Tuesday, October 4, 2011

ဦးသိန်းစိန်ဆုံးဖြတ်ချက်ကို တရုတ်ကုမ္ပဏီအံ့သြ

by The Irrawaddy (Burmese Version) on Tuesday, October 4, 2011 at 5:39pm
ဧရာဝတီ Tuesday, 04 October 2011 17:35

သမ္မတဦးသိန်းစိန်၏ မြစ်ဆုံစီမံကိန်း ဆိုင်းငံ့ရေး ဆုံးဖြတ်ချက်ကြောင့် အံ့သြတုန်လှုပ်မိသည်ဟု စီမံကိန်းတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားသော တရုတ်အစိုးရပိုင် China Power Investment (CPI) ကုမ္ပဏီဥက္ကဋ္ဌက တနင်္လာနေ့တွင် ပြောဆိုလိုက်သည်။

ဧရာဝတီမြစ်ဆုံ စီမံကိန်းမြင်ကွင်းတခု (ဓာတ်ပုံ - Jinghpaw Targyi)

သို့သော်လည်း စီမံကိန်းကို စီစဉ်ထားသည့်အတိုင်း ပြန်လည် လည်ပတ်နိုင်မည်ဟု မျှော်လင့်ကြောင်း ကုမ္ပဏီဥက္ကဋ္ဌက China Daily သတင်းစာနှင့်  ပြုလုပ်သည့် အင်တာဗျူးတွင် အကျယ်တ၀င့် ပြောလိုက်သည်။

"သတင်းမှာ ပါလာတော့ အင်မတန် အံ့သြသွားမိတယ်။  ဆိုင်းငံ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး မဆုံးဖြတ်ခင်တုန်းက ကျနော်တို့ကို မြန်မာနိုင်ငံဘက်က ဘာမှ ဆက်သွယ်လာတာ မရှိဘူး" ဟု CPI ကုမ္ပဏီဥက္ကဋ္ဌ Mr. Lu Qizhou က ပြောသည်။


သမ္မတဦးသိန်းစိန်သည် ယခုနှစ် ဖေဖော်ဝါရီလတွင် စစ်အစိုးရ၀န်ကြီးချုပ်ဘ၀က မြစ်ဆုံစီမံကိန်း စီမံကိန်းကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများ အရှိန်မြှင့် လုပ်ဆောင်ရန် CPI ကုမ္ပဏီကို မှာကြားခဲ့သူ ဖြစ်ခြင်းကြောင့် ယခု ဆုံးဖြတ်ချက်ကို  အလွန် အံ့သြမိခြင်းဖြစ်သည်ဟု Mr. Lu Qizhou က ပြောသည်။

"ဆိုင်းငံ့တယ်ဆိုတာက တည်ဆောက်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းတယ် ဆိုတာကို ပြောတာ ဆိုရင်တော့ ဒါဟာ  ဥပဒေကြောင်းအရ ဆောင်ရွက်စရာတွေ ရှိလာတော့မှာပေါ့" ဟု Mr. Lu Qizhou က ပြောသည်။

CPI ကုမ္ပဏီသည် ဒေါ်လာဘီလျံ ၂၀ တန် မြစ်ဆုံဆည် ၇ ခု စီမံကိန်းအတွက် ယခင်က မြန်မာစစ်အစိုးရထံသို့  ငွေကြေး မည်မျှ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ရှင်းလင်းစွာ မသိရသေးပေ။

ကုမ္ပဏီက ယခင်စစ်အစိုးရခေါင်းဆောင် ဦးသန်းရွှေ၊ လက်ရှိ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးတို့ကို  မြစ်ဆုံစီမံကိန်း အတွက် ဒေါ်လာ ၅ ဘီလီယံ အထိ ပေးအပ်ခဲ့ကြောင်း ထိုငွေထဲမှ တချို့ကို မြို့တော်သစ် နေပြည်တော် တည်ဆောက်ရေး လုပ်ငန်းတွင် အသုံးပြုခဲ့ကြောင်း၊ ကျန်ငွေများ မည်သည့်နေရာတွင် ရှိနေသည်ကို ထိုနှစ်ဦးမှတပါး မည်သူမျှ မသိရကြောင်း စသည့် အတည်မပြုနိုင်သေးသည့် သတင်းများ ထွက်ပေါ်နေသည်။

ယခု ဆိုင်းငံ့ထားသည့် မြစ်ဆုံဆည် စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃.၆ ဘီလျံ ရှိကြောင်း၊ ဆိုင်းငံ့မှုကြောင့် နှစ်နိုင်ငံ ထိခိုက်နစ်နာမှု ကြီးမားနိုင်ကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များက လျော်ကြေး အများအပြား တောင်းဆိုနိုင်ကြောင်း Mr. Lu Qizhou က ပြောသည်။

"စီမံကိန်း ရပ်ဆိုင်းတယ် ဆိုရင်တော့ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ဘဏ္ဍာရေးကဏ္ဍမှာ ဆုံးရှုံးမှုက မျှော်လင့်ထားတာထက် ပိုများမှာ ဖြစ်ပါတယ်" ဟု Mr. Lu Qizhou က ပြောသည်။

၂၀၀၆ ခုနှစ်တွင်   CPI ကုမ္ပဏီ၊ မြန်မာနိုင်ငံ အမှတ် ၁ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ Asia World ကုမ္ပဏီတို့ သဘောတူညီထားချက်အရ မြစ်ဆုံဆည် စီမံကိန်းကို ၂၀၀၉ ခုနှစ်တွင် အစပြုခဲ့သည်။ စီမံကိန်းပြီးစီးလျှင် ထွက်ပေါ်လာမည့် လျှပ်စစ်ဓာတ် ၉၀ ရာနှုန်းကို တရုတ်နိုင်ငံသို့ နှစ်ပေါင်း ၅၀ တိတိ ပေးပို့ရမည် ဖြစ်သည်။ ထိုကာလ လွန်မြောက်လျှင် မြစ်ဆုံရေအားလျှပ်စစ်လုပ်ငန်းကို မြန်မာနိုင်ငံက ရရှိမည် ဖြစ်သည်။

သောကြာနေ့က သမ္မတဦးသိန်းစိန်၏ မြစ်ဆုံစီမံကိန်း ဆိုင်းငံ့ရေး ဆုံးဖြတ်ချက်ကို မြန်မာပြည်သားများက ၀မ်းမြောက်ဝမ်းသာ ကြိုဆိုလိုက်ကြသည်။ စနေနေ့တွင် ထွက်ပေါ်လာသော တရုတ်နိုင်ငံ နိုင်ငံခြားရေးဌာန၏ တုံ့ပြန်ချက်တွင် စီမံကိန်းတွင် ပါဝင်သည့် တရုတ် ကုမ္ပဏီတို့၏  ဥပဒေအရ ရပိုင်ခွင့်တို့ကို  မြန်မာအစိုးရကအကာအကွယ်ပေးရန် တောင်းဆိုထားသည်။

တရုတ်နိုင်ငံခြားရေးဌာန နှင့် CPI ကုမ္ပဏီတို့၏ တုံ့ပြန်ချက်များတွင် မြန်မာပြည်သားတို့၏ စိုးရိမ်ပူပန်မှု၊ စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးနိုင်သည့် အခြေအနေများအကြောင်း ပါဝင်ခြင်း မရှိပေ။

တနင်္လာနေ့က သမ္မတဦးသိန်းစိန်၏ အကြံပေးအရာရှိတဦးက ပြောကြားရာတွင် ၂၀၁၅ ခုနှစ်တွင် ယခုအစိုးရအဖွဲ့ သက်တမ်းကုန်ပြီး ပေါ်ပေါက်လာမည့် မြန်မာအစိုးရအဖွဲ့  လက်ထက်တွင် စီမံကိန်း နှင့် ပတ်သက်ပြီး ထပ်မံ ဆုံးဖြတ်မည်ဟု ဆိုသည်။

မြန်မာအစိုးရက စီမံကိန်းကို ဆိုင်းငံ့ခြင်းကြောင့် ဥပဒေကြောင်းအရ ဖြေရှင်းရသည့်အခါ လျော်ကြေး ပေးဆောင်ရဖွယ် ရှိကြောင်း၊ စီမံကိန်းကို ဖျက်သိမ်းမည် ဆိုပါက အစိုးရချင်း ဖြေရှင်းရမည့် ကိစ္စ ဖြစ်ကြောင်း ကမ္ဘာ့မြစ်များ ကာကွယ် ထိန်းသိမ်းရေးအဖွဲ့ (International Rivers Network - IRN) က ပြောသည်။

"ဒါမျိုးတွေက ဖြစ်နေကျပါ။ နိုင်ငံအတော်များများ အထူးသဖြင့် လက်တင်အမေရိက နိုင်ငံတွေမှာ နိုင်ငံခြားကုမ္ပဏီများနဲ့လုပ်တဲ့ ရေနံ၊ သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်း စီမံကိန်းတွေကို အဲဒီနိုင်ငံတွေက ကိုယ်တိုင် ဆောင်ရွက်တော့မယ် ဆိုရင် ဒီလိုပဲ ဖြစ်တတ်ပါတယ်" ဟု IRN မှ ဥပဒေပညာရှင် တရုတ်အမျိုးသမီး Ms. Grace Mang က ဧရာဝတီကို ပြောသည်။

တရုတ်နိုင်ငံခြားရေးဌာန နှင့် CPI ကုမ္ပဏီတို့၏ တုံ့ပြန်ချက်များတွင်  မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး တိုင်ပင်ညှိနှိုင်းလိုကြောင်း ဖော်ပြထားကြသည်။ မြန်မာအစိုးရဘက်က တစုံတရာ ပြန်လည်တုံ့ပြန်မှု မရှိသေးပေ။

CPI ကုမ္ပဏီဥက္ကဋ္ဌ  Mr. Lu Qizhou ၏ တနင်္လာနေ့ ပြောကြားချက်များတွင်  ဝေဖန်သူများ ထောက်ပြနေသကဲ့သို့  မြစ်ဆုံစီမံကိန်းကြောင့် သဘာပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ ရှိမနေကြောင်း၊ စီမံကိန်း ပြီးစီးပါက  ကချင်ပြည်နယ် မြစ်ကြီးနားမြို့တော်ကိုပင် ရေးကြီးသည့် အန္တရာယ်မှ  ပိုမိုကာကွယ်သွားနိုင်မည် ဖြစ်ကြောင်း စသည့် အချက်များလည်း ပါဝင်သည်။

"မြစ်ဆုံစီမံကိန်းမှာ ပါဝင်ဆောင်ရွက်ကြတဲ့အဖွဲ့အစည်းတွေရဲ့ ကြိုးပမ်းအားထုတ်ချက်ကြောင့် စီမံကိန်းကို စီစဉ်ထားတဲ့အတိုင်း ချောချောမွေ့မွေ့ ရှေ့ဆက် လုပ်ဆောင်သွားနိုင်မယ်လို့ ကျနော် တကယ့်ကို မျှော်လင့်ပါတယ်။ ထွက်ပေါ်လာမယ့် အကျိုးအမြတ်တွေ၊ နှစ်ဘက်လုံးအဆင်ပြေမယ့် ရလဒ်တွေဟာ တရုတ် နဲ့ မြန်မာ နှစ်နိုင်ငံလုံးအတွက် ဖြစ်လာမှာပါ" ဟု CPI ကုမ္ပဏီဥက္ကဋ္ဌက China Daily သတင်းစာကို ပြောလိုက်သည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...