ဗုဒ္ဓ၏ အဆုံးအမတော်များ (၁၆) မိမိ၏ စိတ်ကို စောင့်ရှောက်ပါ
by Moenge Aung on Thursday, October 13, 2011 at 1:07pm
မင်းနန်(မော်ကျွန်း)
ဒါယကာစိတ်ကိုမစောင့်ရှောက်လျှင် ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှု (ကိုယ်မှု နှုတ်မှု စိတ်မှု) များလည်း မစောင့်ရှောက်သည်ပင်မည်၏။ မစောင့်ရှောက် ဘဲထားသော ကာယကံ၊ ၀စီကံ၊ မနောကံမှုများသည် မကောင်းသောတရားဖြင့် စိုစွတ်၏။ မကောင်းသောတရားဖြင့် စိုစွတ်သော ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှုများသည် ပုပ်ဆွေး၏။ ယင်းပုပ်ဆွေးနေသော ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှုရှိနေသောသူ၏သေခြင်းသည် ကောင်းသောသေခြင်း မဖြစ်နိုင်။ ဒါယကာစိတ်ကိုလွှတ်မထားဘဲ စောင့်ရှောက် လျှင် ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှုများလည်း စောင့် ရှောက်အပ်သည်ပင်မည်၏။ စောင့်ရှောက်အပ်သော ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှုတို့သည် မကောင်း သောတရားဖြင့် မစိုစွတ်ချေ။ မကောင်းသောတရား ဖြင့် မစိုစွတ်သော ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှု သည် စင်ကြယ်လတ်ဆတ်၏။ ယင်းသို့ စင်ကြယ်လတ် ဆတ်သော ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှုရှိနေသော သူ၏သေခြင်းသည် ကောင်းသော သေခြင်းဖြစ်၏။
(တိကအဂုင်္တ္တိုရ်ပါဠိတော်၊ တတိယပဏ္ဍာသက၊ ဒ-သမ္ဗောဓတ်၊ အရက္ခိတသုတ်)
လူသားဟူသည် ရုပ်နှင့်စိတ်တို့ပေါင်းစပ်ဖွဲ့ စည်းထားခြင်းဖြစ်ပါသည်။ ရုပ်ဓာတ်၊ နာမ်ဓာတ်အဆောက် အအုံဟုဆိုနိုင်ပါသည်။ ရုပ်ခန္ဓာနှင့်စိတ်ဟူ၍ ဒွန်တွဲ ဖြစ်တည်ရာတွင် စိတ်က ရုပ်ကိုဦးဆောင်ပါသည်။ စိတ်က ရုပ်၏အကြီးမှူးဖြစ်ပါသည်။ စိတ်က ဦးဆောင် ညွှန်ကြားသူဖြစ်ပါသည်။ ကာယကံ၊ ၀စီကံတို့က မနောကံတည်းဟူသောစိတ်၏ စေခိုင်းညွှန်ကြားမှု အတိုင်း လိုက်နာဆောင်ရွက်ကြရသည်။ လူတို့၏ ဘ၀ကို ကာယကံ၊ ၀စီကံ၊ မနာကံဟူသောကံ သုံးပါးဖြင့် တည်ဆောက်ထားခြင်းဖြစ်ပါ သည်။ ကံသုံးပါးကောင်းမွန်မှ ဘ၀ကောင်း ဘ၀မွန်ဖြစ်မည်။ ကံသုံးပါးလှမှသာ ဘ၀လှ မည်။ ကံသုံးပါးသန့်စင်မှ ဘ၀သန့်စင်မည်။ ကံသုံးပါးမကောင်းလျှင် ဘ၀လည်း မကောင်း၊ ကံသုံးပါးညစ် နွမ်းလျှင် ဘ၀လည်း ညစ်နွမ်းမည်။ ကံသုံးပါး မသန့် ရှင်းလျှင် ဘ၀ လည်းမသန့် ရှင်း။ ဒီတော့ လူ သားတိုင်းအဖို့ 'ဘ၀၏ဗိသုကာ' ဖြစ်သော ကံသုံးပါး လှပကောင်းမွန်သန့်စင်နေဖို့လိုပါသည်။
ကာယကံ၊ ၀စီကံ၊ မနောကံတည်းဟူသော ကံသုံးပါးလှပကောင်းမွန်သန့်စင်နေစေရန်အတွက် ပထမဦးဆုံး ဆောင်ရွက်ရမည့်လုပ်ငန်းဆောင်တာမှာ 'မနောကံ'ဟူသောစိတ်၏တန်ဖိုးကို သိဖို့ပင်ဖြစ်ပါသည်။ ဤလောက၌ လူသားတစ်ဦးနှင့်တစ်ဦး ရုပ်ဝတ္ထုပိုင်ဆိုင် မှုချင်းမတူ ခြားနားကွဲပြားသည်။ ယင်းသို့ ကွဲပြားခြား နားသော်လည်း 'စိတ်'ကို ပိုင်ဆိုင်ရာ၌မူ အတူတူသာ ဖြစ်ပါ၏။ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ ပညာတတ်သည်ဖြစ်စေ ပညာမတတ်သည်ဖြစ်စေ ဒီစိတ်ကလေးကိုတော့ ကိုယ်စီကိုယ်င ပိုင်ဆိုင်ခွင့်ကို သဘာဝတရားကြီးက ပေးအပ်ထားသည်သာဖြစ်ပါ၏။ ပြီးတော့ ဒီစိတ်ကလေးကိုပိုင်ဆိုင်မှုက အနှောင်အဖွဲ့ ကင်းသည်။ လွတ်လပ်သည်။ မိမိစိတ်ကလေးကို မိမိ စိတ်ကြိုက်ဖန်တီး၍ ရသည်။ မည်သူတစ်ဦးတစ် ယောက်ကမှ မိမိ၏စိတ်ကို မည်သို့ထားဟု အမိန့်ပေးညွှန်ကြား၍ မရနိုင်။ မိမိဘ၀၏ဖန်တီးရှင်၊ ကံနှစ်ပါး၏ ပဲ့ကိုင်ရှင်ဖြစ်သော စိတ်ကို တန်ဖိုးထား မြတ်နိုးဖို့ အရေးကြီးလှပါ၏။ ဒီစိတ်ကလေးကို အရိပ် တကြည့်ကြည့်နှင့် သတိဖြင့်စောင့်ကြည့်ဖို့လိုပါသည်။
စိတ်ကို ဒီအတိုင်းပစ်ထား၍မရပါ။ 'ပစ်' ထားလျှင် ပရမ်းပတာဖြစ်တတ်ပါ၏။ ဦးတည်ရာမဲ့ လေလွင့်တတ်ပါ၏။ အချို့က စိတ်ကို စိတ်အတိုင်းထား ပါဟု ဆိုတတ်ကြပါသည်။ စိတ်ကို စိတ်အတိုင်းထား၍ မရပါ။ စိတ်ကို မကောင်းသောအာရုံတို့၌ မကျရောက် အောင် ထိန်းဖို့လိုပါသည်။ စောင့်ရှောက်ဖို့လိုပါသည်။ အများအားဖြင့် လူတို့သည် ပြင်ပဗဟိဒ္ဓရုပ်ခန္ဓာကို လှပအောင် အမျိုးမျိုးပြုပြင်မွမ်းမံသည်။ နေ့စဉ် မှန် တကြည့်ကြည့်နှင့် ခန္ဓာကိုယ်ကို ဂရုစိုက်တတ်ကြ သည်။ 'စိတ်'ကိုမူ အမှုမဲ့အမှတ်မဲ့နေတတ်ကြသည်။ မိမိ၏စိတ်ကလေး ကြည်လင်နေသလား၊ နောက်ကျိ နေသလား၊ ကုသိုလ်စိတ်ဖြစ်နေသလား၊ အကုသိုလ် စိတ်ဖြစ်နေသလားဟူ သည်ကို 'စိတ်မှန်ပြင်'တွင် ကြည့်ရှုလေ့ မရှိတတ်ကြ။ ဤသို့ ရုပ်ကိုသာ ပြုပြင်ပြီး စိတ်ကိုမပြင်တတ်ကြ ခြင်းနှင့်စပ်လျဉ်း၍ ကျေးဇူးရှင် တောင်မြို့ မဟာဂန္ဓာရုံဆရာ တော်ကြီး အရှင်ဇနကာဘိဝံသ က ဤသို့ မိန့်တော်မူခဲ့ပါ၏။
''လူတိုင်းဟာ ရုပ်ကို သာ ပြုပြင်တတ်ကြတယ်။ နာမ် ကိုတော့ မပြင်တတ်ကြဘူး။ ဒါကြောင့် ရုပ်ချမ်းသာမှုကို ရှေးရှု နေကြတာပဲ။ နာမ်ချမ်းသာမှု ကို ရှေးရှု မပြင်တတ်ကြရင် ညာ ၀ါးနေခြင်းသာဖြစ်တယ်''
စိတ်ကို စောင့်ရှောက်လျှင် ကာယကံ၊ ၀စီကံတွေကို စောင့်ရှောက်ပြီးသား ဖြစ်နေ၏။ စိတ်ကိုထိန်းသိမ်းထားလျှင် ကာယကံ၊ ၀စီကံတွေကို ထိန်းသိမ်းပြီးသား ဖြစ်နေ၏။ စောင့်ရှောက်အပ်သောစိတ်သည် ကောင်းကျိုးကိုဆောင်၏။ ကုသိုလ်ကောင်းမှုတွေကို သီးပွင့်စေ၏။ ဘ၀၀ယ် ကောင်းခြင်း မင်္ဂလာတွေ စည်ပင် လာစေ၏။
စိတ်ကို မစောင့်ရှောက်လျှင် ကာယကံ၊ ၀စီ ကံတွေကိုမစောင့်ရှောက်နိုင်။ စိတ်ကိုမထိန်း သိမ်းလျှင် ကာယကံ၊ ၀စီကံတွေကိုပါ မထိန်းသိမ်းနိုင်။ မစောင့်ရှောက် အပ်သောစိတ်သည် မကောင်းကျိုးပေး၏။ မကောင်းမှု အကုသိုလ်တွေကို ဖြစ်ပွားစေ၏။ ဘ၀၀ယ် ရလဒ်ဆိုးတွေသာ ဆူးပင်တွေလို ပေါက်ပွားလာ စေ၏။
စိတ်ကိုဆုံးမလျှင် ချမ်းသာကြောင်း ကျေးဇူးရှင် ရွှေဥဒေါင်းတောင်ဆရာတော်ကြီးက-
''စိတ်ကိုဆုံးမလျှင် လူချမ်းသာလဲ ရနိုင်တယ်။ နတ်ချမ်းသာလဲရနိုင်တယ်။ နိဗ္ဗာန်ချမ်းသာလဲ ရနိုင် တယ်။ မြဲမြဲမှတ်ကြ''ဟူ၍ ဆုံးမတော်မူခဲ့ပါ၏။
စိတ်ကိုမစောင့်ရှောက်လျှင် မဆုံးမလျှင် စိတ်ထဲသို့ အကုသိုလ်စေတသိက်တွေ တစ်ပြုံတစ်မ ကြီး ၀င်လာမည်သာဖြစ်ပါသည်။ ယင်းအကုသိုလ်စေ တသိက်များမှာ လောဘ(သာယာတပ်မက်ခြင်း)၊ ဒေါသ(အမျက်ထွက်ခြင်း)၊ မောဟ(တွေဝေခြင်း)၊ ဒိဋ္ဌိ (အယူမှားခြင်း)၊ မာန(ထောင်လွှားမြင့်တက်ခြင်း)၊ ဣဿာ (ငြူစူခြင်း)၊ မစ္ဆရိယ(၀န်တိုခြင်း)၊ ကုက္ကုစ္စ (နောင်တ တစ်ဖန်စိုးရိမ် ပူပန်ခြင်း)၊ အဟိရိက (မကောင်းမှုပြု ရ မည်ကိုမရှက်ခြင်း)၊ အနော တ္တပ္ပ(မကောင်းမှုကို အကြောက် အလန့်မရှိပြုခြင်း)၊ ဥဒ္ဒိစ္စ(စိတ် မတည်ငြိမ်ပျံ့လွင့်ခြင်း)၊ ထိန (စိတ်လေးလံထိုင်းမှိုင်းခြင်း)၊ မိဒ္ဓ(အာရုံကိုထိတွေ့ခံစားမှု၌ မပွင့်လင်းခြင်း)၊ ၀ိစိကိစ္ဆာ(နှစ် လုံးနှစ်ခွဒွိဟသဘောရှိခြင်း) တို့ဖြစ်ပါသည်။ ထိုအကုသိုလ် စေတသိက်များသည် အဆိုး တရား၊ အယုတ်တရား၊ မကောင်းမှုများ၏ ပင်မရေစီး ဖြစ်ပါ၏။ အဆိုးလောကဓံ ဟူသမျှ၏ မူလဘူတရင်းမြစ် အစစ်အမှန်များဟုလည်း ဆိုနိုင်ပါ၏။
စိတ်ကိုမစောင့်ရှောက်ခြင်းသည် ပစ္စုပ္ပန်ဘ၀ တွင်လည်း ကောင်းကျိုးမပေး၊ သံသရာတွင်လည်း ကောင်းကျိုးမပေး။ စိတ်အကျည်းတန်လျှင် ဘ၀ကို ပုံဖော်ထုဆစ်နေသော ကာယကံမှု၊ ၀စီကံမှုတို့လည်း အကျည်းတန်ပါ၏။ ထိုအခါ ဘ၀လည်း အကျည်းတန် လေတော့၏။ ပစ္စုပ္ပန်မျက်မှောက်ဘ၀သည် မကောင်း သောကံသုံးပါးကြောင့် မလှပတော့လျှင် နောင်ဘ၀ တွင်လည်း လှနိုင်တော့မည်မဟုတ်ပါ။ မိမိ၏စိတ်ကို ဂရုစိုက်မှ မိမိ၏ပစ္စုပ္ပန်ဘ၀ကို ဂရုစိုက်ရာ ရောက်ပါ၏။ မိမိ၏ ပစ္စုပ္ပန်ဘ၀ကို ဂရုစိုက်မှ နောင်ဘ၀ကို ဂရုစိုက်ရာ ရောက်ပါ၏။
ထစ်ခနဲရှိလျှင် စိတ်တိုလွယ်၊ ဒေါသထွက် လွယ်တတ်သူသည် မိမိ၏စိတ်ကို ကောင်းစွာစောင့် ရှောက်သူမဟုတ်ပါ။ ကြားရသမျှ မြင်ရသမျှအပေါ် အဆိုးမြင်ဝါဒဖြင့် မကောင်းမြင် အပြစ်ပြောဆိုနေသူ သည်လည်း မိမိ၏စိတ်ကို ကောင်းစွာစောင့်ရှောက်သူ မဟုတ်ပါ။ ၀ိသမလောဘ၏စေခိုင်းရာကို မိစ္ဆာအာဇီဝ လား၊ သမ္မာအာဇီဝလား မခွဲခြားသော နယ်ကျွံအတ္တ သမားသည်လည်း မိမိ၏စိတ်ကို စောင့်ရှောက်သူမဟုတ် ပါ။ တစ်ဖက်သူ၏ သာမန်အမှားပေါ်မှာ သည်းမခံ တတ်ဘဲ အမုန်းအမျက်ကြီးတတ်သူ အာဃာတထား တတ်သူသည်လည်း မိမိ၏စိတ်ကို ကောင်းစွာစောင့် ရှောက်သူမဟုတ်ပါ။ အသောက်အစား လောင်းကစား လိင်အပျော်အပါးတို့၌ မူးမူးမေ့မေ့ခုံမင်ပျော်မွေ့နေ သူသည်လည်း မိမိ၏စိတ်ကို ကောင်းစွာစောင့်ရှောက် သူမဟုတ်ပါ။ စိတ်ထဲသို့ လောဘတွေ ကြီးကြီးမားမား အင်နှင့်အားနှင့် အတိုင်းအဆမဲ့ ၀င်ရောက်ခွင့်ပေးလျှင် ထိုသူသည် ထိုအချိန်တွင် မိမိ၏စိတ်ကို ကောင်းစွာ စောင့်ရှောက်သူမဟုတ်ပါ။ ထို့အတူ စိတ်ထဲသို့ ဒေါသ၊ မာန်မာန၊ ဣဿာ မစ္ဆရိယများ လှိုင်းလုံးသဖွယ်စီး ၀င်လာသည်ကို မသိကျိုးကျွန်ပြုနေသူသည်လည်း မိမိ ၏စိတ်ကို ကောင်းစွာ စောင့်ရှောက်သူမဟုတ်လေပါ။
စိတ်ကောင်း ရှိဖို့ဆိုသည်မှာ တမင်အားထုတ် ကြိုးစားရသောအရာဖြစ်ကြောင်း ကျေးဇူးရှင် တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသ က ဤသို့ ဆုံးမတော်မူခဲ့ပါ၏။
''လူများသည်လဲ ဒီလိုပဲ။ စိတ်ကောင်းရှိဖို့ အင်မတန်ကြိုးစားရတယ်။ လောဘကြီးတဲ့လူက လောဘလျော့အောင်၊ ဒေါသကြီးတဲ့လူက ဒေါသလျော့ အောင်၊ မာန်မာနကြီးတဲ့လူက မာန်မာနတွေမရှိသ လောက် ကင်းသွားအောင်၊ မနာလိုဝန်တိုတတ်တာကို ဣဿာမစ္ဆရိယလို့ခေါ်တယ်။ အဲဒါ ဣဿာမစ္ဆရိယ မရှိသလောက်ဖြစ်အောင် ကြိုးစားရမယ်။ ဒါမှ စိတ် ကောင်းတယ်''
စိတ်ကို ကောင်းစွာစောင့်ရှောက်တတ်အောင်၊ စိတ်ကောင်း နှလုံးကောင်းရှိအောင် ဆောင်ရွက်နိုင်သည့်နည်းလမ်းကို ကျေးဇူးရှင် ဓမ္မဒူတအရှင် ပညာ ဇောတဆရာတော်ကြီးက ဤသို့မိန့်တော်မူခဲ့ပါ ၏။
''စိတ်ကောင်းနှလုံးကောင်းရှိသူအတွက် မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ ကိုယ့်စိတ်မှာထင်လာသမျှ ကောင်းဆိုးလယ်လတ်အာရုံတွေက အားလုံးအကောင်း ချည်းပဲဖြစ်ပါတယ်။ အဲဒီလိုဆိုတော့ စိတ်ကောင်း နှလုံးသွင်းကောင်းက အရေးကြီးသလိုပါပဲ။ ဒါပေမဲ့လို့ အဲဒီစိတ်ကောင်းနှလုံးသွင်းကောင်း ဘယ်ကလာသလဲ လို့ သူ့ရဲ့နောက်ကြောင်းကိုလိုက်ကြည့်ရင် သူတော် ကောင်းတရားနာကြားမှုက လာပါတယ်။ တရားတော် နာကြားမှုကလာတယ်ဆိုတော့ တရားမနာဘဲ စာ ကောင်းပေမွန်တွေဖတ်လျှင် စိတ်ကောင်းနှလုံးသွင်း ကောင်းမရနိုင်ဘူးလားလို့ မေးစရာရှိပါတယ်။ မေးစ ရာရှိလို့မေးလျှင် ရနိုင်ပါတယ်လို့ ဖြေရပါမယ်။''
မိမိ၏စိတ်ကို ကုသိုလ်စိတ်ဖြစ်အောင် အကုသိုလ်စိတ် မဖြစ်အောင် စောင့်ရှောက်သော နည်းလမ်းများ အများအပြား ရှိနိုင်ပါသည်။ ဆရာတော်ကြီးများ ၏ ဟောစဉ် တရားများကို ရိုရိုသေသေ မှတ်မှတ်သား သားနာကြားခြင်းသည် မိမိ၏စိတ်ကို စောင့်ရှောက်နေ ခြင်းဖြစ်ပါသည်။ ဗုဒ္ဓဓမ္မစာပေများနှင့် အသိအလိမ္မာ ဥာဏ်ပညာကို ပေးစွမ်းနိုင်သော စာကောင်းပေမွန်များကို ဖတ်ရှုခြင်းသည်လည်း မိမိ၏စိတ်ကိုစောင့်ရှောက် နေခြင်းဖြစ်ပါသည်။ မကောင်းသောအာရုံများနှင့်မကြုံ တွေ့အောင် ကြိုတင်ရှောင်ရှားသောနေနည်းသည်လည်း မိမိ၏စိတ်ကို စောင့်ရှောက်နေခြင်းဖြစ်ပါသည်။ မကောင်း သောအာရုံများ စိတ်ထဲသို့ဝင်လာလျှင် ၀င်လာချင်း ရတနာသုံးပါးအာရုံအပေါ်ကိုပြောင်းသော နည်းသည် လည်း မိမိ၏စိတ်ကိုစောင့်ရှောက်ခြင်းဖြစ်ပါသည်။ မလွှဲမရှောင်သာ စိတ်ဆိုးစိတ်ပျက်ဒေါသထွက်စရာ များနှင့် ကြုံလာလျှင် လွန်လွန်ကဲကဲမပေါက်ကွဲအောင် ထိန်းထိန်းသိမ်းသိမ်းနေမည်ဟု ကြိုတင်ဆုံးဖြတ်ထား ခြင်းသည်လည်း မိမိ၏စိတ်ကို စောင့်ရှောက်ခြင်းဖြစ် ပါ၏။
အတတ်နိုင်ဆုံး စိတ်ကို ကြည်လင်ရွှင်ပျစွာ နေပြီး တစ်နိုင်ကောင်းမှုများပြုနေခြင်းသည်လည်း မိမိ ၏စိတ်ကို စောင့်ရှောက်နေခြင်းဖြစ်ပါသည်။ သတ္တ၀ါမှန် သမျှ ကျန်းမာချမ်းသာပါစေဟု မေတ္တာပွားပို့နေခြင်း သည်လည်း မိမိ၏စိတ်ကို စောင့်ရှောက်နေခြင်းဖြစ်ပါ သည်။ ဘုရားရှိခိုးဝတ်ပြုပြီး ပန်းရေချမ်းဆွမ်းဆီမီးအ မွှေးနံ့သာများကို ကြည်ကြည်နူးနူး ကပ်လှူပူဇော်နေချိန် သည်လည်း မိမိ၏စိတ်ကို စောင့်ရှောက်နေခြင်း ဖြစ်ပါသည်။ ကျောင်းကန်ဘုရားတို့၌ ဘုရားဝေယျာဝစ္စ၊ သံဃာ့ဝေယျာဝစ္စများကို ဆောင်ရွက်နေချိန်သည်လည်း မိမိ၏စိတ်ကို စောင့်ရှောက်နေခြင်းဖြစ်ပါသည်။ ဘ၀ တွင် တွေ့ကြုံလာရသော အဖြစ်အပျက်အခြေအနေ တို့အပေါ် သင့်တင့်လျောက်ပတ်သော နှလုံးသွင်းဖြင့် ကုသိုလ်ဖြစ်အောင် ဆင်ခြင်နေထိုင်ခြင်း သည်လည်း မိမိ၏စိတ်ကို စောင့်ရှောက်ခြင်းဖြစ်ပါသည်။
သမထ၊ ၀ိပဿနာဘာဝနာတရားအား ထုတ်နည်းကတော့ စိတ်ကို အကောင်းဆုံးစောင့် ရှောက်နည်းဖြစ်ပါသည်။ မိမိပိုင်ဆိုင်သော 'စိတ်' ကလေးကို မြတ်မြတ်နိုးနိုးတန်ဖိုးထားလျက် ထာဝစဉ် ယုယုယယစောင့်ရှောက်ခြင်းအားဖြင့် တန်ဖိုးရှိသော ဘ၀ ကောင်းဘ၀မွန်တစ်ခုကို လှလှပပ ပုံဖော်ထုဆစ် သွားအပ်ပါသည်။
0 comments:
Post a Comment