အသွင်ကူးပြောင်းရေးမှတ်တိုင် ဖြစ်သွားသော မြစ်ဆုံ
by The Voice Weekly on Monday, October 10, 2011 at 10:46am
အစိုးရတို့
မည်သည် ပြည်သူလူထု၏ လိုအင်ဆန္ဒနှင့် ပြောင်းပြန်ကိုသာ ဆုံးဖြတ်လေ့ ရှိသည်ဟု
၎င်းတို့၏ နှစ်ပေါင်း ၅၀ခန့် အတွေ့အကြုံအရ ယူဆထားကြသော ပြည်သူလူထုသည်
စက်တင်ဘာလ ၃၀ နေ့က ထုတ်ပြန်သော နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်၏
သဝဏ်လွှာကို မျက်မြင် ကြုံတွေ့ကြရသော အခါ မည်သို့မျှ မယုံနိုင်အောင်
ဖြစ်ခဲ့ကြရပြီး သမ္မတကြီးကိုလည်း လှိုက်လှိုက်လှဲလှဲ ထောက်ခံအားပေး
ခဲ့ကြသည်ကို တွေ့ခဲ့ရပါသည်။ မြန်မာနိုင်ငံနှင့် မြန်မာ နိုင်ငံသားများသည်
နှစ်ပေါင်း ၅၀ ခန့် အတွင်း လူထုလိုလားသော ခေါင်းဆောင် တစ်ဦးကို ပထမဆုံး
အကြိမ် ပြန်လည် ရရှိခဲ့ကြခြင်းလည်း ဖြစ်ပါသည်။
အမှန်အားဖြင့် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းများနှင့် ပတ်သက်သော လှုပ်ရှားမှုများမှာ မြန်မာနိုင်ငံ၏ အသွင် ကူးပြောင်းရေးသည် အဆင့်သစ် ဖြစ်သည့် Liberalization ခေါ် လွတ်လပ်မှုများ စတင် ခွင့်ပြုသည့် အဆင့်သို့ ကူးပြောင်း ရောက်ရှိသွားပြီ ဖြစ်ကြောင်း သက်သေထူခဲ့ခြင်း ဖြစ်ပါသည်။
အသွင်ကူးပြောင်းရေး၏ ကနဦး Transition စတင်သည့် အချိန်တွင် မရေရာမှုများ ကြီးစိုးချိန် ဖြစ်ပြီး Rule of the Game လည်း ထင်ရှားခြင်း မရှိသောကြောင့် အနာဂတ်ကို ခန့်မှန်းနိုင်သူ အနည်းငယ်သာ ပေါ်ထွက်လေ့ ရှိပြီး သတင်း အချက်အလက်ရော သီအိုရီပါ သိသော အီလိ (Elite) အနည်းငယ်၏ လှုပ်ရှားမှု အဖြစ်သာ မြင်နိုင်သည်ဟု အသွင်ကူးပြောင်းရေး သီအိုရီများက ဆိုသည်။ ( ဥပမာ-၂၀၁၀ ရွေးကောက်ပွဲ - မောင်စူးစမ်း)
အသွင်ကူးပြောင်းရေးသည် ဒုတိယအဆင့် Liberalization အဆင့်သို့ ရောက်သောအခါ Depoliticization ခေါ် အရာရာ နိုင်ငံရေးအမြင် ကောက်ယူခြင်း မရှိတော့ သောကြောင့် လူစု၍ လုပ်ရသော လှုပ်ရှားမှုများ အန္တရာယ် မရှိကြောင်း ထင်ရှား လာပြီး ငွေရှင်များက အာဏာအလို့ငှာ လှုပ်ရှားသော လှုပ်ရှားမှု (Liberal Bourgeois Revolution) ၊ ပညာရှင်များ၏ နှစ်ကာလ ကြာရှည် အောင့်အည်း ထားရသော ဖွင့်ဟချက်များ (Intellectually Authoritative Discourse) ပို၍ ပို၍ မြင်တွေ့ရ တော့မည်ဟု အသွင်ကူးပြောင်းရေး သီအိုရီများက ဖွင့်ဆိုထားရာ မြစ်ဆုံကိစ္စသည် တစ်သဝေမတိမ်း ပုံပေါ် လာခဲ့ခြင်း ဖြစ်ပေသည်။
မြစ်ဆုံကိစ္စနှင့် ပတ်သက်၍ အံ့ဩစရာ ကောင်းသည်မှာ အစိုးရအဖွဲ့၏ အထူးသဖြင့် နိုင်ငံတော် သမ္မတကြီး၏ ဆုံးဖြတ်ချက် ဖြစ်ပါသည်။ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းများနှင့် ပတ်သက်၍ ပြည်သူလူထု၏ ဆန္ဒကို အလေးထားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက ချက်ချင်း လက်ငင်း တုံ့ပြန်မှတ်ချက် ပေးခဲ့သည့်တိုင် ပြည်သူ အများစုမှာ မည်သို့မျှ မယုံကြည်နိုင်ဘဲ ရှိခဲ့သည်ကို တွေ့ခဲ့ရပါသည်။
နိုင်ငံတော် သမ္မတကြီး အနေနှင့် နောင်တွင် မကြာခဏ ကြုံတွေ့ရတော့မည့် အစိုးရအပေါ် အားစမ်းမှု အမျိုးမျိုး၊ Liberal Bourgeois Revolution၊ ပညာရှင် အမျိုးမျိုး၏ သန်ရာပြောဆိုမှု Intellectually Authoritative Discourse များကို သဘောထား ကြီးရင့်ကျက်စွာ ချင့်ချိန်၍ ယခု တစ်ကြိမ် အတိုင်း တည်ငြိမ်စွာ ဆုံးဖြတ်နိုင် ပါစေကြောင်း ဆုတောင်းလိုက် ပါသည်။
(၃-၉-၂၀၁၁)

0 comments:
Post a Comment