Friday, October 21, 2011

လူငယ်တွေ ဝတ္ထုဖတ်ကြရမယ်

မတူခြားနားတဲ့ သမိုင်းခေတ်က လူတွေကို နှိုင်းယှဉ် သုံးသပ်ပြ တာမျိုး ကျွန်တော် ကတော့ သဘောသိပ် မတွေ့တတ်ဘူးဗျ။ ဘောလုံး လောက ဥပမာနဲ့ ပြောရင် သန်းတိုး အောင်တို့၊ မျိုးလှိုင်ဝင်းတို့ က ဗဟာဒူးတို့ လှဌေးတို့ထက် ပိုတော်တယ်။ ဒါမှမဟုတ် သူတို့ လောက်မတော်ဘူးဆိုတာမျိုးတွေ ပေါ့ဗျာ။ မတူခြားနားတဲ့ ခေတ် ကာလတွေ အလျောက် တည်ရှိတဲ့ ပတ်ဝန်းကျင် အနေအထားတွေ အပေါ်မှာ တည်မှီပြီး လူတွေရဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဘဝတွေဟာလည်း ဖွံ့ဖြိုးတိုးတက်ကြရတာမို့ မတူတဲ့ ခေတ် ကာလတွေမှာ ရှင်သန်နေခဲ့ တဲ့ လူတွေရဲ့ အရည်အသွေး ကို တစ်ခုနဲ့တစ်ခု နှိုင်းယှဉ်တာဟာ ငြင်းခုန်သူ နှစ်ဦးအကြား သဘော တူညီမှု ဘယ်တော့မှလည်း ထွက်ပေါ် လာနိုင်မှာ မဟုတ်တဲ့ ‘အလုပ် မရှိ ကြောင်ရေချိုး’ တဲ့ အလုပ် ဖြစ်တယ်လို့ ကျွန်တော်က ယူဆတယ်ဗျ။


နည်းပညာနှင့် ပေးဆပ်မှု
နည်းပညာတွေ အဆက် မပြတ် တိုးတက်နေတာကြောင့် အဲဒီတိုးတက်နေတဲ့ နည်းပညာ အပေါ် အခြေတည်ပြီး လူတွေရဲ့ အသိပညာ ဗဟုသုတတွေ တစ်သ မတ်တည်း တိုးတက်နေတာတော့ မှန်တယ်ဗျ။ ဒါပေမဲ့ တစ်ချိန်တည်း မှာ အဲဒီတိုးတက်မှုကြောင့် ပေးဆပ် စွန့်လွှတ်လိုက်ရတဲ့ အရာတွေ လည်း တစ်စုံတစ်ခုသော အတိုင်း အတာအထိရှိခဲ့တယ် ရှိနေတယ် ဆိုတဲ့ အချက်ကိုလည်း ကျွန်တော် တို့ သတိပြုကြရမယ်ဗျ။ ဒီဆောင်ပါး မှာ လူငယ်တွေ (အထူးသဖြင့် နည်းပညာတွေ ပေါက်ကွဲနေတဲ့ ဒီ ကနေ့ခေတ်က လူငယ်တွေ) ပေး ဆပ် စွန့်လွှတ်နေကြရတယ်လို့ ကျွန်တော်ယူဆတဲ့အရာ တစ်ခု အကြောင်း ဆွေးနွေးချင်တယ်ဗျ။
လိုက်မမီ အောင်မြန်နေတယ် ဒီကနေ့ခေတ်ရဲ့နည်းပညာ တော် လှန် ရေး ရေစီးကြောင်းထဲ လူငယ်တွေပါဝင်ကူးခတ်နေကြတဲ့ အရှိန်အဟုန်ဟာ ကျွန်တော်တို့လို ခြောက်ဆယ် ကျော် လူကြီးပိုင်းတွေ မပြောနဲ့ လေးဆယ်ကျော် ငါးဆယ် လူလတ်ပိုင်းတွေတောင် လိုက်လုပ် နိုင်ဖို့ ဝေးစွ၊ လိုက်ကြည့်ဖို့တောင် မမီနိုင်လောက်အောင် လျင်မြန် လွန်းနေပြီဗျာ။ တစ်ခါတစ်ခါများ သူတို့ နည်းပညာ (သတင်းနည်း ပညာ) လိုက်စားသူ လူငယ်အချင်း ချင်း ပြောဆိုနေကြတဲ့ စကားတွေ ထဲက အသုံးအနှုန်းတွေကို (ဖေ့စ် ဘွတ်တင်ပြီး လူမှုကွန်ရက်နယ်ပယ် ထဲ ဝင်ဆံ့နေတဲ့) ကျွန်တော် ပင် လျှင် လိုက်မမီဘူးဗျ။ တခြားဂြိုလ် ကမ္ဘာကလာတဲ့ဘာသာစကားတစ်ခု လို့တောင် ထင်ရလောက် အောင် ဘာမှကို နားမလည်နိုင်ဖြစ်ရတဲ့ အချိန်တွေရှိတယ်ဗျာ။ ဒါကို ကြည့်လိုက်ရင် ဂလိုဘယ်လိုက်ဇေး ရှင်းနဲ့အမီ ရင်ပေါင်တန်းလိုက်နေတဲ့ အဲဒီ လူငယ်တွေ သတင်းနည်းပညာ နဲ့ ဘယ်လောက် တရင်းတနှီး အကျွမ်းတဝင် ဖြစ်နေကြ တယ်ဆိုတာကို သဘောပေါက်နိုင် တယ်ဗျ။

အရေးကြီးတဲ့ စွန့်လွှတ်ရမှု
ဒါပေမဲ့ အဲဒီလူငယ်တွေထဲက အများစု (ဧရာမအများစုကြီး)ဟာ အဲဒီလို သတင်းနည်းပညာဆိုင်ရာ ကျွမ်းဝင်နှံ့စပ်မှုကို ရရှိဖို့ သူတို့ ဘဝ အတွက် အလွန်အင်မတန်မှ အရေး ကြီးတဲ့ အရာတစ်ခုကို ပေးဆပ် စွန့်လွှတ်နေကြရတာကို ကျွန်တော် သွားတွေ့မိတယ်ဗျ။ အဲဒါကတော့ ရသစာပေခံစားမှုပဲဗျ။ အားလုံး သိကြတဲ့အတိုင်း ကျွန်တော်တို့ မျိုးဆက်နဲ့ ကျွန်တော် တို့နောက်က တစ်ပါတည်းကပ်ပါ လာတဲ့ မျိုးဆက်ဝင်တွေဟာ အင်မတန်မှပြောင်မြောက်ကြီးကျယ် ခမ်းနားလှတဲ့ ရသစာပေတွေရဲ့ ရင်ငွေ့ကို ခိုလှုံပြီး ကြီးပြင်းအရွယ် ရောက်လာခဲ့ကြရတာ ဖြစ်တယ်ဗျ။ မဟာဆွေ၊ မြမျိုးလွင်၊ ရွှေဥဒေါင်း၊ ဒဂုန်ခင်ခင်လေး၊ မင်းသုဝဏ်၊ ဇော်ဂျီ၊ သိပ္ပံမောင်ဝ တို့အစ ဒဂုန် တာရာ၊ ဗန်းမော်တင်အောင်၊ မြ သန်းတင့်၊ သိန်းဖေမြင့်၊ မောင်နေ ဝင်း၊ မင်းကျော်၊ နတ်နွယ်၊ ဂျာနယ် ကျော်မမလေး၊ ဆင်ဖြူကျွန်း အောင်သိန်း၊ တင့်တယ်၊ မောင်မောင်ဖြူ၊ တင်မြင့်အောင်၊ မောင် သာရ၊ တင်မိုးတို့အလယ် ငြိမ်း ကျော်၊ ချစ်ဦးညို၊ နိုင်ဝင်းဆွေ၊ ဂျူး၊ စမ်းစမ်းနွဲ့(သာယာဝတီ)၊ မိုးမိုး (အင်းလျား)၊ နေဝင်းမြင့်၊ ခင်ခင်ထူး တို့ အဆုံး ကြီးကျယ်ခမ်းနားတဲ့ ရသစာပေအလံတော်ကို တစ်လက် က တစ်လက် လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့ကြတဲ့ စာရေး ဆရာကြီးတွေရဲ့ စာပေရေအလျဉ် ထဲမှာ လွန့်လူးကူးခတ်ပြီး ကျွန်တော် တို့ရဲ့ စိတ်ဓာတ်တွေ၊ အတွေးအခေါ် တွေ၊ ယုံကြည်ချက်တွေကို တည် ဆောက်ပုံသွင်းယူလာခဲ့ကြတာ ဖြစ်တယ်ဗျ။

နာမည်တောင်မကြားဖူးကြတော့ ဒါပေမဲ့ ဒီကနေ့ ဂလိုဘယ် လိုက်ဇေးရှင်းခေတ်ကြီးထဲမှာ အင်မ တန်မှ ထူးချွန်ထက်မြက်ပါတယ် ဆိုတဲ့ အိုင်တီလူငယ်အများစုဟာ အဲဒီ စာရေးဆရာကြီးတွေ ရေး သားခဲ့တဲ့ စာအုပ်တွေကို ဖတ်ဖူးဖို့ မဆိုထားနဲ့ သူတို့နာမည်တွေကို တောင် မကြားဖူးကြတဲ့ လူငယ်တွေ က အများစုဖြစ်တယ်ဗျ။ သခင် ကိုယ်တော်မှိုင်းပုံကို ပြကြည့်လို့ ဘယ်သူမှန်းမသိတဲ့ လူငယ်တွေ၊ မြသန်းတင့်ဆိုတာ ယောက်ျားလား မိန်းမလား မသိတဲ့လူငယ်တွေ ကျွန်တော်ကိုယ်တိုင်တွေ့ ခဲ့ဖူးတယ်ဗျ။ ဒီလိုဖြစ်ရတဲ့အတွက် အဲဒီ လူငယ်တွေကို ကျွန်တော်တို့ အပြစ် ဆိုစရာအကြောင်းမရှိဘူးဗျ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် တို့ဆီက လူငယ်တွေဟာ ရသ (အထူးသဖြင့် ရသစာပေ) ခံစားမှု နဲ့ ပတ်သက်ပြီး ရိုက်ချက်နှစ်ခု (ီသကဘူနှုာစခေအ) ဒဏ်ကို ခံစား ကြရသူတွေဖြစ်တာကြောင့် ဖြစ် တယ်ဗျ။
ပထမရိုက်ချက်က ကမ္ဘာ တစ်လွှားက အခြားလူငယ်များ နည်းတူ သတင်းနည်းပညာပေါက် ကွဲမှုရဲ့ ရိုက်ချက်ဖြစ်တယ်ဗျ။ ဒုတိယကတော့ ကျွန်တော်တို့ နိုင်ငံ မှာ ကာလရှည်ကြာ တည်ရှိသွား ခဲ့တဲ့ ‘ရသစာပေ ခါးဆက်ပြတ်မှု’ ရဲ့ ရိုက်ချက်ဖြစ်တယ်ဗျ။ ကြီးကျယ်ခမ်းနားတဲ့ ရသ စာပေဆိုတာ လူမှုဘဝအပေါ် သစ္စာရှိရှိ ထင်ဟပ်ဖော်ပြရတဲ့အရာ မျိုးဖြစ်တာကြောင့် ပြည်သူ တစ် ရပ်ရဲ့ လူမှုဘဝအခြေခံတွေဖြစ်တဲ့ လွတ် လပ်မှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေ စီရေးအခြေအနေတွေ အကျပ်ဆိုက်လာနေတဲ့ ကာလ တွေမှာ စာကောင်းပေကောင်းလို့ ခေါ်တဲ့ ရသစာပေတွေဟာလည်း တစ်နေ့တခြား ပိုပိုပြီးရှားပါးလာခဲ့ ရတာ အားလုံးအသိပဲဖြစ်တယ်ဗျာ။ အဲဒီတော့ အခုအချိန်မှာ အဲဒီ ရိုက်ချက် နှစ်ခုစလုံးရဲ့ဒဏ်ကိုဒီကနေ့ လူငယ်တွေက တစ်ပြိုင်တည်း ခံစားနေကြရတာဖြစ်တယ်ဗျာ။

မြင်းနှစ်ကောင်ကတဲ့ရထား
လောကကြီးဟာ အတတ် ပညာနဲ့ အသိပညာဆိုတဲ့ မြင်းနှစ် ကောင်ကတဲ့ ရထားတစ်စင်းဖြစ် တယ်ဗျ။ အဲဒီမြင်းနှစ်ကောင် ခြေကျ ညီညီပြေးကြမှသာ လောကရထား ဟာ တည်တည်ငြိမ်ငြိမ် အရှိန် အဟုန်ကောင်းကောင်းနဲ့ ရှေ့ကို ရွေ့လျားနိုင်မှာ ဖြစ်တယ်ဗျ။ ‘အ တတ်ကျူး ဘီလူးဖြစ်’ဆိုတဲ့ စကားဟာ အတတ်ပညာ (သိပ္ပံ) နဲ့ အသိပညာ (ဝိဇ္ဇာ)တို့ ဟန်ချက် ညီညီ ဖွံ့ဖြိုးမှုမရှိခြင်းရဲ့ ထင်ဟပ်ချက် ဖြစ်တယ်ဗျ။ ဒါကြောင့် နိုင်ငံရဲ့ အနာဂတ်ခေါင်းဆောင်တွေ ဖြစ် လာကြမယ့် ဒီကနေ့ လူငယ်တွေ အတတ်ကျူးတဲ့ ဘီလူးတွေဖြစ် မလာကြရလေအောင် သူတို့ရဲ့ သိမှု (ဝိဇ္ဇာ) ကို တိုးမြှင့်လာစေမယ့် ရသ စာပေတွေ ဖတ်ရှုလာကြစေဖို့နဲ့ သူတို့ အဲသလို ဖတ်ရှုနိုင်အောင် ရသစာပေကောင်းတွေ နိုင်ငံမှာ များများ ပေါ်ထွက်လာစေရေး အတွက် အခုအချိန်မှာ သက်ဆိုင် သူအားလုံးက အရှိန်အဟုန်မြှင့်ပြီး ဝိုင်းဝန်းကြိုးပမ်းသင့်ပြီလို့ ကျွန်တော် ယူဆကြောင်းပါဗျာ။


မောင်ဝံသ(  Popular News)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...