Sunday, October 23, 2011

၂၀၁၁ ခုနှစ် မိုးနှောင်းရက်ကျန် ရာသီဥတု အလားအလာ

 
7Day News Originally posted 25/09/2011 15:35PM

နှုတ်ဆက်တော့မယ့် မုတ်သုံ
အခုစက်တင်ဘာ ၁၅ ရက်မှာပဲ အနောက်တောင် မုတ်သုံလေဟာ ပါကစ္စတန်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်းကနေပြီး စတင် ဆုတ်ခွာနေပြီ ဖြစ်ပါတယ်။ မကြာခင်မှာပဲ မြန်မာနိုင်ငံ မြောက်ပိုင်းကနေပြီး မုတ်သုံလေဟာ စတင် ဆုတ်ခွာတော့မှာ ဖြစ်ပါတယ်။ မုတ်သုံ နှုတ်ဆက်ပွဲသိမ်းဟာ ခါတိုင်းနှစ်တွေလိုပဲ လျှပ်စီးလက်မီးမောင်းတွေ တဝင်းဝင်း မိုးခြိမ်းသံ တီးလုံးတွေ တဒိုင်းဒိုင်းနဲ့ စည်ကားဦးမှာပါပဲ။


၂၀၁၁ ခုနှစ်၏ မိုးနှောင်းရက်ကျန်
နှစ်တစ်နှစ်ရဲ့ ရာသီဥတုကို သုံးမျိုး ခွဲခြားနိုင်ပါတယ်။ ပူပြင်းခြောက်သွေ့သော ရာသီဥတုကို ဖြစ်စေတတ်သော အယ်လ်နီညိုနှစ်၊ အေးပြီး စွတ်စိုသော ရာသီဥတုကို ဖြစ်စေသော လာနီညာနှစ်၊ မည်သည့်ဘက်ကိုမျှ မလိုက်ဘဲ ရိုးရိုးပုံမှန် ရာသီဥတုကို ဖြစ်စေသော ကြားနေနှစ် ဆိုပြီး ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်ရဲ့ လက်ကျန် ရာသီဥတုကို ခန့်မှန်းရာမှာ ရာသီဥတု အမြင့်ဆုံး အင်အားကို ရောက်စေလေ့ရှိသော ဒီဇင်ဘာလတွင် အယ်လ်နီညို ဖြစ်ဖို့ ၂၅ ရာခိုင်နှုန်း၊ လာနီညာ ဖြစ်ဖို့ ၅ ရာခိုင်နှုန်း ဆတူရှိနေပြီး၊ ကြားနေနှစ် ဖြစ်ဖို့ ၅၀ ရာခိုင်နှုန်း ရှိကြောင်း အဖြေ ရရှိထားပါတယ်။ ဆိုလိုသည်မှာ ၂၀၁၁ ခုနှစ်၌ လက်ကျန်လများသည် မပူလွန်း မအေးလွန်း၊ မိုးမများလွန်း မနည်းလွန်းသော အခြေအနေမျိုး ဖြစ်ပါလိမ့်မည်ဟု အဓိပ္ပာယ် သက်ရောက်ပါတယ်။

၂၀၁၁ ခုနှစ် မိုးနှောင်းကာလ (စက်တင်ဘာလ) အခြေအနေ ခန့်မှန်းချက်
၂၀၁၁ ခုနှစ်၏ မိုးနှောင်းကာလသည် ရက်ကာလအားဖြင့် ၂၅ ရက်မှ ရက် ၃၀ ခန့် ကြာမြင့်နိုင်ပါသည်။ အနောက်တောင် မုတ်သုံလေသည် မိုးနှောင်းကာလအတွင်း အားအနည်းငယ်မှ အသင့်အတင့်သာ ရှိနိုင်ပါသည်။ ဘင်္ဂလား ပင်လယ်အော် အလယ်ပိုင်းတွင် လေဖိအားနည်း ရပ်ဝန်း တစ်ကြိမ် ဖြစ်လာနိုင်သော်လည်း မုန်တိုင်းတစ်ခု အဖြစ်သို့ ရောက်နိုင်ဖွယ်ရာ မရှိနိုင်လို့ ခန့်မှန်းရပါတယ်။

အနောက်တောင် မုတ်သုံလေ ဆုတ်ခွာမှု ခန့်မှန်းချက်
အနောက်တောင် မုတ်သုံလေသည် စက်တင်ဘာ ၂၀ ရက်ခန့်တွင် စတင်၍ မြန်မာနိုင်ငံ မြောက်ပိုင်းမှ ဆုတ်ခွာမည်ဟု ခန့်မှန်းရပါသည်။ စက်တင်ဘာ ၂၅ ရက်ခန့်တွင် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများမှလည်းကောင်း၊ စက်တင်ဘာ လကုန်ခန့်တွင် မြစ်ဝကျွန်းပေါ် ဒေသများမှလည်းကောင်း၊ အောက်တိုဘာ လဆန်းခန့်တွင် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများမှ လည်းကောင်း ဆုတ်ခွာ လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

နှုတ်ဆက်ပွဲမှာ ကြုံတွေ့ရတဲ့ သတိထားရမယ့် အရာတွေ  
မုတ်သုံနှုတ်ဆက်ပွဲမှာ ဝမ်းနည်း ကြေကွဲတယ်ပဲ ပြောပြော၊ အပျော်ကြူးကြတယ်ပဲ ပြောပြော၊ ဘေးထွက် ဆိုးကျိုးလေးတွေတော့ ရှိတတ်ပါတယ်။ ဒီနှုတ်ဆက်ပွဲမှာ အားပျော့သွားတဲ့ မုတ်သုံတိမ်တွေရဲ့ နေရာမှာ မိုးတိမ်တောင်တွေ အများကြီးက နေရာယူလာ တတ်ပါတယ်။ ဒီတော့ နေရာကွက် မိုး ကီးတတ်တယ်။ ဒီတော့ လျှပ်တစ်ပြက် ရေကြီးတာတို့၊ မြေပြိုတာတို့ ဖြစ်တတ်ပါတယ်။ မိုးကြိုးလည်း ပစ်တတ်ပါတယ်။ ဒါမျိုးတွေက အထူးသဖြင့် မွန်းလွဲပိုင်းတွမှာ အဖြစ် များတတ်ပါတယ်။ အဲ..မုတ်သုံဆုတ်အပြီး ရက်သတ္တ တစ်ပတ်လောက် အကြာမှာတော့  အားလျော့သွားတတ် ကြပါတယ်။

မိုးရွာသွန်းနိုင်မှု အခြေအနေ  
ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ပြီး ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း တောင်ပိုင်း၊ ဧရာဝတီတိုင်း အနောက်တောင်ပိုင်း၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့တွင် ရွာသွန်းမြဲထက်ပိုကာ ကျန်ဒေသများတွင် ရွာသွန်းမြဲခန့် ရှိနိုင်ပါတယ်။

အရှေ့လေပွေလှိုင်းများ
မြောက်ပစိဖိတ် သမုဒ္ဒရာ အနောက်ပိုင်းနဲ့ တောင်တရုတ် ပင်လယ်ပြင်မှ အပူပိုင်း မုန်တိုင်းတွေဟာ စက်တင်ဘာမှာ ထိုင်းနိုင်ငံ မြောက်ပိုင်းမှ တစ်ဆင့် မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသများ ရှိရာကို ရောက်ရှိ လာနိုင်ဖွယ်ရာ မရှိဘူးလို့ ခန့်မှန်းရပါတယ်။

၂၀၁၁ ခုနှစ် မိုးလွန်ကာလ (အောက်တိုဘာလနှင့် နိုဝင်ဘာလ) အခြေအနေ ခန့်မှန်းချက်
ဘင်္ဂလား ပင်လယ်အော် အခြေအနေ ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအားနည်း ရပ်ဝန်း အောက်တိုဘာတွင် လေးကြိမ် ဖြစ်ပေါ်နိုင်ပြီး နှစ်ကြိမ်မှ သုံးကြိမ်ခန့်တွင် မုန်တိုင်းငယ် အဖြစ် ရောက်ရှိလာနိုင်ပါသည်။ နိုဝင်ဘာလတွင် လေဖိအားနည်း ရပ်ဝန်း သုံးကြိမ် ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်မှ နှစ်ကြိမ်ခန့်တွင် မုန်တိုင်းငယ်များ အဖြစ်သို့ ရောက်ရှိလာနိုင်ပါတယ်။

အရှေ့လေပွေလှိုင်းများ
မြောက်ပစိဖိတ် သမုဒ္ဒရာ အနောက်ပိုင်းနှင့် တောင်တရုတ် ပင်လယ်ပြင်မှ အပူပိုင်း မုန်တိုင်းများသည် အရှေ့လေပွေလှိုင်းများ အဖြစ် အောက်တိုဘာလတွင် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း ဒေသများ ဖြစ်သော ကယားပြည်နယ်နှင့် ကရင်ပြည်နယ်များသို့ နှစ်ကြိမ်ခန့်နှင့် နိုဝင်ဘာလတွင် တစ်ကြိမ်ခန့် ဝင်ရောက်လာနိုင်ပါတယ်။

အချိန်အခါမဟုတ် မိုးများ ရွာသွန်းနိုင်မှု
ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်သော မုန်တိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အရှေ့ဖက်မှ ဝင်ရောက်လာသော အရှေ့လေပွေ လှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း မြန်မာနိုင်ငံ အလယ်ပိုင်း၊ မြေလတ်ပိုင်းနှင့် မြစ်ဝကျွန်းပေါ် ဒေသများတွင် သုံးကြိမ်မှ လေးကြိမ်ခန့် အချိန်အခါမဟုတ် မိုးများ ရွာသွန်းနိုင်သည်ဟု ခန့်မှန်းရပါတယ်။ အထူးသဖြင့် ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်တဲ့ မုန်တိုင်းများဟာ အရှေ့မြောက်ဖက်ကို ဦးတည်ရွေ့လျားပါက အချိန်အခါမဟုတ် မိုးရွာသွန်းမှုဟာ မြန်မာနိုင်ငံ အထက်ပိုင်း၊ ရခိုင်ပြည်နယ်၊ အနောက်မြောက်ပိုင်း ဒေသများအထိ ပျံ့နှံ့နိုင်တဲ့အပြင် ရခိုင်ပြည်နယ်မှာ မုန်တိုင်း ဝင်ရောက်နိုင်မှု အန္တရာယ်ကိုပါ သတိပြုရန် လိုအပ်မှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၃၄ နှစ်အတွင်း မြန်မာနိုင်ငံကို ဝင်ရောက်ခဲ့တဲ့ မုန်တိုင်း ၈၄ လုံးရဲ့ ၄၉ ရာခိုင်နှုန်းဟာ မိုးလွန်ကာလမှာ ဝင်ရောက်ခဲ့ခြင်း ဖြစ်တဲ့အတွက် မိုးလွန်ကာလဟာ မြန်မာနိုင်ငံရဲ့ ဒုတိယ မုန်တိုင်းရာသီ ဖြစ်တယ် ဆိုတဲ့ အချက်ဟာ မိုးလွန်ကာလတွေမှာ မုန်တိုင်းအန္တရာယ်ကို သတိပြုဖို့ လိုအပ်ကြောင်း မီးမောင်းထိုးပြနေတာ ဖြစ်ပါတယ်။

မြစ်ရေအခြေအနေ
ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ်၊ ငဝန်မြစ် စတဲ့ မြစ်အသီးသီးတို့ရဲ့ မြစ်ရေတွေဟာ စိုးရိမ်ရေအမှတ်များကို ရောက်အောင် တစ်ကြိမ်ခန့်စီ မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ အားလုံးထဲက ထူးခြားနေတဲ့ အရာ ၂၀၁၁ ခုနှစ်ရဲ့ ရာသီဥတု ဖြစ်စဉ်တွေထဲက အထူးခြားဆုံးဟာ ဘာလဲလို့မေးရင် ဘင်္ဂလား ပင်လယ်အော်ထဲမှာ ဖြစ်ပေါ်တဲ့ မုန်တိုင်းလို့ ပြောရမှာ ဖြစ်ပါတယ်။ အခု စက်တင်ဘာလ ရောက်တဲ့အထိ ဘင်္ဂလားပင်လယ်အော် ရေပြင်ပေါ်မှာ မုန်တိုင်း တစ်ကြိမ်မှ မဖြစ်ပေါ်သေးပါဘူး။ အမှန်အတိုင်း ပြောရရင် ၂၀၁၁ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းက ကုန်းမြေပေါ်မှာ မုန်တိုင်း ဖြစ်လုဖြစ်ခင် အခြေအနေအထိ ရောက်ခဲ့တဲ့ လေဖိအားနည်း ရပ်ဝန်းတွေတော့ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ မုန်တိုင်းအဆင့်ကိုတော့ မရောက်ခဲ့ပါဘူး။

ဒီနေရာမှာ စဉ်းစားစရာ အချက်ကတော့ ဘင်္ဂလားပင်လယ်ရဲ့ ၁၃၄ နှစ် မုန်တိုင်းမှတ်တမ်း သမိုင်းမှာ မုန်တိုင်း မဖြစ်တဲ့နှစ်ဆိုတာ မရှိခဲ့ပါဘူး။ အနည်းဆုံး လေးကြိမ်တော့ ဖြစ်ပါတယ်။ ၁၉၇၈ ခုနှစ် နောက်ပိုင်း ရာသီဥတု ပြောင်းလဲမှုကြောင့် မုန်တိုင်း ဖြစ်တာတွေ လျော့သွားတယ်လို့ ဆိုတာတောင် တစ်နှစ်ပျမ်းမျှ ၆ လုံးတော့ ဖြစ်ပါတယ်။ နောက်ပြီး မိုးလွန်ဆိုတာ မြန်မာနိုင်ငံကို ဝင်ရောက်ခဲ့တဲ့ မုန်တိုင်းတွေ အားလုံးရဲ့ ၄၉ ရာခိုင်နှုန်း ဝင်ရောက်တတ်တဲ့ မြန်မာနိုင်ငံရဲ့ ဒုတိယ မုန်တိုင်းရာသီ။ နောက်ပြီး ၂၀၁၁ ခုနှစ်ဆိုတာ ရှေ့က ငါးနှစ်ဆက်တိုက် မုန်တိုင်းတွေ ဝင်ခဲ့တဲ့ နောက် ၆ နှစ်မြောက်နှစ်၊ ၂၀၁၁ ခုနှစ်ရဲ့ မိုးလွန်ဆိုတာ အောက်တိုဘာမှာ မုန်တိုင်း သုံးလုံးဖြစ်ခဲ့ပြီး တစ်လုံး မြန်မာပြည် ဝင်ခဲ့တဲ့ ၂၀၁၀ ခုနှစ်ရဲ့ နောက်တစ်နှစ်၊ ကျွန်တော် စိတ်အဝင်စားဆုံးကတော့ ဒီမုန်တိုင်းတွေပါပဲ။

မောင်ထွန်းလွင်(မိုးလေဝသ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...