ဈေးကွက်နှင့် ကျွန်တော်
The Voice Weekly Originally posted
ပါမောက္ခ စတစ်ဂလစ်က စီးပွားရေး လုပ်ငန်းများကို လိုင်စင်ဖြင့် လုပ်ကိုင်ခွင့် ပြုခြင်းထက် မှတ်ပုံတင်၍ လုပ်ဆောင် စေခြင်းသည် ပို၍ ထိရောက်သော အားပေးမှု ဖြစ်သည်ဟု တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ဈေးကွက် စီးပွားရေး ခေတ်ဦးက လုပ်ခဲ့သော အခြေခံ ပြုပြင် ပြောင်းလဲမှု တစ်ခုကို ဥပမာပေး၍ ရှင်းပြခဲ့သည်။ ပထမဦးစွာ လိုင်စင်ဖြင့် လုပ်ကိုင်ခွင့် ပြုခြင်းနှင့် မှတ်ပုံတင်၍ လုပ်ဆောင်စေခြင်း မည်သို့ ကွာခြား သနည်းဟု သိရှိရန် လိုပါသည်။ လိုင်စင်ဖြင့် လုပ်ကိုင်ခွင့် ပြုခြင်းသည် ခွင့်ပြုချက် တောင်းရသည့် သဘောရှိ၍ ခွင့်ပြုချက်ကို စောင့်ရသည်။ မည်သို့ ခွင့်ပြုသည် ဆိုသော နည်းဥပဒေ လုပ်ထုံး လုပ်နည်းများကို လိုက်၍ အချိန် အမျိုးမျိုး၊ ငွေအမျိုးမျိုး ကုန်ကျသည်။
ထိုစရိတ် အားလုံးကို စီးပွားရေး လုပ်ငန်းရှင်က ကုန်ပစ္စည်းတွင် သွားပေါင်းလေ့ ရှိရာ စားသုံးသူ များတွင် ကုန်ဈေးနှုန်း ဝန်ထုပ် ဝန်ပိုးကို ဖြစ်စေသည်။ မှတ်ပုံတင်၍ လုပ်ဆောင် စေခြင်းသည် အသိပေးခြင်း သဘောသာ ဖြစ်၍ အသိပေးပြီးလျှင် လုပ်ကိုင်ခွင့် ရှိသည်ဖြစ်ရာ အချိန် အမျိုးမျိုး၊ ငွေအမျိုးမျိုး ကုန်ကျခြင်း မရှိသလောက် ဖြစ်သည်။ စီးပွားရေးနှင့် ပတ်သက်၍ အစိုးရများ၏ တာဝန်ကို ပြည်သူ့ ရေးရာ နယ်ပယ်တွင် Define လုပ်ထားသည်မှာ Regulatory ဖြစ်သည်။ တစ်နည်းအားဖြင့် စည်းကမ်း ထိန်းသိမ်းသူ (ဒိုင်လူကြီး) ဖြစ်သည်။ ဤနေရာတွင် စဉ်းစားရန် ရှိသည်မှာ Regulatory Authority အနေဖြင့် စည်းကမ်း ထိန်းသိမ်းသူ ဒိုင်လူကြီး၏ ရည်ရွယ်ချက် (Objective) ဖြစ်သည်။ ဤရည်ရွယ်ချက်သည် State ခေါ် နိုင်ငံတော် ဖြစ်သည့် ယာဉ်ကြီးကို တက်မောင်းနေသူ ဒရိုင်ဘာ ဖြစ်သူ Government of the day u Market ခေါ် ဈေးကွက်နှင့် ပတ်သက်၍ ထမ်းဆောင် ပေးရမည့် တာဝန်လည်း ဖြစ်သည်။ Regulatory Authority ဖြစ်သူ State သည် စီးပွားရေးနှင့် ပတ်သက်၍ လုပ်ဆောင်မှု များအပေါ် ထားရှိရမည့် ရည်ရွယ်ချက်သည် စာတွေ့အားဖြင့် အောက်ပါတို့ ဖြစ်သည်။
၁။ မည်သူ လုပ်ကိုင်နေသည် (အခွန်ထမ်းစာရင်း)
၂။ မည်မျှ လုပ်ကိုင်နေသည် (မည်မျှ တင်သွင်း၊ တင်ပို့၊ ထုတ်လုပ်၊ ရောင်းချ)
၃။ မည်မျှ အခွန် ထမ်းသင့်သည် (အခွန်)
၎။ မျှတသော ယှဉ်ပြိုင်မှု ဟုတ်၊ မဟုတ် (စည်းကမ်း လိုက်နာမှု)
၅။ စားသုံးသူ များအပေါ် အရည်အသွေး စံမီသော ပစ္စည်း/ ဝန်ဆောင်မှုပေး၊ မပေး (အရည်အသွေး အာမခံချက်)
၆။ လိုအပ်လျှင် Supply/ Demand ကို တိုက်ရိုက် ချုပ်ချယ်သည့်နည်း မဟုတ်သည့် နည်းလမ်းဖြင့် ကန့်သတ်ရန်
၇။ စည်းကမ်း ထိန်းသိမ်းသည့် ကုန်ကျစရိတ် အနည်းဆုံး ဖြစ်ရန်
အထက်ပါ ရည်ရွယ်ချက်များကို ဖြည့်ဆည်း နိုင်လျှင် လိုင်စင်ဖြင့် လုပ်ကိုင်ခွင့် ပြုခြင်း သို့မဟုတ် မှတ်ပုံတင်၍ အသိပေးပြီး လုပ်ကိုင်စေခြင်း မည်သည့် နည်းလမ်း ဖြစ်သည်ဆိုသော ကိစ္စသည် ပဓာန မကျပေ။ အမှတ်စဉ် (၇) မှာ အရေး အကြီးဆုံး ဖြစ်ပါသည်။ ဆိုလိုသည်မှာ အမှတ်စဉ် (၁) မှ (၆) လုပ်ငန်းစဉ်များကြောင့် အပို ကုန်ကျစရိတ် မဖြစ်ပေါ်စေရေး ဖြစ်သည်။ အဆိုပါ အမှတ်စဉ် (၁) မှ (၆) အဆင့်ဆင့်တွင် ကုန်ကျစရိတ်ကို ပြည်သူ့ ရေးရာ နယ်ပယ်တွင် Transaction Cost ဟုခေါ်၍ ထိုကုန်ကျ စရိတ်သည် ကုန်ပစ္စည်းများ၏ တန်ဖိုးတွင် သွားပေါင်းသောကြောင့် ကုန်ဈေးနှုန်း မြင့်တက်မှုကို ဖြစ်စေသည်။ အဆိုပါ Transaction သည် အတိုင်းအတာ တစ်ခုအထိ မဖြစ်မနေ ရှိနေမည် ဖြစ်သော်လည်း နိုင်ငံတော်ခေါ် State များ၏ တာဝန်သည် ထိုကုန်ကျစရိတ် အနည်းဆုံး ဖြစ်အောင် လုပ်ပေးရန် တာဝန် ရှိသည်ဟု ပြည်သူ့ရေးရာ မူဝါဒ ကျမ်းများက ဖွင့်ဆိုသည်။ အမှန်အားဖြင့် ထိုကိစ္စများသည် ထင်သလောက် မလွယ်သော်လည်း မခက်ပါ။
အစိုးရများက အစိုးရ၏ အခန်းကဏ္ဍ လျော့ကျစေသည်ဟု ယူဆသောကြောင့် ထိုသို့ ဖြစ်ရခြင်း ဖြစ်ပြီး အမေရိကန် ပြည်ထောင်စုနှင့် ဗြိတိန်ကဲ့သို့ နိုင်ငံ များတွင်ပင် ရော်နယ်ရီဂင်၊ မာဂရက် သက်ချာတို့ လက်ထက်တွင်မှ ထိထိရောက်ရောက် ပြုပြင် နိုင်ခဲ့ခြင်း ဖြစ်ပေသည်။ ဆိုလိုသည်မှာ ဈေးကွက် စီးပွားရေးနှင့် ကြီးပွား အောင်မြင်နေသော နိုင်ငံကြီးများတွင်ပင် မကြာသေးခင် ရော်နယ်ရီဂင်၊ မာဂရက် သက်ချာတို့၏ အစိုးရများ လက်ထက်တိုင် ပြုပြင် နေရဆဲ ဖြစ်သည်ကို ထောက်ပြလိုခြင်း ဖြစ်ပါသည်။ အောင်ထွဋ် The Voice Weekly Vol.6, No.12 တွင် ဖော်ပြ ပါရှိပြီးသော ဆောင်းပါးကို ပြန်လည် တင်ဆက်ခြင်း ဖြစ်ပါသည်။
အယ်ဒီတာ
0 comments:
Post a Comment