Sunday, October 23, 2011

လှောင်ချိုင့်ထဲကတိမ်

by သစ္စာနီ on Sunday, October 23, 2011 at 11:23am

အိပ်မက်ထဲတွင် မိမိကိုယ်ကို ရုပ်သေးရုပ် တစ်ရုပ်အဖြစ် မြင်ရသည့် အိပ်မက်များထက် ထိတ်လန့်ခြောက်လန့်ခြောက်ခြား စရာကောင်းသော အိပ်မက်မျိုးမရှိဟု ကျွန်တော် ယုံကြည်ပါသည်။ ကျွန်တော်တို့၏ ခန္ဓာကိုယ် (ခြေလက်နှင့် ခေါင်း) တွင် သာမက၊ နှလုံးသားနှင့် စိတ်အာရုံများတွင်ပါ၊ တွယ်နှောင်ချိတ်ဆက်ထားသည့် မမြင်ရသော ကြိုးများ အဘယ်မျှရှိနေလေမည်နည်း။ နေ့စဉ်နှင့်အမျှ အချိန်ရှိနေသမျှ ကျွန်တော်တို့သည် အတွင်းကြိုးများဖြင့် ထွေးရှုပ်ရစ်ပတ်နေသည်။ ဥပမာ ကြိုးတစ်ချို့မှာ
တစ်နေ့ထမင်း နှစ်ကြိမ် စားခြင်း   ( အလေ့အထ )
ညဘက် အိပ်စက်ခြင်း         ( သဘာဝ )
မိဘကို ရိုသေခြင်း             ( ကျင့်ဝတ် )
လိင်ဆက်ဆံခြင်း             ( အာသာဆန္ဒ )
မကျေနပ်လည်း ပြုံးပြခြင်း     ( ယဉ်ကျေးမှု )

မျဉ်းကြားမှ ဖြတ်ကူးခြင်း ( ဥပဒေ )
ဝတ်ပြုဆုတောင်းခြင်း       ( ဓလေ့ထုံးစံ )
သစ်ပင်ရေလောင်းခြင်း           ( ဝတ္တရား )
               လူဆိုတာ လွတ်လပ်သောသတ္တဝါဆိုတာ အဓိပ္ပါယ်ရှိသေးရဲ့လား သို့မဟုတ် လွတ်လပ်မှုဆိုတာ အဓိပ္ပါယ်ရှိသေးရဲ့လား။ ကျွန်တော်သည် လွင့်ပါးလိုသူဖြစ်သည်။ ချုပ်နှောင်မှု ကင်းလိုသူ ဖြစ်သည်။ ထာဝရဘုရားသခင်သည်၊ အရာရာ ဖန်ဆင်းသူ ဖြစ်သည် ဆိုပါက ကျွန်တော့ ကောင်မလေး၊ ချစ်ခြင်းမေတ္တာ၊ ရင်ခုန်စရာ အတွေ့အထိ၊ ဆုံစည်းမှု၊ ခြေဖမိုးပေါ်က မှည့်ကလေး၊ ကြည်နူးဖွယ်နာရီ တချို့နှင့် သူမ၏ ကိုယ်သင်းနံ့တို့အတွက် ကျေးဇူးတင်စရာကောင်းလေရကား၊ ကြုံသော် သူ့ကို ကော်ဖီတစ်ခွက် ဝယ်တိုက်ချင်ပါသည်။ ကျွန်တော့ ကောင်မလေး အရပ်မြင့်ခြင်းနှင့် တစ်ခါတစ်ရံ စိတ်ကောက်တတ်ခြင်းတို့အတွက် သူ (ဖန်ဆင်းရှင်) ကော်ဖီခွက်ထဲမှ သကြား တစ်ဇွန်းခန့်ကို၊ သူ မသိအောင် နှုတ်ထားရန် စိတ်ကူးလည်းရှိ၏။ သို့သော် ကံကောင်းစွာပင်၊ ဖန်ဆင်းရှင်နှင့် ကျွန်တော်သည် တစ်ကြိမ်တစ်ခါမှ မဆုံဆည်းခဲ့ကြချေ။ ကျွန်တော် နှင့် ဓါတ်မတည့်သော အရာများတွင် သူလည်း ပါပုံရ၏။

ကျွန်တော်သည်၊ တံဆိပ်ကပ်ထားသော လူတချို့၊ အပေါစား ကိုယ်လိမ်းပေါင်ဒါ၊ ယင်နားထားသော သစ်သီး၊ ကျွန်တော့ အဖေ၊ အနုပညာအတုတို့နှင့် မတည့်။ ကျွန်တော်သည် လျှောက်ပြီးသော လမ်း၊ တတ်ယောင်ကား သီအိုရီ၊ ငါးခုံးမတစ်ကောင် အနံ့၊ ပေါ့ပျက်ပျက် မိန်းမများ၊ ပလေးတိုးတို့နှင့် မတည့် ။ ကျွန်တော်သည် သရုပ်မှန်တတ္တုတို၊ မိုးခါးရေ၊ ဟွန်းမတီးရသော ရပ်ကွက်၊ သက္ကာယဒိဌိ၊ အခါလွန်မှ ရွာသောမိုးတို့နှင့် မတည့် ။ ကျွန်တော်သည် မလိုင်နုတ်ထားသော နို့ဆီ၊ မျှော်လင့်ချက်၊ စပျစ်သီး မမြင်ဖူးသော မြေခွေးများ၊ သေခြင်းတရား၊ ပွဲတော်ရက်များနှင့် မတည့်။ ကျွန်တော်သည် ကျွန်တော်နှင့် မတည့်သော အရာများနှင့် မတည့်။ ကျွန်တော်နှင့် မတည့်သော အရာများသည် ကျွန်တော်နှင့် မတည့်။

ကျွန်တော်နှင့် မတည့်သော အရာများထဲတွင် ငါးမျှားချိတ်များလည်း ပါဝင်သည်။ စိန်စီထားသော ငါးမျှားချိတ်၊ ကတ္တီပါအိတ် စွတ်ထားသော ငါးမျှားချိတ်၊ လျှာအရိုး မရှိသော ငါးမျှားချိတ်၊ ကိုယ်ရောင် ပျောက်နိုင်သော ငါးမျှားချိတ်၊ လက်နက်ကိုင်ထားသော ငါးမျှားချိတ်၊ ကိုယ်လုံးကိုယ်ပေါက်လှသော ငါးမျှားချိတ်၊ ကွန်ဆာဗေးတစ်ပါတီ ပါဝင်သော ငါးမျှားချိတ်၊ ငါးမျှားချိတ်နှင့်တူသော ငါးမျှားချိတ်၊ ပန်းသီတပ်ထားသော ငါးမျှားချိတ်၊ သက်တန့်အယောင်ဆောင်ထားသော ငါးမျှားချိတ်၊ ငါးမျှားချိတ်ပေါင်း များစွာကို ကျွန်တော် သိပါသည်။ ကျွန်တော်သည် ငါးမျှားသူ မဟုတ်။ အမျှား မခံရသူသာ ဖြစ်ပါသည်။ ဒညင်းသီးဆားရေစိမ်၊ အပေါစား ရုပ်ရှင်၊ ကွန်မြူနစ်ဝါဒ၊ ချီးမြှောက်ဂုဏ်ပြုခြင်း၊ အိမ်ထောင်သားမွေးကိစ္စ၊ ခပ်ညံ့ညံ့ မိတ်ဆွေများ၊ နွေဦးပေါက် ရနံ့၊ ဖားအော်သံ၊ စသည်တို့မှာ (ကျွန်တော့်အတွက်) ဖြားယောင်းသွေးဆောင်နိုင်သော ငါးစာ ကောင်းကောင်းများ မဟုတ်ချေ။ ကျွန်တော့်ကို သွေးဆောင်နိုင်သော အရာ အနည်းငယ် ရှိသည်ဟုဆိုလျှင် ယင်းတို့မှာ အစဉ်အလာဟောင်းကို ချိုးဖျက်ခြင်း၊ ကျွန်တော့်ချစ်သူ နှင့် ကဗျာသာ ဖြစ်ပေမည်။

မြစ်အထက်က တံတားအပေါ်မှာ ဖြတ်သန်းသွားသော အရာတွေ များလှချေပြီ။

နွားအုပ်မပါသော နွားကျောင်းသား၊ တစ်ဘက်ကမ်းမှာ ပန်းရောင်းသူ၊ ရှည်လျားသော ဆောင်းဥတု၊ ပိုင်ရှင်မဲ့ ခွေးတစ်ကောင်၊ အရောင် ခပ်မှိန်မှိန် သရဖူ တစ်ခု၊ အချိန်ကာလ (သူ ဖြတ်သွားသည်ကို လူတွေ မမြင်လိုက်ကြ) မိန်းမချော တစ်ယောက်၊ လည်လွန်းတဲ့ဘီး၊ အမှိုက်ပုံမှ လွင့်လာသော သတင်းစာစက္ကူ တစ်ရွက် (ရွက်ကြွေတချို့နှင့် ရောနှောလျက်)၊ ကုလားမခြေထောက်၊ မလှမ်းမကမ်း စစ်မြေပြင်မှ ယမ်းငွေ့၊ ဖားပြုတ်တစ်ကောင် (ကျိန်စာသင့်နေသော မင်းသား မဟုတ်ပါ)၊ သမိုင်း အပိုင်းအစတချို့၊ ဘီးတပ်ကုလားထိုင် တစ်လုံး၊ ရေခဲမုန့်  ရောင်းသော လှည်း၊ ညမွှေးပန်း ရနံ့၊ ရှပ်တိုက်သွားသော လေပြည်၊ လူနာတင်ကားတစ်စီး၊ အရိပ်များ၊ နေရောင် လရောင်များ၊ ခြေသံများ၊ အိုမင်း ခြင်းများ၊ နုပျိုခြင်းများ။

တချို့နှင့် တချို့သည် မျက်နှာချင်းဆိုင်မိရာမှ ကျောခိုင်း ကင်းကွာသွားကြသည်။ တချို့သည် တချို့ကို ကျော်တက် သွားကြ၍ တချို့ကား တချို့၏ နောက်တွင် ကျန်ခဲ့ကြသည်။ တချို့ကား ဆုံ၍ တချို့ကား ဝေးကြလေသည်။ တချို့က အရှေ့ကို သွား၍ တချို့က အနောက်ကို သွားကြသည်။ တံတားအောက်က ရေအလျဉ်ကတော့ ဘယ်ကိုမှ မသွား။ ထိုမြစ် အေးခဲနေခဲ့သည်မှာ ကြာချေပြီ။

သစ္စာနီ (နှလုံးအိမ် မဂ္ဂဇင်း၊ ဇွန် လ ၂ဝဝ၅)

credit: thanthannaing (mmcybermedia)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...