဲလှသည်။
          နိုင်ငံသာအဖွဲ့အစည်းတစ်ရပ်သည် လူမျိုးရေးအားဖြင့် ကွဲပြားခြားနားမှုများ ရှိနေသည့်တိုင်အောင် တန်းတူညီမျှသော နိုင်ငံသားအခွင့်အရေး ရရှိသောအခါတွင်မူ  ထိုင်ကျည်သော အမျိုးသား သွေးစည်းညီညွတ် ရေးနှင့် သစ္စာစောင့်သိရေး ခံယူချက်တို့ကို ရရှိပိုင်ဆိုင်နိုင်ပေသည်။ သို့ရာတွင် လူများစု လူမျိုးစုကြီး၏ တန်ဖိုးသတ်မှတ်ချက်တို့ကို လူနည်းစုတို့အပေါ်တွင် သတ်မှတ်ပြဠာန်းလျက်ရှိသော တရုတ်နိုင်ငံနှင့် လက်ရှိ မြန်မာနိုင်ငံတို့အနေဖြင့် အတင်းအကျပ် ပေါင်းစည်းထားသမျှ ကာလတစ်ခုအထိသာ တည်တံ့ပေလိမ့်မည်။ ဤသို့သော နိုင်ငံတော်တို့ အားပျော့ချိနဲ့လာပြီဆိုလျှင်  ၁၉၉၁ ခုနှစ်၌ ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲသွား သကဲ့သို့  အလားတူ ဖြစ်ရပ်မျိုးကို ရင်ဆိုင်ရဖွယ် ရှိလေသည်။ “ဗဟု လူ့အဖွဲ့အစည်းများ” သည် တိုင်းပြည်၏ စီးပွားရေးတိုးတက်နေသည့် ကာလတွင် သာယာဝပြော တတ်ကြသည်။ သို့ရာတွင် ဤသို့သော အဖွဲ့အစည်း များကို ပေါင်းစည်းထားသည်မှာ ရေရှည်တည်တံ့လေ့ မရှိသည့် ဥစ္စာဓနသာ ဖြစ်ရကား၊ ဤအဖွဲ့အစည်းတို့သည် စီးပွားရေး အင်းအားစုတို့၏ ဓါးစာခံသဖွယ်သာ ဖြစ်နေပေသည်။
          နိုင်ငံသားနှင့် လူမျိုးစု ကွဲပြားခြားနားခြင်း ဆိုင်ရာ ကိစ္စရပ်များကို လာမည့် ဖက်ဒရယ် ပြည်ထောင်စု စနစ်နှင့် လူနည်းစု အခွင့်အရေးကဏ္ဍ (အခန်း ၁၄) တွင် ပိုမိုစုံလင်စွာ ဆွေးနွေးဖော်ပြသွားပါမည်။ 

ဆက်လက်ဖေါ်ပြပါမည်။  
ကက်နက်အေ မက်ကေးရေးသား၍ ဒေါင်းညိုဘာသာပြန်ဆိုသော
ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ စာအုပ်မှ ကူးယူတင်ပြပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...