နိုင်ငံတည်ဆောက်ရေး
၂၁ ရာစုအုပ်ချုပ်ရေးနှင့်
ကမ္ဘာ့အစီအစဉ်
(ကျော်ဝင်း)
နယ်ပယ်နှင့် သန်စွမ်းမှု
ဖွံ့ဖြိုးတိုးတက်ရေးတွင်
နိုင်ငံတော်၏ အခန်းကဏ္ဍကို ခွဲခြမ်းစိတ်ဖြာနိုင်ရန်အတွက် မေးခွန်းတစ်ခုနှင့် စတင်လိုပါသည်။
အမေရိကန်ပြည်ထောင်စု၏ နိုင်ငံတော်ဖွဲ့စည်းပုံမှာ အားကြီးသောအစိုးရ ပုံစံလော သို့မဟုတ်
အားနည်းသော အစိုးရပုံစံလောဆိုသော အမေးပုစ္စာဖြစ်ပါသည်။ နှပ်ကြောင်းပေးထားသော ဖြစ်တန်ရာအဖြေ
နှစ်ခုအနက် တစ်ခုတည်းကိုရွေးလိုက်လျှင် တက်တက်စင်မှားသွားပါလိမ့်မည်။ အကြောင်းမူ ပညာရှင်းများကြား
မှာပင် အဖြေနှစ်မျိုးရှိနေသောကြောင့်ဖြစ်သည်။
ပထမအဖြေကိုပေးလိုက်သူမှာ
နိုင်ငံရေးသိပ္ပံပညာရှင် မာတင်လစ်(ပ) ဆက်ဖြစ်သည်။ လစ်(ပ)ဆက် ၏အလိုအရ အမေရိကန်အဖွဲ့အစည်းများမှာ
နိုင်ငံတော်အခွင့်အာဏာကို တတ်နိုင်သမျှအနည်းဆုံးတွင် ကန့် သတ်ထားရန် ရည်ရွယ်ချက်ရှိရှိ
ဒီဇိုင်းဆင်ထားသည်ဟုဆိုသည်။
ဤသည်မှာလည်း အမေရိကန် ပြည်ထောင်စု ဖြတ်သန်းခဲ့ရသော သမိုင်းလမ်းကြောင်းနှင့်ဆိုင်သည်။
သိကြသည့်အတိုင်း အမေရိကန်ဆိုသည်မှာ ဗြိတိသျှ ကိုလိုနီအာဏာအောက်မှ တော်လှန်ရုန်းထွက်ခဲ့ရသူများဖြစ်ရာ
နိုင်ငံတော်အခွင့်အာဏာ ထိန်းချုပ်ရေးမှာ သူတို့ ၏ နိုင်ငံရေးယဉ်ကျေးမှုတစ်ခုလို ဖြစ်လာခဲ့သည်။
အမေရိကန်ဖွဲ့စည်းပုံစည်းမျဉ်းပါ လုပ်ပိုင်ခွင့်များကာကွယ်ရေး၊ အာဏာခွဲဝေကျင့်သုံးရေး
၊ ဖီဒရယ်စနစ်ဆိုသည်မှာ ဤသဘောပင်ဖြစ်သည်။ သို့ဖြင့် လစ်(ပ) ဆက်၏အဖြေမှာ အားနည်းသောအစိုးရ
ဖြစ်လာသည်။
ဒုတိယအဖြေကိုပေးသူမှာ
လူမှုသိပ္ပံပညာရှင် မက်ဝီဘာကိုယ်တိုင်ဖြစ်သည်။ ၀ီဘာက နိုင်ငံတော်၏ အဓိပ္ပါယ်ကို ဤသို့ဖွင့်သည်။
နယ်ပယ်ပိုင်နက်တစ်ခုအတွင်း ရုပ်ပိုင်းအင်အားကို တရားဝင်အသုံးပြုနိုင်စေရန် အတွက် လွဲအပ်ထားသောအဖွဲ့စည်းဟူ၏။
ဤအဓိပ္ပါယ်အရဆိုလျှင် နိုင်ငံတော်၏ဖွင့်ဆိုချက်မှာ အမိန့်အာဏာ တည်စေခြင်း (enforcement) ပင်ဖြစ်ပါသည်။
ဤဖွင့်ဆိုချက်ဖြင့် အမရိကန်နိုင်ငံတော် ဖွဲ့စည်းပုံကို ကြည့်လိုက် ရာ အားနည်းသောအစိုးရမဟုတ်။
အားကြီသောအစိုးရဖြစ်နေသည်ကို တွေ့ရလိမ့်မည်ဟုဆိုသည်။ ဗဟိုအဆင့် သာမက ပြည်နယ်အဆင့်တွင်ပါ
ယာဉ်ဥပဒေမှအစ ကူးသန်းရောင်းဝယ်ရေးဥပဒေအလယ် နိုင်ငံသားအခွင့်ရေး အဆုံး နေရာအားလုံးတွင်
အမိန့်အာဏာတည်သော အဖွဲ့အစည်းများ အားကောင်းမောင်းသန်ရှိနေသည်ကို သာဓကတင်သည်။
စင်စစ် လစ်(ပ)
ဆက်ရော ၀ီဘာပါ မှားသည်ဟု မဆိုနိုင်ပါ။ နှစ်ဦးလုံး၏အဖြေများမှာ သူ့ဟာနှင့်သူ မှန်သည်ဟု
ဆိုရပါလိမ်မည်။ ကွဲပြားခြားနားချက်မှာ အဖြေမဟုတ်။ ချဉ်းကပ်ကြသောမျက်နှာစာချင်း မတူညီမှု
ဖြစ်သည်။ လစ်(ပ) ဆက်က နိုင်ငံတော်လုပ်ဆောင်မှုများ၏ နယ်ပယ် (Sope of state
function) ကို ဖိုးကပ်(စ) လုပ်ပြီး၊ ၀ီဘာက နိုင်ငံတော်အဖွဲ့အစည်းများ၏ သန်စွမ်းမှု
(
Strength
of sate institution) ကို ဗဟိုပြုလေ့လာ ခြင်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စုမှာ
နိုင်ငံတော်လုပ်ဆောင်မှုများ၏နယ်ပယ်ကို တတ်နိုင်သမျှ ကန့် သတ် လျှော့ချထားသည်မှာ မှန်သော်လည်း
နိုင်ငံတော်အဖွဲ့အစည်း၏ သန်စွမ်းမှုတွင်မှု အလွန်ခိုင်မာ တောင့် တင်းသော အစိုးရဖြစ်သည်။
သို့အတွက်အဖြေနှစ်ခုလုံးမှန်သည်ဟု ဆိုနိုင်သည်။ အဖြေတစ်ခုတည်းကိုသာ အမှန်ဟုစွဲနေကြခြင်းမှာ
နိုင်ငံတော်ကဏ္ဍဆိုသည်တွင် နယ်ပယ်နှင့် သန်စွမ်းမှုဆိုသော မျက်နှာစာနှစ်ရပ်ရှိသည် ကို
သတိမမူဘဲ ဗလုံးဗထွေးစဉ်းစားကြသောကြောင့် ဖြစ်ပါလိမ့်မည်။
ဤသို့ မျက်နှာစာနှစ်ခု
တိတိပပ ခွဲခြားနိုင်ခြင်းသည်ပင် နိုင်ငံများ၏ စွမ်းဆောင်ရည်ကို တွက်ဆနိုင်ရန် အတွက်
အခြေခံတစ်ခုရလာသည်ဟု ဆိုနိုင်ပါလိမ့်မည်။ နိုင်ငံတော်လုပ်ဆောင်မှုများ၏ နယ်ပယ်ကို ရေပြင်ညီ
X ၀င်ရိုးအဖြစ်ယူပြီး၊ နိုင်ငံတော်အဖွဲ့အစည်းများ၏ သန်စွမ်းမှုကို ဒေါင်လိုက် Y ၀င်ရိုးအဖြစ်ယူဆကာ
ဂရပ်ပုံစံ တစ်ခု ဆွဲလိုက်လျှင် X နှင့် Y တို့ဖြင့် ဖော်ဆောင်ထားသောကွန်ချာ (Metrix) တစ်ခုရလာလိမ့်မည်။
ဤကွန်ချာ သည်ပင် နိုင်ငံများ၏ စွမ်းဆောင်ရည်အသီးသီးကို ဖော်ပြနိုင်သည့် ညွန်းကိန်းကြီးဖြစ်နိုင်စရာ
ရှိပါသည်။
ပထမဆုံး X ၀င်ရိုး
(နိုင်ငံတော်လုပ်ဆောင်မှုများ၏ နယ်ပယ်)ကို ဆန်းစစ်ကြည့်ပါမည်။ ဤနေရာတွင် ကမ္ဘာ္က့ဘဏ်မှထုတ်ပြန်ခဲ့သော
၁၉၉၇ ဖွံ့ဖြိုးမှုအစီရင်ခံစာကို အခြေခံသည်။ ဤအစီရင်ခံစာတွင် နိုင်ငံတော် လုပ် ဆောင်မှုများကို
အုပ်စုကြီးသုံးစု ခွဲလိုက်သည်။ ပထမတစ်စုမှာ အနိမ့်ဆုံးလုပ်ဆောင်မှုများ (minimal function)
ဖြစ်ပါသည်။ နိုင်ငံတစ်ခုအနေနှင့် မဖြစ်မနေလုပ်ကိုင်ရမည့်အပိုင်းဖြစ်သည်။ ဒုတိယအုပ်စုမှာ
အလယ်အလတ် လုပ်ဆောင်မှုများ (intermediate
functions) ဖြစ်ပြီး တတိယအုပ်စုမှာ အမြင့်ဆုံးလုပ်ဆောင်မှုများ (Activist functions)
ဖြစ်ပါသည်။ ဤအုပ်စုနှစ်ခုလုံးမှာ သီးခြားနိုင်ငံအလိုက်ရွေးချယ်မှုများနှင့် ဆိုင်ပါသည်။
ဤအုပ်စု အားလုံးကို ရေပြင်ညီ X ၀င်ရိုးပေါ်သို့တင်ကြည့်လိုက်ရာ ဤသို့တွေ့ရပါလိမ့်မည်။

ကမ္ဘာ့နိုင်ငံများအလိုက် လက်တွေ့ကျင့်သုံးနေကြသော ပေါ်လစီများအပေါ်မူတည်ပြီး
နိုင်ငံအသီးသီးကို X ၀င်ရိုး ပေါ်တွင် နေရာချထားရမည်ဖြစ်ပါသည်။ ဗဟိုအမှတ်(o)နှင့် ဝေးသွားလေလေ
နိုင်ငံတော်လုပ်ဆောင်မှုများ၏ နယ်ပယ် ကျယ်လာလေလေဟု သဘောယူပါသည်။ တစ်နည်းပြောရလျှင် X
ဝင်ရိုးသည်ပင် နိုင်ငံတော်လက်တံ များဖြစ်ပါသည်။
ဆက်လက်ပြီးX
ဝင်ရိုး(နိုင်ငံတော်အဖွဲ့အစည်းများ၏သန်စွမ်းမှု) ကိုဆန်းစစ်ကြည့်ပါမည်။ ဤနေရာတွင် X
ဝင်ရိုးနှင့်မတူသည်မှာ အများသဘောညီ လက်ခံထားသောစံချိန်စံညွန်း မရှိခြင်းပင်ဖြစ်သည်။
နိုင်ငံတော်အဖွဲ့ အစည်းဆိုရာတွင်လည်း ကဏ္ဍစုံ၊ နယ်ပယ်စုံမှ ဖြစ်နိုင်ရာ မည်သည့်အဖွဲ့အစည်းက
ပို၍အရေးကြီးသည်ဟု ပြော ရခက်ပါသည်။ သို့အတွက် X ၀င်ရိုးပေါ်တွင် အထက်အောက်စီစဉ်၍ မဖြစ်နိုင်ပါ။
အဖွဲ့အစည်းအားလုံးနှင့် ယေဘုယျ အကျုံးဝင်နိုင်သော စွမ်းဆောင်ရည်ညွန်းကိန်းများဖြင့်
မှန်းဆရပါသည်။ ဤအတွက်နိင်ငံပေါင်း (၁၉၉) နိုင်ငံနှင့် ပတ်သတ်သော ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာပါ
တွက်ချက်နည်းကို အခြေပြုထားပါသည်။ ဤနည်းမှာ
(၁) ပေါ်လစီ တီထွင်ဖန်တီးနိုင်စွမ်းနှင့် အကောင်အထည်ဖော်နိုင်စွမ်း
(၂) အုပ်ချုပ်မှုစွမ်းဆောင်ရည်နှင့် ဗျူရိုကရေစီအရွယ်အစား (ဗျူရိုကရက်နှင့်
တက္ကနိုကရက် ပါဝင်မှုအချိုးဖြင့် ဗျူရိုကရေစီ အရွယ်အစားကိုတွက်သည်။)
(၃) အာဏာအလွဲသုံးစားမှု၊ လာဘ်ပေးလာဘ်ယူနှင့် အကျင့်ပျက်ချစားမှုများအပေါ်
ထိန်းချုပ်ကာကွယ်နိုင်စွမ်း
(၄) တာဝန်ယူနိုင်မှုနှင့်ပွင့်လင်းမြင်သာမှု
(၅) တရားဥပဒေပြုရေးနှင့် တရားစီရင်ရေး
ဤ (၅) ချက်ပေါ်မူတည်ပြီး
အဖွဲ့အစည်းတို့၏ စွမ်းဆောင်ရည်ကိုတွက်ချက်ကာ နိုင်ငံအလိုက် Y ၀င်ရိုးပေါ်တွင် တင်ကြည့်ပါသည်။
မူလဗဟိုအမှတ် (၀)နှင့် ဝေးလေ စွမ်းဆောင်ရည်မြင့်လေဟု ယူဆသည်။ တစ်နည်းပြောရလျှင် Y ၀င်ရိုးသည်ပင်
အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်ပြဒါးတိုင်ဖြစ်ပါသည်။
ဝင်ရိုး X
(နယ်ပယ်)နှင့် ၀င်ရိုးY(သန်စွမ်းမှု)တို့ကို အခြေပြု၍ ဂရပ်ပုံတစ်ခုထုတ်လိုက်လျှင် နိုင်ငံတို့၏
စွမ်းဆောင်ရည်ကိုဖော်ပြသော ကွန်ချာကြီးတစ်ခုရရှိပါလိမ့်မည်။ နိုင်ငံအလိုက် စွမ်းဆောင်ရည်ကို
အလွယ် တစ်ကူ ခွဲခြားမှန်းဆနိုင်ရန် အဆိုပါကွန်ချာကို အသေးစိတ်ခွဲ၍ လေ့လာနိုင်ပါသည်။
(ပုံနှင့် တွဲ၍ကြည့်ပါရန်)

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှုထောင့်မှ
အကဲဖြတ်လျှင် ပထမအစိတ်တွင်ရှိသော ပုံစံ (၁) သည်သာ အကောင်းဆုံးဖြစ်ပါလိမ့်မည်။ နိုင်ငံတော်လုပ်ဆောင်မှုများ၏
နယ်ပယ်ကို အနှိမ့်ဆုံးအဆင့်တွင် ကန့်သတ် ထားပြီး နိုင်ငံတော်အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်ကိုမူ
အမြင့်ဆုံးဖြစ်အောင်တည်ဆောက်ထားသည်။ အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးတိုးတက်မှုမှာ ဤအားသာချက်ကြောင့်ဖြစ်သည်။
သို့နှင့်တိုင် ပညာရှင် အခိျု့ကမူ အမေရိကန်ပုံစံမှာ စီးပွားရေးတိုးတက်မှုကို အမြင့်ဆုံးဖန်တီးနိုင်သော်လည်း
လူမှုရေး တရားမျှတမှု မရှိဟု ဝေဖန်ကြသည်။ သူတို့၏ အလိုအရ ဒုတိယအစိတ်တွင်ရှိသော ပုံစံ
(၂) ကိုသာ အကောင်းဆုံးဟု ခံယူပြသည်။ နိုင်ငံတော်ကပါဝင်ဦးဆောင်သည့် ရွှေပြည်သာလမ်းကြောင်းကို
ပို၍အာရုံကျသော ဥရောပ နိုင်ငံများပါဝင်ပါသည်။ ဒုတိယစီးပွားရေး စူပါပါဝါ ဂျပန်နှင့်
ယခင်ဆိုဗီယက်ယူနီယံသည်လည်း ဤအစိတ် ထဲမှာပင်ရှိသည်။
တတိယအစိတ်တွင်ပါဝင်သောပုံစံ
(၃) မှာ မအောင်မြင်သော အိုင်-အမ်-အက်ဖ် ပေါ်လစီ၏ အကျိုး ဆက်ဟုဆိုနိုင်သည်။ နိုင်ငံတော်ကဏ္ဍ
လျှော့ချရေးဆိုသော ကြေွးကြော်သံအောက်တွင် လုပ်ဆောင်မှုနယ်ပယ် သာမက အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်ပါနိမ့်လာပြီး
မအောင်မြင်သော အားနည်းချိနဲ့သောနိုင်ငံများ ဖြစ် ပေါ်လာရသည်။ ဖွံ့ဖြိုးမှုနောက်အကျဆုံး
နိုင်ငံတစ်ခုဖြစ်သည့် ဆီရာလီယွန်မှာ ဤအစိတ်ထဲတွင်ရှိသည်။ အာဖရိကနိုင်ငံအချို့တွင်လည်း
ဤပုံစံမျိုးကိုတွေ့ရသည်။ စတုတ္ထအစိတ်မှ ပုံစံ (၄) မှာ စက်မှုနိုင်ငံသစ်များတွင် အတွေ့ရများသည့်ပုံစံဖြစ်သည်။
တူရကီ၊ ဘရာဇီးနှင့် အာရှစီးပွားရေး အကျပ်အတည်းမတိုင်မှီ အာရှကျားများ တွင် တွေ့နိုင်သည်။
ဂျီဒီဘီ၏ အစိတ်အပိုင်းအများစုမှာ နိုင်ငံတော်ကဏ္ဍတွင်သာ စီးဝင်သွားရာ ဖွံ့ဖြိုးတိုးတက်မှု
ကို ရေရှည်မထိန်းနိုင်ဖြစ်သွားရသည်။ နိုင်ငံတော် အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်အားနည်းပြီး
နိုင်ငံတော် လက်တံများ ရှည်လျှားလှရာ မနိုင်ဝန်လိုဖြစ် လာရသည်။
ပုံတွင် အသေးစိတ်ကွန်ချာအတွင်း နိုင်ငံအလိုက် နေရာယူပုံကို ဖော်ပြထားပါသည်။

ဤနေရာတွင် အထူးသတိပြုဖို့လိုသည်မှာ နိုင်ငံများ၏နေရာယူမှုကို
အတိအကျနှင့် အသေကျကျ မယူဆမိဖို့ ဖြစ်သည်။ နိုင်ငံများ၏စွမ်းဆောင်ရည်မှာ အချိန်နှင့်အမျှ
အပြောင်းအလဲရှိနိုင်သည်ကို သတိချပ်ရသည်။ ပုံတွင် ဂျပန်၊ ဆိုဗီယက်ယူနီယံနှင့် နယူးဇီလန်တို့၏
စွမ်းဆောင်ရည်အရွှေ့ကို သတိပြုဆင်ခြင်နိုင်ရန် ဖော်ပြလိုက်ပါ သည်။
ဂျပန်၏စီးပွားရေးပုံစံမှာ
ကော်ပိုရိတ်အရင်းရှင်စနစ်ဖြစ်သည်။ ကော်ပိုရေးရှင်းကြီးများနှင့် အစိုးရ အီလစ်များလက်တွဲပြီး
စီးပွားရေးကိုပုံဖော်ယူသည်။ နိုင်ငံတော်အဖွဲ့အစည်းများ အားကောင်းသည့်တိုင် နိုင်ငံတော်လုပ်ဆောင်မှုနယ်ပယ်
အပြန့်ကျယ်လွန်းသည့်အတွက် ကမ္ဘာလုံးစီးပွားရေးခေတ်၏ မြန်နှုန်းကို အမှီမလိုက်နိုင်ရှိသည်။
ပုံစံ(၂) ဟုဆိုနိုင်ပါသည်။ ၁၉၈၀ နောက်ပိုင်းကာလ တာရှည်စီးပွားရေးတန့်ရပ်မှုနှင့် ရင်ဆိုင်လာရာမှ ပြုပြင်ပြောင်းလဲမှုများ လုပ်လာခြင်းဖြစ်သည်။

နိုင်ငံတော်ကဏ္ဍကိုကန့်သတ်၍ ပုဂ္ဂလိကပိုင်းကို ပိုအားကိုးလာသည့်
သဘောဖြစ်ပါသည်။ အကယ်၍ အဖွဲ့ အစည်းများ၏ စွမ်းဆောင်ရည်ကို ဆက်လက်ထိန်းသိမ်းနိုင်လျှင်
ပုံစံ(၁)သို့ ဦးတည်နိုင်စရာရှိပါသည်။
ဆိုဗီယက်ယူနီယံမှာ
စီမံကိန်းစီးပွားရေးနှင့် သွားသောပုံစံဖြစ်သည်။ သို့နှင့်တိုင် အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်အထိုက်အသင့်မြင့်မားခဲ့၍
ပုံစံ(၂) အတွင်းမှာပင်ရှိသည်။ ဆိုဗီယက်ယူနီယံပြိုကွဲပြီး နောက်ပိုင်း အိုင်- အမ်- အက်(ဖ)
မူကိုအခြေခံ၍ စီးပွားရေးပြုပြင်ပြောင်းလဲမှုများ လုပ်ခဲ့သည်။ ဤတွင်နိုင်ငံတော်လုပ်ဆောင်မှုနယ်ပယ်
လျှော့ချခြင်းနှင့်အတူ အဖွဲ့အစည်းများ၏စွမ်းဆောင်ရည်ပါ အကျဘက် ပြလာသည်။ သို့နှင့်အမျှ
အောင်မြင်သောစီးပွားရေးကို မတည်ဆောက်နိုင်ဘဲ ရုန်းရင်းဆန်ခတ်အခြေအနေတွင် ကာလအတန်ကြာ
မျောနေခဲ့သသည်။ ဗလာဒီမာပူတင်ခေတ်တွင် နိုင်ငံတော်လက်တံများ ပြန်လည်သန်စွမ်း လာခြင်းနှင့်အတူ
စွမ်းဆောင်ရည်ပါ အထိုက်အသင့်တက်လာရာ ပုံစံ(၄) သို့ ဦးတည်လာသည်ဟုဆိုနိုင်ပါသည်။
နယူးဇီလန်မှာ
ရွှေပြည်သာနိုင်ငံများစီမံချက်ကို တက်တက်ကြွကြွ အကောင်ထည်ဖော်နိုင်ခဲ့သည့် နိုင်ငံဖြစ်သည်။
အစိုးရတာဝန်ယူသောလူမှုဖူလုံရေးများ အားကောင်းသော်လည်း အဖွဲ့အစည်းများ စွမ်းဆောင် ရည်ပိုင်းတွင်မူ
အားနည်းချက်များရှိသည်။ သို့ဖြင့် ၁၉၈၁ ခုနှစ်ထိ ပုံစံ(၄)ထဲမှ နိုင်ငံတစ်ခုဖြစ်နေခဲ့သည်။
နောက်ပိုင်းတွင်မူ နိုင်ငံတော်ပိုင် ကဏ္ဍများလျှော့ချခြင်း၊ အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်မြင့်တင်ခြင်း
စသော ပြုပြင်ပြောင်းလဲမှုများလုပ်လာခဲ့သည်။ သို့ဖြင့် ၁၉၉၅ တွင် ပုံစံ(၁) သို့ရောက်လာပြီး
သိသိသာသာ ဖွံ့ဖြိုးတိုး တက် လာခဲ့ပါသည်။
ဤအချက်များက
ဘာကိုဖော်ပြနေသနည်းဆိုလျှင် နိုင်ငံတည်ဆောက်ရေးတွင် အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်က
မည်မျှစကားပြောသည်ဆိုသော အချင်းအရာကို မီးမောင်းထိုးပြလိုက်ခြင်းဟု ဆိုနိုင်လိမ့် မည်
ထင်ပါသည်။
(၁၊ ၄၊ ၂၀၀၆)
0 comments:
Post a Comment