ဒီမိုကရေစီ လေ့လာရေးစာစဉ် အခန်း(၅) အပိုင်း(၁)
နိုင်ငံရေးပါတီ
ဆိုသည်မှာ
(The
Party Concept)
ဗြိတိသျှနိုင်ငံရေးသိပ္ပံပညာရှင် အက်ဒ်မန့်ဘာခ်
(Emund Burke) က “နိုင်ငံရေးပါတီဆိုသည်မှာ ပြည်သူလူထု၏ အကျိုးစီးပွားကို အထိရောက်ဆုံး
ဖော်ဆောင်နိုင်မည့် မူဝါဒများ ဖြစ်သည်ဟု သတ်ဝင်ယုံကြည် များက ထိုမူကို အခြေခံ၍ စုဝေးဖွဲ့စည်းထားသော
လူစုဖြစ်သည်” ဟု ဆိုသည်။ နိုင်ငံရေးပါတီဆိုသည်မှာ မိမိတို့ကို ထောက်ခံမည်ဆိုပါက ထိုထောက်ခံသူတို့၏
အကျိုးစီးပွားကို ဖော်ဆောင်ပေးမည်ဟု စည်းရုံးကာ မိမိတို့ အာဏာရရှိရေးကို အားထုတ်နေသော
တသီးပုဂ္ဂလများဖြင့် စုစည်းထားသော အဖွဲ့ဖြစ်ကြောင်း အဓိပ္ပါယ် ဖွင့်ကြသည်။ လူ့အဖွဲ့အစည်းအတွင်မှ
ကွဲပြားခြားနားသော အစုအဖွဲ့များကို ကိုယ်စားပြု၍ ပေါင်းစပ်ထားသော ညွန့်ပေါင်းအဖွဲ့ကလေးများ
ဖြစ်သည်ဟုလည်း အချို့ပြောကြသည်။
အနောက်တိုင်း
ဒီမိုကရေစီ နိုင်ငံအများစုတွင် အက်ပ်စ်တိမ်း (Leon D.Epstein) အဓိပ္ပါယ်ဖွင့်ဆိုသည့်
“အမှတ်တံဆိပ် ကြေညာမှု (ပါတီပေါ်လစီ ကြေညာမှု) တခုအောက်တွင် ၄င်းတို့အား အစိုးရ အာဏာအတွက်
ရွေးချယ်တင်မြှောက်ပေးရန် တောင်းဆိုနေသော လျော့ရဲရဲပင်ဖြစ်စေ ဖွဲ့စည်းထာေးသာ မည်သည့်လူစုကိုမဆို
ပါတီဟုခေါ်သည်” ဆိုသော အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ရေဘုယျ လက်ခံထားကြသည်။
မည်သို့ပင်ဖြစ်စေ ပညာရှင်တို့က ရှုထောင့်စုံမှ
တင်ပြကြသဖြင့် အနည်းငယ် ကွဲလွဲသော အဓိပ္ပါယ်ဖွင့်ဆိုချက်များ ဖြစ်လာသော်လည်း နိုင်ငံရေးအရ
(ပါတီမူဝါဒအရ) ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်တခု အတွက် ၀င်ရောက်ယှဉ်ပြိုင်ခြင်း သဘောတရားမှာ
အတူတူပင်ဖြစ်သည်။ ထိုကြောင့်ရေဘုယျ လက်ခံနိုင်သော အချက်မှာ မူဝါဒတခုဖြင့်နိုင်ငံရေး
ဦးဆောင်မှုနေရာအတွက် ယှဉ်ပြိုင်အရွေးခံရန် ဖွဲ့စည်းထားသော လူစုလူဝေးသည် ပါတီဖြစ်သည်ဟူသော
အချက်ဖြစ်သည်။ နိုင်ငံရေးဦးဆောင်မှု နေရာအတွက် ယှဉ်ပြိုင်ရန် ရည်ရွယ်ချက်မရှိဘဲ ဖွဲ့စည်းထားသော
အဖွဲ့အစည်းများ ဒီမိုကရေစီ နိုင်ငံတခုတွင် ရှိနိုင်ပါသည်။ ထိုအဖွဲ့အစည်းများသည် နိုင်ငံရေး
ဦးဆောင်မှုနေရာအတွက် ယှဉ်ပြိုင်ရန် ဆန္ဒမရှိသဖြင့် နိုင်ငံရေးပါတီ မဟုတ်ဘဲ ရည်ရွယ်ချက်
တခုခုအတွက်ဖွဲ့စည်းသည့် အဖွဲ့သားများဖြစ်သည်။ သို့ရာတွင် ဒီမိုကရေစီ နိုင်ငံရေး စနစ်အတွင်းတွင်
အဖွဲ့အစည်းများနှင့် ပါတီများသည်ဆက်နွယ်၍ ရပ်တည်နေမှုများလည်း ရှိတတ်ပါသည်။
အအုပ်ချုပ်ခံများနှင့် အုပ်ချုပ်သူများအကြောင်း
ပေါင်းကူးပေးသည့် လုပ်ငန်းတာဝန်ကို ဆောင်ရွက် ခြင်းသည် နိုင်ငံရေးပါတီများ၏ အရေးကြီးဆုံးသော လုပ်ငန်းလည်ပတ်မှု
တခုအဖြစ် နိုင်ငံရေးသိပ္ပံ ပညာရှင် များက ရှုမြင်ကြသည်။ အရာကိစ္စပေါင်စုံ စုပေါင်းပါဝင်နေသော
လူ့အဖွဲ့အစည်းတခုအတွင်း နိုင်ငံရေးပါတီ များသည် အပေါ်နှင့်အောက် ဆက်သွယ်ပေးသည့် လမ်းကြောင်းဖြစ်သည်။
နိုင်ငံရေးပါတီများအချင်းချင်း ယှပြိုင်မှုရှိသည့် (ဒီမိုကရေစီ စီးပွားရေးသီအိုရီ) စနစ်တွင်
အအုပ်ချုပ်ခံ ပြည်သူများ၏ အသံသည် ပါတီများမှ တဆင့် အုပ်ချုပ်ခံ ပြည်သူများထံ စီးဆင်းနေမှု
သဘောတရား ခိုင်မာလျက်ရှသည်ကို တွေ့ရသည်။ သို့ရာတွင် ပါတီများသည် ၄င်းတို့ပြောလို၊ ဖြစ်စေလိုသော
အကြောင်းအရာများတွင် ပြည်သူလူထုအပေါ် လွှမ်းမိုး နိုင်ကြောင်းကိုလည်း တွေ့ရသည်။ အထူးသဖြင့်
တပါတီစနစ်ဖြင့် အုပ်ချုပ်သော နိုင်ငံများတွင် ပါတီ သဘောတရားများ ကို ပြည်သူလူထံ လွှမ်းမိုးမှုရှိစေရန်
နည်းမျိုးစုံဖြင့် ပြုလုပ်ကြသည်။ ဆိုဗီယက်ပြည်ထောင်စု တွင် ၁၉၃၀ ခုနှစ်များအတွင်း စတာလင်လက်ထက်တွင် ကွန်မြူနစ်ပါတီ
အောက်ခြေထု၏ သဘောထား များသည်လည်းကောင်း၊ ပြည်သူလူထု၏ သဘောထားများသည်လည်းကောင်း လုံးဝ
ဥပေက္ခာ ပြုခံရကာ ဗဟို၏ သဘောတရားများကသာ လွှမ်းမိုးထားသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံတွင်
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီလက်ထက် အခြေအနေသည်လည်း ထိုသို့ပင်ဖြစ်သည်။
ပါတီဝင် အောက်ခြေထုက လက်ခံယုံကြည်မှုကို ဖော်ပြခွင့်၊
ကိုယ်စားပြုခွင့်ရှိမည့် ပါတီများသည်သာ ကြီးထွားပြီးရှင်သန်နေပေမည်။ ပါတီများ စတင်ဖွဲ့စည်းသည့်
ကာလဖြစ်သော ပြင်သစ်နှင့်အမေရိကန် တော်လှန်ရေးများအပြီး ပေါ်ထွန်းလာသောနိုင်ငံရေးပါတီများသည်
အဖွဲ့ဝင်များ၏ ယုံကြည်မှုတခုအပေါ်တွင် အခြေခံပြီးထိုသို့ ယုံကြည်သည့်အတိုင်း နိုင်ငံရေးဘ၀ထဲတွင်
ပါဝင်ဆောင်ရွက်လျက်ရှိခြင်းဖြင့်သာ ထိုပါတီ၏ ရေရှည်ရပ်တည်မှုကို အထောက်အကူ ဖြစ်စေသည်။
၁၈ ရာစု နှောင်းပိုင်းနှင့် ၁၉ ရာစုအတွင်း ပေါ်ထွန်းခဲ့သော လစ်ဘရယ်ပါတီများသည် လစ်ဘရယ်ဝါဒ
အခြေခံသဘောတရားကို ယုံကြည်သူများဖြင့် ဖွဲ့စည်းထားပြီး လစ်ဘရယ်ဝါဒီများ ယုံကြည်သည့်အတိုင်း
ကိုယ်စားပြုအစိုးရများ ဖော်ထုတ်ခြင်း၊ မဲပေးခွင့်ရှိသများ (Franchise) အဖြစ်အကျယ်ပြန့်ဆုံး
တိုးချဲ့နိုင်ရေးတို့ကို ဖော်ထုတ်ခဲ့ကြသည်။ ပြင်သစ်တော်လှန်ရေး (၁၇၈၉) နှင့် အမေရိကန်
တော်လှန်ရေး (၁၇၇၆) မတိုင်မီ အချိန်ကာလများက ကိုယ်စားပြုအစိုးရနှင့် မဲပေးခွင့်ရှိသူများအဖြစ်
ဖော်ထုတ်မှုမရှိသေးချိန်တွင် နိုင်ငံရေးပါတီများ ဟူ၍လည်း မရှိသေးပေ။ ထိုတော်လှန်ရေးများ
အပြီးတွင်မှ ယုံကြည်မှုများကို ဖော်ထုတ်ခြင်းနှင့် ထိုသို့ဖော်ထုတ်မှုကို စုပေါင်းလုပ်ဆောင်
လာသော နိုင်ငံရေးပါတီများလည်း ပေါ်ပေါက်လာကြခြင်းဖြစ်သည်။ ဤသို့သော ပါတီများသည် ပါတီဝင်အောက်ခြေထု၏
ဆန္ဒနှင့် ကိုက်ညီစွာ လည်ပတ်လျက်ရှိသော ပါတီများ ဖြစ်သည်။ အာဏာပိုင် အာဏာရှင်ဝါဒ (
Authoritarianism) နှင့် တပါတီ အာဏာရှင်ဝါဒ (Totalitarianism) တို့ကို မွေးထုတ် ပေးသည့်
ကွန်မြူနစ်၊ ဖက်ဆစ်ကဲ့သို့ သော နိုင်ငံရေးပါတီများသည် ၂၀ရာစုအတွင်း၌ ပေါ်ထွန်းလာကြပြီး
၎င်းပါတီများ၏ နိုင်ငံရေးလှုပ်ရှားမှု နယ်ပယ်တွင် ပါဝင်မှုသည် နိုင်ငံရေးပါတီ စတင်ပေါ်ထွန်းစဉ်ကရှိခဲ့သည့်
နိုင်ငံရေးပါတီများ (ဥပမာ- လစ်ဘရယ်ပါတီနှင့် ကွန်ဆာဗေးတစ်ပါတီ) ၏ နိုင်ငံရေးလှုပ်ရှားမှု
နယ်ပယ်တွင် ပါဝင်မှုတို့မှာ ဆန့်ကျင်ဘတ် ဖြစ်သည်။ ကွန်မြူနစ်၊ ဖက်ဆစ်ပါတီများသည် အောက်ခြေထု
အဖွဲ့ဝင်များ၏ ဆန္ဒ သဘောထား ကူညီမှုအခြေခံပေါ်တွင် ဖွဲ့စည်းခြင်းမျိုး မဟုတ်ဘဲ အမြုတေဘ၀မှ
ချဲ့ထွင်လာသော ပါတီဖွဲ့စည်းပုံမျိုး ဖြစ်သည်။ ထို့ကြောင့် အမြုတေပါတီက လက်ခံယုံကြည်သည့်
သဘောတရား အယူအဆတရပ်ကို နယ်ပယ်ချဲ့ထွင်ခြင်း ပြုလုပ်ခြင်းဖြင့် နိုင်ငံရေးပါတီအဖြစ်
ပြောင်းလဲဖွဲ့စည်း ပေါ်ပေါက်လာ ရသည်။ ဤနည်းဖြင့် ဖွဲ့စည်း ပေါ်ပေါက်လာသော ပါတီများသည်
အထက် (ဗဟို) ၏ သဘောတရားများကိုသာ အောက်ခြေသို့ ပြန့်နှံ့ရန် အစဉ်တစိုက် ကြိုးစား လုပ်ဆောင်နေကြရသည်။
တနည်းအားဖြင့် ဤသို့သော လုပ်ဟန်များသည် အောက်ခြေထု၏ ဆန္ဒကို ဦးစားပေးကာ ဖော်ဆောင်ရသည့်
ဒီမိုကရေစီကျင့်စဉ်နှင့် ကွဲလွဲနေသည်ကို တွေ့ရသည်။ ထို့ကြောင့် ကွန်မြူနစ်၊ ဖက်ဆစ်ပါတီများ
ပြိုင်ဘက်မရှိ အာဏာရလာသော နိုင်ငံများသည် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် ထွန်းကားခြင်းထက်
ထိန်းချုပ်မှု ဗဟိုပြု အာဏာရှင်ဝါဒသာ ထွန်းကားလာသည်ကို သာဓကများအရ တွေခဲ့ရပြီး ဖြစ်သည်။
သို့ရာတွင် ဒီမိုကရေစီကို လက်ခံကျင့်သုံးသော အမြုတေဘ၀မှ တိုးချဲ့ဖွဲ့စည်းလာသည့် နိုင်ငံရေးပါတီများသည်
အောက်ခြေထု၏ ဆန္ဒကို လေးစား၍ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်ကိုလည်းတွေ့ရသည်။
ဒီမိုကရေစီ နိုင်ငံရေးစနစ်တခု ထွန်းကားရေးအတွက်
နိုင်ငံရေးပါတီများ ဖွဲ့စည်းမှုနှင့် နိုင်ငံရေးလှုပ်ရှားမှု နယ်ပယ်တွင် ပါဝင်ပတ်သက်မှုတို့တွင်
အောက်ခြေထုဆန္ဒကို ကိုယ်စားပြုသော ဒီမိုကရေစီ အခြေခံ သဘောတရားကို ကျင့်သုံးရန် လိုအပ်ပါသည်။
ပါတီဖွဲ့စည်းမှုမှ အစပြု၍ ဒီမိုကရေစီ အခြေခံသဘောတရား မရှိပါက ထိုပါတီကသာ ပြိုင်ဘက်မရှိ
အာဏာရလာသော အခါမျိုးတွင် ဒီမိုကရေစီနှင့် ဆန့်ကျင်သော အုပ်ချုပ်ရေးနစ်ဆီတို့ ဦးတည်သွားတတ်ပါသည်။
ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်တခု အောင်မြင်ရေးအတွက် နိုင်ငံရေးပါတီများ ဖွဲ့စည်းမှု
၊နိုင်ငံရေးလှုပ်ရှားမှု နယ်ပယ်တွင် ပါဝင်ဆောင်ရွက်မှုတို့သည် အရေးကြီးသော ကိစ္စဖြစ်ပါသည်။
ရွေးကောက်ပွဲအစီအစဉ်နှင့်မဲဆွယ်ပွဲများ
(Election
Programmes and Campaigns)
နိုင်ငံရေး အသီးသီးသည် ရွေးကောက်ပွဲတွင်
ယှဉ်ပြိုင် အနိုင်ရရေးအတွက် ရွေးကောက်ပွဲ အကြိုကာလများတွင် အစီအစဉ်အချို့ ကိုစနစ်တကျ
လုပ်ဆောင်ကြရသည်။ ထိုအထဲတွင် ရွေးကောက်ပွဲ အစီအစဉ်များ ထုတ်ပြန်ကြေညာခြင်းနှင့် ၄င်းတို့အပေါ်
အခြေခံ၍မဲဆန္ဒရှင် ပြည်သူလူထု အကြာ မဲဆွယ် စည်းရုံးခြင်းများမှာ အရေးကြီးသော အစီအစဉ်ဖြစ်ပါသည်။
ရွေးကောက်ပွဲ အစီအစဉ်ဆိုသည်မှာ ရွေးကောက်ပွဲတွင်
မိမိတို့ပါတီ အနိုင်ရရှိပါက မဲဆန္ဒရှင် လူထုကြီး အတွက် မည်သို့ အကျိုးကျေးဇူး ဖြစ်ထွန်းမည့်
လုပ်ငန်းများ ဆောင်ရွက်ပေးမည့်အကြောင်း၊ ထိုလုပ်ငန်းများကို အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်အဆင့်ဆင့်
အကြောင်းတို့ကို ၄င်းတို့ပါတီ၏ မူဝါဒများအပေါ် အခြေခံကာ ရေးသားထားသော စာရွက်စာတမ်း အထောက်အထားများကို အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်အဆင့်ဆင့် အကြောင်းတို့ကို
၎င်းတို့ပါတီ၏ မူဝါဒများအပေါ် အခြေခံကာ ရေးသားထားသော စာရွက်စာတမ်း အထောက်အထားများကို ရည်ညွှန်းခြင်းဖြစ်သည်။ ရွေးကောက်ပွဲ အစီအစဉ်နှင့်
ပတ်သတ်၍ ဒီမိုကရေစီ နိုင်ငံအချို့တွင် ကွဲပြားခြားနားသော အခေါ်အဝေါ်များရှိကြသည်။ အမေရိကန်ပြည်ထောင်စုတွင် အခြေခံလုပ်ငန်း(Platform) ဟုလည်းကောင်း၊ ယူနိုက်တတ်ကင်းဒမ်း နိုင်ငံနှင့် ၄င်း၏
နိုင်ငံရေးစနစ်ကို မှီငြမ်းသော နိုင်ငံများတွင် ကြေညာစာတမ်း (Manifesto) ဟုလည်းကောင်း၊
အချို့ဥရောပနိုင်ငံများတွင် ဆောင်ရွက်ရမည့် အစီအစဉ် (Action Programme) ဟုလည်းကောင်း၊
ရွေးကောက်ပွဲ အစီအစဉ်ကို အမျိုးမျိုး အမည်မှည့်ကြသည်။ သာမန်အားဖြင့် နိုင်ငံရေးပါတီ
အသီးသီး၏ ရွေးကောက်ပွဲ အစီအစဉ်ကို စာရွက်စာတမ်းများ၊ အခြား လူထုဆက်ဆံရေး နည်းလမ်းများဖြင့်
ထုတ်ဝေဖြန့်ချိရုံမျှဖြင့် မဲဆန္ဒရှင် ပြုလုပ်ခြင်းဖြင့် လည်းကောင်း၊ အခြားနည်းလမ်းဖြင့်
လည်းကောင်း မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ရစမြဲဖြစ်သည်။ သတင်းစာနယ်ဇင်းများတွင် နေရာယူလာနိုင်အောင်
ကြိုးစားကြရသည်။ အချို့နိုင်ငံများတွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် ထုတ်လွှင့်သော
ရေဒီယို၊ ရုပ်မြင်သံကြားများမှတဆင့် ရွေကောက်ပွဲ အစီအစဉ်များကို ရှင်းပြသော ရွေးကောက်ပွဲ
မဲဆွယ်ပွဲများ ပြုလုပ်ကြသည်။ စာနယ်ဇင်းမှလည်း ပါတီအသီးသီး၏ ရွေးကောက်ပွဲ အစီအစဉ်များအပေါ်
ဝေဖန်သုံးသပ်မှုများ ပြုလုပ်ကြသည်။
နှစ်ပါတီစနစ်
(Two-Partism)
ဒီမိုကရေစီ နိုင်ငံများတွင် တပါတီစနစ်
(Single Party System) ကို ကျင့်သုံးလေ့မရှိပါ။ နှစ်ပါတီ စနစ်ကို သော်လည်းကောင်း၊ ပါတီစုံစနစ်
(Multi-Party System) ကိုသော်လည်းကောင်း ကျင့်သုံးကြပါသည်။ ဦးစားပေး ပထမ နှစ်ပါတီစနစ်
ကျင့်သုံးခြင်းအကြောင်းကို တင်ပြလိုပါသည်။
နှစ်ပါတီစနစ်ကို ကျင့်သုံးသော နိုင်ငံအဖြစ်
အကောင်းဆုံး နမှုနာပြရလျှင် အမေရိကန် ပြည်ထောင်စု ပင်ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုတွင်
ရီပါဘရစ်ကန် (Republican) ပါတီနှင့် ဒီမိုကရေ (Democray) ပါတီ နှစ်ခုသာရှိသညါ။ ပါတီများ
များပြားစွာ ပေါ်ထွန်းလာရေးကို ပြည်သူများက အားမပေးချေ။ ထိုသို့ အားမပေးရခြင်းမှာ ပါတီအများအပြားနှင့်
တည်ငြိမ်သော အုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်ရာတွင် အခက်အခဲ များ ပို၍ကြုံရနိုင်သည်ကို
အမေရိကန် ပြည်သူများက သိထားနှင့်သကဲ့သို့ နှစ်ပါတီထက်ပိုသော စနစ်ကို ကျင့်သုံးရန် လိုအပ်သော
အကြောင်းအရင်းများ မရှိခြင်းကြောင့်လည်း ဖြစ်သည်။ သို့သော် အခြားပါတီများ ထူထောင်ဖွဲ့စည်းခွင့်ကိုကား
ပိတ်ပင်ထားခြင်းမျိုး မဟုတ်ပေ။ ဗြိတိန်နိုင်ငံကိုလည်း နှစ်ပါတီစနစ် ကျင့်သုံးသော နိုင်ငံအဖြစ်
သုတေသီအချို့ကဆိုသည်။ အဘယ်ကြေင့်ဆိုသော် ဗြိတိန်နိုင်ငံ၏ နိုင်ငံရေးကို ကွန်ဆာဗေး တစ်ပါတီ
(Conservative Party) နှင့်လေဘာတီ (Labour Party) နှစ်ခုကသာ အုပ်စီးထားနိုင်ခြင်းကြောင့်
ဖြစ်သည်။ သို့ရာတွင် ဗြိတိန်နိုင်ငံ၏ နှစ်ပါတီစနစ်သည် အမေရိကန်တွင် သမတရွေးကောက်ပွဲကို
နှစ်ပါတီစနစ် နှင့်ကားခြားနားပြန်ပါသည်။ အမေရိကန် ပြည်ထောင်စုတွင် သမတရွေးချယ်ကောက်ပွဲကို
ပါတီနှစ်ခုမှ ကိုယ်စားလှယ်လောင်းများကသာ ၁၈၂၅ ခုနှစ်နောက်ပိုင်းမှစ၍ အုပ်စီးထားခဲ့သည်။
တသီးပုဂ္ဂလများကို ရွေးချယ်တင်မြှောက်ခံခွင့် ပေးထားသော်လည်း ယခုအချိန်ထိ ပါတီမှ ကင်းလွတ်သော
တသီးပုဂ္ဂလ သမတ အရွေးခံရခြင်းမျိုး မရှိသေးပေ။ ဥပဒေပြုကွန်ဂရက် လွှတ်တော်တွင်းလည်း ပါတီကြီးနှစ်ခု
အမတ်များသာ အရွေးခံကြရသည်။ ဤသို့ဖြစ်ရခြင်းတွင် အခြားပါတီများအားဝင်ရောက် ယှဉ်ပြိုင်ခွင့်ကို
ပိတ်ပင်ထားခြင်း မဟုတ်ဘဲလျက် ပါတီနှစ်တည်းကသာ အသားစီးရယူထားနိုင်ခြင်းဖြစ်သည်။ ဗြိတိန်နိုင်ငံတွင်မှု
ပါလီမန် အောက်လွှတ်တော်တွင် အများအားဖြင့် ကွန်ဆာဗေးတစ် ပါတီနှင့် လေဘာပါတီတို့က တခုကအနိုင်ရလျှင်
ကျန်တခုက အဓိက အတိုက်အခံအဖြစ် အသားစီး ရယူထားသော်လည်း အခြားသော ပါတီငယ်များသည်လည်း
အမတ်နေရာအချို့ကို အနိုင်ရလျက်ရှိကြသည်။ အမေရိကန် ပြည်ထောင်စုကဲ့သို့ နှစ်ပါတီတည်းကသာ
နိုင်ငံရေးကို လွှမ်းမိုးထားခြင်းမဟုတ်ဘဲ ပါတီငယ်များကပါ အတိုက်အခံများအဖြစ် ဗြိတိသျှနိုင်ငံရေးတွင်
ပါဝင်လျက်ရှိကြသည်။
နှစ်ပါတီစနစ်ကျင့်သုံးခြင်း၏
ကောင်းကျိုးများ
(Advantages of
Two-Partism)
ရွေးချယ်ရန် ပါတီနှစ်ခုတည်းသာ ရှိပါက ပြည်သူလူထု
ရွေးချယ်ရန် လွယ်ကူခြင်းသည် ပထမအကျိုး ကျေးဇူး ဖြစ်သည်။ ပါတီနှစ်ခုတည်းမှ ပြည်သူလူထုထံ
အပြိုင်အဆိုင် ချပြစည်းရုံးလာသော ပြည်သူ့အကျိုးပြု ပေါ်လစီများကို ပြည်သူလူထုက အလွယ်တကူ
နှိုင်းယှဉ်သိရှိနိုင်ခြင်းဖြင့် ရွေးချယ်မှုကို လွယ်ကူစေပါသည်။
ဒုတိယ အကျိုးကျေးဇူးမှာ တည်ငြိမ်သော အစိုးရ
ဖွဲ့စည်းနိုင်ခြင်းဖြစ်သည်။ အထူးသဖြင့် ပါလီမန် ဒီမိုကရေစီ (Parliamentary
Democracy) ခေါ် အောက်လွှတ်တော်ကို အခြေခံဖွဲ့စည်းသည့် အစိုးရ ပုံသဏ္ဌာန် ရှိသည့် နိုင်ငံများတွင်
တည်ငြိမ်သော အစိုးရတရပ်ဖွဲ့စည်းနိုင်ရေးမှာ ပါတီနှစ်ခုတည်း၏ ယှဉ်ပြိုင်မှုရလဒ်က များစွာအထောက်
အကူပြုသည်။ ပါတီနှစ်ခုတည်းက ကိုယ်စားလှယ်များကသာ ရွေးကောက်ပွဲများတွင် ယှဉ်ပြိုင်လျှင်
ပါတီတခုက ထက်ဝက်ကျော် အနိုင်ရလျှင် ကျန်ပါတီက အတိုက်အခံ ဖြစ်လာမည်။ အနိုင်ရပါတီ သည်။အနိုင်ရပါတီသည်
တည်ငြိမ်သော အစိုးရကိုဖွဲ့ စည်းနိုင်ပေမည်။ ဗြိတိန်နိုင်ငံတွင် ကွန်ဆာဗေးတပါတီနှင့်
လေဘာပါတီ နှစ်ခုတည်းက ရွေးကောက်ပွဲတွင် အဓိကအခန်းကဏ္ဍမှ ပါဝင် ယှဉ်ပြိုင်နေကြပြီး ပါတီတခုခုက
အနိုင်ရနေခြင်းဖြစ်ရာ တည်ငြိမ်သော အစိုးရများကို ဖွဲ့စည်းနိုင်သည်။
တတိယ အကျိုးကျေးဇူးမှာ သာမန် မဲအများစုစနစ်ကို
ရွေးချယ်တင်မြှောက်ပုံ စနစ်အဖြစ် အသုံးပြုသေ နိုင်ငံများတွင် နှစ်ပါတီစနစ်သည် ဒီမိုကရေစီ
အုပ်ချုပ်ရေး စနစ်ကို ပို၍ခိုင်မာစေသည်။ အဘယ့်ကြောင့်ဆိုသော် သာမန်မဲအများစု ရွေးချယ်
တင်မြှောက်ပုံစနစ်အရ ရွေးချယ်ရန် ပါတီ သုံးခု သို့မဟုတ် ထိုထက်ပိုသော ပါတီများ၏ ကိုယ်စားလှယ်လောင်းများကို
မဲပေးရပါက အဖြစ်များတတ်သည်မှာ မဲဆန္ဒရှင်များ၏ ထက်ဝက်ကျော် ထောက်ခံမှု မရရှိပါဘဲနှင့်
အရွေးခံရခြင်းဖြစ်သည်။ ထိုအခြေအနေမျိုးတွင် အများစုဖြစ်သော ထက်ဝက်ကျော် ဆန္ဒမဲများမှ
ပြည်သူ့အုပ်ချုပ် ပေါ်လစီချမှတ်ရာတွင် ဆုံးရှုံးရတတ်သည်။ ထိုအခါ အများစု ဆန္ဒအရ အုပ်ချုပ်သော
ဒီမိုကရေစီစနစ်မှာ မေးခွန်းထုတ်စရာ ဖြစ်လာပါသည်။ အကယ်၍ နှစ်ပါတီစနစ်ကိုသာ ကျင့်သုံးပါက
အနိုင်ရသော ပါတီ၏ ကိုယ်စားလှယ်သည် ဆန္ဒမဲ၏ ထက်ဝက်ကျော်ကို ရရှိမည်မှာ မလွဲဧကန် ဖြစ်သည်။
အိန္ဒိယနိုင်ငံသည် ဗြိတိန်ကဲ့သို့ပင် ပါလီမန်အစိုးရ
ပုံစံရှိသော နိုင်ငံဖြစ်ပြီး ရာဂျစ် ဂန္ဒီလက်ထက် အထိ အိန္ဒိယ နိုင်ငံရေးကို ကွန်ဂရက်ပါတီ
တခုတည်းက လက်ဝါးကြီး အုပ်ထားခဲ့သည်။ အချို့နိုင်ငံရေး သုတေသီများက အိန္ဒိယနိုင်ငံသည်
တပါတီစနစ်ဟုပင် ခေါ်ထိုက်သည်ဟု ဝေဖန်ကြသည်။ တည်ငြိမ်သော အစိုးရဖွဲ့စည်းရေးဟူသော အစိုးရ
ရှုထောင့်မှကြည့်လျှင် ထိုသို့ ပါတီတခုတည်းက အနိုင်ရပြီး အစိုးရဖွဲ့စည်းနိုင်ခြင်း မှာ
အကောင်းဆုံးဖြစ်သည်။ သို့သော် အိန္ဒိယတွင် ကွန်ဂရက်ပါတီ အနိုင်ရနေခြင်းသည် နှစ်ပါတီစနစ်
ယှဉ်ပြိုင်၏ ရလဒ်မဟုတ်ဘဲ ပါတီစုံစနစ် ယှဉ်ပြိုင်ခြင်း၏ ရလဒ်ဖြစ်သဖြင့် အတိုက်အခံဘက်တွင်မှု ညွန့်ပေါင်း ဖြစ်သွားလေတော့သည်။ အတိုက်အခံ ညွန့်ပေါင်းဖြစ်နေလျှင်
အိန္ဒိယကဲ့သို့သော် ပါတီစုံစနစ်မှာလည်း အဓိပ္ပါယ်မဲ့ပြီး တပါတီစနစ်ဟုပင် တချို့ဝေဖန်ကြသည်။
နှစ်ပါတီစနစ်တွင်မှု အစိုးရက တပါတီ၊ အတိုက်အခံက တပါတီဖြစ်သည်။ မည်သည့်ဘက်ကမျှ ညွန့်ပေါင်းဖွဲ့ရန်
မလိုသဖြင့် ထိုပါတီများ၏ ပေါ်လစီ အဆိုးအကောင်းကို လိုက်၍ နိုင်ငံရေး အလှည့်အပြောင်းကို
ပြည်သူလူထုက အလွယ်တကူ လုပ်နိုင်သည်။ အိန္ဒိနိုင်ငံတွင် ရာဂျစ်ဂန္ဒီ လုပ်ကြံမခံရမီ အချိန်ကလေးတွင်
အတိုက်အခံ ညွန့်ပေါင်းအဖွဲ့က ကွန်ဂရက်ပါတီကို အနိုင်ရသော်လည်း တည်ငြိမ်သော အစိုးရဖွဲ့စည်းရေးကို
များစွားအဟန့်အတား ပြုလျှက်ရှိသည်။ မူဝါဒ မတူသော ပါတီပေါင်းစုံသည် ကွန်ဂရက်ပါတီကို
အတိုက်အခံပြုရာတွင်သာ တူညီကြပြီး အစိုးရမူဝါဒများ ချမှတ်ရန်အတွက်မှု ညီညွတ်ခြင်း မရှိကြပေ။
ထိုအတိုက်အခံ ညွန့်ပေါင်းအဖွဲ့ (Conalition Opposition) က အစိုးရဖြစ်လာသောအခါ မတည်မငြိမ်ဖြစ်ကာ
အစိုးရအဖွဲ့၏ ၀န်ကြီးချုပ်သည်လည်း မကြာခဏဆိုသလို အယုံအကြည်မရှိအဆို
(Noun-Confidence) တင်သွင်းခံရသည်။ ထို့ကြောင့် ပါလီမန် ဒီမိုကရေစီ အစိုးရရှိသောနိုင်ငံများတွင်
နှစ်ပါတီစနစ်သည် အစိုးရတည်ငြိမ်ရေးကို များစွားအထောက်အကူ ပြုသည်။
စတုတ္ထ အကျိုးကျေးဇူးမှာ နိုင်ငံကို ဦးဆောင်အုပ်ချုပ်ရာတွင်
တာဝန်ခံမှု အပြည့်အ၀နှင့် အတိကအကျ ရှိရမည့်စနစ်ကို အထောက်အကူ ဖြစ်စေသည်။ ပါတီနှစ်ခုအနက်
တခုကို နိုင်ငံကို အုပ်ချုပ်ရန် ပြည်သူထူထုက ရွေးချယ်ပေးလိုက်ရာတွင် နိင်ငံကိုအုပ်ချုပ်ခွင့်ရသော
ပါတီသည် တာဝန်ခံမှုလည်း အပြည့်အ၀ရှိသည်။ ပါတီစုံစနစ်ကြောင့် ညွန့်ပေါင်းအစိုးရ တရပ်ကို
မွေထုတ်ပေးလိုက်ပါက တာဝန်ခံမှုအရာတွင် ပြတ်ပြတ်သားသား မရှိတတ်ပေ။ ပြည်သူ့အကျိုးပြု မူဝါဒများ
ချမှတ်ပေးမည့် ပါတီများကို ပြည်သူလူထုက ရွေးချယ်ပေးသလို အစိုးရပေါ်လစီ အသီးသီအတွက် ပြည်လန်တာဝန်ခံရမည့်
ပါတီကိုလည်း ပြည်သူလူထုက အတိအကျ သိရှိထားရန် လိုအပ်သည်။ နှစ်ပါတီစနစ်ကို ကျင့်သုံးသော
နိုင်ငံများတွင် အစိုးရပေါ်လစီ မူဝါဒများအပေါ် ပါတီတခုတည်းက ပြတ်ပြတ်သားသား တာဝန်ခံရပါသည်။
ဤသို့ တာဝန်ခံမှုနှင့် ပတ်သတ်၍ အမေရိကန် ပြည်ထောင်စု သမတ ၀ဲလ်ဆင် (Woodrow Wilson,
1856-1924) က ၁၈၈၅ ခုနှစ်တွင် ၄င်းရေးသား ထုတ်ဝေသော ကွန်ဂရက် အစိုးရ (Congress
Government) အမည်ရှိ အစာအုပ်တွင် “အစိုးရ လုပ်ငန်းဆောင်တာ ကိစ္စများကို ပြည်သူလူထုက
ယုံကြည်ပေးကာ လုပ်ခွင့်ပြုရမည် ဖြစ်သလို အစိုးရအနေဖြင့် အမှား ကျူးလွန်ပါက မည်သည့်ပုဂ္ဂိုလ်၊
ပါတီကို အပြစ်ပေးရမည် ဆိုသည်ကိုလည်း အလွယ်တကူ သိရန်လိုသည်” ဟု ရေးသား ဖော်ပြခဲ့ဖူးသည်။
အထက်၌ တင်ပြခဲ့သော နှစ်ပါတီစနစ်၏ ကောင်းကျိုးများသည်
သက်ဆိုင်ရာနိုင်ငံ၏ အခြေအနေအရ ကို နှစ်ပါတီစနစ်ကျင့်သုံးလျှင် အဆင်ပြေနိုင်ပြီး ထိုစနစ်မှ
ပြောင်းလဲခြင်း မပြုလိုသူများဘက်မှ အကောင်းမြင် သုံးသပ်ချက်များ ဖြစ်သည်ဟု ပြောနိုင်သော်လည်း
အမှန်တကယ် ကောင်းကျိုး ဖြစ်စေသည့် သာဓကများလည်း တွေ့ရသည်။ နိုင်ငံတိုင်းတွင် နှစ်ပါတီစနစ်ကိုသာ
ကျင့်သုံးရမည်ဟု ကန့်သတ်ချက်မရှိသည် အပေါ်တွင် လိုအပ်ချက် အရဖြစ်စေ၊ အခြားအကြောင်းများကြောင့်ဖြစ်
ပါတီစုံစနစ်ကို ကျင့်သုံးသော နိုင်ငံများအဖို့
သို့မဟုတ် ပါတီစုံစနစ်ကို လိုလားသူများအဖို့ နှစ်ပါတီစနစ်ကို ဝေဖန်စရာများ ပေါ်ထွက်နေမည်သာ
ဖြစ်သည်။
ပါတီစုံစနစ်
(Multi-Partism)
ကမ္ဘာ့ဒီမိုကရေစီ နိုင်ငံအများစုသည် ပါတီစုံစနစ်ကို
ကျင့်သုံးလျက်ရှိကြသည်။ စင်စစ် နှစ်ပါတီစနစ်ဟု ဆိုနေကြသော အမေရိကန်၊ ဗြိတိန် နိုင်ငံများသည်ပင်
ပါတီစုံစနစ် နိုင်ငံများဖြစ်ကြသည်။ အဘယ့်ကြောင့် ဆိုသော် ပါတီစုံဖွဲ့စည်းခွင့်ကို ခွင့်ပြုထားသကဲ့သို့
ပါတီငယ်များ ဖွဲ့စည်းပေါ်ပေါက် နေကြခြင်းဖြစ်သည်။ စစ်တမ်းတခုအရ ၁၉၇၉ ခုနှစ် ဗြိတိန်နိုင်ငံ
အထွေထွေရွေးကောက်ပွဲတွင် လစ်ဘရယ်ပါတီသည် တနိုင်ငံလုံး မဲဆန္ဒ (၁၃.၈) ရာနှုန်းရပြီး အမတ်နေရာ
(၁၁) နေရာအနိုင်ရခဲ့သော်လည်း ဗြိတိန်နိုင်ငံရေးတွင် အရေးပါမှုမရှိဘဲ ဖြစ်နေသည်။ ထိုကဲ့သို့ပင်
အနည်းအကျဉ်း အနိုင်ရသော ပါတီများနှင့် အမတ်နေရာ လုံးဝမရေသော ပါတီများ အပါအ၀င်ဆိုလျှင်
ဗြိတိန်နိုင်ငံတွင် ပါတီ(၁၀) ခုရှိသည်။ ဗြိတိန်နိုင်ငံ၏ နိုင်ငံရေး ဈေးကွက်ကို ပါတီကြီးနှစ်ခုတည်းက
အပိုင်စီးနေရာယူထားခြင်းကို အကြောင်းပြု၍သာ နှစ်ပါတီစနစ်ဟု ခေါ်ကြခြင်းဖြစ်သည်။ အမေရိကန်
ပြည်ထောင်စုတွင်လည်း ထို့အတူပင်ဖြစ်သည်။ ဗြိတိန်နှင့် ကွာခြားသော အချက်မှာ ရီပါဘရစ်ကန်နှင့်
ဒီမိုကရက်ပါတီကြီး နှစ်ခုမှလွဲလျှင် အမေရိကန် နိုင်ငံတွင် အခြားပါတီငယ်များ လုံးဝ မတိုးနိုင်ခြင်းဖြစ်သည်။
သို့သော် အမေရိကန် ပြည်ထောင်စုတွင်လည်း အခြားသော ပါတီငယ်များ ရှိနေသဖြင့် အနှစ်သာရအားဖြင့်
ပါတီစုံစနစ်ဖြစ်ပြီ လက်တွေ့အားဖြင့် နှစ်ပါတီစနစ်ဖြစ်သည်။
ပါတီစုံစနစ်ကို လမ်းဖွင့်ထားပြီး လက်တွေ့တွင် နှစ်ပါတီစနစ်ဖြစ်လာသော ဗြိတိန်နှင့် အမေရိကန်
နိုင်ငံတို့သည် ထိုသို့ဖြစ်နိုင် ခြင်းကို အထောက်အကူဖြစ်စေသည့် နိုင်ငံရေးကျောထောက်နောက်ခံ
(Political Culture) ကြောင့်ဖြစ်သည်။ ထိုသို့သော
နိုင်ငံရေး ကျော်ထောက် နောက်ခံ သည် နိုင်ငံအားလုံးတွင် တပြေးညီ တူညီနေသည်ကား
မဟုတ်ပါ။ ကွဲပြားခြားနားသော လူမျိုးများ စုပေါင်းနေထိုင်မှု၊ ဘာသာစုံစုပေါင်းနေထိုင်မှု၊
နိုင်ငံနှင့် နိုင်ငံအတွင်း စုပေါင်းနေထိုင်သူတို့၏ နောက်ခံသမိုင်းကြောင်း ကွဲပြားမှုတို့ကြောင့်
နိုင်ငံရေးနယ်ပယ်ကို လွှမ်းမိုးသည့် နိုင်ငံရေး ကျောထောက်နောက်ခံ ကွဲပြားခြားနားစွာ
ဖြစ်ပေါ်ရသည်။ ထိုသို့သော နိုင်ငံရေး ကျောထောက် နောက်ခံ ကြောင့်လည်း ပါတီစုံစနစ် ဖြစ်ပေါ်ရေးကို
များစွာ တွန်းအားပေးလျက်ရှိသည် ကိုတွေ့ရသည်။
အိန္ဒိယနိုင်ငံ၏ နိုင်ငံရေး ကျောထောက်နောက်ခံသည်
ဗြိတိန် ၊အမေရိကန် ပြည်ထောင်စုတို့နှင့် ခြားနား ပါသည်။ အိန္ဒိယနိုင်ငံတွင် ဘာသာစကားအရ
သော်လည်းကောင်း၊ ဘာသာရေးအရ သော်လည်းကောင်း၊ နိုင်ငံရေး သက်ဝင်ယုံကြည်မှုအရ သောလည်းကောင်း
ကွဲပြားခြားနားသော လူမျိုးများ စုပေါင်းနေထိုင်လျက် ရှိကြသည်။ ထိုအခြေအနေသည် အိန္ဒိယနိုင်ငံတွင်
ပါတီစုံစနစ် ဖြစ်ပေါ်ရေးအတွက် အကြောင်းတရား ဖြစ်လာသည်။ အိန္ဒိယနိုင်ငံ၏ ဗဟိုအဆင့် ဥပဒေပြု
လွှတ်တော်တွင် ပါတီပေါင်း (၃၀) ကျော် ကိုယ်စားပြု ပါဝင်လျက်ရှိကြသည်။ ဒေသန္တရာအဆင့်တွင်
မူပါတီပေါင်း (၆၀) ကျော် နိုင်ငံရေးနယ်ပယ်တွင် ရပ်တည်လျက် ရှိသည်။ ထိုမျှ များပြားသော
အိန္ဒိယ ပါတီများသည် လူမျိုးကိုသော်လည်းကောင်း၊ ဒေသန္တ အုပ်စုများကို သော်လည်းကောင်း၊
ကွဲပြားခြားနားသော နိုင်ငံရေး အတွေးအခေါ်များကို သော်လည်းကောင်း အခြေခံထား ကြသည်။
မြန်မာနိုင်ငံတွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး
အဖွဲ့လက်ထက်၌ နိုင်ငံရေးပါတီ မြောက်များစွာ ဖွဲ့စည်းပေါ်ပေါက်လာခြင်းသည် နိုင်ငံရေးကျောထောက်နောက်ခံ၏
ထင်ဟပ်မှု များဖြစ်သည်။ ထိုပါတီများထဲတွင် တိုင်းရင်းသားလူမျိုး အခြေခံနိုင်ငံရေးပါတီများသည်
မြန်မာ့နိုင်ငံရေး ကျောထောက်နောက်ခံ ထဲမှ တိုင်းရင်းသား လူမျိုးများ ရောပြွမ်းနေထိုင်မှုကို
ထင်ဟပ်ပါသည်။အချို့သော နိုင်ငံရေးပါတီများသည် နိုင်ငံရေး အယူဝါဒကို ထင်ဟပ်ပါသည်။ သို့သော်
နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးလက်ထက်၌ ပေါ်ပေါက်ခဲ့သော နိုင်ငံရေးပါတီ အများစုကြီးမှာ
ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဆိုင်းဘုတ်များတတ်ကာ ပေါ်ပေါက်လာရခြင်းမှာ မြန်မာစစ်အာဏာရှင်များ၏
ဖိနှိပ်မှုကြောင့် ဖြစ်ပေါ်ရသော စိတ်ခံစားမှု(Emotion) မှ တိမ်းညွတ်မှု (Propensity) ကို
ထင်ဟပ်သော နိုင်ငံရေး ကျောထောက်နောက်ခံကြောင့် ဖြစ်ရသည်။
ဂျာမဏီ၊ ဆွီဒင်ကဲ့သို့သော နိုင်ငံများတွင်
ပါတီစုံစနစ် ပေါ်ထွန်းရန်အတွက် တွန်းအားပေးသော နိုင်ငံရေး ကျောထောက်နောက်ခံမှာ အိန္ဒိယ
မြန်မာကဲ့သို့သော နိုင်ငံများနှင့်မတူ ခြားနားနေပြန်သည်။ ထိုနိုင်ငံများတွင် လူမျိုးရေးနှင့်
ဘာသာရေးအရ ကွဲပြားခြားနားမှု မရှိကြဘဲ အများအားဖြင့် နိုင်ငံရေး အတွေးအခေါ်ကိုသာ အခြေပြု၍
နိုင်ငံရေးပါတီများ ဖွဲ့စည်းပေါ်ပေါက်လာကြသည်။
နှစ်ပါတီစနစ်တွင် ရရှိခံစားနိုင်သော
အကျိုးကျေးဇူးများသည် ပါတီစုံစနစ်တွင် ရရှိနိုင်ရန် မလွယ်ခြင်း ကြောင့် အချို့က ပါတီစုံစနစ်ကို
ဝေဖန်မှုများရှိကြသည်။ သို့ရာတွင် အထက်၌ တင်ပြခဲ့သည့် အတိုင်း ပါတီစုံစနစ်သည် နိုင်ငံရေး
လိုအပ်ချက်အရသာ ဖြစ်ပေါ်လာရသဖြင့် အားနည်းချက်ကို ထောက်ပြရုံမျှဖြင့် ထိုစနစ်ကို ကျင့်သုံးရန်
ငြင်းဆန်နိုင်မည် မဟုတ်ပါ။ ပါတီစုံစနစ် ကျင့်သုံးရန်တောင်းဆို နေသောနိုင်ငံ တခုတွင်
မကျင့်သုံးရဟု တားမြစ်ပိတ်ပင်မှုကြောင့် ဖြစ်ပေါ်မည့် နောက်ဆက်တွဲ အကျိုးအပြစ်များက ထိုစနစ် ကျင့်သုံးခြင်းကြောင့်
ဖြစ်ပေါ်မည့် အကျိုးအပြစ်ထက် ပို၍ ကြီးမားပေလိမ့်မည်။
ပါတီစုံစနစ် ကျင့်သုံးသော နိုင်ငံတိုင်းတွင်
ဒီမိုကရေစီ မတည်မငြိမ်မှုများ ရင်ဆိုင်ရမည်ဟူ၍ကား မပြောနိုင်ပါ။ ဆွစ်ဇာလန်၊ ဆွီဒင်၊
ဂျာမဏီကဲ့သို့သော နိုင်ငံများသည် ပါတီစုံစနစ်ကို အောင်အောင် မြင်မြင် ကျင့်သုံးနေသော
နိုင်ငံများဖြစ်ကြသည်။ ပါတီစုံစနစ် အောင်မြင်ရေး၊ မအောင်မြင်ရေးသည် ထိုနိုင်ငံတွင်ရှိသော
ပြည်သူများ၏ ဒီမိုကရေစီ အခွင့်အရေး ကျင့်သုံးမှု တည်ငြိမ်ခြင်း၊ မတည်ငြိမ်ခြင်း အပေါ်တွင်လည်း
မူတည်ပါသည်။ တဖန် ပြည်သူများ၏ ဒီမိုကရေစီ အခွင့်အရေး ကျင့်သုံးမှု တည်ငြိမ်မှုရှိရေး
ဆိုသည်မှာလည်း နေ့ချင်းညချင်း အလျှင်အမြန် ရရှိနိုင်သော အခြေအနေမျိုး မဟုတ်ပေ။ ပြည်သူများအနေဖြင့်
နှစ်ရှည်လများ လွတ်လပ်မှု အခွင့်အရေးကို ကျင့်သုံးပြီမှ တည်ငြိမ်လာခြင်း ဖြစ်သည်။ လွတ်လပ်မှု
အခွင့်အရေး သက်သက် ဦးတည်ခြင်းသည် အပျက်သဘော လွတ်လပ်မှု ဖြစ်ကြောင်း၊ ထိုအခွင့်အရေးကို
နှစ်ရှည်လများ ပြည်သူများ ကျင့်သုံးပြီးသောအခါ အလိုအလျောက် သိလာကြသည်။ ထိုအခါ အပြုသဘော
လွတ်လပ်မှုကို ပြည်သူများ လက်ခံဖော်ထုတ် ကျင့်သုံးလာကြသည်။ အပြုသဘော လွတ်လပ်မှုကို ပြည်သူများ
လက်ခံကျင့်သုံးနိုင်ပါမှ တည်ငြိမ်သော ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။
ထိုအခြေအနေသို့ ရောက်သော အခါ ပါတီစုံစနစ်သည် တည်ငြိမ်သော ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို
ထိခိုက်စေမည် မဟုတ်ပေ။
ပါတီစုံစနစ်၊ ဒီမိုကရေစီစနစ် ကျင့်သုံးရန်
လိုအပ်လာရခြင်း အကြောင်းအရင်းများထဲ ထိုစနစ်အရ ပေါ်ပေါက်လာသော နိုင်ငံရေးပါတီထံများသို့
နိုင်ငံတခုလုံးရှိ အာဏာများ မျှတသင့်သင့် လျှောက်ပတ်စွာ ဖြန့်ကျက်ထားရန် လိုအပ်ချက်ကြောင့်လည်း
ဖြစ်သည်။ အထူးသဖြင့် ဗဟုဝုဒ် လူ့အဖွဲ့အစည်းများအတွက် ထိုလိုအပ်ချက်မှာ ပို၍ သိသာနေသည်။
ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်သည် လူ့အဖွဲ့အစည်းအတွင် အာဏာများကို ခွဲဝေအုပ်ချုပ်ခြင်းဖြစ်ရာ
ထိုသို့အာဏာခွဲဝေမှုသည် နိုင်ငံရေးပါတီများ နိုင်ငံရေးတွင် ၀င်ရောက်ယှဉ်ပြိုင်ခြင်းနှင့်လည်း
သက်ဆိုင်နေသည်။ ပါတီတခုတည်းက အင်းအားကောင်းပြီး နိုင်ငံရေးကို လက်ဝါးကြီးအုပ်ထားခြင်းသည်
ပါတီစုံအမည်ခံ တပါတီအုပ်ချုပ်ရေးစနစ် ဖြစ်လာနိုင်သည်။ အာဏာရ ပါတီတခုက အလွန်အကျွံ အပြတ်အသက်
မဲအများစု (Extreme Majority) ဖြင့် အနိုင်ရခြင်းမျိုးသည် နှစ်ရှည် လများ ဖြစ်နေပါက
တပါတီ အုပ်ချုပ်ရေးစနစ် ဖြစ်လာနိုင်ပြီး ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို ထိခိုက်စေနိုင်သည်။
ထိုသို့ မဖြစ်စေရန် အနိုင်ပါတီ ဖြင့်လင့်ကစား အပြတ်အသက် အလွန်အကျွံ အနိုင်ရခြင်းမျိုးထက်
အစိုးရဖွဲ့နိုင်သော မဲမျှကိုသာ အနိုင်ရစေပြီး အတိုက်အခံပါတီများလည်း အင်အား ကောင်းစွာဖြင့်
ရပ်တည်ခွင့်ရအောင် ရွေးချယ်တင်မြှောက်ပုံ စနစ်အရ ပါတီတခုတည်း၏ လက်ထဲတွင် အပြတ်အသတ်
တည်ရှိနေပါက အာဏာရပါတီမှသည် အာဏာရှင်ပါတီအဖြစ် ဦးတည်သွားနိုင်ပြီး အတိုက်အခံက အင်အားကောင်းနေလျှင်
ထိုသို့ဖြစ်ခြင်းမျိုးမှ ကာကွယ်နိုင်သည်။ ထို့ကြောင့် အတိုက်အခံ ပါတီများကိုပါ အာဏာရှိစေမည့်
ပါတီစနစ် ဖော်ဆောင်နိုင်ပါက ခိုင်မာသော ဒီမိုကရေစီစနစ်ကို ရစေနိုင်မည်။
ABSDF မှထုတ်ဝေသော ဒီမိုကရေစီ လေ့လာရေးစာစဉ်မှ ကူးယူဖေါ်ပြပါသည်။
0 comments:
Post a Comment