တစ်နေ့သောအခါဝယ်...
သစ်ရွက်ကြွေတွေပြည့်နေတဲ့ စိတ်ဟာ
ဖြန်းကနဲဖြတ်ရိုက်လိုက်တဲ့တောင်လေသွားရာနောက်ကိုတကောက်ကောက်
အတိတ်ဆိုတာ ငါ့အတွက်ဆည်းလဲသံတွေလည်းညံစေ မိုးခြိမ်းသံတွေလည်းပန်စေပဲ
သက်သေအထောက်အထားစုံလင်စွာနဲ့
သံသရာမှာကြည်နူးစွာ အချုပ်နှောင်ခံနေသော ငါလေ...
ထိုတစ်နေ့ကို ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး
ကြည့်ခွင့်တောင်းခဲ့တာ ဒီဘဝမှာ အခုဆိုနှစ်ဆယ့်လေးနှစ်စာ
မနေ့က ငါ ဟာ ဒီနေ့က ငါ ကို တို့ထိကြည့်ဖို့ ဝန်လေးတတ်တယ်
မနက်ဖြန်က ငါ ကတော့ အတိတ်မှာပဲပျော်မွေ့ အတိတ်မှာပဲကျရှုံး
အတိတ်မှာပဲငါ့ကိုငါ ပြည်ဖုံးကာချပါလို့..
ပုထုဇဉ်ကောက်ကြောင်းရဲ့တူးဆွရာမှာ
ငါ့အရိပ်ကသာငါ့နောက်တကောက်ကောက်
ဘယ်တော့မှမေးခွန်းမထုတ်တတ်တဲ့ လွတ်လပ်စွာလက်ခံတတ်ခြင်းက
တစ်တောလုံးကို ပြာအတိပြီးစေတယ်...
စိတ်ကတွေးမိလိုက်တဲ့တခဏ နှင့် တစစ်စစ်ပဲ့ကြွေသွားအောင်ခံစားလိုက်ရတဲ့တခဏကြားမှာ
အ ဘယ် ကြောင့် နှုတ်ခမ်းတစ်စုံသည် လှပစွာတွန့်ကွေးသွားရသနည်း
အ ဘယ် ကြောင့် ပခုံးတစ်စုံသည် ကန္တာရတစ်ခုကို သယ်ပိုးသွားရသနည်း
မအိပ်စက်ရပဲ ကန့်လန့်ဖြတ်ကြီးလာမက်တဲ့အိပ်မက်တွေ အစိမ်းရောင်ခြယ်သလာသလို
ညတွေ စိမ်ပြေနပြေအသတ်ခံနေရတာ တစ်ညပြီးတစ်ည
ရင်သက်ရှုမော ငါ ..ပါးစပ်အဟောင်းသား ငါ.. ဒီလိုလေးပဲ စီးဝင်ခဲ့ရပေါ့
ရှုခင်းရဲ့မွှေးရနံ့ ဘယ်နံရံမှမကန့်သတ်နိုင်
စံပယ်တွေပွင့်သလိုပွင့်တဲ့ ယုန်တွင်းတွေထဲ ကန်ချသွားပြန်
စိတ်ကြိုက်ရွေးပြီး ချပြေးခိုင်းတဲ့ လမ်းတွေဆိုတာနီးသွားလိုက် ဝေးသွားလိုက်
လင်းသော.. မှောင်သော.. သွေးခြေဥသွားသော ..
လမ်းများဟာ ကိုယ်နဲ့မဆိုင်တော့သလို.....ပွင့် ဖောက် ရင့် မှည့်
ဪ.. ခုတော့လည်း ပြက္ခဒိန်ဆိုတာ သူစိမ်းပြင်ပြင်...
တစ်နေ့သောအခါဝယ် ...ငါသိလာမယ် ငါမြင်ရလာမယ်
ပါးပါးလေးပဲလား ..ငါသိတယ်လား ငါ..ငါ မမြင်ရဘူးလား
နစ်မြုပ်နေတဲ့ ရုန်းထွက်နေတဲ့ ..တစ်ကိုယ်တော်ပြကွက်တွေ တိကနဲပြတ်ကျသွားမယ်
တစ်နေ့သောအခါဝယ်... အရှေ့တစ်နေရာမှာရှိနေတယ် ။ ။
(တေးခက်)
0 comments:
Post a Comment