Thursday, October 20, 2011

ကြမ်းတမ်းသည့် ပြောင်းလဲမှု လေဟုန်စီးနေရသည့် မြန်မာပြည်

by Save Irrawaddy on Friday, October 21, 2011 at 9:12am
 
(The Sydney Morning Herald သတင်းစာမှ၊ 17 Oct 2011 ရက်စွဲပါ "Burma rides the winds of rapid change ကိုဆီလျော်အောင် ဘာသာပြန်ဆိုသည်)

ရန်ကုန်မြို့ လမ်းဘေးတစ်နေရာရှိ သတင်းစာစောင်နှင့် ဂျာနယ်များရောင်းချသည့်ဆိုင်တစ်ဆိုင်မှ စင်ပေါ်တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပြုံးရွှင်နေသောမျက်နှာပုံကို မျက်နှာဖုံးတင် ဖော်ပြထားသည့် မဂ္ဂဇင်းတစ်စောင်ကိုတွေ့ရသည်။ ဓာတ်ပုံထဲမှ ဒေါ်အောင်ဆန်းစုကြည်၏ ဘေးတစ်ဖက်တစ်ချက်စီတွင် သူမ၏သားဖြစ်သူနှင့် မိသားစုအချစ်တော် အိမ်မွေးခွေးလေးတစ်ကောင်ကိုပါ တွေ့ရသည်။
စာအုပ်စင်ပေါ်မှ အခြားသော သတင်းဂျာနယ်စာစောင်များနှင့် မဂ္ဂဇင်းအချို့ကို ကြည့်လိုက်သောအခါ တွင်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများသာ မျက်နှာဖုံးအသီးသီးတွင် ဖော်ပြထားကြသည်။ သူမကိုအနောက်နိုင်ငံများ၌ ဒီမိုကရေစီရေးအတွက် တော်လှန်ပုန်ကန်သူ အမျိုးသမီးအဖြစ် အများစုက သတ်မှတ်ထားကြသည်။ သို့သော် ယခုတွေ့မြင်ရသည့် မြင်ကွင်းများမှာ လန်ဒန်မြို့တွင် မဟုတ်သလို နယူးယောက်တွင်လည်း မဟုတ်ပါ။

တင်းကြပ်ဖိနှိပ်မှုများ အလွန်အမင်းပြင်းထန်သော စစ်တပ်သြဇာလွှမ်းမိုးမှုအောက်တွင်ရှိသည့် မြန်မာနိုင်ငံ၏ မြို့တော်ဟောင်း ရန်ကုန်တွင်ဖြစ်သည်။ ယခုလို ပြည်တွင်းထုတ်မဂ္ဂဇင်းများနှင့် စာစောင်များ၌ ဒေါ်အောင်ဆန်းစုကြည်ပုံများ မျက်နှာဖုံး၌ ဖော်ပြခွင့်ရသည်မှာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။
လွန်ခဲ့သည့်လများအတွင်းကမူ ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံကို ယခုလိုတွေ့မြင်ရမည့်ကိစ္စမှာ ဖြစ်နိုင်ခြေလုံးဝမရှိကြောင်း၊ ကမ္ဘာပေါ်တွင် ဖိနှိပ်ချုပ်ခြယ်မှုအများဆုံးရှိသည့် မြန်မာနိုင်ငံတွင်း အပြောင်းအလဲများ မြန်နှုန်းမှာ လွန်စွာအံ့အားသင့်စရာ ကောင်းလွန်းကြောင်း အနောက်တိုင်း သံတမန်တစ်ဦးက ပြောပြသည်။                   ယခင်ကဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံကို ထည့်သွင်းရိုက်နှိပ်ပြီး စာအုပ်နှင့် သတင်းဂျာနယ် အရောင်းဆိုင်များသို့ မည်သည့် ပုံနှိပ်ထုတ်ဝေသူများကမှ မပြုလုပ်ဝံ့ခဲ့ကြပေ။
သို့သော် ပြီးခဲ့သည့်သြဂုတ်လအတွင်း မြန်မာသမ္မတဦးသိန်းစိန်နှင့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်လာပြီးနောက် ထင်သာမြင်သာရှိသော ပြုပြင်ပြောင်းလဲမှုများ စီးရီးလိုက် လျင်မြန်စွာ ထွက်ပေါ်လာသည်။ ထိုသို့သော အပြောင်းအလဲများနှင့်အတူ မြန်မာနိုင်ငံသားများလည်း တစ်ချိန်တုန်းကနှင့်မတူ နိုင်ငံရေးကို လွတ်လွတ်လပ်လပ်ပင် ပြောရဲဆိုရဲ ရှိလာကြသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း တရုတ် ကျောထောက်နောက်ခံ ဒေါ်လာ ၃ ဒဿမ ၆သန်း အကုန်အကျခံကာ တည်ဆောက်လျက်ရှိသည့် မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းမည်ဟု အစိုးရကကြေညာခဲ့သည်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများနှင့် လူ့အခွင့်အရေးသမားများ၏ ဆန့်ကျင်ကန့်ကွက်မှုများ ထွက်ပေါ်လာပြီးနောက် အစိုးရက ယင်းသို့ရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်ပုံရသည်။ ယခင်ကပိတ်ပင်ထားခဲ့သော အင်တာနက်ဝက်ဘ်ဆိုက်များကိုလည်း ပြန်ဖွင့်ပေးသည်။ အတိုက်အခံများ၏ အသံမီဒီယာများတွင် ပါဝင်ခွင့်ရကာ ကုန်သွယ်ရေးသမဂ္ဂများ ဖွဲ့စည်းထူထောင်ခွင့်ပြုသည်။ လွန်ခဲ့သည့် ရက်သတ္တတစ်ပတ်ကဆိုလျှင် အစိုးရဝေဖန်ရေးသမားနှင့် စွယ်စုံရအနုပညာရှင် ဇာဂနာအပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသော နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ကို လွှတ်ပေးလိုက်သည်။
ဇာဂနာမှာ ၂၀၀၈ ခုနှစ် နာဂစ်ဆိုက်ကလုံးဒုက္ခသည်များ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးနှင့် ပတ်သက်၍ အစိုးရကို ဝေဖန်ခဲ့သောကြောင့် ထောင်ဒဏ်၅၉ နှစ် ချမှတ်ခံထားရသည်။ ပြန်လည်လွတ်မြောက်လာသူများတွင် ၁၉၈၈ ခုနှစ် ကျောင်းသားအရေးတော်ပုံ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဇော်ထက်ကိုကို၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသစ်ကို ဆန့်ကျင်ကန့်ကွက်ခဲ့မှုကြောင့် ထောင်ဒဏ် ၁၀၄ နှစ် ချမှတ်ခံထားရသော စိုင်းဆေထင်တို့လည်းပါဝင်သည်။ ရန်ကုန်မြို့လမ်းမများတွင်မူ လူလတ်တန်းစားလူငယ်များ လက်ဖက်ရည်ဆိုင်တွင်ထိုင်ကာ နိုင်ငံရေးအကြောင်း လွတ်လပ်စွာပြောဆိုဆွေးနွေးကြသလို အင်တာနက်ကဖေးများလည်း လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့် ရနေကြပြီဖြစ်သည်။
"ကျွန်တော့်မိသားစုကတော့ အခုနောက်ပိုင်းမှာ နိုင်ငံရေးအကြောင်းကို ပိုပြီးပွင့်ပွင့်လင်းလင်းပြောလာကြတယ်" ဟု မြန်မာလူငယ်တစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့လယ်ခေါင်ရှိ Cafe' Parisian ကော်ဖီဆိုင်တွင်မူ အစိုးရဝန်ထမ်းတစ်ဦးက ၎င်းအနေဖြင့် ယခင်စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အာဏာဆက်လက် တည်မြဲအောင် မည်သို့မည်ပုံ လုပ်ကိုင်သွားသည် ဟူသောအချက်ကို ပွင့်ပွင့်လင်းလင်းပြောဆိုသည်။ အခြားပုဂ္ဂိုလ်တစ်ဦးကမူ လက်ရှိအစိုးရသစ်၏ ဒီမိုကရေစီရေးလုပ်ကိုင်မှုများကြောင့် ယခင်အတိုက်အခံများ၏သဘောထား မည်သို့ပြောင်းလဲလာသည်ကို ပြောပြသည်။
"ကျွန်တော့်အမေက အရင်တုန်းက ဦးသိန်းစိန်ကို မကြိုက်ခဲ့ဘူး။ ဒါပေမဲ့အခုတော့ သူဦးသိန်းစိန်ကို သဘောကျလာတယ်။ သူကောင်းတာတွေ လုပ်နေတယ်လို့လည်း အမေကထင်နေတယ်။ အမေကအခုဆိုရင် သမ္မတကြီး ဦးသိန်းစိန်ရော ဒေါ်အောင်ဆန်းစုကြည်ကိုပါ ထောက်ခံနေတယ်" ဟု ၎င်းကဆိုသည်။
မြန်မာအစိုးရက ၎င်းအပေါ်ယုံကြည်မှုရရှိရန် လုပ်ကိုင်ဆောင်ရွက်ရာ၌ လူ့မှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဦးအောင်ကြည်အား ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအကြား ဆက်ဆံရေးအရာရှိအဖြစ် ခန့်အပ်မှုလည်းပါဝင်သလို ယခင်က ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးသည့်မိတ်ဆွေဖြစ်သော ဦးမြင့် ကို သမ္မတ၏ စီးပွားရေးအကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်မှုတို့လည်းပါဝင်သည်။
ဦးမြင့်အား သမ္မတအကြံပေးအဖြစ် ခန့်အပ်လိုက်မှုကိုကြည့်လျှင် အစိုးရသစ်သည် မည်သည့်လမ်းကြောင်းသို့ ဦးတည်နေသည်ဟူသော အချက်ကိုသာ ပေါ်လွင်စေရုံသာမကအကြောင်းအရင်းများကိုပါ သိရှိနိုင်သည်။ ဦးသိန်းစိန်က မြန်မာနိုင်ငံတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖွံ့ဖြိုးတိုးတက်လာစေလိုသည်။
သို့သော် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုမှာ ဒီမိုကရေစီအသွင်ကူးပြောင်းမှု မပြုလုပ်သေးသရွေ့ အမြဲပင်တစေ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့၏ ပိတ်ဆို့အရေးယူမှုများ ခံနေရဦးမည်ဟူသော အချက် ဦးသိန်းစိန်က ကောင်းစွာသိသည်။

မြန်မာနိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် အလားအလာကောင်းများစွာ ရှိနေသည်။ ရှာဖွေတူးဖော်မှု မပြုလုပ်ရသေးသော ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက်ကြီးများ၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကြီးများ ကောင်းမွန်စွာလုပ်ကိုင်နိုင်သည့် မြေလွတ်မြေရိုင်းများ အစရှိသည်တို့က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ကောင်းစွာ ဖိတ်ခေါ်နိုင်သည့် အနေအထားတွင် ရှိသည်။
အောက်တိုဘာလ ၁၄ ရက်နေ့တွင်မူ မြန်မာသမ္မတ ဦးသိန်းစိန်က အိမ်နီးချင်း အိန္ဒိယနိုင်ငံသို့ သွားရောက်ပြီး နယူးဒေလီမြို့တွင် ဝန်ကြီးချုပ်မန်မိုဟန်ဆင်းနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်ရေးအခန်းကဏ္ဍ မြှင့်တင်နိုင်ရေးနှင့် အနောက်နိုင်ငံ ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားလာရေးအတွက် ကြိုးပမ်းသည့်အနေဖြင့် သွားရောက်ခြင်းဖြစ်သည်။
အိန္ဒိယက မြန်မာနိုင်ငံကို ဒေါ်လာသန်း၅၀၀ ချေးငွေပေးမည်ဟု ကြေညာသည်။ ဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်း၏ သြဇာကြီးမားသော အကြံပေးပုဂ္ဂိုလ်တစ်ဦးက မြန်မာနိုင်ငံအပေါ် အထီးကျန်ဖြစ်စေသော အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများ ဖယ်ရှားရန်ကြိုးပမ်းရာတွင် အိန္ဒိယနိုင်ငံအနေဖြင့် အခရာကျသောအခန်းကဏ္ဍမှ ပါဝင်နိုင်ကြောင်း အကြံပြုပြောဆိုခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလီယံဟေ့ခ်တို့က မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်အပါအဝင် အကျဉ်းသား ၆၀၀၀ကျော်အား လွတ်မြောက်ခွင့်ပေးမှုနှင့် ပြုပြင်ပြောင်းလဲမှုများကို ကြိုဆိုကြောင်း ထုတ်ဖော် ပြောဆိုခဲ့သော်လည်း သမ္မတဦးသိန်းစိန်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် မည်မျှအတိုင်းအတာအထိ ဆွေးနွေးမှုများ ပြုလုပ်သွားနိုင်မည်ဟူသောအချက်ကို စောင့်ကြည့်လေ့လာဦးမည်ဟုဆိုသည်။
ကောင်းမွန်သော မြန်မာ့လူ့အဖွဲ့အစည်းသို့ ပြန်လည်ရောက်ရှိအောင် အကောင်အထည်ဖော်ရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍသည် လွန်စွာအခရာကျသည်ဟု ၎င်းတို့ကမှတ်ချက်ပေး ပြောဆိုသည်။
မြို့တော်ဟောင်းရန်ကုန်တွင်မူ လက်ရှိဖြစ်ပေါ်ရရှိလာသော ပျော်ရွှင်စရာဖြစ်ရပ်များ မည်မျှအတိုင်းအတာအထိ တာရှည်ခံမည်ဟူသည်ကို စိုးရိမ်ထိတ်လန့်လျက် ရှိကြသည်။ နိုင်ငံရေးအရ အကဲဆတ်သော နေရာဒေသများတွင်မူ လုံခြုံရေးအဖွဲ့များနှင့် လူငယ်ဗျူရိုကရက်များ ခြေရှုပ်လျက် ရှိဆဲပင်ဖြစ်သည်။ အကျဉ်းကျခံရမှုမှ လွတ်မြောက်လာသော ဟာသအနုပညာရှင် ဇာဂနာကမူ နိုင်ငံရေးအကျဉ်းသား ၁၀၀၀ ကျော်ခန့် လွတ်မြောက်ရန် ကျန်ရှိနေသေးသည့်အတွက် စိတ်မကောင်းဖြစ်လျက်ရှိသည်။
"သူတို့က နိုင်ငံရေးအကျဉ်းသားတွေကို နည်းနည်းချင်းစီ လွှတ်ပေးနေတာ။ ဆိုတော့ ကျွန်တော်တို့က ဘာနဲ့တူသလဲဆိုရင် ဆိုမာလီ ဓားပြတွေလက်ထဲက ဓားစာခံတွေလိုပါပဲ။ ဖမ်းဆီးခံထားရသူတွေကို ပြန်ရွေးဖို့ သူတို့တောင်းမယ့်ငွေပမာဏက ဘယ်လောက်လဲ။ အခြေအနေကတော့ အဲဒီလိုပါပဲ"ဟု ၎င်းကဆိုသည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာအစိုးရ တွေ့ဆုံဆွေးနွေးမှုအပေါ် ၎င်းက ယခုလိုထောက်ခံကြောင်း ပြောဆိုသည်။

"တချို့တွေကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရက အသုံးချမှာကို စိုးရိမ်နေကြတယ်။ ကျွန်တော်ကတော့ အဲဒီလိုမမြင်မိဘူး။ တကယ်လို့သာ ခင်ဗျားကမျောက်တစ်ကောင်ကို ရွှေ သွားပေးမယ်ဆိုရင် အဲဒီမျောက်က ရွှေကို ဘယ်လိုအသုံးချတတ်မှာလဲ။ ဒါပေမဲ့မျောက်အစား ပန်းတိမ်သမားကို သွားပေးမယ်ဆိုရင်တော့ တစ်မျိုးဖြစ်သွားပြီ မဟုတ်လား။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပန်းတိမ်ဆရာတစ်ယောက်လိုပါ။ အခုလို အစိုးရနဲ့ သူမနဲ့ တွေ့ဆုံမှုကြောင့် ကျွန်တော်တို့ရဲ့ စစ်မှန်တဲ့ ဒီမိုကရေစီဖော်ဆောင်ရေး လုပ်ငန်းစဉ်အပေါ်မှာ ထိခိုက်မှုရှိလာမှာမဟုတ်ပါဘူး။ ဒီကိစ္စကို ကျွန်တော်တို့အနေနဲ့ အပြုသဘောနဲ့ မြင်ကြည့်လို့ရပါတယ်"

Yangon Chronicle

Link http://www.smh.com.au/world/burma-rides-the-winds-of-rapid-change-20111015-1lqe7.html

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...