Friday, October 21, 2011

အမှားကို စွန့်တာဟာ အရှုံးပေးတာ မဟုတ်ဘူး

Cloud Cuckoo Land edited a doc.
ဝန်ထမ်း လောကနဲ့ စီးပွားရေး လောကထဲက မိတ်ဆွေတွေ ရောက်လာတဲ့ အခါတိုင်း လူငယ်တွေကို အားမရ ကြောင်း အမြဲတမ်းပြော တတ်တယ်။ လေ့လာ ဆည်းပူးမှု လည်း လုပ်မနေ ကြဘူး။ ဗဟု သုတ သိပ်နည်း တယ်လို့ ဝေဖန်ကြတယ်။
ကလေးဘဝစတေးရ ကျောင်းဆရာ လုပ်ခဲ့ဖူးရုံမက စာရေး တော့လည်း လူငယ်တွေ အတွက် ရည်ရွယ် တဲ့ စာတွေ အရေးများ တာကြောင့် လူငယ် တွေအကြောင်းတော့ သူတို့ထက် ပိုသိ ပါတယ်။ လူငယ်တွေ လေ့လာ ဆည်းပူးမှု မလုပ်တာ မဟုတ်ဘူး။ မကြိုးစား...တာ မဟုတ်ဘူး။ ရေလိုက်လွဲနေလို့ ခရီး မရောက်တာ ဖြစ်တယ်။ ကျောင်းသား အရွယ်တွေကိုကြည့်။ သုံးနှစ်အရွယ် လောက်က စပြီး ကျောင်းတက်ရတာ၊ ဘွဲ့ရ တဲ့အထိ မနားရ တော့ဘူး။ တစ်နေလုံး ကျောင်းနဲ့ ကျူရှင်နဲ့ ဂိုက်နဲ့ လုံးလည်ချာ လည်လိုက် နေတာပဲ။ ခေတ်နဲ့စနစ်ကြီးရဲ့ ဖိအားအောက်မှာ သူတို့ရဲ့ ကလေးဘဝကို စတေးလိုက်ကြရတယ်။

ဖိအားပိုကြီးမား

ဘွဲ့ရပြီးတော့ နားရပြီ မထင်နဲ့။ ဖိအားက ပိုကြီးလာလို့ လုပ်ငန်းခွင်ဝင်ခွင့် သင်တန်းတွေ၊ ကွန်ပျူတာသင်တန်းတွေ၊ ဘာသာစကားသင်တန်းတွေ ဆက်တိုက် လိုက်တက်ရပြန်တယ်။ သင်တန်း ကျောင်း မှန်သမျှ လူငယ်တွေ တရုန်းရုန်းနဲ့ အမြဲ ပြည့်ကြပ်နေတယ်။ ဒေါ်လာပေးတက်ရတဲ့ အေစီ၊ ဘီစီဆိုတာတွေမှာလည်း တစ်နှစ် လုံး အပြည့်ပဲ။ ကျွန်တော်တို့ခေတ်က လူငယ်တွေ ထက် သုံးလေးဆ လောက်ပိုပြီး ကြိုးစား နေကြတယ်။ ဒါကို ကျွန်တော်တို့ ငြင်းလို့မရဘူး။ ဘယ်သင်တန်းကိုဖြစ်ဖြစ် ခဏလေးသွားရပ်ကြည့်လိုက်ပါ။ ချက်ချင်း သဘောတူ သွားမှာပါ။


ခေတ်စနစ်အပြစ်လည်းပါ
ကြိုးစား သလောက်တတ်တာ မတတ် တာက လူငယ်တွေရဲ့အပြစ်ချည်း မဟုတ် ဘူး။ ခေတ်စနစ်ရဲ့အပြစ်လည်းပါတယ်။ အလုပ်မရခင် ကွန်ပျူတာတတ်မှဖြစ်မယ် ဆိုပြီး သင်တန်းသွား တက်တယ်။ နှစ်လ သုံးလအခြေခံသင်တန်းပြီးတော့ သင်တန်း ဆင်းလက်မှတ်ပေးပြီး သင်တန်းပြီးသွား တယ်။ ပြီးတော့ ဘာသာစကားသင်တန်း သွားတက်တယ်။ အိမ်မှာ ကွန်ပျူတာ မရှိ တော့ ဆက်ပြီး လေ့ကျင့်တာမလုပ်နိုင်ဘူး။ အတော်လေးကြာသွားတော့ စာစီစာရိုက် တောင် သွက်သွက်မလုပ်နိုင်တော့ဘူး။ ဒါထက်ပိုအတော်လေးကြာပြီး အလုပ် ရချိန်ရောက်တော့ သင်ခဲ့သမျှ အားလုံး မေ့သွားပြီ။ အလုပ်မဖြစ်တော့ဘူး။ သင်ထားတဲ့ ဘာသာစကားကလည်း အလုပ်ထဲမှာ နေ့စဉ်သုံးနေရတာ မဟုတ် တော့ ကွန်ပျူတာလိုမေ့သွားတာပဲ။ တကယ်လိုအပ်တဲ့ အခါ ရောက်တော့ “ခွေး အလှည်းနင်းသလို” အထစ်အထစ်ဖြစ်နေ တော့တယ်။


ပဲ့မပါတဲ့လှေ
ဒီခေတ်လူငယ်တွေ အများစုဟာ ဦးတည်ချက် ရေရေရာရာ မရှိဘဲ ခေတ် ရေစီးကြောင်းအတိုင်း အလိုက်သင့်မျောပါ နေကြတာတွေ့ရတယ်။ တချို့ဆို ဦးတည် ချက်တို့၊ ဘဝရည်မှန်းချက် တို့ထားရ ကောင်းမှန်းတောင် မသိကြဘူး။ ဦးတည် ချက်မရှိတော့ ပဲ့မပါတဲ့ လှေလို လေတိုက် ရာလိုက်ပြီး အရှေ့ဘက်လွင့်လိုက်၊ တောင် ဘက်လွင့်လိုက်၊ အနောက် ဘက်ပြန်မျော လိုက်နဲ့ ရောက်ချင်ရာရောက်နေတော့ တယ်။ ဒီလိုနဲ့ပဲ လူငယ်တွေရဲ့ အဖိုးတန် အချိန်များစွာဟာ အချည်းနှီးအလဟဿ ဖြစ်သွားကြရတယ်။ လူငယ်တွေအတွက် သာမက တိုင်းပြည် အတွက်ပါ ကြီးမားတဲ့ ဆုံးရှုံးနစ်နာမှုဖြစ်တယ်။


စံပြပုဂ္ဂိုလ်ရှိမှ
ထူးချွန်ထက်မြက်တဲ့ လူငယ်တွေ များများရှိမှ တိုင်းပြည် မြန်မြန်ဆန်ဆန် တိုးတက်လာနိုင်တယ်။ ဝေလေလေ လူငယ်လေးတွေနဲ့တော့ ဘာမှ အလုပ်ဖြစ် မှာ မဟုတ်ဘူး။ ကလေးဘဝကစပြီး ဦးတည်ချက်၊ ရည်မှန်းချက်ကိုယ်စီကိုယ်င ရှိဖို့ လိုအပ်ကြောင်း စာသင်ကျောင်းတွေ က လုပ်ပေးရမယ်။ လူ့လောက အကျိုး အတွက် ကိုယ်ကျိုးစွန့်ဆောင်ရွက်တဲ့ အာဇာနည်ကြီးတွေ၊ ပညာရှင်ကြီးတွေ၊ ဆရာဝန်၊ အင်ဂျင်နီယာကြီးတွေ၊ သူနာပြု တွေ၊ အလုပ်သမားကြီးတွေ၊ လယ်သမား ကြီးတွေအကြောင်းတွေကို သင်ကြားပေး ရမယ်။ ပုံပြောသလိုပြောနေရမယ်။ အားကျအတုယူစရာ စံပြပုဂ္ဂိုလ်တွေရှိမှ ကလေးတွေမှာ ဦးတည်ချက်၊ ရည်မှန်း ချက် ရှိလာနိုင်တယ်။


လောင်းရိပ်မိတာ
လူငယ်တွေ မကြိုးစားတာ မဟုတ်ဘူး။ ညံ့တာဖျင်းတာ မဟုတ်ဘူး။ မကောင်းတဲ့ စနစ်ကြီးရဲ့ လောင်းရိပ်မိပြီး အညွှန့်မထွက် နိုင်တာဖြစ်တယ်။ လောင်းရိပ်ကြီးကို ဖယ် ရှားလိုက်တာနဲ့ “ဝုန်း” ခနဲထောင်ထပြီး မိုးထိအောင်တက်သွားကြမှာ သေချာ တယ်။ လောင်းရိပ်ကြီးကို မြန်မြန်ဖယ်ရှား ဖို့သာလိုတယ်။ လူငယ်တွေကို အားမရဘူး လို့ တဖွဖွပြောနေတဲ့ လူကြီးတွေမှာလည်း တာဝန် အများကြီး ရှိတယ်။ လူငယ်တွေ အတွက် “စံပြုပုဂ္ဂိုလ်” ဖြစ်အောင် သူတို့ ကိုယ်တိုင် ဘယ်လောက်လုပ်နိုင်ခဲ့ကြသလဲ ဆိုတဲ့ အချက်ကို ပြန်ပြီး သုံးသပ်ကြည့်သင့် ကြတယ်။


ခေါင်ကစမလုံရင်
ကလေးဘဝမှာ မိဘတွေကို ကလေး တွေက အတုယူတယ်။ ကျောင်းသားဘဝ မှာ ဆရာတွေကို အတုယူတယ်။ အလုပ် ခွင်ထဲရောက်တော့ အနီးကပ်ရှိတဲ့ အထက် လူကြီးတွေကို အတုယူ တယ်။ ဒါဖြစ်ရိုး ဖြစ်စဉ်ပဲ။ ရှေ့က စံနမူနာပြကောင်းရင် ကောင်းသလောက် နောက်ကလိုက် ကောင်းကြတယ်။ ခေါင်ကစပြီး မိုးမလုံရင် တော့ တစ်အိမ်လုံး ရေစုန်မျောပြီသာမှတ်။ နှစ်ငါးဆယ် လုံးလုံး တိုင်းပြည်ကြီး ရေစုန် မျောခဲ့ကြတာဟာ လူငယ်တွေကြောင့် မဟုတ်ဘူး။ ဒါကို လူကြီးတွေ သင်ခန်းစာ ယူကြဖို့ ကောင်းပါတယ်။


ရဲရဲလုပ်ကြစို့
သင်ခန်းစာ ယူတယ် ဆိုတာ ကိုရင် လေးတွေ စာပြန်သလို မျက်စိမှိတ်ပြီး “အသားကုန်” ကုန်းအော်နေတာမျိုးကို ပြောတာမဟုတ်ဘူး။ ရှေးကလုပ်ခဲ့တဲ့ မှားယွင်းတာတွေကို ချက်ချင်းစွန့်ပစ်ပြီး မှန်တာ ကို ရဲရဲ လုပ်ဖို့ဖြစ်တယ်။ အမှားကို စွန့်တာဟာ ရှက်စရာမဟုတ်ဘူး။ အရှုံးပေး တာ မဟုတ်ဘူး။ မှန်တာကို သိသိကြီးနဲ့ မလုပ်ရဲတာကမှ ရှက်စရာဖြစ်တယ်။ ကျွန်တော်တို့ သိပ်နောက် ကျန်နေခဲ့ပြီ။ အမှား တွေကို မြန်မြန်စွန့်ပြီး အမှန်တွေကို ရဲရဲလုပ်ကြပါစို့။


လူထုစိန်ဝင်း(အခွင့်အလမ်းဂျာနယ်)
  

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...