Author: lubo601 |
4:10 AM |
|
[By Myit Makha Mediagroup ]
ရန်နိုင်+ကိုစိုး(မြစ်မခ)
လွှတ်တော်တွင်း အင်အားရှိရန်အတွက် ကြားဖြတ်ရွေးကောက်ပွဲ၌
အနိုင်ရရန်အရေးကြီးကြောင်း အမျိုးသား ဒီမိုကရေစီ ပါတီသစ်မှ ဥက္ကဋ္ဌ
ဦးသိန်းညွှန့် ကပြောကြားသည်။
၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့၊ စနေနေ့ နေ့လည် ၂ နာရီ၌
သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားဒီမိုကရေစီပါတီသစ်ရုံးတွင်
ပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပခဲ့သော ဗဟိုအလုပ်အမှုဆောင်စတင်ဖွဲ့စည်းသော
အစည်းအဝေးပွဲတွင် မီဒီယာများနှင့် ပါတီအဖွဲ့ဝင်များသို့ ပါတီဥက္ကဖြစ်သူ
ဦးသိန်းညွှန့်မှ ပြောကြားခဲ့ခြင်းဖြစ်သည်။
“လွှတ်တော်ထဲမှာ အဆိုတစ်ခုတင်ရင် ထောက်ခံဆွေးနွေးတဲ့သူရှိရတယ်။
လွှတ်တော်မှာ ကျွန်တော်တို့ပါတီက နှစ်ယောက်ပဲရှိတယ်။ အခု ဦးကြည်မြင့်က
ကျန်းမာရေးမကောင်းတော့ လွှတ်တော်မတက် နိုင်တဲ့အခါမှာ ကျွန်တော်ရဲ့အဆိုကို
ထောက်ခံဖို့ အမတ်တစ်ယောက်နဲ့ ညှိထားရတယ်။ ကျွန်တော် အဆိုတင်ရင် သူထောက်ခံ
ဆွေးနွေးဖို့၊ သူ့ကိုလည်း ကျွန်တော်ကကူညီပေးဖို့ အပေးအယူလုပ်ထားရတယ်။
နောင်တစ်ချိန် ကျင်းပမယ့် လွှတ်တော် အစည်းအဝေးတွေမှာ ဒီလိုအခက်အခဲမကြုံအောင်
အခုကြားဖြတ်ရွေး ကောက်ပွဲမှာ အနိုင်ရရှိဖို့လိုတယ်”ဟု ဦးသိန်းညွှန့်
ကပြောသည်။
ပြည်သူ့လွှတ်တော်ကိုယ်စာလှယ်နေရာ သုံးနေရာထဲမှ မရမ်းကုန်းမြို့နယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာတွင် လူငယ်အဆိုတော် ရဲမင်းသိန်း(ခ) ရသအား
ဝင်ရောက်ယှဉ်ပြိုင်စေရန်လျာထားကြောင်း သိရသည်။
“ရန်ကုန်တိုင်းဒေသကြီးမှာ လွတ်လပ်နေတဲ့
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ ၆ နေရာရှိတယ်။ အဲဒီအထဲက
မရမ်းကုန်းမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်
သုံးမြို့နယ်ကိုဒီကြားဖြတ် ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ရှိတယ်”ဟု ၎င်းက
အစည်းအဝေး၌ ပြောခဲ့သည်။
အဆိုပါအစည်းအဝေးပွဲတွင် အမျိုးသားဒီမိုကရေစီပါတီသစ်၏
ဗဟိုအလုပ်အမှုဆောင်အဖွဲ့အဖြစ် အဖွဲ့ဝင် ၁၃ ဦးအား ရွေးချယ်ခဲ့ပြီး
ဥက္ကအဖြစ်ဦးသိန်းညွန့်၊ ဒုတိယဥက္ကဌအဖြစ် ဦးကြည်မြင့်နှင့်
အတွင်းရေးမှုအဖြစ် ဦးကျော်တို့ကို ရွေးချယ်တင် မြောက်ခဲ့သည်။
အစည်းအဝေးပွဲကို နေ့လည် ၂ နာရီမှ ညနေ ၄ နာရီအထိပြုလုပ်ခဲ့ပြီး
ပါတီအဖွဲ့ဝင်များ၊ မီဒီယာများ စုစုပေါင်း လူဦးရေ ၄၀
ဝန်းကျင်တက်ရောက်ခဲ့ကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီပါတီသစ်အား ၂၀၁၁ခုနှစ်၊ဧပြီလ လဆန်းပိုင်းလောက်က
ပါတီမှတ်ပုံတင်ရန် လျှောက်ထားခဲ့ပြီး၊ အောက်တိုဘာလ ၄ ရက်နေ့တွင်
ရွေးကောက်ပွဲကော်မရှင်မှ တရားဝင်နိုင်ငံရေးပါတီအဖြစ် မှတ်ပုံ တင်ခွင့်
ပြုခဲ့ခြင်းဖြစ်သည်။
-
0 comments:
Post a Comment