Wednesday, October 12, 2011

`အင်ဒိုချိုင်းနား တို့အမျိုးသား´

by Soe Min on Thursday, October 13, 2011 at 11:21am
           လွတ်လပ်ရေးရခါစက တော်တော်ကြီးကို အထည်ကြီးခဲ့တဲ့ ကျုပ်တို့တိုင်းပြည်ဟာ ပျက်ပြီးရင် ပျက်လာခဲ့ရာက အခုဆိုရင် ခွက်လက်မဆွဲရုံတမယ်ပဲ ကျန်တော့တယ်။ စင်္ကာပူ၊ မလေးရှား၊၊ ယိုးဒယားလောက် အသာထားလို့ လာအို၊ ကမ္ဗောဒီးယား၊ ဘင်္ဂလား၊ ဗီယက်နမ်တို့တောင် ကျော်တက်ကုန်ပြီ။ လူဖြစ်ရတဲ့ဒုက္ခဆိုတာ မြန်မာပြည်မှာလောက် ဘယ်မှာမှ မဆိုးနိုင်ပါဘူး။ … အစရှိသော အတွေးတွေနဲ့ တရွာမပြောင်း သူကောင်းမဖြစ်ဝါဒကို လက်ကိုင်ထားပြီး ပဋိရူပ ဒေသ၀ါသောစ မင်္ဂလာနဲ့အညီ ထွက်ခွာသွားကြသူများကိုဖြင့် မှားတာပေါ့ဗျာ။ မှန်တာပေါ့ဗျာ။ ဘာမှတ်ချက်မှ မပေးလိုပါဘူး။
လူတိုင်းလူတိုင်းမှာ ကိုယ့်ဘ၀နဲ့ကိုယ်စီ ဖြစ်လေတော့ ခိုင်လုံတဲ့အကြောင်းတစုံတရာမရှိပဲ ဘယ်သူကမှ ရပ်ဝေးမြေခြားမှာ ဘ၀သစ်စပြီး အခြေချနေချင်မယ် မဟုတ်ပေဘူး။ တွေးမိတာတစ်ခုက ကိုယ်တွေက ဘယ်လိုမှ နေမဖြစ်တော့ပါဘူးဆို အပြင်ထွက်ထွက်သွားသလောက် သူများတွေက တားလို့ဆီးလို့ မနိုင်အောင် ကိုယ့်အထဲကို လှိမ့်ဝင်လာကြတာက ဘာအကြောင်းတွေများ ရှိလို့ပါလိမ့်။ ကိုယ့်မြေက ရွှေထွက်နေတာလည်းမဟုတ်။ ထွက်နေရင်တောင် အဲဒီရွှေတွေကို ကိုယ့်စိတ်ကိုယ့်သဘောနဲ့ တူးဆွသန့်ကျင်ယူလို့မရနိုင်တာ ကိုယ်တွေ့မို့လို့ သူများရပ်ရွာမှာ ထမင်းစားကျွန်ခံ အိမ်မက်တွေ တစ်လှေကြီးမက်နေကြရတာ သူတို့တွေက ဘာများမက်လို့ရယ် မသိ။ သဘာဝတရားက တောင်တန်းတံတိုင်းကြီးများ ပိုင်းခြားပေးထားတာတောင်မှ အရှေ့အရပ်ကရော အနောက်အရပ်ကပါ ၀င်လာမစဲ တသဲသဲနေတာ လ၀ကအရာရှိမင်းများသာ အသိဆုံးဖြစ်ပေလိမ့်မယ်။ ဘူးသီးတောင်၊ မောင်းတောဘက်ကိုရောက်ရင်၊ မူဆယ်၊ လောက်ကိုင်ဘက်ကို ရောက်ဖူးရင် ဒီစကားကို သံသယရှိမယ် မထင်ပါဘူး။ မြေပုံပေါ်မှာစိုက်ထူထားတဲ့ နယ်ခြားမှတ်တိုင်တွေနဲ့ မြေကြီးကိုသာ ခွဲခြားလို့ ရချင်ရမယ်။ မြေကြီးပေါ်မှာ နေနေတဲ့ လူတွေကိုကြည့်ပြီး ဒါဟာဖြင့် တရုတ်ပြည်၊ မြန်မာပြည်၊ ကုလားပြည် ခွဲခြားဖို့ တော်တော် ခက်ပါတယ်။ အများအားဖြင့်တော့ ဟိုဘက်ကမ်းဆိုတာ အင်အားကြီးနိုင်ငံတွေမို့ အလွန်တရာ ဖွံ့ဖြိုးခမ်းနား စည်ပင်ကြတာချည့်ပဲ။ သို့သော်လည်း အဲဒီဘက်ကလူတွေက တစတစ ကိုယ့်ထဲကို ကျွံဝင်လာကြတာဟာ ကိုယ့်ဆီမှာ သူတို့ထက်သာတာ တစ်ခုခုတော့ ရှိရမယ် မဟုတ်လား။ နယ်စပ်ရဲ့သဘောဆိုတာ အပြန်အလှန် ကူးလူးသွားလာကြစမြဲ ဆိုပေမယ့်၊ ကိုယ့်ဆီကလူတွေလည်း သူတို့ဆီ ထွက်သွားကြသားပဲ ဆိုပေမယ့်၊ မြန်မာတွေ အပြင်ထွက်သွားရင် ကိုယ့်အသိုင်းအ၀ိုင်း ကျယ်ဆန့်ထွက်မသွားပဲ သူများတွေ ၀င်ဝင်လာရင်သာ ကိုယ့်ရှိတဲ့နေရာကလေးတွေ ပျောက်ပျောက်သွားတာ တွေ့ရပါတယ်။ သိပ်လူမျိုးရေးခွဲခြားတဲ့စိတ်ရှိတာပဲ လို့ စွပ်စွဲရင်လည်း ခံရရုံပေါ့။ သူများကို အပြစ်မတင်ခင် ကိုယ့်ဘက်က ဘာတွေများ ချို့ယွင်းနေသလဲလို့ အရင် ဆန်းစစ်ကြည့်ရင် မကောင်းဘူးလား။
         ပထမဆုံး လောက်ကိုင်အကြောင်းကို အရင်ပြောရအောင်။ လောက်ကိုင်ဆိုတာ ကိုးကန့်ဒေသရဲ့ မြို့တော်။ နိုင်ငံတော်နဲ့ ငြိမ်းချမ်းရေးယူခဲ့တဲ့ အထူးဒေသကြိးတွေထဲမှာ နံပါတ်တစ်ဒေသပါ။ ကိုးကန့်တိုင်းရင်းသားဆိုတာ
ပြည်ထောင်စုတိုင်းရင်းသားအမည်ပေါက် စာရင်းဝင်ဆိုပေမယ့် ဆွေမျိုးပေါက်ဖော်စစ်တဲ့နေရာမှာတော့ စစ်စစ် စစ်စစ်နဲ့ကို မြည်နေပါတယ်။ မွေးသည်ကစလို့ သေသည်အထိ တရုတ်ရိုးရာ ယဉ်ကျေးမှုတွေအတိုင်း တသွေမတိမ်း၊
သေပြီးရင်တောင် တရုတ်နတ်ပြည် တရုတ်ငရဲပြည်သွားကြမှာ။ ဦးမာဃဆီ ယောင်လို့တောင် မလာဘူး။ တရုတ်စကားပြော၊ တရုတ်ငွေသုံး၊ နာရီတောင် ပီကင်းစံတော်ချိန်နဲ့ အိပ်စားသွားလာကြပါတယ်။ မြို့ထဲမှာ ပုဆိုးကြီးနဲ့ လမ်းလျှောက်လာရင် ကလေးတွေက `လောင်မြန်ထို လောင်မြန်ထို´  နဲ့ အော်ပြီး နောက်ကလိုက်ကြည့်တယ်။ (မြန်မာတွေ လာပြီတဲ့) `အောင်မယ်။ ဒင်းတို့က မြန်မာများ မမြင်ဖူးတာကျနေတာပဲ။ ငါတို့မြန်မာကလေးတွေရော သူတို့မြို့ထဲ မရှိလို့လား´ ဆိုရင်တော့ ရှိသားပဲ။ ဒါပေမယ့် ဘယ်သတိထားမိကြမလဲ။ ပလပ်စတစ်ကောက်၊ ဘူးပလုံးကောက်၊ ဂျပ်ဖာကောက် အကုန် ဗမာကလေးတွေချည့်ပဲ။ (တော်ပါသေးရဲ့။ တောင်းတော့ မစားကြလို့) မြန်မာတွေ နေတဲ့ ရပ်ကွက်ကို သူတို့က မြန်မာတန်းလို့ခေါ်ပြီး အမေကြီးကားက ကပ္ပလီရပ်ကွက်တွေလို သဘောထားတယ်။ တရုတ်မလေးတွေ တစ်ယောက်တည်း ကားမောင်းရင် `အဲဒီဘက်ကို မမောင်းနဲ့။ နင့်ကိုဝင်တိုက်ပြီး လျော်ကြေးတောင်းလိမ့်မယ်´ လို့ ပြောသတဲ့။
             ဘာပဲပြောပြော မြန်မာမြေပေါ်မှာကြီးပြီး အခြေချနေထိုင် ပေါက်ဖွားတဲ့လူတွေမို့ သူတို့ကိုတော့ ပြည်ထောင်စုတိုင်းရင်းသားလို့ပဲ သဘောထားလိုက်ပါစို့။ အခုပြောမှာက အဲဒီဒေသမှာ ပြည်မကြီးက လာရောက်နေထိုင်တဲ့ ဧည့်မဟုတ်၊ အိမ်မဟုတ် တရုတ်တွေအကြောင်း ပြောပြပါမယ်။ လောက်ကိုင်ဆိုတဲ့ နံမည်က တရုတ်ဘာသာနဲ့ ဈေးဟောင်းကလေး လို့ အဓိပ္ပါယ်ရပါတယ်။ နှစ်နိုင်ငံ နယ်ခြားမြို့ကလေးပီပီ အဖေအမေဆူရင် အဘိုးအဘွားအိမ်ဆင်းသွားလိုက်၊ အဘိုးအဘွားက စိတ်ဆိုးရင် မိဘအိမ်ပြန်သွားလိုက် လုပ်နေတဲ့ ကလေးများလိုပဲ နှစ်ဘက်စလုံးရဲ့ ဥပဒေတွေနဲ့ လက်တစ်လုံးခြားနေတတ်လေတော့ တချိန်တုန်းကတော့ ဘိန်းစိုက်ရာ၊ ရောင်းရာအရပ်၊ အခုတော့ လပ်စ်ဗေးဂပ်စ်ကလို လောင်းကစားရုံကြီးများ အကြီးအကျယ် စည်ကားရာအရပ် ဖြစ်ပါတယ်။ ဟောင်ကောင်ရုပ်ရှင်ထဲကအတိုင်း တိုကင်ပြားတွေ တွန်းလိုက်ရွှေ့လိုက်ပြီး စီးကရက် အရက်ခွက် လက်ကြားက မချပဲ နေနိုင်သလို၊ တဒိုင်းဒိုင်း ကောင်းဘွိုင်လိုပဲ သေနတ်နဲ့ပစ်မယ် ချစ်သူရေ..လည်း လုပ်လို့ရပါတယ်။ ၀ါသနာရှင်လော်ပန်ကြီးများ လာရောက် အပန်းဖြေလို့ နိုင်ငံတကာ အဆင့်မီ ဟော်တယ်ကြီးများ ဟီးဟီးထနေအောင် ရှိပါတယ်။ အဲဒီစီးပွားရေးဈေးကွက်ကို အမှီပြုလို့ တရုတ်နိုင်ငံသားစစ်စစ်ကြီးတွေ လာရောက်နေထိုင် အသက်မွေးဝမ်းကျောင်းကြတာပေါ့။
         လောင်းကစားရုံတွေမှာ ၁၈ နှစ်နဲ့ ၂၅ နှစ်အကြား လူငယ်တွေ အများအပြား အလုပ်လုပ်ကြတာမို့ သူတို့ကိုဦးတည်တဲ့ အဆောင်၊ အစားအသောက်၊ ဆိုင်ကလေးကန္နားလေးများလည်း စည်ပါတယ်။ ဒီလိုနဲ့ သူတို့ဟာသူတို့ ကျွန်းကိုင်းမှီလိုက် ကိုင်းကျွန်းမှီလိုက် ၀င်လာကြရင်း တရုတ်မြို့စစ်စစ် ဖြစ်သွားတာပါ။ ဒေသခံတွေလည်း ကောင်းစားတာပါပဲ။ ခြံဝင်းထရံပတ်လည် အခန်းရိုက်ပြီး ငှားစားစား၊ အိမ်နောက်ဖေးမှာ အိပ်ဆောင်ကလေးတွေ ဆောက်ပြီး အဆောင်ငှားစားစား အလုပ်မလုပ်ပဲ ထိုင်စားလို့ရတယ်။ အခန်းခတွေက ဈေးကြီးတော့ အဲဒီဆယ်ပေပတ်လည် အခန်းကလေးတွေမှာ တရုတ်မိသားစု ဘယ်လိုနေထိုင်ကြသလဲဆိုတာ စိတ်ဝင်စားဖို့ အကောင်းသား။
             သူတို့ဖွင့်မယ့် ဆိုင်အရင်းအနှီးထဲမှာ အခန်းပြင်ဆင်စားရိတ် သတ်သတ်မှတ်မှတ်ထားပါတယ်။ ပစ္စည်းအရင်းအနှီးထက်တောင် များချင်များဦးမယ်။ မှန်တွေ၊ အလျူမီနီယံပြားတွေ၊  မီးသီးမီးချောင်းတွေနဲ့ မြင်တာနဲ့ သားသားနားနားကလေးဖြစ်အောင် ပြင်ထားကြတာ။ အိပ်ရာအတွက် မျက်နှာကျက်ရိုက်ထားပြီး အဲဒီငုတ်တုတ်ထိုင်လို့ မလွတ်တလွတ်မျက်နှာကျက်ထဲမှာ အိပ်ခန်းရော ကုန်ပစ္စည်းထားစရာ စတိုခန်းရော ပြီးပါတယ်။ သူတို့ပစ္စည်းက ဘာဝန်ပါတာလိုက်လို့၊ အိပ်ရတာလည်း နွေးနွေးထွေးထွေးရှိသွားရော။ အထည်ဆိုင်ဆိုရင်တော့ ကျောဘက်နံရံကပ်ပြီး အ၀တ်လဲခန်းလေးလုပ်လိုက် အဲဒါလဲ ကျောခင်းစရာ တစ်နေရာပဲ။ မီးဖိုချောင် မလိုဘူး။ ဆိုင်နံရံက ဗီရိုတံခါးလေး ဆွဲထုတ်လိုက်ရင် ဂက်စ်မီးဖိုလေးထွက်လာတယ်။ စားချိန်သောက်ချိန်ရောက်မှ တထိုင်တည်း ချက်ပြုတ်ကျော်လှော်ပြီး အကုန်စား ဆေးကျောသိမ်းဆည်း အေးရော။ အိမ်သာက ဘုံအိမ်သာသုံးတာ။ ရေချိုးချင်လွယ်လွယ်လေး။ ဆိုင်ရှေ့မှာ ဘုံဘိုင်ကလေးတစ်ခု ရေမီတာတပ်လို့ရှိတယ်။ သုံးချင်သလောက်ရတယ်။ အဲဒီအောက် ဇလုံတစ်လုံးချလိုက်ရင် လျှော်တဲ့ဖွပ်တဲ့ ကိစ္စပြီးရော။ ရေချိုးချင်လည်း အဲဒီဇလုံထဲပဲ။ စိမ်ပြေနပြေ ခေါင်းအရင်လျှော်ပြီးရင် ခြေထောက်နှစ်ချောင်း အဲဒီရေထဲစိမ်ပြီး ဘရပ်ရှ်နဲ့ တဗျင်းဗျင်း ချေးတွန်းရော။
နောက် ရေစိုဝတ်တစ်ဖတ်နဲ့ စားပွဲသူတ် မှန်သုတ်သလို တစ်ကိုယ်လုံးရေပတ်သုတ်ပြီးရင် ရေချိုးပြီးရောတဲ့။ ပါပါးရော မာမားရော၊ ဒီဒီးရော မိန်မိန်းပါ အဲဒီနည်းနဲ့ ရေချိုးကြတယ်။ အားမရရင် တပါတ်တခါလောက် ရေနွေးနဲ့ရေချိုးလို့ရတဲ့ ရေချိုးခန်းကလေးတွေမှာ သွားချိုး။ စိမ်နိုင်သလောက်စိမ်၊ အ၀ချိုးမှ နှစ်ကျပ်ရယ်။ ကိုယ်တောင် ဆောင်းတွင်းဆို အဲ့မှာပဲ သွားအားပေးတာ။ ရေအေးတွေချိုးရင် သေရချည်ရဲ့။ လူကြည့်ကြည့် ဆိုင်ကြည့်ကြည့် သန့်ပြန့်ကြော့မော့လို့။ လော်ပန်တို့ လော်ပန်ညံတို့ချည့်ပဲ။ စုတ်ပြတ်နွမ်းဖတ် မနေဘူး။ အဲဒီပုံနဲ့ တစ်နှစ်ကုန်ကုန် တစ်နှစ်ဆန်းဆန်း ရောင်းပြီး နှစ်ကူးချိန်ရောက်ကာနီးရင် ဆိုင်ကျန်သမျှ ငွေပေါ်လျှော့ဈေးနဲ့ မကုန်ကုန်အောင် ရောင်းတယ်။ တရက်ထက်တစ်ရက် လျှော့ရောင်းတယ်။ ဘာမှပြန်မသယ်ဘူး။ နောက်ဆုံး ဆိုင်ပါဖျက်ပြီး သစ်ဈေးသွပ်ဈေး အမှိုက်ဈေးနဲ့ရောင်းတာ။ ပြီးမှ မိသားစုလိုက် မိဘဆွေမျိုးများရှိရာပြန်ပြီး တစ်လကိုးသီတင်း နှစ်ကူးကြ၊ ဘိုးဘွားမိဘ ကန်တော့ကြတယ်။ နောက်နှစ်ခါ ကုန်အသစ်သယ်လာပြီး ဆိုင်အသစ်ပြန်ဆောက်ရော။
            နေကုန်နေခမ်း ဖင်ချွတ်တက်အောင် ဆိုင်ထိုင်ရောင်းရလို့လည်း ဘယ်သူမှ ပျင်းပျင်းရိရိ မရှိဘူး။ တီဗီသေးသေးလေးတစ်လုံး နံရံမှာ တွဲလောင်းချထားလိုက်၊ ယောင်္ကျားက စီးကရက်တစ်ဗူး၊ မိန်းမက ကွာစေ့တစ်ဗန်းနဲ့ တက်တင်းထိုးရင်း ငုတ်တုတ်ကလေး အရုပ်ကလေးများ ချထားသလိုနေကြတယ်။ ၀ယ်သူလာမှ ထ ရောင်း ပြီးပြန်ထိုင်။ သူ့ဟာနဲ့သူတော့ တော်တယ်ပြောရမှာပဲ။ လက်ဖက်ရည်ဆိုင် ဘီယာဆိုင်ထိုင်တဲ့အကျင့်သိပ်မရှိဘူး။ မန်ယူ ချယ်ဆီးလည်း စိတ်မ၀င်စားဘူး။ မူးချင်ရင် လင်မယားနှစ်ယောက် တရုတ်အရက်တွေ တူတူသောက်ပြီး တဟီးဟီးတဟားဟား မူးကြတယ်။ ၀ါသနာပါရင် တရုတ်ကာရာအိုကေတွေကလည်း မြို့လုံးပတ်လည် တစ်ကျပ်ဖိုးသုံးပုဒ်လောက်နဲ့ အမုန်းဆွဲလို့ရတယ်။ ကီးကြောင်ချင်းမို့ ကိုယ်ကလွဲရင် ဘယ်သူမှ နားမစိုက်သလို ခဲမိုးလည်း မရွာတတ်ကြဘူး။
            လောင်းကစားဝိုင်းက ကလေးမလေးတွေကလည်း ပြည်ကြီးတရုတ်တွေပါပဲ။ အလုပ်ချိန်က များရတဲ့အထဲ သလုံးမြင်းခေါင်းတောင့်အောင် မတ်တပ်ရပ်ရတော့ အိမ်ပြန်ရောက်ရင် ထိုးအိပ်ပြီးမှ ကျန်တာဆက်စဉ်းစားတယ်။ အစားအသောက်က ဆိုင်ရှေ့ထွက်လိုက်ရင် ပုံစားဆိုင်လေးတွေရော လက်တွန်းလှည်းလေးနဲ့ မာလာဟင်းစပ်စပ် အကင်ကလေးတွေနဲ့ လာရောင်းကြတာရော ရှိတယ်။ ဈေးတန်းပတ်လိုက်ရင် အကုန်ရတယ်။ သူတို့လည်း သူတို့ဟာနဲ့သူတို့တော့ ပျော်ကြသား။ ရွယ်တူသူငယ်ချင်းတွေ အများကြီးနဲ့ စားသောက် လည်ပတ၊် ညဘက်အင်တာနက်ဆိုင် အလင်းထိုင် တော်ကီပစ်၊ အ၀တ်အစား အသုံးအဆောင် အကုန် ပေါပေါပဲပဲနဲ့ တရုတ်မင်းသမီးလေးတွေလို ၀တ်စားပြီး အချိန်တန်တော့ အိမ်ကို ငွေပို့လို့လည်းရတယ်။ မြန်မာမလေးတွေ တဘက်နိုင်ငံမှာ ရောင်းစားခံရတယ်ဆိုတာမျိုး သူတို့ဆီမှာတော့ မရှိဘူး။ ကိုယ့်ဘာသာ ပိုက်ဆံရလို့ လာလုပ်နေတာချည့်ပဲ။ မကောင်းတာလုပ်စားတဲ့ ကောင်မလေးတွေတောင် ကျေကျေနပ်နပ် ရွှင်ရွှင်လန်းလန်းပဲ။ မိသားစုအတွက် စီးပွားလာရှာတာ။ အိမ်ပြန်ရောက်ရင် ယောင်္ကျားယူမှာ။ ယူမယ့်သူကဖြင့် ပေါလွန်းလို့။ မလှပဲ ဒီအလုပ်လုပ်စားလို့မှ မရပဲကိုး။ အရွယ်ကလေး၊ ရုပ်ကလေး၊ ၀င်ငွေကောင်းတဲ့ အလုပ်ကလေးနဲ့ဆိုတော့ လင်ရှားစရာလား။ အလုပ်လုပ်နေရင်းတောင် အကြိုအပို့လုပ်ပေး၊
နေမကောင်းရင် ဆေးခန်းလာပြပြီး သည်းသည်းလှုပ် ပြုစုပေးတဲ့ စတန်းဘိုင်တစ်ယောက်တော့ အမြဲရှိတယ်။
`အဲဒါ နင့်လော်ပန်လား´ လို့မေးတော့ `ဟုတ်ဘူး။ လောင်ကုန်း´ တဲ့။ `သဘောထားကြီးပါ ချစ်သူရယ်။ လိမ်မာရင် အားလုံးကို မင်းအတွက်ပေးမယ်´ လို့များ ပြောထားသလား မဆိုနိုင်။ ဆံပင်ညှပ်ဆိုင်တွေ အနှိပ်ခန်းတွေမှာလည်း တရုတ်မလေးတွေချည့်ပါပဲ။ မြန်မာတွေရောမရှိဘူးလားဆိုရင် ရှိတော့ ရှိတာပေါ့။ ဒါပေမယ့် တရုတ်ပုံဖမ်းပြီး လုပ်စားရတာ။ ကွိစိကွစ မတတ်ပဲနဲ့တော့ အရပ်ထဲလာမ၀င်နဲ့။ တီတီတာတာကလေးများကလည်း ပြောတတ်ဖို့လိုသေးသကိုး။ ဟိုဘက်ကို လူကုန်ကူးတဲ့အမှုတွေကတော့ ရှိတော့ရှိတယ်။ ယိုးဒယားနယ်စပ်လောက် မပေါဘူး။ အိမ်ဖော်အဖြစ်ခိုင်းဖို့ မယားအဖြစ်ပေါင်းဖို့ ရောင်းစားခံကြရသတဲ့။ သားမမွေးနိုင်ရင် အမျိုးပြုတ်ကရောထင်တဲ့သူတွေဆိုတော့ မိန်းမတွေရှားသွားပြီး ဈေးကောင်းသလေ။ တခုတ်တရ ပွဲစားနဲ့ ပြည်ကူးတိုင်းခြား လိုက်ဝယ်ယူမှ မိန်းမရတဲ့ အရပ်မှာ လူပျိုကြီး သွားမဖြစ်တာ ကံကြီးပေလို့။
           တကယ်တော့ အဲဒီနယ်စပ်မြို့ကလေးတွေ စည်ပင်ဖွံဖြိုးပြီး ထိန်ထိန်ညီးနေတာ ပီကင်းရွှေနန်းတော်ကြီးက လှမ်းပြီးစောင့်ရှောက်ထားတာလို့ ထင်ရင်တော့ မှားပါလိမ့်မဗျာ။ ဟိုဘက်ကမ်းက မီးထိန်ထိန်ဖြစ်အောင် ဒီဘက်ကမ်းက အဆီတွေအသားတွေ ၀ါးမြိုပြီး ထွန်းညှိထားဖြစ်ပါသတဲ့။ မြန်မာပြည်တွင်းက အိမ်ပေါက်စေ့မှာ အိမ်သာထဲရေဆေးတဲ့ခွက်ကစလို့ ခေါင်မိုးပေါ်မိုးထားတဲ့ သွပ်ပြားအဆုံး တရုတ်နယ်စပ်ကမှ မ၀င်ရင် ကျုပ်တို့တွေ ပဒုမ္မာရွှေကြာရိုးကို ထီးလုပ်လို့မိုးပြီး မြစိမ်းဖက်နဲ့ ပွဲတော်တည်နေရဦးမှာ။ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဈေးကွက်ကြီးအတွက် အဲဒီနယ်စပ်နားကလေးမှာတင် ဒီဘက်က ကုန်ကြမ်းတွေနဲ့ ပြန်လည်ထုတ်လုပ် တင်သွင်းပါသတဲ့။ တနိုင်တပိုင်လုပ်တဲ့ စီးပွားရေးလုပ်ငန်းကလေးတွေကို ကိုယ့်ဆီက ၀န်ကြီးဌာနအဆင့် အစိုးရကိုယ်တိုင်ဦးစီးတဲ့ ကော်ပိုရေးရှင်းကြီးတွေက မီအောင်လိုက်နိုင်ရဲ့လား မသိ။ ဆရာဝန်သက်တမ်းတလျှောက် ဆေးခန်းမှန်သမျှမှာ တရုတ်ဆေးကုလားဆေးပဲ သုံးကြတာရော။ မူးလို့ရှူချင် ဘီပီအိုင်ဆေးကို လူကြီးခွဲတမ်းထဲက ၀ယ်ရှူရတယ်။ ဆေးက ထားပါလေ။ မိုးရေတောင် တရုတ်မိုးရေက ပေါချောင်နေတာ သူတို့ဆီ မိုးပိုများလို့လား။ ဘာပဲပြောပြော မောင်မင်းကြီးသားများ ကျေးဇူးကြောင့်သာ သူများဆီ ဘာအသစ်ပေါ်ပေါ် ချိုချိုချောင်ချောင်နဲ့ ကိုယ်လိုက်သုံးနိုင်တာ။ တီဗီ၊ ဗီစီဒီ၊ ဒီဗီဒီ၊ ကွန်ပြူတာပစ္စည်း ပေါက်ဖော်ကြီးမရှိလို့ကတော့ ကျုပ်တို့ အနားတောင် သီနိုင်မည်မဟုတ်။ သူတို့ဟာတွေ ယူဆာဖရန်းဒလီးဖြစ်ချက်များ အခွေသွင်းသည်၊ အခွေထုတ်သည်၊ အခွေဖတ်နေသည်၊ ခနစောင့်ပါ တောင် မြန်မာလိုပါတယ်။ ပြည်တွင်းဖြစ်လို့သာ သဘောထားလိုက်ကြပါစို့။ (စက်မှုဇုံကားတွေလည်း ဒီလိုပဲမဟုတ်ဘူးလားလို့) အဲသလို လုပ်စားကိုင်စားကောင်းတယ်ဆို ပေါက်ဖော်ကြီးတွေ ဆင်းဆင်းလာလိုက်တာ အခုဆို ဆွေမန်းလေး၊ ၀လို့ ဆွေမန်းလေး၊ အိုးကျစ်ကျော်အေး မန်းစလေး ဖြစ်ကုန်ရော။
          ကဲ.. ပြီးရင် အနောက်အရပ်၌ရှိသော..တွေကို မေတ္တာလှမ်းပို့ကြပါဦးစို့။ သူတို့လည်း မြန်မာမြေကို ချစ်ကြပါသဗျား။ သာလို့ကူးလာတယ်လို့ ပြောရအောင်ကလည်း သူတို့ဘက်က အင်မတန်စုတ်ပါတယ်ဆိုတဲ့ ဘင်္ဂလားဘက်ခြမ်းတောင် ကျုပ်တို့ဘက်ထက်တော့ ထိန်ပါသတဲ့။ နယ်ခြားကျောက်တိုင်တို့ နယ်နိမိတ်စည်းတို့ လိုက်ကြည့်စရာမလိုဘူး။ ကိုယ့်ခြေထောက်အောက်မှာ နင်းထားတဲ့ ကားလမ်းကို တချက်ငုံ့ကြည့်လိုက်ရင် ဘယ်ဘက်မှာ ရောက်နေသလဲ အတတ်ပြောလို့ ရသတဲ့။ (တရုတ်တွေလို အတွင်းထဲထိ ရောက်အောင်မှ လိုက်ခင်းမပေးတာ။ စိတ်ပုပ်ချက်နှယ်) သူတို့လူမျိုး ကောသလ္လမင်းကြီး မက်ခဲ့တဲ့ အနားကြည်၍ အလယ်နောက်နေသောအိုင်ကြီးဆိုတာ သွေးတွေထွက်နေအောင်ကို မှန်ပါတယ်။ ဒါနဲ့များတောင် ကိုရွှေဘဘတို့က ကိုယ့်မြေမှာကိုယ် နိုင်ငံတကာအထောက်အပံ့လေးနဲ့ မနေနိုင်ပဲ ရွှေညာဆီသွားမယ် တကဲကဲ လစ်ရင်လစ်သလို ၀င်လားဝင်လာရဲ့၊ ရပ်တည်ရွာတည် နေလား နေရဲ့၊ မောင်းချလို့လည်းမဆင်း၊ ကုတ်နဲ့ကော်ထုတ်လို့လည်း မပြန်ဘူး။ ကာလကတ္တားမှာဆို လမ်းဘေး ဂျပ်ဖာတစ်ချပ် ခင်းအိပ်ရင်း သားစဉ်မြေးဆက် ပေါက်ဖွားနိုင်တဲ့အမျိုးဆိုတော့ ကိုယ့်ဆီမှာ စိုက်ပျိုးစရာ မြေကြီးနဲ့၊ ရေထွက်သယံဇာတနဲ့ဆိုတော့ ဘယ်လောက်ပဲ ဒုံးပေကပ်သတ်နေရနေရ၊ ငတ်သေစရာတော့ အကြောင်းမရှိဘူးပေါ့။ သေစရာရှိ ဒီဘက်ကလူတွေပဲ သေတာလေ။ သူတို့က မာလိုက်သမှ။ မိုးထဲလေထဲ အ၀တ်တစ်ထွာတောင်မကပ်ပဲ ပလာကိုယ်ကျွတ် ပြေးဆော့နေတဲ့ ကုလားမှင်စာလေးတွေဆို နှာစေးချောင်းဆိုးတောင် မဖြစ်ဘူး။။ ဒေါင်ဒေါင်မြည်။ သူများလူမျိုးကို မှိုချိုးမျှစ်ချိုး ပြောနေလိုက်တာဆိုပြီး အထင်တော့ မသေးလိုက်နဲ့ဦး။ သူတို့ကလည်း ဒီထဲဝင်လာတာ နင်တို့ဆီမှာမှ ထမင်းဝလို့ မဟုတ်ပါဘူးတဲ့။ ဟိုမှာလည်း ငတ်မှမငတ်ပဲနဲ့။ သူတို့အစိုးရက သူများဆီက တောင်းရမ်းကျွေးနေသားပဲ။ ဒီကမှတဆင့် ယိုးဒယား၊ မလေးရှား၊ စင်္ကာပူမှာ ဘ၀တက်လမ်းရှာကြမလို့တဲ့။ ဖြစ်မှဖြစ်ရလေတယ်။ ကျောက်ဖြူသွားတုန်းက အင်တာနက်ဆိုင်ထိုင်တော့ အဲဒီကလူတွေက အင်တာနက်သိပ်မသုံးကြဘူး။ နိုင်ငံခြားဖုန်းပဲ လာလာခေါ်တာ။ ဒါလည်း ရန်ကုန်နဲ့ ဘာမှ မထူးပါဘူးဆိုပေမယ့် ကုလားမလေးတွေ ဖုန်းပြောပုံကတော့ ထူးတယ်ဗျ။ ကိုယ့်ဘာသာ မခေါ်တတ်ဘူး။ ဆိုင်ကလူက ခေါ်ပေးပြီး ပြောလို့ရပြီဆို မိုက်ခွက်နားကျပ်ကလေး ထိုးပေးလိုက်တော့မှ ခေါင်းမီးခြုံကလေးလှန်၊ တစ်ခွန်းနှစ်ခွန်းလောက် ပလုံးပထွေးပြောပြီးရင် ကြူကြူပါအောင် ငိုတော့တာ။ ရှိုက်ကြီးတငင်ငင်နဲ့ ဟိုဘက်ကို တစ်ခွန်းနှစ်ခွန်းပြော ငိုလို့ဝရင် တော်ပြီဆို အနောက်မှာစောင့်နေတဲ့သူကို အလှည့်ပေးလိုက်တယ်။ သူကလည်း သူ့လူသူခေါ်ပြီး အဲဒီအတိုင်းဆက်ငိုပြန်ရော။ သူတို့ယောင်္ကျားတွေ ပိုက်ဆံမှန်မှန်ပြန်ပို့အောင် ငိုငိုပြကြတာတဲ့။ တမတ်ဖိုးလောက်တော့ ၀င်ငိုပါရစေနော်ဆိုပြီး အငိုဆိုင်ဖွင့်ထားသလား အောင့်မေ့ရတယ်။ မငိုတဲ့သူကို မရှိဘူး။ ဖွတ်ကျောပြာစုတဲ့နိုင်ငံလို့တော့ အထင်သွားမသေးနဲ့ဦးဗျ။ သူတို့ဆီက ဘေထုပ်ဆိုတာ ဆူးလေလမ်းမပေါ်တင် ရောက်တာမဟုတ်ဘူး။ ဘူတန်မှာရော အိန္ဒိယမှာပါ အကြီးအကျယ်ဆိုင်ဖွင့်ရောင်းတဲ့ ဘင်္ဂလားထွက်ကုန်စစ်စစ်။ အိမ်သုံးရေသန့်ကျောက်စစ်စက်ကလေးတွေလည်း သူတို့ဆီက ထွက်တာ။ ကျုပ်တို့ဆီ နာဂစ်ဝင်မွှေတုန်းကတောင် သူတို့အစိုးရက ဖြစ်မှဖြစ်ရလေ။ သနားလိုက်လေခြင်းတဲ့။ သူတို့ဆီဆို တစ်နှစ်ပတ်လုံး မုန်တိုင်းမစဲတာတောင် ထောင်ဂဏန်း မသေဖူးဘူးတဲ့။ ပြီး သူ့လောက် ကယ်ပါယူပါ အော်တာလည်း သူပဲ ရှိမယ်။ မောင်မင်းကြီးသားတွေ တိုးတက်ကြီးပွားကြပါစေကွယ်။ ကိုယ့်ဆီသာ ၀င်မလာကြပါနဲ့။ မျက်စိရှုပ် နားရှုပ် အလုပ်ရှုပ်လွန်းလို့။
            ဒါကြောင့်လည်းပဲ နိုင်ငံတော်က လ၀က၀န်ကြီးဌာနကြီးနဲ့ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်နေတာပေါ့။ ဘယ်ရုံးကိုပဲ သွားသွား တွေ့လိမ့်မယ်။ ဆိုင်းဘုတ်ကြီး။ `မြေမျို၍ လူမျိုးမပြုတ်၊ လူမျိုမှ လူမျိုးပြုတ်မည်´ တဲ့။ လူဆိုတာ လူလူချင်း ပါးစပ်ကြီးနဲ့တော့ ဘယ်မျိုမလဲ။ သွေးချင်းနှော၊ ဘာသာ ယဉ်ကျေးမှုချင်းနှောပြီးတော့မှ မျိုတာပေါ့။ ဒါကြောင့်မို့ ကိုယ့်အမျိုး၊ ကိုယ့်ဘာသာ ယဉ်ကျေးမှုကလေးကို တလေးတစား ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုတယ်လို့ ခနခန ပြောရတာပေါ့။ ခက်တာက လူလူချင်း ပါးစပ်ကမမျိုသော်ငြား အဲဒီပါးစပ်ကြီးက ထမင်းတော့ နေ့တိုင်းမျိုရပါသလေ။ ဒီအတိုင်းဆိုရင်တော့ `မြေမျို၍ လူမျိုးမပြုတ်၊ လူမျို၍လည်း လူမျိုးမပြုတ်၊ ငွေမျိုမှ လူမျိုးပြုတ်မည်´ လို့ ပြင်ပေးရမလားမသိပါဘူး။ ဒီဆောင်ပုဒ်ကတော့ လ၀ကအတွက်တင်မဟုတ်ဘူးဗျ။ ဌာနဆိုင်ရာအားလုံးကို ရည်ရွယ်ပါတယ်။ လွန်တာရှိက ၀န္တာမိပါ။ အောင်လအသံနဲ့ဖတ်`မှားဒါယှိရင် တောင်းဘန်ဘာဒဲ……´ လို့။ သူများချည့်မပြောပါဘူး။ ကျွန်တော်တို့လည်း ပါပါတယ်။ ခိုးဝင်လာတဲ့ ကုလားလေးတွေ မိသွားရင် ဆေးရုံက အသက်စစ်ပေးရတာကိုး။ ကဲ.. လေတွေရှည်နေလိုက်တာ။ မပြီးတော့ဘူး။ ကိုတင်ညွန့်ဗျာ။ ကိုတင်ညွန့်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...