နှောင်ကြိုးလွဲတဲ့ချစ်ခြင်းမေတ္တာ
by Moenge Aung on Friday, October 21, 2011 at 7:04am
တောင်အရပ်စီမှ မိုးသားတိမ်ထုတွေဟာ တလိမ့်လိမ့်တတ်လာတယ် ဆိုရင်ဘဲ အစ်ကိုတို့အိမ်ကလေးရဲ့ မိုးမလုံတဲ့ ခေါင်နေရာလေးဟာ အမြဲတိုးအနှောက်အယှက်ပေးတဲ့ နေရာလေးတစ်ခုပေါ့။ မကြာပါဘူး အညိုးတကြီးရွာချလိုက်တဲ့မိုးကြောင့် ခေါင်မလုံတဲ့အမိုးက ရေစက်ရေပြောက်လေးတွေဟာ ကြမ်းပြင်ကို မညာမတာ ခုန်ဆင်းလို့လာပြန်ပေါ့လေ။ အင်းဒီတစ်ညတော့ အခန်းအပြင်မှာရှိတယ့် ဧည့်ခန်းလေးမှာ အစ်ကိုတို့ အိပ်ကြရအုန်းမယ်နော်...
အကြင်နာ
အစ်ကိုရယ် အစ်ကိုနဲ့ ညီမတို့အတူနေထိုင်ခဲ့တယ့် ဒီအိမ်လေးဟာ အခုဆိုရင် တစ်နှစ်တင်းတင်းတောင်ရှိရောပေါ့နော်။ ရှိစုမဲ့စုပိုက်ဆံလေးနဲ့ တိုးချဲ့ရပ်ကွက်လေးမှာ အိမ်လေးတစ်လုံးပါတယ့် ၀င်းကလေးကိုပဲ ၀ယ်နိုင်ခဲ့တယ့် အစ်ကိုနဲ့ညီမတို့ရဲ့ ဘ၀လေးဟာ သာယာဖြောင့်ဖြူးခဲ့တယ်ဆိုရင်မမှားဘူးပေါ့နော်။ အခုတော့ နွေရာသီ ကလေပြင်းလေးတစ်ချက်ကြောင့် အိမ်ခေါင်လေးမလုံခဲ့တာ အခုမိုးရာသီရောက်တော့ မိုးမလုံဖြစ်ရတယ်။ အစ်ကိုရယ် အစ်ကိုအလုပ်သွားနေတုန်း ညီမ အိမ်မှာစက်ချုပ်စက်ကလေးနဲ့ အထည်လေးတွေ လက်သင့်ခံလို့ တစ်ဖက်တစ်လမ်းက၀င်ငွေရဖို့ အရေး အားကူလိုပေးခဲ့တယ်။
လွမ်းခက်
ညီမနဲ့အစ်ကို ရွှေဂဟေဆက်ခဲ့တယ့်မင်္ဂလာရက်မြတ်လေးဟာ အခုတော့ တစ်နှစ်တင်းတင်းပြည့်ခဲ့ပေါ့။ နှစ်ဦးသား ဘ၀ကိုထူထောင်ဖို့ အစ်ကိုနဲ့ညီမအိမ်ပေါ်ကအသီးသီးဆင်းလို့ ညီမနဲ့ အတူပျော်ရွင်ဖို့အရေး အစ်ကိုရရာအလုပ်ကို မနှေးလုပ်နေခဲ့တာပါ။ ဘာလို့လဲ ဆိုတော့အစ်ကိုတို့အိမ်ကလေးကို ၀ယ်လိုက်တုန်းက ညီမရဲ့ နားကပ်လေးမလောက်လို့ ဆွဲသီးလေးပါရောင်းပြီး ၀ယ်ထားရတော့ အစ်ကိုရင်ထဲမှာ အခုထိမကောင်းဖြစ်ရတယ်ညီမရယ်။ အစ်ကိုညီမ မသိအောင်ငွေတချို့ကိုစုနေတာကိုတော့ ညီမတစ်နေ့နားလည်လာမှာပါ။
အကြင်နာ
အစ်ကိုလွမ်းခက် အလုပ်သွားတိုင်း ခြေကျင်သွားနေရတာ ညီမသနားမိတယ်။ အစ်ကိုသွားလုပ်ရတယ့် ၀ါ့လျှော့က မြို့ထဲမှာဆိုတော့ အစ်ကိုတစ်နေ့တစ်နေ့ ခြေလျင်သွားရတာ ဘယ်လောက်ညောင်းလိုက်မလဲ။ အင်းပေါ့လေ အဲဒါကြောင့်လည်း တစ်ခါတစ်လေ ကားလာပြင်တဲ့ အစ်ကိုယ့်သူငယ်ချင်းတွေ ကိုချောစွဲပြီး လိုက်ပို့ခိုင်းတာ ညီမသိတာပေါ့။ ညီမလေ ခေါင်မိုးမလုံတယ့် အိမ်လေးကို အမိုးလေးပြန်မိုးချင်နေလှပါပြီ။
လွမ်းခက်
အစ်ကိုဒီနေ့ ပျော်နေတယ်ညီမရေ။ အစ်ကိုယ့်သဌေး အလုပ်ရှင်က ဒီနေ့ပဲ အစ်ကိုယ်လုပ်ရည်ကိုင်ရည်ကောင်းတယ်ဆိုပြီး လခတိုးပေး၊ ဘောက်ဆူးပါပေးတဲ့အတွက်လေ။ အဲဒီထက်ပိုပျော်ရတာကတော့ အစ်ကိုတစ်နေ့က အစ်ကိုသူငယ်ချင်းတစ်ယောက် ရွှေဆိုင်မှာ ညီမ အတွက်ဆွဲသီးမရှိသေးတယ့်ဆွဲကြိုးလေးမှာ ဆင်မြန်းဖို့ ဆွဲသီးဖိုးငွေကိုမေးထားတဲ့ငွေ ပြည့်လို့ သွားဝယ်ခဲ့တယ်လေ။ ညီမရေ အစ်ကို ပထမဆုံး ရင်ထဲကကြိတ်ကြံနေတယ့် ဆုတောင်းလေးတစ်ခုတော့ပြည့်ခဲ့ပေါ့ အစ်ကိုအပြန်ကိုမျော်နေမယ့်ညီမ ပျော်ရွင်ရစေမယ်နော်။
လွမ်းခက်... အကြင်နာ
ညီမရေ ညီမ... အစ်ကိုပြန်လာပြီလေ ...
ဟင် အိမ်ရှေ့မှာလည်း စက်ဘီးတစ်စီးပါလား ဧည့်လာလို့များလား.. ဆိုတဲ့အတွေးတွေနဲ့ အစ်ကိုအိမ်ပေါ်ကိုတက်လိုက်ဆိုရင်ဘဲ...
ဧည့်ခန်းထဲမှာ ပြုံးပြုံးလေးနဲ့ ထိုင်နေတယ့်ညီမက အစ်ကိုယ့်ကိုညီမပြောစရာရှိတယ်လို့ ပြောလိုက်တယ်။ ကျန်တဲ့ ထိုင်ခုံတစ်ခုမှာ ၀င်ထိုင်လိုက်ရင်း အစ်ကိုလည်းညီမကို ဒီနေ့ ပြောစရာရှိတယ်ညီမလို့ ပြန်ပြောလိုက်တယ်.
ကဲညီမပဲ အရင်ပြောပါ အစ်ကိုနောက်မှပြောမယ်လေ ဆိုတော့
“အစ်ကိုအလုပ်ကိုနေ့တိုင်း ခြေကျင်သွားနေရတာ ညီမ မကြည့်ရက်လို့ အစ်ကိုယ့်အတွက် စက်ဘီးလေးတစ်စင်း ညီမဆွဲကြိုးလေး ရောင်းပြီးဝယ်လိုက်တယ်အစ်ကို ” “အစ်ကိုပျော်တယ်မို့လား အစ်ကိုလည်းပြောအုန်းလေ ဘာလည်းလို့”
အစ်ကိုယ့်ရင်ထဲမှာ ညီမရဲ့သိတတ်မှုတွေကို နားလည်ပြီးသားပါကွာ။ အစ်ကိုဘယ်လိုပြောရမလဲညီမရယ်။ ညီမရဲ့ ဆွဲကြိုးလေးမှာ ဆွဲဆင်သမယ့် ဆွဲသီးလေးအကြောင်းကိုလေ။ အစ်ကိုလေ အစ်ကိုလေ ညီမရဲ့ ရှင်းနေတယ့်လည်တိုင်ကျော့ကျော့လေးကို တစ်ချက်ကြည့်ရင်း ...
“ အစ်ကိုလေ ညီမအတွက် ဒါလေးဝယ်လာတာ” ဆိုပြီး အိတ်လေးထဲက ဆွဲသီးထဲ့ထားတဲ့ဘူးလေးကို လက်မှာကျစ်ကျစ်ပါအောင် ဆုပ်ပြီး ညီမရဲ့ရှေ့က စားပွဲလေးပေါ်ကိုတင်ပေးလိုက်တယ်ဆိုရင်ပဲ ညီမလေ ဖူးကလေးကိုဖွင့်ကြည့်ပြီး အစ်ကိုယ့်ကို လှမ်းကြည့်
မျက်ရည်လေးဝဲလို့ ကြင်နာမှုအပြည့် အတိနဲ့ အစ်ကိုယ့်ဆီကိုလာပြီး ထွေးပိုက်လိုက်တော့ နှစ်ယောက်သား ရင်ချင်းအပ်ကာ ဘာမှန်းမသိတော့တယ့် ကြည်နှုးမှုတစ်စုံ ၀မ်းနည်းမှုတမျိုးနဲ့ တင်းကြပ်စွာပဲဖက်လိုက်မိတော့တယ်...။
နောက်ဆုံးမတော့ အမိုးမလုံတဲ့အိမ်ခေါင်လေးက ကျလာတဲ့မိုးစက်သံသဲ့သဲ့ သြော်ဒီညမှာလည်း ညီမနဲ့ အစ်ကို ပြီးတော့ စက်ဘီးလေး တစ်စီး လေ့ကက်သီးလေးတစ်ခု ဧည့်ခန်းမှာအဖော်ပြုလို့ အိပ်စက်ရအုန်းမှာပါလားနော်....
မှတ်ချက်။ ။ စာဖတ်သူများအနေနှင့် ရင်ထဲမှာ အတွေးရသ တစ်ခုခုကျန်ခဲ့မယ်ဆိုရင် ကျွန်တော့ကျေနပ်မိပါ၏။
စာရေးသူ....
wunna456@gmail.com (20.10.2011)
0 comments:
Post a Comment