ပန်းအတွက်သာ စဉ်းစားခဲ့ပါသည်
by Shwe Nadi on Tuesday, October 18, 2011 at 9:30pm
“ပန်းရေ... ငါအပြင်သွားဦးမဟေ့”
“သွား တော်ရေ့... ပြန်ကို မလာခဲ့နဲ့တော့”
“အာကွာ... သည်မိန်းမကတော့... အေးဟေ့... ပြန်ကိုမလာတော့ဘူး”
ဒေါသအလျောက် ဒေါ်ပန်း ပြောမိသော်လည်း ဦးဖျာ၏ အပြောကြောင့် အသံတိတ်သွားခဲ့သည်။ ယခုတလောတွင် ဦးဖျာသည် ခြေလှမ်းကြဲနေသည်ဟု ဒေါ်ပန်းမြင်၏။
ယခင်က တစ်နေ့တစ်နေ့
အိမ်အပြင်ပင်မထွက်ဘဲ စာဖတ်လိုက် တရားနာလိုက် နေလာခဲ့သော ဦးဖျာသည် အငြိမ်းစားယူပြီး သုံးလအကြာတွင် ယခုကဲ့သို့ အပြင်လေးထွက်လိုက် လက်ဖက်ရည်ဆိုင်လေးထိုင်လိုက်နှင့်
လမ်းသလားနေသည်ကို ဒေါ်ပန်း တစ်စက်မှမကြိုက်ပေ။
အသက်ကြီးမှ အမြီးပေါက်မည်ဟု ဒေါ်ပန်းမထင်သော်လည်း မသိစိတ်တွင်တော့ ဦးဖျာကို သိပ်မယုံလှ။ ငယ်စဉ်ကတည်းက ဦးဖျာ သို့မဟုတ် ကိုဖျာသည်ကာလသမီးများဖြင့်
လုံးလုံးလုံးလုံးနေလှသဖြင့် ဒေါ်ပန်းဖြင့်ဆုံစည်းရာမှ လက်ထပ်ကြခြင်းဖြစ်လေရာ ဦးဖျာ၏ အကျင့်စရိုက်ကို နောကျေသူဖြစ်၍ မယုံကြည်ခြင်းသာ ဖြစ်၏။ ဦးဖျာနောက်သို့ လိုက်လိုပါလည်း သား
မောင်သောင်း၏ သမီး၊ မိမိ၏ မြေးဦးလေးဖြစ်သူ ရှင်းသီရိသောင်းအား ထိန်းကျောင်းရန်အလုပ်ကရှိနေသောကြောင့် မလိုက်နိုင်ပဲ အိမ်မှာပင် သောက ဗျာပါဒ ပွားနေရခြင်းဖြစ်လေသည်။
အတွင်း အဇ္ဈတ္တသောကမီးများသည် ရုပ်တွင် ထင်ရှားစွာပေါ်တတ်သော သဘောရှိပေရာ ဒေါ်ပန်းတွင်လည်း သောကမီးများနှိပ်စက်မှုကြောင့် တမှိုင်မှိုင်ဖြင့် ဦးဖျာအား မယုံကြည်သည် ဖြစ်ရကား
စကားအကောင်းပြောခြင်း မရှိလှတော့ပါ။ ယခင်က အလုပ်များလှသော ဦးဖျာကြောင့် လင်မယားနှစ်ယောက် အတူရှိချိန်ဟူသည် မနက် ရုံးမသွားခင်နှင့် ညရုံးမှပြန်ရောက်ချိန်သာလျှင်ရှိ၏။
အစိုးရအလုပ်ဖြစ်ငြား တစ်ခါတစ်ရံ အရေးကြီးလျှင်ကြီးသလို နောက်ကျရ၊ စနေ၊ တနင်္ဂနွေ တွင်ပင် မအားရဘဲ အလုပ်လုပ်ရလေသည်ဖြစ်သောကြောင့် အငြိမ်းစားယူမှသာ တို့လင်မယား
အေးအေးဆေးဆေးနေမည်ဟု စိတ်ကူးထားသော ဒေါ်ပန်း၏စိတ်ကူးများသည် သုံးလသာ ခံလိုက်သောကြောင့် ဒေါ်ပန်းတစ်ယောက် ပို၍ခိုးလိုးခုလုဖြစ်ရခြင်းလည်း ဖြစ်၏။ တစ်ခါတစ်ရံ ဦးဖျာသည်
မောင်သောင်း ရုံးမှပြန်ရောက်သည့် ညနေ ငါးနာရီအချိန်ထိပင် ပြန်ရောက်လာခြင်းမရှိသည်ဖြစ်လေရာ ဒေါ်ပန်း၏ စိတ်မချမှုများသည် မသင်္ကာမှုများဘက်သို့ တဖြည်းဖြည်းချင်း
ကူးပြောင်းလာလေတော့သည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
“လာဗျို့ ကိုဖျာရေ”
လက်ဖက်ရည်ဆိုင်ထဲတွင် အလျင်ရောက်နှင့်နေသော သူငယ်ချင်းဖြစ်သူ ဦးအေးငွေ၏ ခေါ်သံကြောင့် ဦးဖျာလက်ဖက်ရည်ဆိုင်ထဲဝင်သွားလေ၏။
“ကိုဖျာ... ခင်ဗျားမျက်နှာလည်းမကောင်းပါလား... ကြည့်ရတာ အိမ်ကမဒီနဲ့ အပေးအယူမတည့်ခဲ့ဘူးထင်ပါ့”
“ဟုတ်ပဗျာ... တစ်သက်လုံး အလုပ်မှာပဲ အနေများလာသူဆိုတော့ သုံးလလောက် အိမ်မှာနေရတာကို ပျင်းလာတယ်ဗျ... ဒါနဲ့ အပြင်ထွက်မယ်လုပ်ပြန်တော့ အိမ်ကအဖွားကြီးက ပွစိပွစိနဲ့ဗျာ...
စိတ်ကိုရှုပ်ပါတယ်”
“ကိုင်း စိတ်ရှုပ်ခံမနေနဲ့ကိုယ့်လူရေ… လာဗျာ ဟိုဘက်လမ်းသွားရအောင်… ကာရာအိုကေဆိုင်လေး တွေ့ထားတယ်ဗျ..”
“နေစမ်းပါဗျာ…. ဒီအသက်အရွယ်ကြီးကျမှ ဒီလိုကိစ္စတွေလည်း မလုပ်တော့ပါဘူးဗျာ…”
“ဒီလိုတော့လည်း ဘယ်ဟုတ်ပါ့မလဲဗျ… အခု ခင်ဗျား စိတ်ရှုပ်နေတယ်မလား… ရှုပ်နေတယ့်စိတ်တွေရှင်းသွားအောင် ကျုပ်က ကူညီတာပါဗျ… ဟဲဟဲ နောက်ဆိုခင်ဗျား စွဲတောင်သွားဦးမယ်”
ဦးအေးငွေသည် နဂိုကတည်းက ခပ်ဟော့ဟော့နေခဲ့သော လူပျိုကြီးဖြစ်သည့်အတွက် အဆိုပါကိစ္စများနှင့် ငယ်စဉ်ကပင် ထိတွေ့ခဲ့သည်။ အသက်အရွယ်ရလာသောအခါတွင်မူကား
လျော့သွားသည်သာရှိ၏။ ပျောက်သွားသည်ဟူ၍မရှိခဲ့ချေ။ ဦးအေးငွေသည် တစ်ကိုယ်တည်းလူပျိုကြီးဖြစ်သည့်အတွက် လက်ထဲတွင် ပိုက်ဆံပိုတိုင်း ကာရာအိုကေဆိုင်၊ အရက်ဆိုင်များတွင်သာ
ဖြုန်းတီးလေ့ရှိ၏။ ငယ်စဉ်က ဦးဖျာနှင့် ဦးအေးငွေတို့သည် မိန်းကလေးများနှင့် တပူးတွဲတွဲနေခဲ့ကြသော်လည်း ဦးဖျာသည် ဒေါ်ပန်းနှင့်တွေ့စဉ်ကစ၍ ဦးအေးငွေနှင့်လိုင်းကွဲသွားတော့သည်။ ယခု
ဦးအေးငွေက အတော်စည်းရုံးနေသောကြောင့် ဦးဖျာအနေဖြင့် ငယ်စဉ်က စိတ်လှိုင်းများ ကြွချင်ချင်ဖြစ်လာ၏။
“အေးဗျာ… သီချင်းလေး ဆိုရုံပဲနော်ခင်ဗျ… အိမ်ကအဖွားကြီးသိရင် မလွယ်ဘူး… ကောင်မလေးလည်း မခေါ်ဘူး..... သောက်လည်းမသောက်ဘူးနော် ကိုအေးငွေ…”
“အေးပါ ကိုဖျာရာ… ကိုင်း လာ… သွားရအောင်”
စားပွဲထိုးအား လှမ်းခေါ်၍ ကျသင့်ငွေကို ဦးဖျာမှပေးချေကာ ပိုငွေကိုပင် ပြန်မအမ်းစေဘဲ လက်ဖက်ရည်ဆိုင်မှ ငယ်ပေါင်းနှစ်ယောက် ထွက်လာခဲ့လေသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ယခုတလောတွင် ဦးဖျာ၏ ခြေလှမ်းများကို ဒေါ်ပန်း မရိပ်မိသည် မဟုတ်။ ရိပ်မိသည်သာဖြစ်၏။ သို့ရာတွင် မည်သို့ ခြေလှမ်းလှမ်းနေသည်ကိုမူ ဒေါ်ပန်းမသိချေ။ ယခင်က ဦးဖျာအား
လက်ဖက်ရည်ဆိုင်တွင်သာတွေ့ရသော်လည်း ယခုအခါမူ လက်ဖက်ရည်ဆိုင်တွင် ရံဖန်ရံခါလောက်သာ တွေ့ရတော့၏။ ဤသည်ကို သေချာစေသည်မှာ ချွေးမလုပ်သူ မငွေစိန်ပင် ဖြစ်လေသည်။
မငွေစိန်မှာ သူ၏ဝသီကြောင့် ဈေးသို့ နှစ်ရက်တစ်ခါ လာလေ့ရှိရာ လက်ဖက်ရည်ဆိုင်ကို ဖြတ်သွားရသဖြင့် ယခင် အဖေဖြစ်သူနှင့် မကြာခဏ ဆုံလေ့ရှိသည်။ သို့ရာတွင် ယခုတစ်ပတ်
နှစ်ပတ်လောက်မှစ၍ အိမ်မှထွက်တိုင်း လက်ဖက်ရည်ဆိုင်တွင်မရှိကြောင်း ယောက္ခမဖြစ်သူထံ သတင်းပို့လေသည်။ နဂိုကတည်းကမှ မယုံကြည်ဖြစ်နေသော ဒေါ်ပန်းသည် ချွေးမဖြစ်သူ အတွင်းလူ၏
သတင်းကြောင့် ပိုမို၍သာ မယုံကြည်ဖြစ်လာရလေသည်။ အနီးဝန်းကျင်ကလည်း ယခုတလော ဦးဖျာကို ပိုမေးလာသည်ဟုပင် ဒေါ်ပန်းမြင်မိ၏။ ဧကန္တ သူတို့လည်း ဦးဖျာအကြောင်းကို
ကြား၍ဖြစ်မည်ဟု ဒေါ်ပန်းထင်မြင်လာလေသည်။
တစ်နေ့တွင် ဦးဖျာ၏ သတင်းအစအနကို ခြေရာခံမိလေသည်။ မြေးငယ် ရှင်းသီရိသောင်းအတွက် တော်ဖီထုပ် ထွက်ဝယ်ရာတွင် ကာလသားတစ်သိုက်၏ စကားသံများကို ဒေါ်ပန်းကြားမိ၏။
“ဟေ့ကောင် ငငွေရ... မင်းပြောတဲ့ဆိုင်က ကောင်မလေးတွေကလည်း အစွယ်ကျိုးနှစ်ပွေဆီကိုပဲ ကပ်နေတာပဲကွာ... ”
“ဘယ် အစွယ်ကျိုးနှစ်ပွေတုန်းကွ.... ”
“ဟို ခြောက်ဆယ်ကျော် အရွယ်တော် တစ်ဆိတ်ဟိုင်း တွေပေါ့ကွာ... ငယ်ငယ်ရွယ်ရွယ် ကိုယ့်မြေးမလောက်လေးတွေကို လျော်လိုက်တာမှ နည်းတာမဟုတ်ဘူး... လူတွေကြည့်တော့လည်း
သိပ်ထောမယ့်ပုံမပေါ်ပါဘူးကွာ...”
“ဟေ့ကောင် ထွန်းကျော်... သိပ်လည်းမပြောနဲ့ဦး... အငြိမ်းစားလေးတွေ ကဲပါစေကွာ... ဟဲဟဲ... ခံလိုက်ရရင် မှတ်သွားမှာပါ...”
ထွန်းကျော်ဆိုသော လူငယ်ပြောသည့် လျော်သည် ဆိုသော အသုံးကို ဒေါ်ပန်းနားမလည်။ သို့သော် ဒေါ်ပန်းသည် ထိုအသုံးကို ပိုက်ဆံအမြောက်အမြားပေးခြင်းဟူ၍ အကြမ်းဖျင်း
သဘောပေါက်မိလေသည်။ မြေးမလေးအတွက် တော်ဖီနှစ်ထုပ်ကို ခပ်မြန်မြန်ဝယ်ရင်း အိမ်သို့ သွက်သွက်ပြန်လာခဲ့သည်။ အိမ်တွင် မြေးမလေးအား မုန့်ထုပ်ကို ပေးကာ အိမ်ခန်းထဲတွင် တစ်ဦးတည်း
စဉ်းစားလေသည်။ သက်ကျားအို နှစ်ယောက်အနက် တစ်ယောက်မှာ ဦးဖျာပင် ဖြစ်ရမည်။ မနက်က ငွေစိန့်ကိုဈေးလွှတ်ဖို့ မောင်သောင်းလခမထုတ်သေးသည့်အတွက် ခေတ္တချေးရန်
ဦးဖျာကိုပြောသောအခါ ဦးဖျာက မပေးဘဲ ရောသောဖောသောလုပ်ကာ အပြင်ထွက်သွားလေသည်။ ဒါဆို... ဒါဆို...
သင်းကြီးသေချာနေပါပြီ။ ကာရာအိုကေဆိုင်တွေဘက်ပဲ ရောက်နေပြီထင်ပါ့။ အော် ကိုဖျာ ကိုဖျာ... တော်ချစ်လှပါချည်ရဲ့ဆိုတဲ့ ဟောဒီက မပန်းကို မေ့ပြီပေါ့လေ... အော်... ယောက်ျားတွေများ
တော်တော်တရားကျဖို့ကောင်းလှချည့်... စသည်ဖြင့် တစ်ဦးတည်း တွေးကာ ငိုနေလေတော့သည်။
နောက်တစ်နေ့ညနေဘက်တွင် ဒေါ်ပန်းတစ်ယောက် တစ်ဖက်ရပ်ကွက်နေ ဒေါ်ပန်း၏အမ ဒေါ်နန်းဆီသို့ သွားလေသည်။ ဒေါ်ပန်းတစ်ယောက် သူခံစားနေရသမျှကို ဒေါ်နန်းအား
ဖွင့်ပြောလေတော့သည်။ ပြောအပြီးတွင် ဒေါ်နန်းက
“ဟဲ့... နင်တို့အကို အငြိမ်းစားယူတုန်းကလည်း ဒီလိုခြေရှည်ဖူးတယ်ဟဲ့... ငါ့မယ် အဲဒီတုန်းက ပဋာမြေလူးဖြစ်ခဲ့ဖူးတာပေါ့အေ... ဒီအဖိုးကြီး အသက်ကြီးမှ အမြီးပေါက်တယ်ပေါ့... ဒါပေမယ့်
နည်းသိတော့ အလွယ်လေးပါအေ...”
ဒေါ်နန်းစကားကြောင့် ဒေါ်ပန်းအားတက်သွားလေသည်။ ရှင်ကြီးကိုးသည့်မျက်လုံးဖြင့် ဒေါ်နန်းအား
“မနန်းရယ်... ဒါဖြင့် နည်းစနစ်လေးပေးပါဦး”
“အေး... သည်လိုလုပ်”
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
မနက် ၆ နာရီခန့်တွင် ဦးဖျာနိုးလာခဲ့သည်။ မျက်နှာသစ်ကာ အဝတ်အစားလဲပြီးနောက် ဘုရားရှိခိုးလေသည်။ နာရီဝက်ကြာ ဘုရားဝတ်ပြုပြီးနောက် ဦးဖျာ ဧည့်ခန်းထဲသို့ဝင်လာ၏။
ခါတိုင်းနှင့်မတူသော အိမ်၏အပြင်အဆင်ကို ဦးဖျာကောင်းစွာမြင်လိုက်ရလေသည်။ သပ်ရပ်သော ပိတောက်ရောင်ခန်းဆီးများက အိမ်၏ပြတင်းပေါက်များတွင် နေရာယူလျက်။
ဖုန်မသုတ်တာကြာပြီဖြစ်သော ဦးဖျာ၏ စာကြည့်စားပွဲသည် ယခင်နှင့်မတူပဲ အရောင်တောက်လျက်။ ဦးဖျာသည် အမြင်များမှားသလားဆိုပြီး မျက်လုံးကို နှစ်ကြိမ်ပွတ်၍ ထပ်ကြည့်သည်။
ထိုအတိုင်းပင်။ ဦးဖျာအံ့သြရပြီ။ ညက သူအိပ်တော့ ၈ နာရီပင် ခွဲပြီးလေပြီ။ သို့ရာတွင် အိမ်မှာ နဂိုအတိုင်းပင်ရှိနေသည်။ ထိုမနက် သူနိုးတော့ အိမ်မှာ တစ်မျိုးတစ်မည်ဆန်းသစ်လျက်ပင် ရှိ၏။
မီးဖိုချောင်တံခါးအား ကွယ်ထားသော ခန်းဆီးလိုက်ကာလေး ဖြည်းဖြည်းချင်း ပွင့်လာ၏။ အထဲမှ ကတ္တီပါရောင် အင်္ကျီဝမ်းဆက်ကို ဝတ်လျက်၊ နှုတ်ခမ်းနီလေး မရဲတရဲဆိုး၍
မိတ်ကပ်ခပ်ပါးပါးလူးထားလျက်၊ ဆံထုံးလေးကို မြန်မာဆန်ဆန်ထိုး၍ ဆံမြိတ်ကလေးများ ချလျက်ရှိနေသော ဒေါ်ပန်းကို အံ့အားသင့်ဖွယ် တွေ့ရလေသည်။ ယခင် သည်အချိန်ဆိုလျှင် ဒေါ်ပန်းမှာ
မနိုးတတ်သေး။ သည်နေ့တွေ့ရသည်မှာ မပန်းမှဟုတ်ပါလေစ ဟူ၍ ဦးဖျာမှာ ဇဝေဇဝါရှိဆဲ။ ဒေါ်ပန်းတစ်လှည့် အိမ်ခန်းတစ်လှည့်ကြည့်ရင်းဖြင့် ဦးဖျာ တွေဝေလျက်ရှိနေသည်။
ထိုစဉ် ဒေါ်ပန်းက
“ကိုဖျာ... မနက်စာ အဆင်သင့်ပဲ... စားလိုက်ဦးနော် ကို”
“ဟိုက်”
ကိုဖျာ တကယ် ဟိုက် မိသွားလေသည်။ အိမ်ထောင်ကျပြီး မောင်သောင်းမမွေးခင်အထိသာ မနက်စာကို အသင့်လုပ်ပေးခဲ့ပြီး ထိုနောက်ပိုင်းတွင်မူ ကိုဖျာသာ မနက်စာတာဝန်ယူခဲ့ရသောကြောင့်
ယခုကဲ့သို့ မနက်စာအဆင်သင့်လုပ်ထားသော ဒေါ်ပန်းအား ကိုဖျာ အတော်ငေးငေး စိုက်ကြည့်နေသည်။
“သြော် ကိုဖျာ... ကိုဖျာနေ့လည်နေ့ခင်း လက်ဖက်ရည်သောက်တတ်မှန်းသိလို့ ပန်း ကိုဖျာ့အတွက် လက်ဖက်ရည်ဖျော်ပေးထားသေးတယ်နော်... ဆိုင်လက်ရာမမီမှန်းသိပေမယ့် ကိုဖျာ
သောက်စေချင်လွန်းလို့ပါတော်”
“ဟိုက်”
ကိုဖျာ ဟိုက် ရပြန်ပြီ။ ကနွဲ့ကလျအမူအရာဖြင့် ဒေါ်ပန်း ပြောပုံဆိုပုံမှာ ဦးဖျာ၏ အသည်းစိုင်ကို စွဲရမ်းလျက်ရှိလေသည်။ သို့ရာတွင် ပြောပုံဆိုပုံများကို ဦးဖျာ ထောက်ရှု၍ မိမိ လက်ဖက်ရည်ဆိုင်
မသွားရအောင် တားဆီးခြင်းပင်ဖြစ်မည်ဟု ယူဆသည်။ ထားတော့ ဒါကတော့။ သို့ရာတွင် ဒေါ်ပန်း ဝတ်ကောင်းစားလှဝတ်ကာ လှလှပပပြင်ဆင်ထားခြင်းကိုမူ ဦးဖျာ မစဉ်းစားတတ်။
“ဗျို့ ကိုဖျာရေ”
“ဟေ.. ဘယ်သူတွေတုန်းကွ”
“အေးငွေနဲ့ ပေါက်ကျိုင်းပါကွ”
“အော် အေး... ခဏလေး... ငါလာခဲ့မယ်”
“ကိုဖျာ... လက်ဖက်ရည်ဆိုင် လိုက်မသွားရဘူးနော်... ဟင့်”
“အေးပါ မိန်းမရယ်”
ဒေါ်ပန်း၏ မူမူနွဲ့နွဲ့ ဟန်ပန်အမူအရာလေးကို ဦးဖျာ မငြင်းခဲ့ဘဲ အိမ်ရှေ့ထွက်လာသည်။
“ပြော ဘာကိစ္စ”
“လက်ဖက်ရည်ဆိုင်သွားပြောမယ်လေဗျာ”
“မလိုချင်ဘူး... သည်မှာပြော”
“အော်... ကိုဖျာ ဟိုအပတ်က ဆောင်းပါးစာမူခ ကျုပ် ထုတ်လာခဲ့တယ်ဗျ... မြို့ထဲရောက်တာနဲ့ တလက်စတည်း... ကိုဖျာ တစ်ရက် တစ်တိုက်နှုန်း လိုက်ဖြန့်ခဲ့တဲ့ စာမူတွေကြောင့် ကျွန်တော့်မှာ
သွားလိုက်ရတာဗျာ.... ရော့ သည်မှာ ခင်ဗျား စာမူခ”
ဦးအေးငွေလက်ထဲမှ စာမူခကို ဦးဖျာ လှမ်းယူလိုက်သည်။
“ကျုပ်လည်း ပေးစရာရှိသေးတယ်ဗျ... ဟဲဟဲ ဟိုတစ်လောက ခင်ဗျားဆီကနေ ကာရာလေး အိုကေရအောင် ခဏဆွဲထားတယ့် ပိုက်ဆံလေး ပြန်ဆပ်မလို့ဗျ... ကျုပ်လည်း
လခထုတ်ရက်ကလေးမို့လို့ ပြန်ပေးနိုင်တာဗျ... ခင်ဗျား စုထားဆောင်းထားတာလေးတွေဆိုတော့ ကျိန်းသေ ပြန်စပ်ရမှာပေါ့ဗျာ... ဟဲဟဲ”
“တော်သေးတာပေါ့ဗျာ... ခင်ဗျားသတိရလို့... သည်ကြားထဲမှာ အဖွားကြီးက ချေးသေးတယ်ဗျ... ကျုပ်မလဲ ခင်ဗျားကိုချေးပြီး မရှိတာနဲ့ ဝေ့လည်လုပ်ခဲ့ရတယ်”
“ကိုဖျာ... နောက်တစ်ခါလောက် ကျုပ်တို့နဲ့အတူ ကာရာလေး အိုကေရအောင် လိုက်ခဲ့စမ်းပါဗျာ... ခင်ဗျားက တစ်ခါတည်းနဲ့ လက်လန်ရောလားဗျ..”
“မဟုတ်ဘူးဗျ... ကျုပ်စိတ်ကိုက ဝါသနာမပါတော့တာ ဖြစ်မယ်... ထားပါဗျာ... ပေးပေး ကျုပ်ပိုက်ဆံ”
“ဟေ့လူ... နောက်နေ့မနက်တော့ လက်ဖက်ရည်ဆိုင်လာပြီး စာလာရေးမှာပါနော်”
“ဟဲဟဲ... မလာတော့ပါဘူးဗျာ... အိမ်မှာပဲ ရေးတော့မယ်ဗျ... ”
ဦးပေါက်ကျိုင်းလက်ထဲမှလည်း ဦးဖျာ ပိုက်ဆံများ လှမ်းယူလိုက်လေသည်။ ထိုပိုက်ဆံများဖြင့် ဘာလုပ်မည်နည်း။ ဦးဖျာတွေးသည်။ အော်... ငါ့မိန်းမခေါင်းက ဆံထုံးမှာ ဆံညှပ်
အမည်းရောင်ကလေးဖြစ်နေသည်။ ရွှေဆံညှပ်ကလေးတော့ ဝယ်ပေးဦးမှ....။
၁၈.၁၀.၂၀၁၁
ရွှေနဒီ
0 comments:
Post a Comment