Wednesday, October 26, 2011

အနုတ်လက္ခဏာမဖြစ်စေချင်ပါ

by Maung Wuntha on Thursday, October 27, 2011 at 1:01am
Popular News ဂျာနယ်တွင် ဖော်ပြခဲ့တဲ့ ဆောင်းပါး။

မြန်မာပြည်သူတွေနဲ့ မြန်မာပြည်ကို ချစ်ခင်ကြတဲ့ ကမ္ဘာ့ပြည်သူတွေ လောလောဆယ် စိတ်ဝင်တစား ပြောဆိုဆွေးနွေးနေကြတဲ့ အကြောင်း အရာကတော့  မြန်မာအစိုးရက ထုတ်ပြန်လိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့် ကြေညာချက်နဲ့ နောက်တစ်နေ့မှာ အဲဒီအမိန့်အရ အကျဉ်းသားတချို့ လွတ်မြောက်ပေးခဲ့ကြတဲ့ ကိစ္စ ဖြစ်တယ်ဗျ။
    ပြည်သူတွေရဲ့ မျက်စိ၊ နားနဲ့ ပါးစပ်အဖြစ် ကိုယ့်ကိုယ်ကိုယ် တာဝန်ပေးပြီး မြင်သမျှ ကြားသမျှကို စတုတ္ထမဏ္ဍိုင် လောကသား တစ်ဦးအဖြစ် အစိုးရကိုရော၊ ပြည်သူတွေကိုပါ ပြန်လည်တင်ပြ ပေးနေသူ တစ်ယောက် အနေနဲ့ အဲဒီကိစ္စနဲ့ပတ်သက်လို့ ပြည်သူတွေကြား ပြောဆို ဆွေးနွေး ဝေဖန်သုံးသပ်နေ ကြတာတွေကို ဟစ်တိုင်လုပ်လိုက်ပါရစေ။

ထူးမခြားနားသာ
    ပြည်သူတွေရဲ့ အသံတွေထဲမှာ အကျယ်လောင်ဆုံးအသံကတော့  အဲဒီလွတ်ငြိမ်းချမ်းသာခွင့်အမိန့် အမှတ် ၄၉/ ၂၀၁၁ ရဲ့ အနှစ်သာရ အပေါ် ဘ၀င်မကျကြတဲ့အသံပဲဗျာ။ ဒီအသံရဲ့ဆိုလိုရင်းက ဒီလိုပါ။  ပြည်တွင်းက နိုင်ငံရေးအင်အားစုအများကရော ပြည်ပက ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းတစ်ခုလုံးကပါ အင်တိုက်အားတိုက် တောင်းဆိုနေ ကြတာက မြန်မာနိုင်ငံမှာ ဒီကနေ့ မရှိမဖြစ်လိုအပ်နေတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ကြီးစွာ အထောက်အကူဖြစ်စေမယ့် ယုံကြည်ချက်အကျဉ်း သားများ >ခင်းချက်မရှိ ပြန်လည်လွတ်မြောက်လာရေးဖြစ်တယ်။ မြန်မာအစိုးရရဲ့ ထိပ်တန်းတာဝန်ရှိသူများကလည်း အဲဒီတောင်းဆိုချက်ဟာ ကျိုးကြောင်း ဆီလျော်ပြီး မဖြစ်မနေ ဖြည့်ဆည်းပေးဖို့ လိုအပ်တာကို သဘောပေါက်ကြောင်း အခွင့်ကြုံတိုင်း ပြောဆိုခဲ့တယ်။ ဒါပေမယ့် အမိန့်ကြေညာချက် ထွက်လာတော့ အဲဒီတောင်းဆိုချက်ကို ရည်ညွှန်းတဲ့စကားအသုံးအနှုန်း ဝေါဟာရ တစ်ခုမှ ပါမလာခဲ့ဘူး။ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရက မိမိတို့ဟာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်တဲ့ ဒီမိုကရေစီ အရပ်သား အစိုးရဖြစ်တယ်လို့ တဖွဖွပြောနေပေမယ့် အဲဒီအမိန့်ကြေညာချက်အရ ပြောမယ်ဆိုရင် သူ့အရင်က ရွေးကောက်ခံ မဟုတ်တဲ့ အာဏာသိမ်း အစိုးရတွေရဲ့ လုပ်နည်းလုပ်ဟန်နဲ့ ထူးမခြားနားသာ ဖြစ်နေပါတယ်။

အကျယ်လောင်ဆုံး အသံ
    အိမ်နီးချင်း နိုင်ငံတွေက မိမိတို့ နိုင်ငံကိုကျော်သွားကြပြီဆိုတဲ့စကားနဲ့ မိမိဟာ ပကတိအရှိတရားကို လက်ခံနိုင်စွမ်းရှိသူ တစ်ယောက်ဖြစ်ကြောင်း သက်သေပြခဲ့တဲ့ သမ္မတကြီးဦးသိန်းစိန်ဟာ ယုံကြည်ချက်အကျဉ်းသား လွှတ်ပေးရေးကိစ္စမှာ တစ်မျိုးတစ်ဖုံ ဖြစ်သွားခဲ့တာဟာ ဘာကြောင့်လဲ။ ဖြစ်နိုင်ချေတွေကတော့ အများကြီးပဲ။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စမှာ အစိုးရက ဒီလိုရပ်တည်လိုက်တာက ယုံကြည်မှု ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေကို လုပ်ဆောင် နေတဲ့ (တစ်နည်း) ပြည်သူလူထုရဲ့ ယုံကြည်မှုကို ပြန်လည်ရရှိရေး ကြိုးပမ်းနေတဲ့ အခုလိုကာလမျိုးမှာ အစိုးရအတွက် အနုတ်လက္ခဏာသာဖြစ်တယ်။ ဒီအမိန့်ကြေညာချက်က အမျိုးသား ပြန်လည်သင့်မြတ်ရေးကို လုပ်ဆောင်နေပါတယ်ဆိုတဲ့ အစိုးရရဲ့စကားကို ပြည်သူတွေ ပိုပြီး သံသယပွားလာဖို့သာ ဖြစ်စေခဲ့တယ်။ အဲဒီအသံက အကျယ်လောင်ဆုံးဖြစ်တယ်ဗျ။

ဧရာဝတီ ရမှတ်ထဲက ပြန်လျော့သွားနိုင်
    အဲဒီအမိန့်ကြေညာချက်အရ အကျဉ်းထောင်တွေက လွတ်လာတဲ့ အကျဉ်းသားတွေကိုကြည့်ပြီး ပြည်သူတွေရဲ့ အဲဒီသံသယဟာ ပိုပြီး ကြီးထွားသွားခဲ့တယ်ဗျ။ အကြောင်းကတော့ လွတ်လာသူ ၆၀၀၀ ကျော်ထဲမှာ ပြည်တွင်းပြည်ပက တောင်းဆိုနေကြတဲ့ ]ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရသူ}က နှစ်ရာဝန်းကျင်လောက်ပဲပါပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်မှာ မဖြစ်မနေ ပါဝင်ရမယ့်သူ အတော်များများ ကျန်ရစ်ခဲ့တာကြောင့်ပဲ ဖြစ်တယ်ဗျ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အတော်ကလေးဘ၀င်မကျဖြစ်နေသူ မိတ်ဆွေတစ်ယောက်ကို ကျွန်တော်က ]]ဆန္ဒသိပ်မစောပါနဲ့ဗျာ။ ဆက်ပြီး လွှတ်ပေးမယ်ဆိုတဲ့ သတင်း တွေ ကျွန်တော်တို့ ကြားထားပါတယ်။ မကြာခင် နိုင်ငံရေးအကျဉ်းသား တွေအားလုံး လွတ်မြောက်လာမှာပါ။ အားလုံးကို တစ်ပြိုင်တည်း လွှတ်မပေးတာက လုံခြုံရေးအတွက် စိုးရိမ်ပူပန်လို့ ဖြစ်နိုင်ပါတယ်}}
    လို့ ပြောတော့ သူက-
    ]]အဲဒီအကြောင်းပြချက်က မခိုင်လုံပါဘူးဗျာ။ အခု ကျွန်တော်တို့ နိုင်ငံမှာ အစပျိုးပေါ်ပေါက်နေတဲ့  ၀န်းကျင်အနေအထား (အောသျစ့နမန) အရ ပြောရင် နိုင်ငံရေးအကျဉ်းသား အားလုံးကို တစ်ပြိုင်တည်း လွှတ်ပေး လိုက်လို့ အဆိုးထက် အကောင်းဖြစ်လာဖို့ကပဲ ပိုများပါတယ်။ ထောင်ထဲမှာ နှစ်လရှည်ကြာနေခဲ့ကြရရာကနေ ပြန်လည် လွတ်မြောက်လာလို့ ပျော်ရွှင် ၀မ်းမြောက်နေကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေဟာ ဧရာဝတီမြစ်ဆုံစီမံကိန်းရပ်ဆိုင်းလိုက်မှုကြောင့် အားတက်  ရွှင်လန်းနေကြတဲ့ ပြည်သူတွေနဲ့ ပေါင်းစည်းသွားကြမှာပါ။ ပြည်သူတွေရဲ့ဆန္ဒနဲ့ အညီ မှန်မှန်ကန်ကန်လုပ်ဆောင်နေတဲ့ အစိုးရတစ်ခု တစ်နည်းပြောရရင် ပြည်သူတွေရှေ့က မားမားမတ်မတ် ရပ်တည်ပြီး ကိုလိုနီလက်သစ်တွေကို ခုခံဆန့်ကျင်သွားလို့ အားယူပြင်ဆင်နေပုံရတဲ့ အစိုးရတစ်ခု ကယိမ်းကယိုင်ဖြစ်အောင် လုပ်ကြမှာ မဟုတ်ပါဘူး။ အခုတိုင်း ဆက်သွားရင် အစိုးရဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး ယုံကြည်မှု တည်ဆောက်ရေး အတွက် အင်မတန်ကောင်းတဲ့ အခွင့်အလမ်းတစ်ခုကို လက်လွတ်ဆုံးရှုံး သွားရနိုင်တယ်လို့ ကျွန်တော်ထင်တယ်။ အခုဆို မြန်မာအစိုးရဟာ ဧရာဝတီကြောင့်ရခဲ့တဲ့ အမှတ်ထဲက တချို့ကိုတောင် ပြန်ပြီးဆုံးရှုံးသွားခဲ့ပြီလို့ တချို့က ပြောနေကြတယ်လို့ ပြန်ပြီးပြောဆိုပါတယ်။

ဘာကြောင့် ချော်တောငေါ့သွားပါလိမ့်
    ကျွန်တော်ကတော့ မိတ်ဆွေရဲ့ အမြင်ကို ပြန်လည် ငြင်းချက် မထုတ်တော့ပါဘူး။ ကျွန်တော့်မှာ ငြင်းချက်ထုတ်နိုင်တဲ့ အခွင့်အာဏာလည်း မရှိပါဘူး။ တစ်ခုပဲ စိတ်ထဲ အံ့သြနေမိပါတယ်။ သမ္မတကြီး ဦးသိန်းစိန် ရာထူးလက်ခံပြီး မကြာခင်လပိုင်းအတွင်း လွတ်ငြိမ်းချမ်းသာခွင့် ကြေညာမယ်လို့ သတင်းထွက်ခဲ့တယ်။ တကယ်တမ်းကျတော့ ကျခံနေရတဲ့ ထောင်ဒဏ်ကနေ တစ်နှစ် လျှော့ပေးတာ ဖြစ်နေတယ်။ ကြားရသူတိုင်း ဟာခနဲ ဟင်ခနဲ ဖြစ်ကုန်တယ်။ ကျွန်တော်တို့လည်း အများကြီး စိတ်ပျက်သွားပါတယ်။ သို့ပေမယ့် ကျွန်တော်တို့ အနေနဲ့ သမ္မတကြီးအပေါ်မှာ အကောင်းမြင် တဲ့ဘက်ကို တိမ်းညွတ်နေခဲ့လေတော့ နောက်တစ်ခါဆိုရင်တော့ ယုံကြည်ချက် အကျဉ်းသားအားလုံးကို ထောင်ခါတော့မှာပါလို့ မျှော်လင့်ချက်နဲ့ စောင့်နေခဲ့တာ ခုချိန်တိုင်အောင်ပါပဲ။ ဟော အခု ]]နောက်တစ်ခါ လာပြန်ပြီဟေ့}}လို့ ပြောစရာ ဖြစ်အောင်  ဘာကြောင့်များ ခုလို ချော်တောငေါ့သွားပါလိမ့်ဗျာ။

(မောင်ဝံသ)၁၈ ၁၀ ၁၁

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...